ဟန်ချက်
29 May 2008 4 Comments
in အက်ဆေး
“ကမ္ဘာကျော် ဆရာဝန်ကြီး တွေရဲ့ ဒီ သုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆေးဟာ အခြား မျိုးတူ ဆေးတွေထက် အပြတ်အသတ် သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင် ကိုယ်တွေ့ ပါပဲခင်ဗျ”
စာရွက် စာတမ်းများကို ပြရင်း ပါးစပ်က ပေါက်ပေါက် ဖောက်သလို စကားကို တရစပ် မပြတ်တမ်း ပြောနေသော ဆေးကုမ္ပဏီမှ အရောင်း တာဝန်ခံကို သူ ငေးကြည့် နေမိသည်။ ဆေးတက္ကသိုလ်မှ ကျောင်းပြီး ခါစ ဆရာဝန်ငယ်လေး၊ နုပျိုမှု တက်ကြွ လန်းဆန်းမှု၊ လူငယ်တို့၏ မာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်းသား မြင်နေရသည်။ ဆေးကျောင်းမှာ တုန်းက စာမေးပွဲတိုင်းကိုသာ သင်း ဒီလို ကရားရေလွှတ် ဖြေနိုင်လို့ ကတော့ ထွက်လိုက်မဲ့ ဂုဏ်ထူးတွေ အနတ္တဂ္ဂမ။
“အခုဆိုရင် အခြား ကုမ္ပဏီတွေက ထုတ်တဲ့ အမျိုးတူ ဆေးတွေထက် အဖက်ဖက်က သာလွန် ကောင်းမွန်းပြီး သူ့ဈေးနဲ့ သူ အင်မတန် သင့်မြတ် ချိုသာတဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆေးကို ဆရာကြီး တို့လို နိုင်ငံကျော် ဆရာဝန်ကြီးတွေ အရမ်းကို သုံးလာ ကြပါပြီး ခင်ဗျား”
အဖက်ဖက်က သာလွန် ကောင်းမွန်သတဲ့။ အရာ ခပ်သိမ်းထက် သာလွန်သော ချောမွေ့မှု ဆိုတဲ့ ငါးသုံးလုံး စီးကရက် ကြော်ငြာကို ဘာမဆိုင်၊ ညာမဆိုင် သတိရ လိုက်မိသေးသည်။ ကိုယ်ကောင်းဖို့ အခြား တစ်ခုက အမြဲ ညံ့ ပေးနေရတော့ မှာလား။ ကမ္ဘာကျော် ဆရာဝန်ကြီးတွေ သုတေသန လုပ်ပြီး ထောက်ခံတာနဲ့ သူများထက် ကောင်းရော တဲ့လား။ အခြား ဆေးတွေထက် သာလို့ ဆရာဝန်ကြီးတွေ သုံးတာလား။ ဆရာဝန်ကြီးတွေ သုံးလို့ အခြားဆေးတွေထက် သာသွား တာလား။ ကွဲကွဲ ပြားပြား မသိ။ ဘာပဲ ဖြစ်ဖြစ် ဆရာကြီးတို့လို နိုင်ငံကျော် ဆရာဝန်ကြီးတွေ သုံးတယ် ဆိုနေပါလား။ ငါ နိုင်ငံတောင် ကျော်နေပါ ပေါ့လား။ ငါ့ကိုယ်ငါတောင် သူပြောမှ နိုင်ငံကျော် ဖြစ်မှန်း သိရသကိုး။
သူ ဘာပြန်ပြောရ မည်နည်း။ တီဗီမှာ တွေ့တွေ့ နေရတဲ့ မော်ဒယ်လ် ကောင်မလေးတွေ အင်တာဗျူးလို ငါးသလဲထိုး ပြုံးလေး ပြုံးပြီး ကျေးဇူးပဲပေါ့နော် လို့ ပြောလို့ လည်း မဖြစ်။
“ဒါက ဆရာကြီး အတွက် ဆေးနမူနာ နှစ်ဘူးပါ ခင်ဗျ။ အလိုရှိလို့ မှာချင်တယ် ဆိုရင် ကျွန်တော့် လိပ်စာ ကဒ်မှာ ပါတဲ့ ဟန်းဖုန်း နံပါတ်လေးသာ ကျေးဇူးပြုပြီး ဆက်လိုက်ပါ။ဖိုက်ပလပ်စ်ဝမ်း၊ အထူးနှုန်းနဲ့ ဆရာကြီးတို့အတွက် စပါယ်ရှယ် စီစဉ် ထားပါတယ်”
စားပွဲပေါ် တင်လိုက်သော ဆေးဘူးလေး နှစ်ဘူးကို သူ ငေးကြည့် နေမိသည်။ တန်ဖိုး အားဖြင့် သောင်းဂဏန်း အတော် များများ ရှိသောဆေး။ အခု သူသုံးဖို့ နမူနာတဲ့။ အလကား ပေးတာတဲ့။ သူ့လိုပဲ အခြား အခြားသော ဆရာဝန်ကြီး တွေလည်း ဒီဆေးတွေ နမူနာ အဖြစ် အလကား ရကြမယ်။
ပစ္စည်းတိုင်းတွင် တန်ဖိုး ရှိသည်။ ဘယ်ပစ္စည်းမှ အလကား မရ.. ဆိုတဲ့ ဘောဂဗေဒ အခြေခံ စည်းမျဉ်းကို သူသတိရ မိ၏။ ကြော်ငြာသဘောနဲ့ ဆရာဝန်ကြီးတွေကို နမူနာ လျှောက်ဝေတဲ့ အတွက် ကုန်ကျစရိတ် သိန်းပေါင်း များစွာကို ဒီဆေး ကုမ္ပဏီက ဘယ်သူ့ကို ပြန်တောင်း မှာလဲ။ ဆရာဝန်ကြီးတွေ အတွက် လိုအပ်လို့ ဆေးမှာချင်ရင် ဖိုက်ပလစ်ဝမ်း အထူးနှုန်း ဆိုတာက ပါသေး။ သဘောကတော့ ငါးဘူး ဝယ်ရင် တစ်ဘူး အလကား ပေးမယ်ပေါ့။ အဲဒီ အလကား ပေးတဲ့ တစ်ဘူးဖိုး တွေကရော ဘယ်သူ့ ဆီက ပြန်တောင်း မှာလဲ။ နောက်ဆုံး မတော့ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီး တာကထွက် ဆိုသလို ရောဂါ ဝေဒနာ ခံစားရတဲ့ လူနာတွေက ဒီဆေးကို တကယ့် သုံးမဲ့လူပဲ။ ကြော်ငြာခတွေ၊ အထူးနူန်း တွေရဲ့ ကုန်ကျ စရိတ် အားလုံးဟာ လူနာ့ အိတ်ထဲက ဆေးဖိုးအဖြစ် ထွက်သွားမယ့် ငွေတွေ ပဲပေါ့။ ဆိုတော့ ဘယ်သူ ပေးမလဲ။ မသုံး မဖြစ်လို့ သုံးရမယ့် လူနာ ပေးပေါ့။ ဒါဆို တရားမျှတမှု ရှိရဲ့လား။ ဖြစ်သင့်ရဲ့လား။ xxxxxx လား။ xxxxxx…….လား။
သူ့ခေါင်းထဲမှာ အတွေးတွေ တရစပ်၊ နူတ်ကတော့ ဘာမှ ပြန်မပြောမိသေး။ အရောင်း တာဝန်ခံ ဆရာဝန် ငယ်လေး ကလည်း သူ့ကို အကဲခတ်သလို ကြည့်နေသည်။
ဖတ်ဖူးတဲ့ သုတေသန စာတမ်း တစ်ခုကို ဖျတ်ကနဲ သတိရ မိသည်။ ဆေးဝါး၏ ကုန်ကျစရိတသည် လူမမာ အတွက် အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ လူနာများ အတွက် မနိုင်ရင်ကာ များလွန်း နေသည် ဟု ဆိုသည်။ ထုတ်လုပ်သော ကုမ္ပဏီ နာမည် ကျော်ကြားလေလေ၊ ဆေးအတွက် သုတေသန စရိတ် များလေလေ၊ ဆေးတန်ဖိုးလည်း ကြီးလေလေပင်။ တကယ်တော့ ကုမ္ပဏီ အမှတ် တံဆိပ်ဖြင့် ထုတ်လုပ်သော Brand name drugs များသာ ရှိသည် မဟုတ်။ အဖိုးနှုန်း ချိုသာရေးကို ရှေးရှု၍ နိုင်ငံပိုင် ဆေးဝါး စက်ရုံများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် နှီးနွယ် အဖွဲ့အစည်း များမှ တူညီသော ဖော်မြူလာဖြင့် ထုတ်လုပ်သော၊ ဆေးဝါး၏ မျိုးရင်း နာမည်ဖြင့် ထုတ်သည့် Generic Drug များလည်း ရှိသည်သာပင်။ ဆရာဝန် တစ်ဦး အနေဖြင့် ဘယ်ကုမ္ပဏီ၏ ဆေးကို ရှာဝယ်၍ သုံးပါဟု လူနာကို မပြောအပ်။ ဆေးဝါး မျိုးရင်း နာမည်ဖြင့် သာ ဆေးညွှန်း ပေးအပ်၏ လို့လည်း ကျင့်ဝတ် တရားများ ရှိနေတုန်းပါ။ သို့သော်လည်း… သို့သော်လည်း ပေါ့လေ။ ဈေးကွက် စီးပွားရေး ခေတ်မှာ ဆေးကွက် စီးပွားရေးဟာ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက် နေတော့ သူ့လို ဆရာဝန်ကြီးတွေနဲ့ ဆေးကုမ္ပဏီတွေ ထွေးရော ယှက်တင် ဖြစ်နေ တာက ပုံမှန် မြင်ကွင်း ကဲ့သို့ ရိုးလို့ နေခဲ့ ပါပြီ။
“ဆရာကြီး၊ နမူနာ လေးတွေ သုံးကြည့် ပေးပါနော်။ ကျွန်တော် နောက်အပတ်ကျ ထပ်လာ ခဲ့ပါဦးမယ်။ ခွင့်ပြု ပါဦး ခင်ဗျာ”
သူ ခေါင်းညိတ် ပြလိုက်၏။ အရောင်း တာဝန်ခံလေး ပြန်မှာကို ခွင့်ပြုတဲ့ သဘောနဲ့လား၊ သူပေးခဲ့တဲ့ ဆေး နမူနာ တွေကို ညနေ ကိုယ်ပိုင် ဆေးခန်းမှာ သုံးဖို့ ကတိကဝတ် ပြုတဲ့ အနေနဲ့လား၊ နောက်အပတ်ကျ ပြန်လာဦးမှာကို စောင့်ကြို နေပါ့မယ် ဆိုတဲ့ သဘောနဲ့လား၊ သူ့ဟာ သူပင် သေသေ ချာချာ မသိ။
သူ ဆက်တွေး နေမိ ပြန်၏။ ဖတ်ဖူးတဲ့ သုတေသန စာတမ်း အရ ဆေးဝါးတို့၏ ဈေးနှုန်းသည် လူနာ တတ်နိုင်သည့် အဖိုး အခ မျှသာ ဖြစ်ရမည် တဲ့။ တတ်နိုင်သည့် အဖိုးအခ ဆိုခြင်းကို နေ့စား အလုပ်သမားတစ်ဦး နေ့စဉ် ရရှိသည့် အနည်းဆုံး ဝင်ငွေကို စံပြု၍ တိုင်းတာ ကြသည် တဲ့။ ကဲ. အခုဒီဆေးကို လူနာ ပေးတော့မယ် ဆိုပါစို့။ တစ်ရက်ကို လေးလုံးနှုန်းနဲ့ ငါးရက် အနည်းဆုံး သောက်ရမယ်။ ရောဂါ ပျောက်ဖို့ ဆယ်လုံးပါ ဆေးကဒ် နှစ်ကဒ် ဝယ်ရမယ်၊ တစ်ကဒ်ကို တစ်သောင်းနဲ့ ငွေ နှစ်သောင်း ကုန်မယ်။ ဝင်ငွေ အနည်းဆုံး နေ့စား အလုပ်သမား တစ်ဦးဟာ တစ်ရက် လုပ်ခ ငါးရာ ရတယ် ဆိုရင် ဒီဆေး နှစ်ကဒ် ဝယ်ဖို့ ရက်ပေါင်း လေးဆယ် အလုပ် လုပ်ရတော့မယ်။ စားဖို့ သောက်ဖို့ ဘယ်ငွေနဲ့ သုံးစွဲ တော့မလဲ။ ဒီဆေးနဲ့ အလားတူ Generic drug ဆိုရင် နှစ်ထောင်ပဲ ကျမယ်။ ဒါဆို ဆေးဝယ်နိုင်ဖို့ လေးရက်ပဲ အလုပ် လုပ်ရမယ်။ ဒီတော့ ဘယ်ဆေးကို ပေးသင့်သလဲ…… သူ တွက်ဆ နေမိသည်။ ခေါင်း တညိတ်ညိတ်။
“ဆရာကြီး၊ ကျွန်တော် မောင်…… ပါ၊ ဝင်ခွင့် ပြုပါ ခင်ဗျာ”
သူ့ အခန်း ခန်းဆီး လေးကို လှပ်ရင်း ပြုံးပြုံး၊ ကုန်းကုန်း ကလေး ဝင်လာသော ဆေးကုမ္ပဏီမှ အရောင်း ကိုယ်စားလှယ်တော် လေးကို တွေ့လိုက် ရတော့မှ တစ်ပတ်တောင် ပြည့်သွားပြီကိုး ဟု သတိ ရမိသည်။
ထိုင်ပါ ဟု သူ့ အပြောကို စောင့်ပြီးမှ သူ့ရှေ့က ကုလားထိုင်တွင် ထိုင်တယ် ဆိုရုံလေး ထိုင်လိုက်ပြီး သူ လွယ်လာသော ဧရာမ အိတ်နက်ကြီး ထဲမှ တစ်စုံ တစ်ခုကို ထုတ်နေ၏။ ပြီးတော့ သူ့စားပွဲပေါ် အသာအယာ တင်လိုက်၏။ တပြောင်ပြောင်၊ တဝင်းဝင်းနှင့်။
“ဒါက ဆရာကြီးကို ကျွန်တော်တို့ ကုမ္ပဏီက ဂါရဝပြု ပစ္စည်းလေးပါ။ ဇနီးမောင်နှံတွေ စုံတွဲ ဝတ်ဖို့ ရိုမန်ဆန် နာရီ လေးတွေပါ။ ကျေးဇူး ပြုပြီး လက်ခံပါနော် ဆရာကြီး”
ကြည့်နေရင်း နောက်ထပ် အရာဝတ္ထု တစ်ခု အိတ်နက်ကြီး ထဲမှ မျက်လှည့် ပြသလို ဆတ်ကနဲ ဆွဲထုတ် လိုက်ပြန်သည်။ သားရေ ဖိုင်တွဲ ထားသော စာရွက် စာတမ်း အချို့။
“ နောက်လ စင်ကာပူမှာ တစ်ပတ်ကြာ ကျင်းပမယ့် ကျန်းမာရေး ညီလာခံမှာ ဆရာကြီး တက်ရောက် နိုင်ဖို့ ကျွန်တော်တို့ ကုမ္ပဏီက အသွား အပြန် လေယာဉ် လက်မှတ်၊ ကြယ်ငါးပွင့် ဟိုတယ် တည်းခို စရိတ်နဲ့ နေ့စဉ်သုံး စရိတ် အားလုံးကို ကျခံ ပေးမယ့် စာရွက် စာတမ်း တွေပါ ဆရာကြီး”
ပြောပြော ဆိုဆို စာရွက်များကို သူ့ရှေ့ အသာ ထိုးပေးပြီး သူ့ကို ကြည့်နေသည်။ ထိုအကြည့်မှာ အရောင် တလက်လက် ထွက်နေသည်ဟ သူ့စိတ်ထဲ ထင်မိ၏။ ဘာကို ကိုယ်စားပြု ဖော်ညွှန်းတဲ့ အကြည့်လဲ။ သူ ပြန်ကြည့် မိသည်။ အရောင်း ကိုယ်စားလှယ်လေး၏ နှုတ်ခမ်းများက ပြုံးယောင်ယောင်။ လိုအပ်တာထက် ပိုပြီး အရိုအသေ ပေး၍ ညွှတ်ထားသော ခါးများ။ သူ ပြန်ပြော လိုက်၏။
“အေးလေ၊ ထုံးစံအတိုင်း သွားတာ ပေါ့ကွာ၊ မရောက်တာလည်း ကြာပြီကိုး။ မင်းတို့လည်း ပူမနေ ပါနဲ့။ ထုံးစံ အတိုင်း မင်းတို့ ဆေး ကိုယ် သုံးပေး မှာပေါ့”
သူ့ နှုတ်ခမ်းများလည်း ပြုံးယောင် သန်းလျှက်။ ။

Jun 13, 2008 @ 23:55:32
မိုက်တယ် … PHinMM (http://health.ngoinmyanmar.org/) မှာ ဆရာဝန်ဆိုရင် ဖိတ်ချင်လို့ …
မေးလ် လေး မစပါ ခင်ဗျာ …
Jul 08, 2008 @ 19:02:51
ဖတ်လို့ကောင်းတယ်ဗျ။
Apr 15, 2010 @ 10:39:36
လက်တွေ့ ဘ၀ကို မြင်ရစေတဲ့ အရေးအသားပါဘဲ
နှစ်သက်တယ်ချီးကျူးပါတယ်