Social Burden of Infectious Diseases
15 Jun 2008 Leave a Comment
in အက်ဆေး
အမြင်နီးသော်လည်းခရီးဝေးရခြင်း
ဆရာမနိုင်
ကုန်လွန်ခဲ့ ပြီးသော ၂၀ ရာစုကို ဆေးပညာနှင့် ပါတ်သက်သော တိုးတက်မှု သမိုးမှတ်တိုင်များ တစ်ခုပြီး တစ်ခု စိုက်ထူ နိုင်ခဲ့သည့် ရာစုနှစ်ဟု ဆိုကြ၏။ ဆေးလောကမှ စွန့်ဦး တီထွင် ပုဂ္ဂိုလ်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းမှုများကြောင့် ရှေးယခင်က လူသား တို့၏ သေမင်းများ ဖြစ်ကြသော၊ ကုရာနတ္ထိ ဆေးမရှိ ခဲ့သော ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးများ နိဂုံး ချုပ်ခဲ့ ရသည်။ ကပ်ရောဂါ တို့၏ မူလအစ၊ ကပ်ရောဂါဆိုးတို့ကို မျိုးစေ့ ချပေးသော ရောဂါ ပိုးများ၊ လူ့ ခန္ဓာကိုယ်တွင် ရောဂါ ပိုးမျိုးတို့၏ အလုပ်လုပ်ကြပုံများ၊ ရောဂါ၏ လက္ခဏာ ကြီးငယ်များ၊ ဆေးဝါးများ၊ ကုထုံး အသွယ်သွယ် တို့အား လေ့လာ ရင်းဖြင့် သိလာ ကြ၏။ ကပ်ရောဂါ၊ ကူးစက်ရောဂါနှင့် ပါတ်သက်သမျှ မသိတာ ဘာမှ မရှိတော့ လောက်အောင်ပင် အရာရာ သိသည့် ကိုဖိုးသိများ ဖြစ်လာ ကြသည်။ ဤမျှ သိသော၊ တတ်သော၊ နားလည်သော လူသားကို ကပ်ရောဂါ၊ ကူးစက်ရောဂါ တို့က နောက်ထပ် နှိပ်စက် နိုင်ဦးမည်လော…။ ဤသို့ သွေးနထင်ရောက်၍ ဘဝင် အမြင့်ကြီး မြင့်နေ ကြသော လူသားတို့အား မာယာများလှသော ရောဂါပိုးတို့က ခြုံကွယ်မှ သွား၍ စောင့်နေသည်ကို အကြင်လူသားသည် မမြင်နိုင်ရှာ ပါတကား။ ။
မှော်သေတ္တာ
ပိုးတို့၏ လူသိများသော ပါးစပ် ရာဇဝင် မူလအစမှာ ဂရိ ဒဏ္ဍာရီလာ နတ်ဖုရားမ ပန်ဒိုရာ၏ မှော်သေတ္တာ ဖြစ်သည်။ သေတ္တာကို ဖွင့်လှစ်ခြင်း မပြုနိုင်ရန် ကတိသစ္စာ တံတိုင်း အသွယ်သွယ်၊ ကျန်စာ အထပ်ထပ်ဖြင့် မည်သို့ပင် ကာရန် ထားစေကာမူ လူပီသလှသော လူသားသည် သေတ္တာကို ဖွင့်ဖြစ်အောင် ဖွင့်၏။ ထို့ကြောင့်လည်း ကျိန်စာသင့်သည့် အနေဖြင့် သေတ္တာတွင်းမှ ရောဂါ ပိုးမျိုး အနန္တမှာ ယခု အချိန်ထိ လူသားအား နှိပ်စက် နေသည်ဟု ဆိုသည်။ လူသားကား သူ့အစွမ်း ရှိသမျှ ပြန်လည် တိုက်ခိုက်၏။ ရန်သူတော် ရောဂါပိုးတို့ကို သူတို့၏ မူလ စံမြန်းရာ ပန်ဒိုရာ၏ မှော်သေတ္တာထဲသို့ ပြန်လည် ပို့ဆောင်ပြီး ဘယ်သောအခါမှ လူ့လောကသို့ ပြန်လည် ခြေမချ နိုင်စေရန် သမိုင်းတစ်လျှောက် ရင်ကွဲမတတ် ကြိုးပမ်း ခဲ့ကြသည်။ အခုအချိန်ထိတော့ ကျောက်ကြီး ရောဂါပိုး တစ်မျိုးတည်းသာ သေတ္တာထဲ ပြန်ဝင် သေးသည်။ သူပင်လျှင် ပြန်ထွက်မည် တကဲကဲ လုပ်နေ၍ အတော် ဒုက္ခများရ သေးသည်။ ပိုလီယိုအရိုင်းပိုး၊ ဝက်သက်ရောဂါပိုး၊ အနာကြီးနှင့် ဆင်ခြေထောက် ရောဂါပိုးတို့ကား မှော်သေတ္တာဆီသို့ ပြန်ရာလမ်းဆီ ရောက်၍ နေကြပြီ။ ခရီးကား ဝေးသေး၏။
ပိုးတို့၏မာယာ
ယခင်က နှိမ်နင်း အောင်နိုင်ခဲ့ပြီဟု အထင်ရောက်ခဲ့ကြသော ရောဂါပိုးတို့သည်ပင် လူသားအား သမင်လည်ပြန် ကြည့်၍ ကလူကျီစယ် လာကြပြန်သည်။ ငှက်ဖျားနှင့် တီဘီတည်း ဟူသော ကမ္ဘာနာကြီး နှစ်မျိုးသည် ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးကြီး စီး၍ ချစ်သော ကမ္ဘာမြေကို ပြန်လည်၍ လာချေပြီ။ အနာသိ၍ ဆေးရှိခဲ့ပြီးဖြစ်သော ထိုရောဂါကြီး နှစ်ခု ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ် နိုင်ခဲ့သော်လည်း မူလ နေရာ မှော်သေတ္တာအတွင်းသို့ ပြန်လည် ပို့ဆောင်ရန် မတတ်နိုင်ခဲ့ကြ။ မာယာတစ်သိန်း၊ အပလိန်းအနန္တမက ကြွယ်ဝကြသော ငှက်ဖျားပိုးနှင့် တီဘီပိုးတို့ကား လူသားတို့၏ ကာကွယ်ရေး လက်နက်များ ဖြစ်သည့် ပဋိဇီဝ ဆေးတို့အား ပျက်ရယ်ပြုနေကြပြီ။ ဆေးပေါင်းစုံကို ယဉ်ပါးသော ပိုးများ (Drug resistant strains) အဖြစ် ကမ္ဘာပေါ်သို့ ပြန်လည် ခြေချလာသော ထိုရောဂါနှစ်မျိုးကြောင့် ယခင် စိတ်ကူးယဉ်ခဲ့ ကြသည့် ရောဂါပိုး ကင်းသည့် ကမ္ဘာမှာ ခြေရာလည်း ပျောက်၊ ရေလည်း နောက် အခြေအနေသို့ ဆိုက်ရောက် နေရပြီး ဖြစ်၏။
ရေနစ်သူဝါးကူထိုးသူများ
ထိုသို့ ဆရာမနိုင် နှစ်ဆောင်ပြိုင် လက်စွမ်းထက်လှသည့် ပိုးတို့ကား လူသားတို့အား ဖိစီး နှိပ်စက်မှုကို ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး သာတူညီ ခံကြရသည်တော့ မဟုတ်၊ ဆင်ရဲမွဲတေမှုဖြင့် နဘန်းလုံးနေရ ရှာသော တတိယကမ္ဘာခေါ် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ၎င်းတို့ဒဏ်ကို အခံရဆုံး၊ ဆင်းရဲခြင်းနွံထဲမှ လူသားတို့ကို ရောဂါပိုးများက ဝိုင်းကူနှစ်ပေး နေသလို ဖြစ်နေ၏။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ၂၀၀၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးရှိ တီဘီရောဂါသည် အသစ်များ အားလုံး၏ ၃၄ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှမှ ဖြစ်၏။ ဆဟာရတစ်ပိုင်း အာဖရိက နိုင်ငံများတွင် တီဘီရောဂါ ဖြစ်နှုန်းမှာ လူ တစ်သိန်းလျှင် ၃၅၀ ခန့်။ ငှက်ဖျားဆိုလျှင်လည်း နှစ်စဉ် လူဦးရေ သန်းငါးရာခန့် ဖြစ်ပွားလျှက် ရှိရာ အများစုမှာ အနောက် ပစိဖိတ် နိုင်ငံများမှ ဖြစ်၏။ ယခင်က ရောဂါ ကုသရာတွင် အစွမ်းထက်လှသည့် ဆေးဝါးတို့ကို ထိုတကျော့ပြန် ရောဂါပိုးများက မမှုကြပေ။ ကလိုရိုကွင်း ယဉ်ပါးသော ငှက်ဖျားပိုးများသည် အရှေ့တောင်အာရှတွင် နေရာ အနှံ့။ ပုံမှန် တီဘီဆေးများသာမက၊ အရန် ဆေးများကိုပင် ယဉ်ပါးသော ဂိတ်ကုန် ဆေးယဉ် တီဘီပိုးများလည်း ပေါ်ပေါက်ခဲ့လေပြီ။ ဆင်းရဲ မွဲတေမှုကြောင့် စားဝတ်နေရေးပင် အလျှင်မမှီ့တမှီ ရုန်းကန်ု နေကြရ ရှာသူတို့အား အဆိုပါ ရောဂါပိုးများကလည်း ကံကွက်ကျား၍ နှိပ်စက် ကြသေးရာ ခေတ်သစ် ပဋာစာရီများ မမြင်ချင် အဆုံး ဖြစ်လာ၏။
ဆက်ရန်…….

Recent Comments