That's Our Bamar (4)

ကုန်းဘောင်ခေတ် နိုင်ငံခြား ပညာတော်သင်များ

ပထမနဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်နှစ်ကြိမ် ရှုံးနိမ့် ပြီးတဲ့နောက် အနောက် တိုင်းသားကို အနောက်တိုင်း ပညာနဲ့ တန်ပြန် တိုက်ခိုက်မှ ရမယ်လို့ မြန်မာတို့ သဘောပေါက် နားလည် လာကြပါတယ်။ တစ်ချိန်တည်း လိုလို ၁၈၅၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ရေတပ်က ဗိုလ် မက်သရူးစီပယ်ရီ ဂျပန်ကျွန်းကို ရောက်လာပြီး နိုင်ငံခြားသား တွေအတွက် တံခါး ဖွင့်ပေးရမယ် လို့ အနိုင်ကျင့် စော်ကားပြီး အတင်းအကျပ် အမိန့်ပေး စေခိုင်း ခံခဲ့ရတဲ့ ဂျပန်တွေ ဟာလည်း အနောက်တိုင်း ပညာ သင်ရမယ် ဆိုတာကို သဘောပေါက် လာကြတယ်။
အိမ်နီးနားချင်း ထိုင်းနိုင်ငံ မှာတော့ ဒီလို အကျပ်ရိုက်လို့ မဟုတ်ပေမဲ့ အုပ်ချုပ်သူ ချူလာလောင်ကွန် ဘုရင်ရဲ့ ဖွင့်ထားတဲ့ နှလုံးသား၊ ရောက်ခဲ့တဲ့ ရေခြား မြေခြား ခရီးများနဲ့ ငယ်စဉ် ကတည်းက သင်ကြား ခဲ့ရတဲ့ အနောက်တိုင်း ပညာအခံ၊ အခြေအနေကို ကောင်းစွာ တွက်ဆနိုင်တဲ့ ဦးဏှောက် တို့ကြောင့် နန်းညွန့် နန်းလျှာ မင်းသား၊ မင်းသမီးတွေက အစ နိုင်ငံခြား ပညာတော်သင် စေလွတ်ခဲ့တယ်။ အာရှ နိုင်ငံတွေ အနေနဲ့ ဒီလို နိုင်ငံခြား ပညာတော်သင် စေလွှတ် ပွဲကြီးကို ၀ှဲချီး ကျင်းပ ကြရာ-
၁၈၇၂ ခုနှစ် ကင်းဝန် မင်းကြီး အင်္ဂလန် ရောက်တဲ့အခါ ဂျပန် ပညာတော်သင် ၆၀၀ ကျော်၊ ထိုင်း ပညာတော်သင် ၁၀၀ ကျော်အောင်အောင် မြင်မြင် ပညာတော် သင်နေကြ ပေမဲ့ ကနောင်မင်းသားကြီး ကိုယ်တိုင် ခေါင်းခေါက် ရွေးချယ် လိုက်တဲ့ ဒို့ မြန်မာ ပညာတော်သင်များ အနက် မောင်မြှူ၊ မောင်ဖြဲ၊ မောင်အောင်သူ၊ မောင်တလုပ်ဖြူ၊ မောင်ချမ်းသာ၊ မောင်တိုးခြုံ၊ မောင်သာထား၊ မောင်စီနဲ့ လက်ဖက်ရည်တော် နေမျိုးမင်းလှသင်္ခယာ တို့သာ အဲဒီ အချိန်ထိ ကြံ့ကြံ့ခံ ပညာ သင်ကြား နေပြီး ကျန် ပညာတော်သင်များ ကတော့ ဘယ်သောင် ဘယ်ကမ်း ကပ်သွားတယ် မသိရပါ။ ၁၈၇၄ ခုနှစ် ကင်းဝန်ရဲ့ ဒုတိယ အကြိမ် နိုင်ငံခြား ခရီးမှာ အင်္ဂလန် ရောက်ပြန်တော့ မောင်မြှူ၊ မောင်အောင်သူနဲ့ နေမျိုးမင်းလှသင်္ခါယာ ကလွဲလို့ ကျန် လူအားလုံးကို ပြန်ခေါ် ပါတော့လို့ ပြောလို့ ပြန်ခေါ်ဖို့ စီမံပြီး ခေါ်ခဲ့ရတယ်။ ပညာ ဆက်လက် သင်ကြား စိမ့်ခြင်းငှာ ဘယ်လိုမှ မစွမ်းသာတော့ ဆိုတဲ့ သဘောပေါ့။ နိုင်ငံခြား ပညာတော်သင် ကိစ္စကို အားမလျှော့ သေးတဲ့ မြန်မာ တွေဟာ ၁၈၇၅ ခုနှစ် မြောင်လှမြို့စား ၀န်ထောက်မင်းကြီး သီရိမဟာဇေယျသူ (ဦးခြိမ့်) ခေါင်းဆောင်တဲ့ တတိယ အကြိမ် နိုင်ငံခြားသွား သံတမန် အဖွဲ့မှာ ငထွန်းကြီး၊ ငဘိုးလှ၊ ငဘိုးလူ၊ ငဘိုးမောင်နဲ့ ငဘိုးဆင် ဆိုတဲ့ လူငယ် ငါးဦးကို ဒီတစ်ကြိမ်တော့ အီတလီမှာ စစ်ပညာ သင်ဖို့ ခေါ်ဆောင် လာပြီး တူရင်မှာ ထားခဲ့ ပြန်တယ်။ ဦးခြိမ့်ရဲ့ ခရီးသွား မှတ်တမ်းမှာ-
“ရေလမ်း၊ ကြည်းလမ်း၊ သေနင်္ဂကျမ်း များကို တတ်ကျွမ်း သိလိမ္မာအောင်၊ ပညာသင်ရန် လူငယ်ငါး၊ ဆင်းရွယ် ရူပ၊ တင့်တယ် လှသော၊ မြန်မာ အမျိုးသား တို့ကို၊ ရပ်ခြား ဒေသ ရှည်ဝေးလံ၊ ပညာဆီမီး၊ ထိန်ပြောင် ငြီးလှသော၊ ပြည်ကြီး အီတာလျှံတွင်……. တူရင် မြို့မှာ၊ ကျောင်းဆရာတွင်၊ ကောင်းစွာအပ်နှံ ထား၍သင်ကြား ပြသလေစေပြီ (၃၀ ဒီဇင်ဘာ ၁၈၇၆)” ဆိုပြီး တွေ့ရ ပါတယ်။ ဒီလူတွေ မြန်မာနိုင်ငံ ပြန်လာပြီး အလုပ်အကျွေး ပြုတယ်ဆိုတဲ့ အထောက်အထား မှတ်တမ်း မှတ်ရာ တစ်စုံတစ်ရာ မတွေ့ ရှိရ (သေး) ပါ။ ဦးခြိမ့်ဟာ ကင်းဝန်နဲ့ နိုင်ငံခြား နှစ်ခေါက် လိုက်ဖူးတာက တစ်ကြောင်း၊ လက်ဖက်ရည်တော်သား ဘ၀တည်းက မင်းတုန်းမင်းနဲ့ အလွန် ရင်းနှီး ကျွမ်းဝင်တာက တစ်ကြောင်း ကြောင့် တတိယ တစ်ခေါက်မှာ ခေါင်းဆောင် ခန့်ပြီး သံကြီး တမန်ကြီး လုပ်စေ ခဲ့ပေမဲ့ ခရီးသွား မှတ်တမ်းကို လင်္ကာနဲ့ မှတ်တမ်း တင်ခဲ့တာက လွဲလို့ ကင်းဝန်မင်းကြီးရဲ့ မှတ်တမ်းလို မှတ်သား လောက်စရာ မပါ၊ ကင်းဝန် လိုလည်း မစွမ်းဆောင်နိုင် ခဲ့ပါ။ ဘာသာစကား အခက်အခဲ၊ ပညာရပ်ကို လိုက်နိုင်စွမ်း ရှိမရှိ ဥာဏ်ပညာကို စမ်းသပ် စစ်ဆေးခြင်း မပြုဘဲ ရုပ်အဆင်း တင့်တယ်မှု၊ အရပ်ရှည်မှု စတဲ့ ဗဟိဒ္ဓိ အသွင်တွေကို ကြည့်ပြီး နိုင်ငံခြား ပညာတော်သင် ရွေးခဲ့တာ၊ ခင်မင်ရာ ခင်မင်ကြောင်း သား၊ တူ၊ ညီများကို သွားစေတာ၊ သင်ပေးတဲ့ ဆရာတွေ ကလည်း ပညာ မလိုက်နိုင် သူကို စေတနာ မပါဘဲ ထွက်သွားလည်း အေးတာပဲ ဆိုပြီး စိတ်ပျက် ထွက်ပြေးအောင် တမင်ညှင်းဆဲ ကြတာ၊ စတဲ့ စတဲ့ အကြောင်းကြောင်း တွေကြောင့် ဂျပန်နဲ့ တစ်ချိန်တည်း စခဲ့တဲ့ ခေတ်ဦး မြန်မာ အနောက်တိုင်း ပညာတော်သင် ဇာတ်လမ်းဟာ ရှားရှားပါးပါး နိုင်ငံခြား ပညာ အောင်အောင် မြင်မြင် သင်လာတဲ့ မောင်မြှူကို ဖန်ချက်ဝန် ခန့်၊ သီပေါမင်း လက်ထက်မှာ ပြင်သစ်သွား သံအမတ် ခန့်ခဲ့ ရတာနဲ့ တစ်စခန်း ရပ်ခဲ့ ရပါတယ်၊ အမှန်တော့ ဒီ့ထက်မက ပိုအောင်မြင် သင့်ကြောင်းပါ ခင်ဗျား။
ကိုးကား

  1. ကင်းဝန်မင်းကြီး၊ ခရီးသွားမှတ်တမ်း
  2. သန်းထွန်း၊ ဒေါက်တာ။ နယ်လှည့်ရာဇ၀င်
  3. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်းမြန်မာရာဇ၀င်
Advertisement

2 Comments (+add yours?)

  1. ဇနိ
    Jul 08, 2008 @ 18:34:59

    ဒီလိုတွေရှိခဲ့တာကိုး။

    Reply

  2. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 12:40:57

    ဆ၇ာ့ စာတွေက ဘာပဲဖြစ်ဖြစ်တွေးစ၇ာတစ်ခုတော့၇စေပါတယ်…ဒါပေမဲ့ အကုန်တော့ မှန်တယ်လို့ မပြော၇ဲသလို မပြောနိုင်ပါဘူး…သမိုင်းဆိုတာ ကတော့၁၀၀%မှန်ဖို့ ခက်သားလား… ဆက်လက်သုတေသနပြု ၇ှာဖွေ ၇ ပါဦး မယ်..ကျေးဇူးပါ …

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

June 2008
M T W T F S S
« May   Jul »
 1
2345678
9101112131415
16171819202122
23242526272829
30  
Follow

Get every new post delivered to your Inbox.