Life Cycle (1)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၁)

လူနာ နှင့် ရောဂါ
လောက မှာ လူရယ် လို့ဖြစ် လာပြီ ဆိုကတည်းက ရှောင်လွှဲ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဒုက္ခ တွေနဲ့ လူသား အားလုံး ကြုံတွေ့ကြ ရမှာ မြေကြီး လက်ခတ် မလွဲ။ ဒီဒုက္ခ သုံးပါး ထဲမှာ အိုခြင်း နဲ့ သေခြင်း ကိုလူတွေ ကြောက်ကြ တယ် ဆိုပေမဲ့ ပြောစမှတ် ပြုလောက်အောင် ဖိန့်ဖိန့်တုန် ပြားပြားဝပ် ကြောက်တာ မျိုးတော့ မဟုတ်ဖူး။ ရင်ဆို လိုသည် ဖြစ်စေ၊ မဆိုင် လိုသည် ဖြစ်စေ၊ တစ်နေ့ တော့ အားလုံး ကြုံတွေ့ ကြရမဲ့ ဖြစ်စဉ် တွေမို့ အတန် အသင့် တရား နှလုံး သွင်းနိုင် ကြတယ်။ တွေ့လည်း မတွေ့ချင်၊ ဘယ်အချိန် တွေ့မယ် မှန်းလည်း မသိ၊ ကြုံရ မှာကို လည်းကြောက်၊ ဖြစ်လာ ခဲ့ရင် လည်း ငါ့မှ ကံကွက်ကျား ပြီးဖြစ် ရလေခြင်း၊ လောက ကြီးက ငါ့ကို ရက်စက်တယ်။ မတ ရား လိုက်တာ၊ ငါလေး သနား ပါတယ်—— ဒီလို ဒီလို ယူကြုံး မရ၊ အပူလုံး ကြွ စရာတွေ ဖြစ်အောင် ပိုးစိုး ပက်စက် လုပ်နိုင် တာက တော့ နာခြင်း တရား သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက်မှု ပါပဲ။
ဘာကြောင့်များ နာခြင်း ကိုလူတွေ အရမ်း ကာရော ကြောက်ရ သတုန်း။ နာတာထက် ကိုသေတာက ပိုမဆိုး ပေဘူးလားကွဲ့၊ သေတာကို သိပ်မ ကြောက်ပဲ နာတာကို ကြောက်ကြ တယ်ဆိုတော့ မဟုတ်သေး ဘူးနော် လို့ စောတက တက်ချင်ကြ မယ်ထင်တယ်။ စောဒက ဆိုတာလည်း တက်ရတဲ့ အမျိုးကိုး၊ စောဒက ကျလို့မှ မရပဲ။
သေတယ် ဆိုတာ အားလုံး တစ်တန်း တစ်စား တည်း Universal process လေ။ သာတူ ညီမျှ အလွန် ရှိတယ်။ ဘယ်သူ ဘယ်လောက် ကြီးကြီး ဘာကြီး ဖြစ်နေ နေ သေတာ ကိုရှောင်လွှဲ လို့မရ။ လူတိုင်းကြုံ ရမှာမို့ လူတစ်ယောက် သေပြီ ဆိုရင် သေမှာပေါ့၊ အကုသိုလ် များတာကိုး၊ ဘာကိုး၊ ညာကိုး စသည်ဖြင့် ကဲ့ရဲ့  ရှုံချ စရာအကြောင်း သိပ်မရှိ လှဘူး၊ သိပ်ကို ဆိုးဝါး သောင်းကျန်း သူများ ကလွဲရင် ပေါ့လေ။
“သြော်- သူတောင် ဆုံးသွား ရှာပြီကိုး၊ အင်းလေ- လူဆိုတာ သေမျိုး ချည်းပဲကိုး၊ ကိုယ့် အလှည့် လဲဘယ်တော့ ရောက်မယ် မသိဘူး၊ နောက်ဘ၀ အတွက် အထုပ် ပါအောင် ဒါန နဲ့ သီလ ပါရမီ လေးတွေ ဖြည့်ထား ကြနော်၊ အသက် ကအငယ် လေးရှိ သေးတာ၊ နေမယ် ဆို အများကြီး နေလို့ ရသေးတာနော်၊ အရွယ် ကောင်းလေး၊ တိုင်းပြည် အတွက် အစား ထိုးမရ တဲ့ဆုံးရှုံး မှုပေကပဲ” သို့ကလို၊ ဟိုလို၊ ဒီလို တွေသေသူ ရဲ့  ပညာ၊ ဂုဏ်၊ စည်းစိမ်၊ ဥစ္စာ အပေါ်မူတည်ပြီး လူသေ အပေါ် ကျွန်တော် တို့ လူရှင် တွေက စိတ်မကောင်း၊ သံဝေဂရ၊ နှမြော တသ ဖြစ်ကြ၊ ဖြစ်ချင် ယောင်ဆောင် ကြတယ်။
ဘာပဲ ပြောပြော၊ သေတဲ့ အတွက် ဂုဏ်မငယ် လှဘူး၊ အနည်းဆုံး အသုဘ လာမေး တုန်းတော့ သေသူ့ မကောင်းကြောင်း မပြော ကြဘူး။ ဂန္ဓာလရာဇ် နွယ်ဖွား များသေရင် လာသမျှ လူအားလုံး ရဲ့ ကန်တော့ ခြင်း ကိုတောင် ခံရသေးတယ် မဟုတ်လား။
ရောဂါ ဖြစ်ပြီ ဆိုရင် တော့ဇာတ်လမ်း ကတစ်မျိုး တစ်ဘာသာ ဖြစ်လာ ပါပြီ။ မှတ်ပုံတင် လုပ်သလိုမျိုး ရောဂါ တစ်မျိုးတည်း ကို လူတွေ အားလုံး ပြုံဖြစ် ကြတာမျိုး မဟုတ်တော့ universal process မဟုတ်တော့ပဲ comparative သဘော ဆောင်လာ ပါတယ်။ သူမဖြစ် ငါဖြစ်၊ သူစံ ငါခံ အခြေ အနေ မျိုးဆိုတော့ ရောဂါ ကြီးကြီး မားမား ဖြစ်ခံ ရတဲ့ လူအတွက် ကတော့ လောက ကြီးဟာ အလွမ်းဇာတ် သက်သက် ပါပဲ။
သေသူ အပေါ်ထားတဲ့ သဘောထား မျိုး ကိုလူတွေ ကရောဂါ သည်အပေါ် ထားနိုင်ကြ ပါ့မလား။ အသုဘ ကတစ်ခါ ပဲသွားမေး ရမယ်၊ ကိုယ့်စိတ် ထဲပါပါ၊ မပါပါ အသုဘရှင် တွေစိတ်ချမ်း သာအောင် အံမလေး၊ အသေစော လို့ နှမြော ပါဘိ၊ ဂွိ၊ ဂိ၊ ဘာညာ၊ ဇွတ်ကြိတ် ပစ်လိုက် လို့ရသပေါ့။
လူမမာ ဆိုတာ ကမသေ မပျောက် အမျိုး။ သေလည်း မသေ သေးဘူး၊ ရောဂါ ကြီးကလည်း တန်းလန်း တန်းလန်း နဲ့ ပျောက်လည်း မပျောက်ဘူး။ လူနာ ကိုသွားလေသူ လိုနှမြော ပါဘိ တွေဘာတွေ သွားချီးမွှမ်း လို့လည်း မရဘူး၊ ဆိုတော့- သေတာ ထက်စာရင် နာရတာ ဂုဏ်ငယ်၊ ဂိုက်ပဲ့ လွန်းလှတယ်။
ဒါတောင် ဖြစ်တဲ့ ရောဂါ ပေါ်မူတည် ပြီးဂုဏ်ရောင် ရှိန်ဝါ သေးသိမ် ခြင်းဒီကရီ ကကွာခြားသေးတာ။
နှလုံး ရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချို ရောဂါ စတဲ့ မကူးစက် နိုင်တဲ့ နာတာရှည် ရောဂါ များကို ခံစား ရတယ် ဆိုကြပါစို့။ နှလုံး ရောဂါ ရလို့တဲ့၊ ဖြစ်မှာပေါ့၊ ကမြင်းကြော ထတာကိုး၊ လို့ဘယ်သူ ပြောမလဲ၊ မပြော ရေးချ မပြော၊ သနား ကြင်နာ ကြတယ်။ ဆွေမျိုး သားချင်း တွေက ပြုစု ယုယ ကြတယ်။ လူနာ ကိုဂရုစိုက် လိုက်ကြပါ လို့ ဆရာဝန် တွေထွေထွေ ထူးထူး မှာနေ စရာ ကိုမလိုဘူး။ လူနာရှင် ရဲ့ ငွေကြေး ဥစ္စာ ပြည့်စုံ မှုနဲ့ လူနာ့ အပေါ်ပြုစု စောင့်ရှောက် မှုဟာ တိုက်ရိုက် အချိုးကျတယ်။ သူဌေး များဒီ လိုရောဂါ မျိုး တွေဖြစ်လို့ ကတော့ တစ်အိမ်လုံး ကဖူး- ဖူး နဲ့မြည်အောင် ၀ိုင်းမှုတ် ထားကြ တယ်။ လူနာ ကိုယ်တိုင် ကငါ့ ကိုအရေး ပေးလှ ပါလား ဆိုတာ သိလာ ချိန်မှာ လိုအပ် တာထက် ပိုပြီး အခွင့် အရေးယူ ကာ အိမ်သား များ အပေါ် ဗိုလ်ကျ စိုးမိုး ရေးဝါဒ ကိုလက်ကိုင် ပြုကျင့်သုံး လာသူများ လည်းဒုနဲ့ဒေး။ ဒါကြောင့် လည်း တစ်ခေတ် တစ်ခါ ကရုပ်ရှင်၊ ၀တ္တု တွေထဲမှာ အမေကြီး ရဲ့  နှလုံး ရောဂါ ဟာသမီး နဲ့ သူ့ရည်းစား ကိုခွဲတဲ့ တရားခံ အဖြစ် မှန်မှန်ကြီး အသုံးတော် ခံခဲ့ရ တယ်။
“သမီး၊ အမေ့မှာ နှလုံး ရောဂါ ရှိတာ သိတယ်နော်။ အမေ သဘော မတူတဲ့ ဒီအကောင် နဲ့ ခုချက်ချင်း အဆက်ဖြတ် လိုက်ပါ သမီးရယ်၊ အမေ့ သမီး ကအမေ စိတ်မချမ်း သာတာ ဘာ—-ဟာ——ဟာ (အမော ဆို့သံ) မှ မလုပ်ဘူး ဆိုတာ အမေ သိပါတယ်” ဒီလို အပျော့ ဆွဲချင် ဆွဲ။ ဒါမှ မဟုတ်—-
“ဟဲ့ကောင်မတွေ၊ ငါ့မှာ ရောဂါ ကြီးနဲ့ ဆိုတာ နင်တို့သိတယ်နော်၊ ငါ့ကို စိတ်မချမ်း သာအောင် လုပ်နေ ကြတာ၊ နောင်မှ နောင်တ မရကြနဲ့။ အမ်–မာ–လေး။ မော—–ဟော—–ဟော—-လိုက်တာ၊ ငါ အခု ပျံလွန် တော်မူ လိုက်ရ မလား” ဒါမျိုး ဓါတ်ကြမ်း တိုက်ချင် တိုက်ပါတယ်။
တကယ့် ရောဂါ သည်စစ်စစ် ဆိုရင် တော့ဒီလောက် နန်းစတော့ ပြောနေရင် အသက်ထွက် တာကြာပေါ့။ သို့သော် ရုပ်ရှင် တွေအားကျ ပြီး လိုက်မလုပ် ဖူးလို့ တော့ မပြောနိုင် ပေဘူး။ ဒီလို ရောဂါ မျိုးတွေ ကိုဝေဒနာ ရှင်ဘက် ကအားသာ တဲ့ ရောဂါ တွေလို့ ခေါ်ပါတယ်။ ပညာရပ် ဆိုင်ရာ စကားလုံး ကတော့ Sickness Role ရရှိ သောရောဂါ များ လို့ခေါ်ပါတယ်။
လက်ပရိုစီ ခေါ်တဲ့ အနာကြီး ရောဂါ တို့၊ ချောင်းဆိုး သွေးပါ တီဘီ တို့၊ လေးလုံး ရောဂါ ခေါ် အေအိုင် ဒီအက်စ် ဝေဒနာ ရှင်တို့ ကျတော့ ခုနက နှလုံး၊ သွေးတိုး၊ ဆီးချို သမား တွေနဲ့ တစ်တန်း တစ်စား တည်းထား ပြီးဖူးဖူး မှုတ်ထား ကြပါသလား။ ဘယ့်နှယ် မှုတ်လိမ့် မတုန်း။ ဒီလိုရောဂါ မျိုး မိသားစု ထဲမှာ ဖြစ်လာပြီ ဆိုရင် ရွံလွန်း လို့၊ စက်ဆုပ် လွန်းလို့၊ ရောဂါသည် ကိုအိမ်ပေါ်က နှင်ချ တာတို့၊ အမွေ ပြတ်ကြော်ငြာ တာတို့၊ ရက်ရက် စက်စက် လုပ်ကြလေ့ ရှိတယ်။ လူနာ ကို စာနာပါ၊ သနား ပါ၊ အားပေး ပါ၊ ကူညီပါ၊ ဘယ်လောက် ပြောပြော နားမ၀င် တတ်ကြဘူး၊ နောက်ဆုံး နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ စားရမဲ့ သောက်ရမဲ့၊ ကူကယ်ရာမဲ့ စွာနဲ့ ဝေဒနာရှင် ခမျာ လူ့အောက် ကသတ္တ၀ါ တစ်မျိုး အဖြစ် ပက်ပက် စက်စက် ဘ၀ ဆုံးလေ့ ရှိတယ်။ မိအေး နှစ်ခါ နာ ရောဂါ များလို့ ဆိုကြ ပါစို့ရဲ့ ။ ပညာ စကားနဲ့ ပြောရင် socially stigmatized diseases လို့လူသိ များတယ်။
ရောဂါ သည်ချင်း တူတူ ဘာဖြစ်လို့ အဆင့် အတန်း နဲ့ ဆက်ဆံ ရေးဒီလောက်ထိ ကွာခြားသွားရ တာလဲ။ ကူးစက် နိုင်လို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်း ကြောင့်တော့ မဟုတ်၊ လက်ချင်း ထိလိုက် တာနဲ့၊ မျက်လုံးချင်း စကား ပြောမိ တာနဲ့ ဗြုန်းကနဲ၊ ဒိုင်းကနဲ ကူးသွားတဲ့ ရောဂါ မျိုးတွေလည်း မဟုတ်။ socially stigmatized diseases တွေကို ရှေး ပဝေ သဏီ ကတည်းက အကုသိုလ် များလို့၊ ကံနိမ့်လို့၊ အောက်တန်း ကျလို့၊ ယုတ်မာ ညစ်ပါတ် စုတ်ပဲ့လို့ ဘုရား ရိုက်တဲ့ ရောဂါ များ လို့ ကျွန်တော် တို့မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း ကအစဉ် အဆက် ခံယူ ကျင့်သုံး ခဲ့တဲ့ လူမှုစံ (Social Norm) တစ်ခု အဖြစ် ခိုင်ခိုင် မာမာ ရှိခဲ့ ပြီးဖြစ် နေလို့ ပါပဲ။ ခုနောက်ပိုင်း ဒီလို ရောဂါ မျိုးတွေ ကိုဖေးမ ကူညီ ကြည်ဖြူ စာနာ ဖို့ကျန်းမာရေး ပညာပေး လုပ်ငန်း များက ထဲထဲ ၀င်ဝင် ပြောလာကြ ပေမဲ့ လက်တွေ့ မှာတော့ စာနာ နိုင်ဖို့၊ ကြည်ဖြူ နိုင်ဖို့၊ ကြင်နာ နိုင်ဖို့ က အတော် ခက်နေ ကြပါ သေးတယ်။ ခေတ် အဆက်ဆက် အရိုးစွဲ အောင် ကျင့်သုံး လာခဲ့တဲ့ ဓလေ့ ထုံးစံ ကြီး ကိုခုချက်ချင်း ပြင် ဆိုလို့ ကတော့ ဟောရင်း နဲ့ သာပျံလွန် တော်မူမယ်၊ လိုက်နာဖို့ ကတော့ မလွယ် ရေးချ မလွယ်။

Advertisement

3 Comments (+add yours?)

  1. စိုးထက် - Soe Htet !
    Jul 20, 2008 @ 13:59:27

    Good ! :)

    Reply

  2. ဒီဒီကို
    Aug 04, 2008 @ 16:47:11

    ကောင်းလှချည်လားဗျ

    Reply

  3. Trackback: Thintlu Dot Com « Hiriautatpa

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

July 2008
M T W T F S S
« Jun   Aug »
 123456
78910111213
14151617181920
21222324252627
28293031  
Follow

Get every new post delivered to your Inbox.