Life Cycle (4)
01 Aug 2008 2 Comments
in ကျန်းမာရေး, အက်ဆေး
ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄)
ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ်
ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ?
ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ် လို့ရမဲ့ အဖြေမျိုး တွေက တော့ သင့်တင့် လျှောက်ပတ် တဲ့အာဟာရ ကိုမှီဝဲ၊ ဥတု ရာသီ နဲ့ သဟ ဇာတ ဖြစ်အောင် နေထိုင် ၀တ်ဆင်၊ မက်ဒီကယ် ချက် အပ် ခေါ် လိုအပ် တဲ့ဆေးစစ် မှုတွေ မှန်မှန်လုပ်၊ ရောဂါ ဖြစ်ရင် တတ်ကျွမ်း နားလည်သူ ဆရာဝန် ကြီးများ နဲ့ စောစော စီးစီး ပြသ၍ ကုသမှု ခံယူ ဆိုတာမျိုး တွေဖြေကြ မှာပေါ့။
သူ့ အထွာ နဲ့ သူကျိုးကြောင်း ဆီလျှော် တဲ့ဒီ အဖြေတွေ ကိုမှားတယ် လို့ပစ်ပစ် ခါခါ ငြင်းပါယ် စရာ အကြောင်းမရှိပါ။ သို့သော် ကျန်းမာ ဖို့ အရေး အကြီးဆုံး အကြောင်း တစ်ခုတည်း ပြောပါ ဆိုရင်တော့ အတော် လေးကို အဖြေရ ကြပ်လိမ့်မယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ကျန်းမာရေး အတွက် အရေး အကြီး ဆုံး အရာသည် ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် (Good Health System) ပါပဲ လို့ ခိုင်ခိုင် မာမာ ဆိုပါတယ်။ ကျန်းမာရေး စံနစ် တစ်ခု ကို အောင်အောင် မြင်မြင် တည်ဆောက် အကောင် အထည် ဖော်နိုင် ခြင်းသည် သာလျှင် အဲဒီ ကျန်းမာရေး စံနစ် လွှမ်းခြုံ ၀န်ဆောင် မှုပေး သော ဒေသ အတွင်း နေထိုင်သူ များရဲ့  ကျန်းမာရေး အတွက် အရေး အကြီးဆုံး၊ အလိုအပ် ဆုံး ကိစ္စ ဖြစ်ပါသတဲ့။
စံနစ် တစ်ခု ကို ဖန်တီး တည်ဆောက် ဖို့ ဆိုတာ ယေဘုယျ အားဖြင့် ပေါ်လစီ မိတ်ကာ တွေရဲ့  အလုပ်၊ လူတိုင်း လမ်းလှမ်း မှီတဲ့ အရာ မဟုတ်၊ ဒါကြောင့် ငါတို့နဲ့ မဆိုင်- လို့တွေးမိ သူတွေ ဒုနဲ့ဒေး။ ရှေးယခင် ကတော့ လက်တစ်ဆုပ် စာ ပေါ်လစီ မိတ်ကာ များလည်း ဒီလို ပဲတွေးခဲ့၊ လုပ်ခဲ့ ကြတယ်။
တစ်ခါတုန်းက-
အားလုံး အတွက် ကျန်းမာရေး၊ အားလုံး ကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ (ခု ၂၀၀၀ ကို ၈ နှစ်တောင် ကျော်ခဲ့ပြီ)၊ လူတိုင်း အတွက် ကျန်းမာရေး ဆိုတဲ့ WHO ရဲ့ မိုးလုံး ဟိန်းတဲ့ ကြုံးဝါး ကြွေးကြော် သံကြီး တွေနဲ့ အတူ ဆင်းရဲ ချမ်းသာ မရွေး၊ နီးနီး ဝေးဝေး၊ တတ်နိုင်နိုင် မတတ်နိုင်နိုင် ကျန်းမာရေး စောင့်ရှောက်မှု ဆုလာဒ် ကြီးကို လူတန်းစေ့ လူမှန်ရင် အခမဲ့ ရရှိ နိုင်စေ ရမယ် ဆိုတဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကြီး (Primary Health Care) ကို လက်တစ်ဆုပ်စာ ကျန်းမာ ရေး ပေါ်လစီ မိတ်ကာ အီလစ် များက တကယ့် အစောင့်ရှောက်ခံ လူထု ရဲ့  သဘော ဆန္ဒ ကိုတစိုးတစိ မှမမေးပဲ ကိုယ့်ဇာတ် ကိုယ်ထောင်၊ ကိုယ့်ကြိုး ကိုယ်ဆွဲ ပြီး ဖန်တီး အကောင် အထည် ဖော်ခဲ့ ကြဖူးတယ်။ အကျိုး ဆက် ကတော့ ပိုးသာ ကုန်၊ မောင်ပုံ စောင်း မတတ် ဖြစ်ခဲ့ ရတာ ပါပဲ။ ဆိုတော့ ယခင် ကဖန်တီး ခဲ့ကြ တဲ့ ကျန်းမာရေး စံနစ် တွေဟာ အများအားဖြင့် မအောင်မြင် ခဲ့ကြ ဘူး၊ ဒီလို မအောင်မြင် တဲ့ကျန်းမာရေး စံနစ် အတွက် အချိန်၊ ငွေ နဲ့ လုပ်အား တန်ဖိုး တွေရင်းနှီး ရတာ တွက်ခြေ မကိုက်ဖူး၊ အကြောင်းရင်း ကိုပြန်လည် သုံးသပ် ကြတဲ့ အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေါ်လစီ တွေဟာ ချမှတ်သူ ထားရှိတဲ့ တန်ဖိုးက များများ၊ အမှန်တကယ် သုံးစွဲ သူတွေ အတွက် တန်ဖိုးက နည်းနည်း ဖြစ်နေတာ တွေ့လာကြ ရတယ်။ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု မျိုး လူထု ကို ပေးသင့် သလဲ၊ ဘာနည်းလမ်း နဲ့ ပေးမလဲ ဆိုတာ ပေးသူ ဖက် ကသာ တန်ဖိုးတွက် ပြီးတစ်ဖက်သတ် ဆုံးဖြတ် ချမှတ် အကောင် အထည် ဖော်လေ့ ရှိခဲ့ ကြတာကိုး။
ဒီလိုနဲ့ ခံရ ပါများ လာတော့ ကျန်းမာရေး စံနစ် တစ်ခု ရဲ့ တန်ဖိုး ဟာ ပေးဆပ်သူ တို့ရဲ့  နှလုံးသား အလို ကိုချည်း လိုက်လို့ မရ ဘူး ဆိုတာ ပေါ်လစီ မိတ်ကာများ သဘောပေါက် စပြုလာ ကြတယ်။ အရေး အကြီး ဆုံး အကျိုးရှင် (Stakeholder) ဖြစ်တဲ့ လူထု ရဲ့ သဘောထား ကိုလည်း တောင်းဖို့ လိုတယ်၊ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု နည်းနာ နိသရ တွေကို ဘာနည်းလမ်း နဲ့ ဘယ်သူ့ ကိုပေးမှာ လဲ၊ ဘယ်ပုံ ဘယ်နည်း လိုချင် သလဲ ဆိုတာကို ရရှိမဲ့ အစောင့်ရှောက်ခံ လူထု အနေနဲ့ ရွေးချယ် တတ်ဖို့ သိပ်လို သပေါ့။
“ဘယ်လို ကျန်းမာ ရေးစောင့်ရှောက် မှုတွေ လိုချင် ပါသလဲ” လို့ တကယ် မေးလာ ခဲ့ရင်- အစောင့်ရှောက် ခံ လူထု ဖက်က “သားသား တိဘူးလေ” လို့ ပြီးစလွယ် ဖြေလို့ မရပါ။ အရပ်ဖက် ဆိုင်ရာ လူ့ အဖွဲ့ အစည်းများ (Civil Society) မှာ သုံးစွဲ သူတို့ ရဲ့ သဘောထား ကိုဆန်းစစ် ညှိနှိုင်း ချမှတ် တဲ့ Demand Based Health Policy ဟာအလွန် ခေတ်စား လာပါပြီ။
ကျန်းမာရေး စံနစ် ကောင်းဖို့ ဘာအရေးကြီး သလဲ?
ကျန်းမာရေး အတွက် အရေးကြီး တာက ကျန်းမာရေး စံနစ်၊ ကျန်းမာရေး စံနစ် ကောင်းဖို့ အရေးကြီး တာက ကျန်းမာရေး လို့ ပါတ်လည်ရိုက် လို့ မရဘူးခင်ဗျ၊ သေချာစဉ်းစားရင် အတော်ရှုပ်တဲ့ အမယ်ဘုတ် ချည်ခင် ကြီးပါ။
WHO ကတော့ ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ဖို့ အီးလေးလုံး ကိုဂရုစိုက် ရမယ် လို့ ဆိုပါတယ်။
- ကျန်းမာရေး စံနစ် တစ်ခု ရဲ့ စွမ်းဆောင်နိုင်စွမ်း (Effectiveness)
- ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် လိုအပ်သော resource များကို မှန်မှန်ကန်ကန် ခွဲဝေ သုံးစွဲ တတ်မှု (Efficiency)
- ကျန်းမာရေး စောင့်ရှောက်မှု ကို သာတူညီမျှ ပေးစွမ်းနိုင်မှု (Equity) နဲ့
- ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များရဲ့  ကုန်ကျ စရိတ် (Economy) ဆိုတဲ့ အီးလေးလုံး ပါတဲ့။
ကျန်းမာရေး စံနစ် ဆိုတာကြီး ကလည်း WHO ကစတဲ့ ဇာတ်လမ်းမို့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်က နိုင်ဖို့ အတွက် Health System Performance Indicator ခေါ်တဲ့ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် တိုင်း အညွှန်းကိန်းများကို တီတွင် ဖော်ထုတ် ရပြန် ပါတယ်။ ကျန်းမာရေး စံနစ် တစ်ခု ကောင်းမကောင်း ကို…………
- ကျန်းမာရေး အသုံး စရိတ် (Health Care Cost)
- ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင် ခြင်းနှင့် လက်ခံရ နိုင်ခြေ (Assess to Health Care)
- အစောင့်ရှောက်ခံ လူထု၏ ကျန်းမာရေး အခြေအနေ (Health and Well Being status)
- ကျန်းမာရေး စောင့်ရှောက်မှု ကိုလူအများ မျှော်လင့် ထားသည့်အတိုင်း အတာ အထိ ပေးစွမ်း နိုင်ခြင်း ရှိ၊ မရှိ (Responsiveness)
- မျှတသော ကျန်းမာရေး ကုန်ကျ စရိတ် (Fair Financial Contribution)
- ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ၏ စွမ်းဆောင်ရည် (Attainment and Performance)
- အစောင့်ရှောက် ခံလူထု ကလက်ရှိ ကျင့်သုံး နေသော ကျန်းမာရေး စံနစ် အပေါ် ကျေနပ် နှစ်သက်မှု ရှိ၊မရှိ (Satisfaction with Health Care System)
ဆိုတဲ့ အချက် (၇) ချက်ပါ ပေါင်းစပ် အညွှန်းကိန်း (Composite Index) နဲ့ တိုင်းတာ ရမယ် လို့ဆိုတယ်၊ ပြောတဲ့ အတိုင်းလည်း WHO အဖွဲ့ဝင် နိုင်ငံ အားလုံး ရဲ့  ကျန်းမာရေး စံနစ် တွေကို ဒီအညွှန်းကိန်း ပေတံကြီး နဲ့ တိုင်းတယ်။ အကောင်း ဆုံးကနေ အဆိုးဆုံး အထိ ကြီးစဉ်ငယ်လိုက် စဉ်ချ လိုက်တဲ့ အခါမတော့………………….

Aug 10, 2008 @ 14:08:20
Sep 13, 2009 @ 13:35:51
Thanks for this post.