That's Our Bamar (16)

သမိုင်း ကျမ်းများ ကညွှန်းဆို သော မြန်မာ
ဒုတိယပိုင်း

ရှေးရာဇ၀င် ဆရာ များ၏ မြန်မာ သမိုင်းကျမ်းများ
ဒါဆိုရင် ရှေးခေတ် ကမြန်မာ့ သမိုင်းကျမ်း၊ ရာဇ၀င် ကျမ်း မှန်သမျှ ဘာတန်ဖိုး မှမရှိပဲ မြှောက်ရေး၊ ခြောက်ရေး၊ ဖါးရေး၊ ထင်ရာ စိုင်းရေး ခဲ့ကြ တာပါ ဆိုရင်တော့ ၀ါးလုံးရှည် နဲ့ ရမ်းရာ ရောက်ပါလိမ့်မယ်။ သမိုင်းတန်ဖိုး နည်းတယ် လို့ ပြောချင် ပြောနိုင် ပေမဲ့ လူမှု တန်ဖိုးတော့ ကြီးလှ ပါတယ်။ နားထောင်တာ၊ မထောင်တာ အပ ထားလို့ ရာဇ၀င် ကျမ်း တိုင်း လိုလို မှာ မင်းကို ဆုံးမ တတ်တဲ့ အချက် ကတော့ အင်မတန် နှစ်သက် စရာ ကောင်းတယ်။
စကြာမင်း လို အလွန် အင်မတန် ဘုန်းတံခိုး ကြီးတဲ့၊ လက်ညှိုး ညွှန်ရာ ရေဖြစ်တဲ့ မင်းတွေ တောင် နောက်ဆုံး ကျသေ သဟေ့- လို့ နိဒါန်း စဖွင့် လိုက်တာ ဟာ အဲဒီခေတ် မှာ အုပ်ချုပ် မင်းလုပ်နေ တဲ့ဘုရင် ကို စကြာမင်း ရဲ့ ခြေသည်း ကြား က ဂျီးလောက် မှတန်ခိုး မထွား တဲ့ နင်လည်း တစ်နေ့ ကျသေမှာပဲ၊ သိပ်လည်း မာန်တက် မနေ ပါနဲ့ လို့ ခွပ်လိုက် သလို ပါပဲ။ ယူသော် ရ၏ ပေါ့ခင်ဗျာ။
ပြီးတော့ မှ အတွင်း မှာ မဟာ သမ္မတ မင်းက စလို့ သကျ သီဟ ဂေါတမ မင်းထိ ဘယ်မင်းက အလွန် ရက်စက်၊ ဘယ်မင်း ကလူတွေ ဘယ်လောက်သတ်၊ ဘယ်မင်း ကဘယ်သူ့ မယား ကြာခို၊ ဒါကြောင့် သေချင်းဆိုး နဲ့ သေကုန်၏။ ဒီလို မသေ ချင် ရင် ဒါတွေလုပ် ဆိုပြီး မင်းကျင့် တရား ဆယ်ပါး lecture ပေးတော့တယ်။ တကယ်တော့ ဘုရင် ကို သူ့ ခေတ်နဲ့ သူ့ အခါ နိုင်ငံရေး သိပ္ပံ (Political Science) ကိုသင်ပေး နေတာပါ။
ဘုန်းကံတွေ အလွန်ကြီး၊ တန်ခိုးတွေ မတရား ရှိတဲ့ သီရိ ဓမ္မာ သောက မင်းကြီး နတ်ရွာစံ ခါနီး မှာ ဂယောင် ဂယင် သွေး လေချောက်ချား ပုံတွေ ကိုအသေးစိတ် ရေးပြီး မင်းကို “နင် နတ် မဟုတ်။ လူပဲဟေ့” ဆိုတဲ့ humanization အတွေး အခေါ် ၀င်စေ ပါတယ်။
ဘုရင်ညံ့ သုံးပါး ထဲက entrepreneur နရ သီဟ ပတေ့ သေခါနီး ဆဲဆဲ မိဖုရား စော က ဆုံးမ ဟန်နဲ့ အခုမင်း ကိုပါ ရာဇ၀င် ဆရာ ကရော ဆုံးမ တော့တယ်။ တကယ်က သူပြော ချင်တာ ကို မိဖုရားစော ကိုခေါင်းခံ ခိုင်းတာလေ။
“မင်းဟူသည် ပြည်ဝမ်း ကိုမဖောက်ရာ။ ပြည် ဦးကင်း ကို မနှိမ်ရာ။ ပြည် တံခွန် ကို မလှဲရာ။ ပြည်မျက်နှာ ကိုမဖျက်ရာ။ ပြည်စွယ် ကို မချိုးရာ။ ပြည်ခြေ၊ ပြည်လက် ကို မဖြတ်ရာ” တဲ့။ သိပ် ကောင်း တဲ့ မြန်မာ့ political thought အဆီ အနှစ် ပါပဲ။ ဥရောပ ကရှိရှိ သမျှ မင်းတွေ ပါလိုက်နာ သင့်တဲ့ အဆိုလို တောင်ပြော နိုင်ပါတယ်။
လူညံ့ ဆိုတော့ နရ သီဟ ပတေ့ ဟာ ရှိရှိ သမျှ သူ့ ချည်း အပြောခံ နေရ သလိုတောင် ဖြစ်နေ တယ်။ မင်္ဂလာ စေတီ ကိုတည်၍ ပြီးခါနီး မှာ ဘုရား ပြီးက ပြည်ကြီး ပျက်လတ္တံ့ ဆိုတဲ့ တဘောင် ပေါ်တော့ လူမိုက် နရ သီဟ ပတေ့ ဟာ ဘုရား ကို အပြီး မသတ် ဖူးတဲ့။ ဒါနဲ့ နရ သီဟ ပတေ့ ကို ပံ့သကူ မဟာထေရ် ကဆုံးမတယ် ဆိုပြီး ရာဇ၀င် ဆရာ ဟာ သူပြောချင် တာကို ပြောထည့် လိုက်ပုံ က-
“ဟယ်၊ မင်းမိုက်၊ လောဘ နိုင်ငံ သို့ လိုက်၍ အနိစ္စ ကမ္မဌာန်း ကိုမရှု၊ ကာမဂုဏ် ချမ်းသာ ကိုသာ ခံစားသည်။ အလှူ ကောင်းမှု ပြုပြီး မှ ပြည်ပျက် အံ့သည် ကိုစိုးရိမ် ၍ နေခြင်းကား၊ နင့်ထက် မိုက်သ သူမရှိ၊ နင့်ပြည် နှင့် နင် မသေဘဲ နေရ အံ့လော” တဲ့ဗျား။
အနန္တ သူရိယ အမတ် ကလည်း သေခါ နီးမှာ ငြီးတွား ရေရွတ် တယ် ဆိုတဲ့-
“ရွှေ အိမ်နန်း နှင့်၊ ကြဌာန်း လည်းခံ၊ မတ်ပေါင်း ရံလျက်၊ ပျော်စံ ရိပ်ငြိမ်၊ စည်းစိမ် မကွာ၊ မင်း ချမ်းသာ ကား၊ သမုဒ္ဒရာ၊ ရေ မျက်နှာ ထက်၊ ခဏ တက်သည့်၊ ရေပွက် ပမာ၊ တသက် လျာတည်း” မြန်မာ တိုင်းသိ ကြတဲ့ နာမည်ကျော် ကဗျာ ဟာ လည်း အနန္တ သူရိယ သေခါနီး ရွတ်တာ ကို သူသွားပြီး video ရိုက်ထား တာမှ မဟုတ်ပဲဗျ၊ သူပြော တာဖြစ်ဖို့ လမ်း ပိုများ ပါတယ်။
ရာဇ၀င် ဆရာ ကမင်းကို မြေကြီး ထဲဆွဲ ချနေတာ ကိုကူညီတဲ့ ဘော်ဒါကြီး ကဘိသိက် ဆရာ ပါ။ မင်းအဖြစ် ခံယူတဲ့ ဘိသိက် ပွဲမှာ ဆိုတဲ့ ဘိသိက် စကားကို ကြည့်ရင်-
“ ဆိုသော စကား အတိုင်း ကျင့်ဆောင် တော်မူ၍ ပြည်သူ တုတ်ခွန် ဆယ်ဖို့ တစ်ဖို့ ခံယူ စားသုံး တော်မူလျက် မင်း၏ စည်းစိမ် ကိုခံစံ ပြီးသော် ပြည်သူ ကိုတရား သဖြင့် စောင့်တော် မူပါလော့။ အရှင် မင်းကြီး ကျွန်ုပ် တို့ ဆိုသော စကား အတိုင်း ကျင့်တော် မူပါ သော်ကား ပစ္စုပ္ပန် သံသရာ နှစ်ဖြာ အကျိုး တက်တိုး စေလျက် တက်သစ် သောနေ၊ ဆန်းသစ် သောလ ကဲ့သို့ တစ်နေ့ တစ်ခြား ကျက်သရေ တော်ပွင့် လင်း၍ ပြည်ထောင် မင်းပေါင်း၊ ဦးခေါင်း ညွှတ်လာ၊ သဒ္ဒါ ပြည့်ဖြိုး၊ သူခိုး ဓါးပြ၊ ငြိမ်းချမ်း သာယာ၊ သာသနာတော် တည်ထွန်း၊ ရေစာ မရှား၊ မင်းအား ပြည်သူ၊ ဆုယူ နေတိုင်း၊ ကောင်းချီး ပေးလျက်၊ သက်တော် ရာကျော်၊ စံတော် မူသည် ဖြစ်စေသောဝ်။ ယင်းသို့ မဟုတ် အကျွန်ုပ် တို့ စကား အတိုင်း မတည်၊ မင်းကောင်း မင်းမြတ် တို့ ၀န်ခံသော ဘိသိက် သစ္စာ၊ ပျက်ပ စေသော်၊ ကမ္ဘာ ဆူလျက်၊ လေမုန်တိုင်း ဆင်၊ ငလျင် တော်လဲ၊ မြေကြီး ကွဲ၍၊ ငရဲ မီးလျှံ၊ ၀င်းဝင်း ပြောင်ပြောင်၊ တောက်လောင် ကျေညက်၊ သူပျက် သူလောင်၊ ထောင်ထောင် ထားထား၊ ခိုးသား တန္တ၊ စသည် ထွေထွေ၊ နေလ တံခွန်၊ ဌက်ပျံ ဌက်ယုတ်၊ စုန်းဘုတ် တစ္ဆေ၊ နန်းတက် နေ၍၊ မွှေမွှေ လှန့်ခြောက်၊ မြွှေဟောက် ငန်းကျား၊ တက်၍ စားသည် ဖြစ်စေသော်ဝ်” ဆိုပဲ။ ကြည့်စမ်း၊ ဘိသိက် စကား တဲ့၊ မင်္ဂလာ စကား၊ တက်လာ မဲ့ မင်းကို ဖားမဲ့ စကားတွေ ပြောမယ် မှတ်နေတာ။ နင် ရုတ်ရုတ် ရက်ရက် လုပ်ရင် ဂုတ်ဂုတ် ဂက်ဂက် ဖြစ်မယ် ဆိုပြီး တိုက်လိုက်တဲ့ ကျိန်စာ ဆိုတာ နည်းဘူး ကြီးပဲ။ သမ္မတ ကျမ်းကျိန် စကား အစား ဒီဘိသိက် စကားနဲ့ ကျိန်စာ တိုက်လိုက် တာက ပိုထိရောက် မလားပဲနော်။ တကယ်တော့ ဘိသိက် စကား ဆိုတာ မင်းနဲ့ ပြည်သူ ကြား က Social Contract ပဲလို့ မှတ်ယူ ရတော့ မလို ပါပဲ။
ကျမ်းတကာ့ ကျမ်း မှာ ဘုရင် ကိုအတွယ်ဆုံး ကတော့ ယောမင်း ရဲ့  နာမည်ကျော် ရာဇ ဓမ္မ သင်္ဂဟ ကျမ်းပဲ။ သာသနာ့ ဒါယကာ ကြီး ဒကာတော် ရေမြေ့ရှင် မင်းတုန်းမင်း အလှူ ကြီးပေးမကွ ဆိုပြီး ကိုယ်ပိုင် ပိုက်ဆံ ကျတော့ မထိပဲ တိုင်းပြည် ပိုက်ဆံ တွေနဲ့ အလှူ လုပ်တာ ကိုမျက်မုန်း ကျိုးတဲ့ ဦးဖိုးလှိုင်ဟာ-
“ကောင်းမွန်စွာ ကုန်စည် ကူးသန်း ရောင်းဝယ် ရအောင်၊ လယ်ယာ လုပ်ဆောင် ရအောင်၊ စောင့်ထိန်း စေမည့်၊ စောင့် ထိန်းရန် ပို့ပေးသည့် အခွန် အတုတ် ကိုယူပြီးလျှင် အလိုရှိရာ လှူဒါန်း ပေးကမ်းခြင်း ကိုမလုပ်သင့်။ စောင့်ထိန်းရန် ပေးသည့် အခွန် အတုတ် ကိုယူ၍ စားသောက် သုံးဆောင်သော မင်း၊ မှူးမတ်၊ ရဲမက် လက်နက် ကိုင် တို့သည် ကုန်သည် လယ်လုပ်တို့ ဘေးရန် မရှိ၊ ကူးသန်း ရောင်းဝယ် လုပ်ဆောင် နိုင်အောင်၊ ဧကန် စောင့်ရှောက် သင့်သည်၊ မစောင့် မရှောက်၊ အလိုရှိရာ လှူဒါန်း ပေးကမ်း စားသုံး နေလျှင် ခိုးခြင်း ၂၅ ပါးတို့တွင် လိမ်လည် လှည့်စား၍ ယူသော ကုဋာ ၀ဟာရ၊ နှိပ်စက်၍ ယူသော ပသယှပ ၀ဟရ တို့ မှလွတ်နိုင်ရန် အကြောင်းမရှိ” တဲ့။ ဘုရား ၀တ်ပြု အပြီးမှာ ရည်မှန်းပြီး ဦးသုံးကြိမ် ချထိုက် သူပါပဲ။
ဘုရင် ကို သမီး ပေးထား ပြီး လွှတ်တော် ထဲ ထောင်လွှား နေတဲ့ ဘုရင့် ယောက္ခမ ၀န်ကြီးတွေကိုလည်း-
“အမ၊ နှမ၊ သမီး ကကို၊ စ၍ ဆက်နှင်း၊ လက်ဆောင် သွင်း၍၊ စိုးမင်း ချစ်မြတ်၊ ထိုအမတ်သည်၊ အတတ် မရှိ၊ သတ္တိ ကင်းကွာ၊ ဘုန်းကြီး လာမူ၊ ပြည်ရွာ ပျက်ကြောင်း၊ တစ်ပါးတည်း” လို့ ပိုးစိုး ပက်စက် ရေးထည့် လိုက်လို့ သမက် တော်ကြီး စိတ်တော် ကြီးပြီး လှံနဲ့ ဆောင့်ထိုး တာခံရ မလို့ သီသီလေး လိုတယ်။ ကြောက်မယ် များထင် သလား။ သီပေါ လက်ထက် ရောက်တဲ့ အထိ ဘုရင်၊ မိဖုရား ငွေသုံးကြမ်း တာမြင်ပြန်တော့-
“ဘုရင် မင်းမြတ် လွန်စွာ အသုံး အဖြုန်း ကြီးကြောင်း၊ ဘဏ္ဌာတော် ဆိုသည်မှာ ဆင်းရဲသား၊ ကျေးတော်မျိုး၊ ကျွန်တော် မျိုး များ၏ ချွေးနည်းစာ မှ ညှစ်ထုတ် ယူထား ရသည် ဖြစ်၍ ကျောက်ခဲ သလဲ ကဲ့သို့ သဘော မထားသင့်” ဆိုပြီး ပြောထည့် လိုက်တာမှာ တခါတည်း အကျဉ်းကျပြီး နာလံ မထူနိုင်တဲ့ ဘ၀ ရောက်သွား ရှာပါတယ်။
သူ့ စကားမှာ မှတ်သားဖွယ် အကောင်းဆုံး ကတော့ ဥရောပ မှာ ထွန်းကား တဲ့ ဒီမို ကရေစီ ဆိုတာ မြန်မာ တို့ ရင်းနှီး ကျွမ်းဝင် တဲ့ အပရိ ဟာနိယ တရား သာဖြစ်လို့ Constitutional Monarchy စနစ် ကိုပြောင်းပြီး အကောင် အထည် ဖော် လိုက်ရင် အောင်မြင် မှာ မြေကြီး လက်ခတ် မလွဲတဲ့၊ လွမ်းလောက် စရာတွေ။

ကိုးကား။

  1. သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်
  2. ဖိုးလှိုင်၊ ယောမင်းကြီး၊ ဦး၊ ရာဇ ဓမ္မ သင်္ဂဟ ကျမ်း
  3. တင်၊ ဦး၊ ပုဂံ ၀န်ထောက်၊ မြန်မာ မင်းအုပ်ချုပ် ပုံ စာတမ်းများ၊ တတိယတွဲ။

4 Comments (+add yours?)

  1. Yu Wa Yi
    Aug 03, 2008 @ 03:39:26

    လုပ်ချလိုက်ပြန်ပြီ ဆရာ။ စိန်ကုန်သည် မျိုးရိုးလို့ မပြောရဘူးနော်။

    Reply

  2. Yu Wa Yi
    Aug 03, 2008 @ 03:44:21

    ဆောရီး..ရှေ့ ကအပုဒ်နဲ့ မှားပြီးရေးမိလို့ ။

    Reply

  3. July Dream
    Aug 03, 2008 @ 08:23:38

    ဒါဆို နောက်ပိုင်း အစိုးရအသစ်တွေ အာဏာ အပ်နှင်းပွဲတွေမှာ ကျမ်းမကျိန်ခိုင်းတော့ပဲ အခုလို ဘိသိက် စကားတွေပဲ ပြောခိုင်းရင် ပိုကောင်းမလားပဲ။ မဟုတ်တာ လုပ်လို့ကတော့ အသေဆိုးနဲ့ သေမယ့်ကောင်တွေလို့ ဘိသိက်ခံရင်း ပြောရတာပေါ့ဗျာ။

    Reply

  4. mathetzin
    Aug 05, 2008 @ 22:07:24

    လောကကြီး
    နာကျင်မှုတွေ
    စွန့်လွှတ်ရမည့် အရာများ
    ရွှင်လန်းချမ်းမြေ့ပါစေ…

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.