Life Cycle (7)

ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)

ဆေးဖိုးဝါးခ နှင့် လူနာ
ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင်ရောဂါ ပျောက်ဖို့ မစဉ်း စားနဲ့ လို့ တရား လက်လွတ် ပြောရာ ရောက်နေ ပါပြီကော။


WHO ရဲ့  ၂၀၀၅ ခုနှစ် မှာထွက်ပေါ် လာတဲ့ technical report အရ- တစ်ကမ္ဘာ လုံးရှိ အိမ်ထောင်စု ပေါင်း ၄၄ သန်း သို့မဟုတ် လူသန်းပေါင်း ၁၅၀ လောက်ဟာ ဆေးဖိုး ၀ါးခ စရိတ်ထောင်း တဲ့ဒဏ် ခံနေကြ ရတယ်တဲ့။ အဲဒီ အထဲက ကံပို ဆိုးသူ အိမ်ထောင်စု ပေါင်း ၂၅ သန်း သို့မဟုတ် လူသား သန်း ၁၀၀ ဟာ ဆေးဖိုး ၀ါးခ ကြောင့် ကြွေးတင် ကျွန်ဖြစ် ပြီး ပြာပုံ မတိုး ရပဲ ဆင်းရဲ မွဲတေ ကုန်ကြ တယ်။ ဒီလို ဖြစ်နေ တာတွေ ကို အထူးပြု လေ့လာ တဲ့သုတေ သန လုပ်ငန်း များက ဒီဖြစ်ရပ် ကို “ကျန်းမာရေး စရိတ် (ဆေးဖိုး ၀ါးခ) ကြောင့် ဒုက္ခ ကပ်ဆိုက် ခြင်း (Catastrophic Health Care Payments)” လို့ တင်စား ခေါ်ဝေါ် ခဲ့ကြတယ်။
ရောဂါ ကြောင့် မွဲပြာ ကျခြင်း ဆိုတဲ့ ငိုချင်း ရှည်ကြီး ဟာ ရောဂါ ကုသ စရိတ် ထောင်းလို့ ဆင်းရဲ မွဲတေ ရုံမျှ မက နောက်ဆက် တွဲ ဖြစ်ရပ် တွေ အများကြီး ပါပဲ။ စုဆောင်း ထားသမျှ ပြောင်တဲ့ အပြင်၊ စားဝတ် နေရေး ကျပ်တည်း၊ သား သမီး တွေ ကျောင်းမထား နိုင်၊ ကြွေးတွေ ပါတ်လည် ၀ိုင်း ပြီး ဆင်းရဲ ခြင်းနွံ ထဲက တစ်သက် လုံး မရုန်း ထွက်နိုင်၊ နောက်ဆုံး ရောဂါ ကုဖို့ လက်တွန့် ရှောင်ကျဉ် လာကြ ပြီး ကျန်တဲ့ ပိုက်ဆံ လေး သပိတ်သွပ် ဖို့သာ ထားလိုက် ပါတော့တို့၊ ငါ့သားလေး ကိုသာ ရှင်ပြုပေး လိုက်ပါတို့ ဆေးဝါး ကုသဖို့ နဲ့ ကျန်ကိစ္စ များကို လဲလှယ်လိုက် ရပါ တော့တယ်။ ဒါတင် မကသေးပါ။ ကူးစက် ရောဂါ တွေကို မကု တော့ဖို့ ဆုံးဖြတ် မိရင် ရောဂါ ဖြန့်ဖြူးသူ လက်သည်ကြီး ဖြစ်လာမယ်။ တစ်ယောက် ကစလိုက် တာ ရာ၊ ထောင်၊ သောင်း၊ သိန်း ကူးစက် ပြန့်ပွား ပြီး တိုင်းပြည်ရဲ့  လူမှု၊ စီးပွားရေး အားလုံး ကို ဆုတ်ယုတ် လျော့ပါး သွားအောင် ၀ါးမျို ပစ်လိုက်နိုင်တဲ့ အန္တရာယ် ကြီးဖြစ်နိုင် ပါတယ်။
ဒါဆိုရင် လူနာ အားလုံး ကိုနိုင်ငံတော် အစိုးရ ကတာဝန်ယူပြီး ပြည်သူ့ ဆေးရုံ များမှာ အလကား ကုပေးပါလား လို့ ပြောစရာ ရှိပါတယ်။ တခေတ် တခါ ကအဲသလို လုပ်ခဲ့ ပြီးပါသကော။ Socialized medicine ဆိုပြီး ရှိသမျှ အလကား free health care ဆိုပြီး လုပ်လိုက် တာမွဲပြာ ကျလု နီးနီး ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည် မှလူ့အဖွဲ့ အစည်း တစ်ရပ် လုံး စိတ်တိုင်းကျ တဲ့ အထိ ကျန်းမာရေး စောင့်ရှောက်မှု ကို အလကားပေး နိုင်စွမ်း မရှိပါဘူး။ သင့်ဘာသာ သင် ဆေးလိပ် တွေ မိုးမွှန်အောင် သောက်လို့ အဆုပ် ကင်ဆာ ဖြစ်လာတာကို၊ သင့်ဘာသာ သင် အရက်ကို မိုးမလင်းတမ်း သောက်လို့ အသည်း ခြောက်လာ တာကို နိုင်ငံတော် က အရင်း အနှီး များစွာ ပုံအော သုံးပြီး အလကား ပဲတင်း ကုပေးရမတဲ့လား။ ဖြစ်နိုင် စရာ မရှိ ပါဘူး လို့ ကျန်းမာရေး ပေါ်လစီ မိတ်ကာ များက အတိ အလင်း ဆိုကြ ပါတယ်။
ဒါဖြင့် ရင် ဒီဖြစ်စဉ် ကြီးကို သူ့ အတိုင်းလွှတ်ပေး ထားမှာလား။ ကိုင်တွယ် ဖြေရှင်း နည်းတွေ မရှိ တော့ဘူးလား။ ဖြစ်နိုင်ချေ တစ်ခု ကတော့ နိုင်ငံတော် မှ တာဝန်ယူ သော မယူ မနေ ရ ပြည်သူ့ ကျန်းမာရေး အာမခံ စံနစ် (Compulsory community health insurance scheme) ကို ကျင့်သုံး နိုင်ပါသတဲ့။ ယူနိုက်တက် ကင်းဒမ်း ရဲ့  အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု စံနစ် (NHS: National Health Service) နဲ့ ထိုင်းနိုင်ငံ ရဲ့  တက်ရှင် လက်ထက် ကကျင့်သုံး ခဲ့တဲ့ အားလုံး လွှမ်းခြုံ ကျန်းမာရေး စံနစ် (UC: Universal Coverage Scheme) တွေမှာ ဒီသဘောမျိုး ကိုတွေ့ ရပါတယ်။ အမေရိကန် မှာ မှိုလို ပေါက်နေတဲ့ private health insurance တွေကတော့ ဒီဖြစ်စဉ် ကြီးကို မပြေလည် စေရုံမျှ မက ပိုလို့တောင် ဆိုးစေ သတဲ့။
သို့သော်လည်း အဲဒီလို compulsory community health insurance scheme တစ်ခု တည်ဆောက် ဖို့ဆို တာကိုက မြင်းမိုရ် တောင် တက်ရ သလောက် ကိုခက်ခဲ ပါတယ်။ အတတ် ပညာ၊ အရင်း အနှီး၊ အချိန်၊ ငွေ၊ လူအင်အား အများကြီး သုံးပြီး
တည်ဆောက် ရမဲ့ စံနစ် မျိုးပါ။ ဒီစံနစ် ရဲ့  အဓိက ကျောရိုးဟာ ပြည်သူတွေ ထံက ကောက်ခံတဲ့ ၀င်ငွေခွန် (Income tax) ရယ်၊ ဆေးလိပ်၊ အရက်၊ ဘီယာ လိုကျန်းမာရေး ထိခိုက် စေနိုင်တဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာကောက် ခံတဲ့ Sin tax & earmarked tax တွေရယ် ကိုကျန်းမာရေး အာမခံ ငွေပင် ငွေရင်း လုပ်ပြီး တည်ဆောက်ရ တာကိုး။
အခွန် လို့ဆိုရာမှာ တရားမျှတ သော အခွန် စံနစ် (Progressive tax system) နဲ့ တရား မျှတ မှုမရှိသော အခွန် စံနစ် (Regressive tax system) ဆိုပြီး ရှိနေပြန်တော့ ကိုယ့်တိုင်းပြည် ဟာဘယ်လို အခွန် စနစ်မျိုးနဲ့ စခန်းသွား နေသလဲ ဆိုတာ ကို သုတေသန လုပ်ကြည့် ဖို့ လိုလာပြန် တယ်။ ၀င်ငွေ များသလောက် အခွန် များများ ပေးရ ပြီး ၀င်ငွေ နည်းရင် အခွန် နည်းနည်း ပဲပေး ရတာကို progressive tax၊ ၀င်ငွေ နည်းသူ အခွန်များများ ပေးရပြီး ၀င်ငွေ များတဲ့ သူတွေက နည်းနည်းပဲ ပေးရရင် regressive tax လို့ခေါ်ပါတယ်။
နောက်တစ်ခု ကဖြစ်လာလတ္တံ သောအန္တရာယ် အပေါ် လူထုရဲ့  သဘောထား ဆန်းစစ်ချက် ဆိုတဲ့ risk analysis ကိုလည်း လုပ်ကြည့် ရသေးတယ်။ ကျန်းမာရေး အာမခံ စနစ် ဆိုတာမျိုးက အကျိုးသက်ရောက် မှုရှိနိုင်သမျှသော လူထုရဲ့  ထည့်ဝင် ငွေ (premium) အားလုံးကို ငွေပင် ငွေရင်း လုပ်ထားပြီး ဒီအကျိုး ကိုရောဂါ ဖြစ်တဲ့ အခါ ခံစား၊ မဖြစ်ရင် မခံစားနဲ့ ဆိုတဲ့ သဘောမျိုး ရှိတာ ကိုးဗျ။ ဆိုတော့ လစဉ်ကြေး မှန်မှန် ထည့်ပြီး ကိုယ် ကကျန်းမာ ပကတိ၊ ချမ်းသာ အတိ ဖြစ်နေရင် ကိုယ့်ငွေ ကို သူများရောဂါ ကုဖို့ အလှူလုပ်နေ ရသလို ဖြစ်နေတာပေါ့။ ဒါကြောင့် လည်း risk analysis ဆိုတာ ကိုလုပ် ကို လုပ်ရ ပါတယ်။ ဒီဆန်းစစ်ချက် အရ လောက မှာ လူသုံးမျိုး သုံးစား ရှိသတဲ့

  1. ဖြစ်လာ နိုင်တဲ့ အန္တရာယ် (ရောဂါ ရနိုင်ချေ) ကို ရင်မဆိုင် လိုပဲ ကြိုတင် ရှောင်လွှဲ လိုတဲ့ လူမျိုး ကို Risk averters လို့ ခေါ်ပါတယ်။
  2. ဘာအန္တရာယ်၊ ဘာရောဂါ ကိုမှ မကြောက်ပဲ လုပ်ချင် တာလုပ်မယ်၊ သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ လူမျိုး တွေကို Risk takers တဲ့။
  3. ကြောက်တယ် လဲမဟုတ်၊ မကြောက်ဖူး လည်းမဟုတ်၊ အခြေ အနေပေါ် မူတည် တာပဲ ဆိုသူများ ကို Risk neutrals တွေလို့ ခေါ်ပါတယ်။

Compulsory community health insurance scheme တစ်ခု ကျင့်သုံး တော့မယ့် အခါမှာ ဒီတိုင်းပြည်၊ ဒီ လူမှု အဖွဲ့ အစည်း မှာ ဘယ်လို လူမျိုးတွေ များနေ သလဲ ဆိုတာ ကိုဆန်းစစ် တာကို risk analysis လို့ခေါ်တာပါ။ အကယ်၍ Risk averters က အများစု ဆိုရင် နောင်တချိန် မကျန်းမာမဲ့၊ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုကြိုတင် ရှောင်လွှဲ လိုစိတ် များကြလို့ ဒီစနစ် ကအောင်မြင် နိုင်ပါတယ်။ Risk taker တွေ များရင်တော့ ကိုယ် ရောဂါ ရမှာကို လည်းမပူ၊ သူများ အတွက်တော့ ဝေလာဝေး မို့ ကျန်းမာရေး အတွက် income tax ကသုံးမယ် ဆိုတာကို၊ လစဉ် နှစ်စဉ် premium ကြေး မှန်မှန် ထည့်ရ မှာကို အလွန်ဝန်လေး ကြလိမ့်မယ်။ ဒါကြောင့် ဒီစနစ် ဘယ်တော့ မှမအောင်မြင် ဘူးတဲ့။ Risk neutral သမားများမယ် ဆိုရင်တော့ လေယူရာတိမ်း၊ ယိမ်းတတ် သူများမို့ အချိန်ပေး၊ နားချ၊ စည်းရုံး မှုအပေါ် မူတည်ပြီး ဖြစ်လာနိုင်ဖွယ် ရှိပါသတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စနစ်မျိုး က shock absorber အဖြစ်နဲ့ ရောဂါ ကြောင့် မွဲပြာကျ တာတွေ၊ ငွေမရှိလို့ ဆေးမကု နိုင်တာ တွေ၊ အတွင်းလှိုက် စားရောဂါ ပျံ့ နှံ့ မှုတွေ ကိုခုသာ ခံသာ လုပ်ပေးနိုင် တယ်ပဲ ဆိုဦးတော့ ပြဿနာ အပေါင်း လုံးဝ ကင်းစင် သွားတာ တော့မဟုတ် ပါ။ ကျန်းမာရေး ၀န်ဆောင်မှု ကွာလတီ ညံ့ဖျင်းတာ၊ အကြာကြီး တမေ့ တမော စောင့်ရတာ၊ ဟိုစာရွက် မှာ ဟိုဟာ ဖြည့်ပြီး ဟိုကိုသွား၊ ဒီစာရွက် မှာ ဒီဟာ ဖြည့်ပြီး ဒီကိုလာ စတဲ့ ဗျူုရို ကရေစီ ကြိုးနီ တောင်ကြီး ကို မကျော် လွှားနိုင်တာ။ ဆေးရုံ နဲ့ ဆရာဝန် များ အတွက် provider payment system မှာအားနည်း ချက်တွေ ရှိတာ စသည်ဖြင့် ထိုင်းရဲ့  UC ရော၊ ဗြိတိန် ရဲ့  NHS ရောမှာ အားနည်းချက် ပေါင်း သောင်းခြောက်ထောင် နဲ့ ပြဿနာ တွေ တလှေ ကြီးပါ။
ဒါကြောင့် စောင့်ဆိုင်း စရာမလိုတဲ့။ ငွေ ရှိရင် အချိန်မရွေး ပြလို့ ရတဲ့၊ ကြိုက်သလောက်သုံး ကျသလောက်ပေး ကျန်းမာရေး ၀န်ဆောင်မှု တွေကရှိနေဦးမှာ။ လူတွေကလည်း ရောဂါ ရနေဦးမှာ။ ရှင်သူ ရှင်ပြီး သေသူ သေနေကြဦးမှာ၊ ဖြစ်လိုက်၊ တည်လိုက်၊ ပျက်လိုက်၊ဒါကို ပဲ လောကရဲ့  သံသရာ လို့ ခေါ်ကြပြီး မှန်မှန်ကြီး လည်ပါတ် တတ်တဲ့ သဘောလည်း ရှိနေတယ် မဟုတ်လား။        ။

3 Comments (+add yours?)

  1. ဒီဒီကို
    Aug 13, 2008 @ 12:37:54

    ပိုစ့်ကောင်းကောင်းလေးတွေချည်းပဲ .. လာလည်တိုင်း အချိန်ကုန်ရကျိုးနပ်တယ် … အားပေးနေပါတယ်ဗျို့ .. ဆက်ရေးပါဦး … ဖြစ်နိုင်ရင် ဆီဘောက်လေးလဲ ဖွင့်ထားပါဦး .. ဒီကွန်မန့်မှာရေးရတာ အဆင်မပြေလို့ …

    Reply

  2. Admin
    Aug 13, 2008 @ 15:32:39

    ဒီဒီကိုရေ
    လာလည်တာလဲ ကျေးဇူးပါ၊ cbox ကို မပိတ်ထား ပါဘူး။ ညာဘက်က Recent Post ဆိုတဲ့ tab တွေ ထဲက နောက်ဆုံး tab မှာပါ။

    Reply

  3. ဘုန်းစင်ကြယ်
    Sep 13, 2009 @ 13:58:59

    Thanks for this post.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.