500 days in Dvaravati (1)

ဒွါရာဝတီမှာရက်ငါးရာ (၁)

နိဒါန်း၏အစ

သူ ရင်တွေ ခုန်နေ၏။ အသက်ရှု လည်း မြန်နေ၏။ ကိုင်ထားသော ဖက်စ်စာရွက် ကလေးကို ဘယ်နှစ်ခါ မြောက်မှန်း မသိ ပြန်ဖတ် ကြည့်နေမိ၏။ စာရွက်ပါ အချက်အလက် များက တစ်ခေါက် ဖတ်လျှင် တစ်ခါ ပြောင်းလဲ သွားမည်ကို စိုးရိမ် နေသည့် အလား။ တကယ်တော့လည်း ဖက်စ်မှာ ပါသည်က စာတစ်ကြောင်း မျှသာပါ။ သူ့အမည်၊ ဖြေဆို ခဲ့သော စာမေးပွဲ ခုံအမှတ်နှင့် နှုတ်မေးစာမေးပွဲ ဖြေဆိုရန်ရက်စွဲ၊ သို့သော် ထိုစာတစ်ကြောင်း သည်ပင် သူ့ဘ၀အတွက် မျှော်လင့်ချက်၊ တစ်နည်း အားဖြင့် ဘ၀တစ်ဆစ် ချိုးစေမည့် အပြောင်းအလဲကြီး တစ်ခု၏ မူလအစပင် ဖြစ်တော့သည်။

===================================

သူသည် ဆရာဝန် တစ်ယောက် ဖြစ်၏။ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါမောက္ခချုပ် ရှေ့မှ တိုင်ပေးသော သမားတို့ စောင့်ထိန်း အပ်သည့် ကတိသစ္စာကို ကြက်သီးမွှေးညှင်း ဖြန်းဖြန်းထသည့် အထိ ၀မ်းသာ ကြည်နူး စွာ ဆိုရွတ်ရင်း ခံစားချက်များ ရင်ဘတ်နှင့် တစ်လုံး တင်းပြည့် ကျပ်ပြည့် ရှိခဲ့သည့် ရေမရောသည့် ဆရာဝန် စစ်စစ်ဟု သူ့ကိုယ်သူ ခိုင်ခိုင်မာမာ ယုံကြည်၏။

ဆရာဝန် ဘ၀သည် ပီတိကိုစား၍ အားရှိသင့်သည် ဆိုတာ ကိုလည်း မငြင်းခဲ့ပါ။ သို့သော် သူ အမ်ဘီ ဘီ အက်စ် ဘွဲ့ရ၍ ဆရာဝန် အသစ် ချပ်ချွတ် ဘ၀ရောက် ချိန်တွင် ပီတိစားသော ဒေါက်တာမြင့်မောင်၊ ဒေါက်တာ နော်မန်ဗက်သွန်း တို့လို စေတနာရှင် သမားကြီး များကို ပါရာဒိုင်း ရေစီးကြောင်းက အဝေး တစ်နေရာသို့ တွန်းပို့ ခဲ့ပြီးပြီ။ ဆရာဝန် ပေါက်စ တစ်ဦး အနေဖြင့် ယခင်ခေတ်က ကဲ့သို့ လူ့အထက်တန်းစား၊ လူ့မလိုင် အတုံးအခဲ၊ အီလစ် လူ့အထက်တန်းစား ဘ၀ကို ဆရာဝန်ဖြစ်ရုံမျှ နှင့် အော်တိုမက်တစ် ရောက်စရာ အကြောင်း မရှိတော့။

အရင်ခေတ် ကတော့ အမ်ဘီဘီအက်စ် ဆိုတာနဲ့ ထိုင်ရန် ဆေးတိုက်က အဆင်သင့်၊ မိဘတွေ အလွန် မျက်နှာ ပွင့်၊ သမက်ဖမ်းမဲ့ ယောက္ခမလောင်းများကရယ်ဒီမိတ်၊သူဌေးသမီးက ကိုကိုခေါ်၊လူနာတွေက တဖွဲဖွဲ၊၀င်ငွေ ဆိုတာ သောက်သောက်လဲ ဖြစ်ခဲ့တဲ့ ရှေးရှေး တုန်းက အန်းတစ်ဆရာဝန်ကြီးများကို သူကြားဖူး၊ မြင်ဖူး ခဲ့ပါ၏။ သူဘွဲ့ရချိန်မှာ တော့ ပိုစ့်မော်ဒန် ဆရာဝန်ပေါက်စ တို့သည် အဆင်သင့် ထိုင်ရမည့် ခမ်းနား လှသော ကိုယ်ပိုင် ဆေးတိုက်များ အစား ဗယာကြော်တဲသာသာ ခနော်ခနဲ့ အခန်းစုတ်ကလေး များကိုစပေါ်ပေး ဌားရမ်း ဆေးခန်းလုပ်၍ သော်လည်းကောင်း၊ တဖွဲဖွဲလာရမည့် လူနာများ အစား ဖွဲမီးကဲ့သို့ တငွေ့ငွေ့ လာနေသော လူနာများကို စိတ်ရှည် လက်ရှည် စောင့်ကြိုကာ တစ်နေ့ ရွှေဥတစ်လုံး မှန်မှန်ဥ ပေးနေသော ငန်းများကဲ့သို့ သဘောထားပြီး ဖူးဖူးမှုတ် ထားရသည်ကို လည်းကောင်း၊ သောက်သောက်လဲ ရ,ရမည့် ၀င်ငွေများ အစား ဌားရမ်း ဖွင့်လှစ်သည့် ဆေးခန်းစရိတ်၊ သွားစရိတ်၊ လာစရိတ်၊ စားစရိတ် ကြေဖို့ရန် အလို့ဌာ လူနာများထံမှ တိုရေရှားရေ လွှင့် ၀ဲလာမည့် ဖွတ်ကလိဒင်္ဂါး တို့ကို ကတွတ်ပေါက်မှ ဗျိုင်းစောင့် သည့်နှယ် မလွတ်တမ်း ဆီးဖမ်းယူငင် ကြရသောခေတ်သို့ ရောက်၍ နေပါပြီ။ ထိုဖြစ်ရပ် များသည် ပင် အူမ မတောင့် ၍သီလ မစောင့် နိုင်သော ဘ၀များ ၏ ပြဌာန်းချက် လေလား?

ခေတ်ဆရာဝန်ပီသသော သူ့သည် ရွာငယ်ဇနပုဒ်၊ မီးလေးမှိတ်တုတ်ဝယ် ငုတ်တုပ်အိပ်ငိုက်ရင်း လူနာ စောင့်ဖမ်းရမည်ကို စိတ်မ၀င်စားနိုင်၊ ထို့ကြောင့်လည်း ခေတ်သစ်ဆေးကုသရေး အမည်ခံ ဆေးခန်းဖွင့်စား ရခြင်း ကိုအာရုံ ၀င်စား၍ မရ၊ သို့ကလိုကြောင့်ပဲ- “ကျန်းမာရေး စောင့်ရှောက်မှုမှာ အရေးအကြီးဆုံးက လူ့စွမ်းအား အရင်းအမြစ် တွေကို ထုတ်လုပ် မွေးဖွား ပေးတဲ့ production sector ကွ” ဟုတွေ့သမျှလူကို လေကြီးလေကျယ် လျှောက်ပြောရင်း ပညာရင်နို့ သူသောက်စို့ ခဲ့ရာ ဆေးတက္ကသိုလ် ကျောင်းတော် မဟာမှာပင် သင်ကြားရေးဝန်ထမ်း သို့ မဟုတ် ဆရာဝန် ကျောင်း ဆရာ ဖြစ်လာခဲ့၏။

အမိဆေးတက္ကသိုလ်၊ အဖဆေးတက္ကသိုလ်၊ မိထွေးဆေးတက္ကသိုလ်၊ ပထွေးဆေးတက္ကသိုလ်၊ ခေါ်ချင် သလိုခေါ်၊ ဘယ်လိုခေါ် ခေါ်ထိုနေရာသည် သူ၏ခိုလှုံရာ ဖြစ်လာသည်။ ပညာရှင်တို့ ပျော်မွေ့ ရာ ဆင်စွယ် နန်းတော်သို့ ပြည်တော်ဝင်ခွင့် ရလေပြီဟု အထင် ရောက်သဖြင့် အကျေနပ်ကြီး ကျေနပ်နေမိသေး၊ ကျောင်း ပြီးသည်မှာလည်း မကြာလှသေး၍ ကျောင်းသားစိတ် တစ်ပိုင်းနှင့် ဆရာ ကလေး ငယ်ငယ်လုပ်နေရတာကိုပင် မာန်တွေတက်နေမိသေးတော့။

အချိန်တန်တော့ နပိန်ကန်သည်ဆိုသော ဘာမှန်းမသိသည့် ဆိုရိုးစကားတစ်ခု ရှိ၏၊ ဘာမှန်းသာ မသိတယ်၊ မှန်တော့ အတော်မှန်သား၊ စိတ်ကြီးစိတ်ကျယ်တွေ ၀င်နေတုန်းမှာပင် သမုဒ္ဒရာဝမ်းတစ်ထွာက သူ့အား တဂြီဂြီ၊ တဂွမ်ဂွမ်ဖြင့် ဆစ်ဂနယ်တွေ ဆူညံစွာ မရပ်မနား အချက်ပြလေသည်။ မဂွီ၊ မဂွမ်အောင် လေတွေမျိုချလို့ မရ၊ ထိုဂြီဂြီ၊ ဂြမ္ဂြမ္မ်ား ပျောက်အောင်၊ နောက်ထပ် ပေါ်မလာအောင် ၄င်းတို့၏ သည်းခြေကြိုက် ဓါတ်စာ ဖွတ်ကလိဒင်္ဂါး များကို အပြင်းအထန် လှည့်လည် ရှာဖွေရင်းဖြင့် သုံးနှစ်ခန့် သောအချိန်သည် သူ့သက်တမ်း အတွင်းမှ လျှင်မြန်စွာ ပျောက်ဆုံး ခဲ့သည်။ သူဒီအတိုင်း ဆက်နေ၍ မရတော့။ အမ်ဘီဘီအက်စ် ဟူသောဘွဲ့က အရပ်ထဲ တွင်သာ အတော် ရှည်သည်ဟု ထင်ရသော်လည်း သူတို့၏ သောတုဇန သမားများ ခိုလှုံရာ ဆင်စွယ်နန်းတော် ပေါ်မှာတော့ ပီတိငုတ်တို ကလေး၊ မျက်နှာမွဲလှသည်၊ ဒီလိုနဲ့ ပဲမဟာဘွဲ့  တစ်ခုတော့ ထပ်မံရရှိနိုင်စေရေး အတွက် လုံးပန်း ပြင်ဆင်ရ ပြန်တော့သည်။

သူသည် တကယ်တော့ ဆေးကျောင်း တက်စဉ်ကတည်းက အလွန် ထူးချွန်သည်ဟု အမည်ရသော လက်တစ် ဆုပ်စာ ကျောင်းသား၊ ကျောင်းသူ စာရင်းဝင် ဖြစ်၏၊ ခက်ခဲ များပြား လှသည့် သင်ခန်းစာ များကြီးစိုး လွှမ်းမိုး ထားသည့် အတွက် ဘာသာရပ် တစ်ခုခုတွင် ဂုဏ်ထူးဖြင့် အောင်လျှင် ကျောက်ရုပ်ပင် နှုတ်ဆက်စကား ပြောချင်သည့် ထိုပါတ်ဝန်းကျင် တွင် အနတ္တဂ္ဂမသော ဂုဏ်ထူးများရဖူး၏။ ဆေးကျောင်းသား မည်သည် ထူးချွန်မှု အပေါင်း သရဖူ ဆောင်း၍ အချိန် တန် လျှင် ပါရဂူဖြစ် ဆိုသည့်ထုံးကို နှလုံးမ ကသုံး-လေးလုံးမူလေ့ရှိသူများတည်း။

ပါရဂူဆိုရာတွင်လည်း ဆေးပညာ သမားတော်၊ ခွဲစိပ်ကု ဆရာဝန်ကြီး၊ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး နှင့်ကလေး အထူးကု ဆရာဝန်ကြီးများ ဖြစ်စေမည့် ကုသရေး ဆေးပညာရပ် လေးမျိုးကို အဓိကထား ရည်ရွယ် ကြိုးစား ကြသည်က အများစု ဖြစ်သည့် အလျှောက် ထိုဆေးပညာရပ်များကို ဆက်လက် သင်ယူခွင့် ရရှိပြီး၊ ဆေးမဟာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိ ရန် လူထူး လူချွန် ဟု အမည်ခံ သော အနာဂါတ် ဆရာဝန်၊ ဆေး ကျောင်းသားတိုင်း ကရည်ရွယ်ကြသည်ကော။

ကျောင်းသားဘ၀က ထိုလူထူးချွန်စာရင်းဝင် ဆိုသော်ငြားလည်းသူက လူ့ကန့်လန့် ဖြစ်၏။ သူများက ဖြူသည် ဆိုလျှင်သူကမဲ လို့ မရသဖြင့် မမဲရစေကာမူ မီးခိုးရောင်ကလေးတော့ နည်းနည်းသန်း လိုက်ရမှကျေနပ်၏။ တကယ်လည်း ဆေးကုသရေးကို သူ ၀ါသနာ မပါ။ ထိုသို့ ၀ါသနာ မပါကြောင်း ကိုလည်း သူနောက်ဆုံးနှစ် စာမေးပွဲအောင်ပြီး အလုပ်သင် ဆရာဝန် ဘ၀ ရောက်မှပင် သေသေချာချာ သိတော့သည်။ ထိုကာလများတွင် ဆေးကုသဆောင်များ၌ တာဝန်ထမ်းဆောင်ရသည့် အချိန်များသည် သူ့ အတွက် ငရဲတမျှ ပင်ပန်းဆင်းရဲလှ၏။

သမားတော် လုပ်ရရင် ကောင်းမလားဟု ကျောင်းသားဘ၀ကတော့ အတွေးဖြစ် ခဲ့ဖူးသည်။ သမားတော် (physician) ကို အချို့  စကား မပီရှာ ကြသော အသားဖြူ၊ မျက်ပေါက်ကျဉ်း လူနာများက ဖိစီးရှင် ဟုဘိုသံပါပါ ခေါ်ကြရာ အခေါ်ခံရသူ ဆရာသမားတို့  ငိုရမလို၊ ရယ်ရမလို ဖြစ်ခဲ့ကြသည် ကိုလည်း ကြုံဖူး၏။ တကယ် တော့လည်း ငယ်စဉ်က သူ သမားတော် ဖြစ်ချင်ခဲ့သည်မှာ ဆေးပညာ (internal medicine) ကိုဝါသနာ ပါခြင်းထက်၊ ရောဂါဆိုးတို့ဖြင့် သေငယ် ဇောမျော နေကြသော လူမမာ အပေါင်း ကို ပြုစု ကုသ စောင့်ရှောက် ပေးလိုခြင်း တည်းဟူသော စိတ်စေတနာ ထက်၊ အနှီ သမားတော် တို့၏ ဥပဓိ နှင့် ဗဟိဒ္ဓ ကို အားကျခြင်း ကပိုပိုသာသာ ဖြစ်ခဲ့ကြောင်း ကိုသူကောင်း ကောင်း နားလည် လာချိန်မှ စ၍ သူ၏ စိတ်ကူးပုံရိပ်ဝယ် ဆေးပညာ အထူးပြု သမားတော်သည်မပီဝိုးတ၀ါး၊ ဒါဖြင့်ခွဲစိတ်ကုပညာသင်ပြီး surgeon ခေါ် ခွဲစိတ်ဆရာဝန်လုပ်ပါလား။ ခွဲစိတ်ဆရာဝန်ဆိုတာဘုရားပေးသောလက်ပိုင်ရှင်များ (Gifted Hands) ဟု မဟား တရား တော်သည့် ဆရာ သမား၊ ခွဲစိတ် ဆရာဝန် ကြီး များ ကိုယ့်ဂုဏ်ကိုယ်ဖော်ကြ တာလည်း အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူး၏၊ သူ့မှာ ခွဲရန်စိတ်ရန် ပါရမီမပါကြောင်း၊ အခွဲ အစိတ် တွင် ဖရဲသီး ပင် တည့်အောင် မလှီးတတ်သော၊ အချုပ် အလုပ် တွင် ခြင်ထောင်ကြိုး ပင်ဖြောင့် အောင် မချည် တတ်သော သူကိုယ်သူသာ အသိဆုံး၊ နေပါ စေတော့၊ တော်ကြာ ဘုရား ပေးသော လက်မဖြစ်ပဲ သေမင်း ပေးသော လက်ဖြစ်မှာ စိုးပါသည်။ အမျိုး သမီးထု ၏ နံပါတ် တစ်တရား ခံ အဖြစ်မခံ လို ၍ သော်လည်းကောင်း၊ လောက၏ အညွှန့်အဖူး ကလေးများ ကိုသေမင်း လက်မှဆွဲထုတ်ပေး နိုင်သူ မဖြစ်နိုင် မှန်း ကိုယ့်ကိုယ်ကို တစ်ရာ ရာနှုန်း စိတ်ချ ၍လည်းကောင်း ကျန် ကုသရေး ပညာ နှစ်မျိုး ဖြစ်သည့် သားဖွား မီးယပ် ပညာ နှင့် ကလေးဆေးပညာ ကိုတော့ အလုပ် သင်ဆရာဝန် ဘ၀မှာကတည်းက ဝေရာမဏိရန် ဆုံးဖြတ် ပြီးခဲ့ပြီ။

ထို့ကြောင့်ဘွဲ့လွန်ဆေးပညာကိုထပ်မံသင်ယူ ရန် လိုလာသည့်အခါ လက်ရှိ သူတာဝန်ကျရာဌာနဖြစ်သော Preventive and Social Medicine ခေါ် ကာကွယ်ရေး နှင့် လူမှုရေး ဆေးပညာ ဌာန၏ မဟာ ဘွဲ့ ဖြစ်သော ပြည်သူ့ကျန်းမာရေးဆေးပညာ (public health) ကိုသာ ရွေးချယ်မိတော့သည်။ ဆေးကျောင်းသား လောက တွင် ဤဘာသာ ရပ် ၏ အတိုကောက် နာမည် PSM မှာ Pepsi, Seven Up, Marinda ဟုလည်းကောင်း၊ Pလီပလာ တွေကို S ရွှီးရွှမ်းပြီး Mဟုတ် တရုတ် တွေ သင်ကြားသော ဘာသာရပ် အဖြစ်လည်းကောင်း နာမည်ကောင်း လက်မှတ် တွေ တလှေကြီး ရရှိထား သည့် သူတို့၏ သင်ကြားရေး ဘာသာရပ်။ သို့သော်လည်း ဒီ ဌာနမှာခိုအောင်းပြီး သက်တောင့် သက်သာ နေ၊ စာကျက် အချိန်တန် တော့ ကိုယ့် စိတ်ကြိုက် ရွေးချယ် ထားတဲ့ ကုသရေး ဆေးပညာ ဘာသာရပ် တစ်ခုခုကို ဘွဲ့လွန် စာမေးပွဲ ၀င်ဖြေပြီး အောင် တဲ့အခါ ဌာန ကို စွန့်လွှတ်ပြီး ရေကြည်ရာ မြက်နုရာ သွားကြတာ ဒီလောက ရဲ့ ထုံးစံ လိုဖြစ်နေ ပါပြီ ဟူသော ဌာန အကြီးအကဲ ၏ မကြာ ခဏ ပြော ဆို လေ့ ရှိသော၊ ၀မ်းနည်း စကားဟု ယူဆ ရသည့် ထိုစကားကို စိတ်ထဲခံစား ရသည် ကတစ်ကြောင်း၊ သုံးနှစ် ကျော် အကျွမ်း တ၀င်ဖြစ်ခဲ့သည့် ဘာသာရပ်တစ်ခု အတွက် အထူး အထွေ ထပ်မံ ပြင်ဆင်စရာ မလို သည်က တစ်ကြောင်း၊ အခြေခိုင် အသားကျပြီးသော ပတိရူပ ထိုဒေသမှ အခြား တနယ်တကျေး ကိုပြောင်းရွှေ့ရမည် ကို ၀န်လေး သည့် လူပျင်းစိတ်ကတွန်းအားပေး သည်ကတစ် ကြောင်း။ စိတ်ဒုံးဒုံးချ၍ဆုံးဖြတ်ချက်ချမိတော့၏။ ငါဒီဘာသာ ဖြင့် မဟာဘွဲ့ ရရှိ စေအံ့။

သင့်လူ

Advertisement

2 Comments (+add yours?)

  1. Yu Wa Yi
    Aug 21, 2008 @ 14:11:55

    “ဆေးကျောင်းသား လောက တွင် ဤဘာသာ ရပ် ၏ အတိုကောက် နာမည် PSM မှာ Pepsi, Seven Up, Marinda ဟုလည်းကောင်း၊ P ပလီပလာ တွေကို S ရွှီးရွှမ်းပြီး M မဟုတ် တရုတ် တွေ သင်ကြားသော ဘာသာရပ် အဖြစ်လည်းကောင်း နာမည်ကောင်း လက်မှတ် တွေ တလှေကြီး ရရှိထား သည့် သူတို့၏ သင်ကြားရေး ဘာသာရပ်။” ဆိုတဲ့လွဲမှားတဲ့အမြင်တွေကို ပြုပြင်ချင်
    လို့ ကို ဒီဘာသာရပ်ကို မြတ်မြတ်နိုးနိုးဖြစ်ခဲ့တာ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုအ
    ရေးကြီးတယ်ဆိုတာကိုခုလတ်တလောပြဿနာတွေကိုကြည့်ရင်သိနိုင်တာပဲလေ။ မြွေမ
    ကိုက်အောင်ကာကွယ်နိုင်ရင၊် မြွေဆိပ်ဖြေဆေးကြိုတင်ဆောင်ထားခဲ့နိုင်ရင်၊ သဘာဝဘေး
    အန္တရယ်တွေကိုကြိုတင်ကာကွယ်နိုင်စွမ်းတွေရှိကြရင် မသေသင့်ပဲ သေရခြင်းတွေလည်း
    ရှိလာမှာမဟုတ်ဘူး။ ဒါပေမယ့် ပြည်သူအပေါ်တော်ရုံစေသနာနဲ့ တော့ ဒီဘာသာကိုခင်
    တွယ်မထားနိုင်ပေဘူး။ အထူးကုတွေလို ငွေကြေးချမ်းသာနိုင်ခြင်းမရှိတဲ့အပြင် အိပ်စိုက်ရ
    ကိန်းရှိတယ်။ ပီတိ၊ ကုသိုလ်၊ ပါရမီ တွေသာရမှာဖြစ်တယ်။ နောင်ဘ၀အတွက်ပေါ့လေ။

    Reply

  2. စိုးထက် - Soe Htet !
    Aug 29, 2008 @ 21:10:09

    ဟိ … တူတူပါပဲ … လူမိုက် နောက်တစ်ယောက် လာဖတ်သွားပါတယ် :P

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.