500 days in Dvaravati (2)
24 Aug 2008 1 Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
အခြေသတင်း ကြီးသည့် ရွှေမင်းသမီး
“ဆရာ့ကို ကျွန်တော် မထောက်ခံနိုင်ဘူးဗျာ၊ လက်မှတ် လည်း ထိုးမပေး နိုင်ဘူး”
ဟဲ့-ပလုပ်တုတ်၊ အသာလုပ်ပါ၊ ဘယ့်နဲ့ ဖြစ်ရ တာတုန်း။ ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့  အတွက် ဘွဲ့ လွန် ၀င်ခွင့် စာမေးပွဲ ဖြေဆိုရန် စာရွက် စာတမ်းများ အသင့် ပြင်ဆင်ပြီး ဌာန အကြီးအကဲဖြစ်သူ ပါမောက္ခ၊ ဌာနမှုး ၏ ထောက်ခံစာ တောင်းခံရန် နှင့် လျှောက်လွှာ များမှာ လက်မှတ် ထိုးရန် ၀မ်းသာအားရအသွား ပါမောက္ခ၏ စကား ကြောင့် သူ ခေါင်းနဘမ်း ကြီးသွား၏။
ဆေးလောကတွင် လူကြိုက်နည်းသည့် အရောင်းထိုင်း ဘာသာရပ်တစ်ခု ဖြစ်သော ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာသိပ္ပံဘွဲ့ လွန် တက်ချင်သည့် ဆရာဝန် အလွန် အင်မတန် ရှားပါး လှသဖြင့် ကိုယ့်ဌာနမှ ဆရာတစ်ယောက်က စိတ်ဝင်တစား တက်ချင်သည်ကို နှစ်ထောင်း အားရ၊ ၀မ်းသာ အယ်လဲ ဖြစ်ရမည့် အစား အခုတော့ မထောက်ခံ နိုင်ဆိုပဲ။ ဘယ့်နှာတုန်း။
“ဆရာ ကျွန်တော့်ကို တစ်မျိုးမထင်ပါနဲ့ ၊ ဆရာ့အသက်က ခုမှသုံးဆယ် စွန်းစွန်း၊ အညွန့် အဖူးလေး ရှိသေးတာ၊ နိုင်ငံခြားက ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲတွေ နှစ်တိုင်းလာနေတာပဲ၊ စကောလားရှစ် လဲပါပြီးသား၊ learning ရော၊ earning ပါ အဆင်ပြေတဲ့ အဲဒီ စာမေးပွဲတွေ လာတော့မှဖြေပေါ့ ဆရာရယ်၊ ပြည်တွင်း ဘွဲ့ လွန်က ဘယ်အချိန် ဖြေဖြေ ရပါတယ်”
မှန်လိုက် လေခြင်း။ ပါမောက္ခ၏ စကားက စေတနာ စကားမှန်း သိသာ လွန်းလှသည်။ သို့သော်လည်း သူ့ အသက် သုံးဆယ်ကျော်ကို အညွှန့် အဖူးလေး ဆိုခြင်းကြောင့် စိတ်ထဲတော့ ကြိတ်ပြုံးမိ နေသေး။ တခါတုန်းက အသက် ငါးဆယ်ကျော် တွဲဖက် ပါမောက္ခ ဆရာဝန်မကြီး တစ်ဦးကို ဌာနအကြီးအကဲဖြစ်သူက ‘ညီးတို့လို လူငယ်အညွှန့် အဖူးလေး တွေက တိုင်းပြည် တာဝန် ထမ်းဖို့ အချိန် အများကြီး ရှိပါသေးတယ်ကွယ်၊ ပါမောက္ခ ဖြစ်ချင် မနေပါနဲ့ဦး၊ အချိန်တန် ဖြစ်လိမ့် မပေါ့’ ဟုသြ၀ါဒ စကား မြွက်ကြား တော်မူရာ ဆရာမကြီး ခင်ဗျာ ‘အောင်မလေး၊ ကျုပ်အသက် ငါးဆယ်ကျော်ကို အညွန့် အဖူးတဲ့ တော်တို့ရေ၊ ဒီကဖြင့် သွေးတောင် ဆုံးနေပြီ’ ဟုအော်ကြီးဟစ်ကျယ် ငြီးတွား သည်ကို သတိရ မိ၍ ဖြစ်၏။ နိုင်ငံခြားက မဟာဘွဲ့ ဆိုပဲ။ သူကလည်း တခါတလေ ဆယ်စုနှစ် တစ်ခု ကျော်ကျော်ခန့် သူ နေထိုင် လာခဲ့သည့် မြို့ကြီး ကိုပင် ဗီဇာ မလိုသေးသည့် နိုင်ငံခြား ဟုအောက်မေ့ချင် အောက်မေ့ နေတတ်သူ။ သူဘာမှ ပြန်မပြောမိ၊ တုံဏိ ဘာဝေ။
ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့ ၊ ဒီဘွဲ့ နှင့် ပါတ်သက်သော ပညာတော်သင်ဆု အတွက် ၀င်ခွင့်စာမေးပွဲ ခေါ်စာများ နိုင်ငံခြား တိုင်းပြည်များမှ နှစ်စဉ် ရောက်ရှိ လာတတ်သည်က အမှန်ပင်၊ ပြည်သူလူထု၏ ကောင်းကျိုးကို သယ်ပိုး ပေးနိုင်သော ပရဟိတဆိုင်ရာ ဘာသာရပ် ဖြစ်သောကြောင့် Full Scholarship ဟုလူသိများသော ကျောင်းစရိတ်၊ နေစရိတ်။ စားစရိတ်၊ ဟိုဟာစရိတ်၊ ဒီဟာစရိတ်အားလုံး ပညာတော်သင်ကြေး အဖြစ် ပံ့ပိုး ထောက်ပံ့ ကာ ပညာသင်ခွင့် ရမည့် အနှီ နိုင်ငံခြား သို့ သူမသွားချင် ပြီလော။ နောက်ကျတဲ့ ခြေထောက် သစ္စာ ဖောက်လို့ ပင်။
သို့ သော် နိုင်ငံခြား ပညာတော်သင်ခရီး မည်သည် ဆောက်ဖြစ်မှ ကျောင်းဒကာ အမည်ခံရမည် မဟုတ်လား။ အကြောင်း ကြောင်းသော၊ အကြောင်းကြောင်း တွေကြောင့် ၀င်ခွင့် စာမေးပွဲ အောင်ပြီး၊ ပညာ တော်သင် သွားရောက် ရန် ရွေးချယ် ခံရပြီး မိမိနေရာမှ ခြေတစ်ဖ၀ါး မရွှေ့ ကြရသူများ သူ့ မျက်စိရှေ့  မှာပင် တစ်ပုံတစ်ပင်၊ တစ်ချို့ သော ကံထူးသူ မောင်ရှင်များ ဆိုလျှင် လေယာဉ်ပေါ် ရောက်ပြီးမှ ပြန်ဆင်းလာကြ ရသေး၏။ ရှိစေတော့၊ ပါမောက္ခက နိုင်ငံခြားဆိုလည်း ခြားတာပေါ့။ ပြည်တွင်းဘွဲ့ လွန်ဝင်ခွင့် စာမေးပွဲပဲ ဖြေဖြေ၊ နိုင်ငံခြားဘွဲ့ လွန် စာမေးပွဲပဲ ဖြေဖြေ အရေးကြီးသည်က ကိုယ့်တာကိုယ်လုံဖို့ ပင်။
ပြည်တွင်း ဘွဲ့ လွန် ၀င်ခွင့်စာမေးပွဲများ ကျင်းပလုဆဲဆဲ အချိန်တွင်သူနှင့် အတန်းတူ အလုပ်ခွင်မှ သူငယ်ချင်းများ မိမိတို့ အားသန်ရာ ဘွဲ့ လွန်ဝင်ခွင့် စာမေးပွဲများကို ဖြေဆိုရန် အားထုတ် ကြိုးပမ်းနေသည်ကို တွေ့ ရတော့ သူ အနည်းငယ် ခံစားရ၏။ မင်း ဘာမှမဖြေဘူးလား ဟုမေးလာကြသည်ကို ‘ဒို့ က မြင်းမိုရ်တောင်မှ သွားချင်တာ’ ဟူသော အချိုးမျိုးဖြင့် သူတုန့် ပြန် မိသည်။ ဒီလိုနှင့် ဆေးမဟာသိပ္ပံဘွဲ့ အသီးသီး အတွက် အရည်အချင်းစစ်ဝင်ခွင့် စာမေးပွဲကြီး ၀ှဲချီး ကျင်းပ ပြီးဆုံးသွားလေပြီ။ သူ့ အတန်းဖော် သူငယ်ချင်း များလည်း တစ်ချို့ ကပြုံး၊ တစ်ချို့ ကမဲ့၊ တစ်ချို့ ကလည်း နေသေးသပ၊ ခြုံထဲက၊ ချိုသွေးတမြမြ။
————————————————————-
ပြည်တွင်း ဘွဲ့လွန် ၀င်ခွင့် စာမေးပွဲ ရေးဖြေနှင့် နှုတ်ဖြေကြား တစ်လမျှ ခြားထားသော အချိန်ဝယ် ကံကြမ္မာသည် သူ့ရှေ့ မှောက် သို့ တုတ်ရော၊ လှံရော၊ ဓါးပါ ထမ်း၍ လာချေ တော့သည်။ ပါမောက္ခ ပြောသည့် နိုင်ငံခြား ပညာတော် သင် မဟာဘွဲ့ အတွက် အရည်အချင်းစစ် စာမေးပွဲ ခေါ်စာသည် ကျောက်ခဲ ရေပေါ် သလို သူ့ ရှေ့ တွင်ဘွားကနဲ ပေါ်လာ၏။ ပါမောက္ခ၏ ငါမပြောလား၊ မောင်တောသား ဟု အဓိပ္ပါယ် ပေါက်သည့် အကြည့်ကို လွန်တာရှိက ဝန္တာမိ ဟု ဘာသာ ပြန်ရမည့် အပြုံးမျိုးဖြင့် သူတုန့်ပြန် ရင်း ဒီတစ်ခါတော့ စိတ်လိုလက်ရ ရေးပေးသည့်ထောက်ခံစာ နှင့် လက်မှတ်တို့ ပါဝင်သည့် ၀င်ခွင့် စာမေးပွဲကို ၀င်ခွင့် ပြုပါရန် လျှောက်ထားအပ်ပါသည် အစချီသည့် လျှောက်လွှာ တို့ကို သိမ်းကြုံး ယူငင်ရင်း တက်စုံ ရွက်ကုန် ဖွင့်ခဲ့ပြီ၊ သင်ဘယ်ပြေးမလဲ၊ အို-အခြေသတင်းကြီးသည့် ရွှေမင်းသမီး၊ နိုင်ငံခြား ဘွဲ့လွန်မဟာ။
သင့်လူ


Aug 27, 2008 @ 01:22:01
သမိုင်းဘလောဂ့်ရေးသူဟာ ဆရာဝန်ဖြစ်ရမယ်
တကယ်လို့ ဟုတ်ခဲ့ရင် ချီးမွှမ်းပါတယ်။
ဆေးစာတွေနဲ့အလုပ်များနေတဲ့ကြားက
သမိုင်းကိုကျမ်းနဲ့တကွ လေ့လာနိုင်တဲ့အတွက်
လေးစားရပါတယ်