500 days in Dvaravati (3)
26 Aug 2008 1 Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
နဂါးဖမ်း ပညာ
တကယ်တမ်း နဖူးတွေ့၊ ဒူးတွေ့ စာမေးပွဲ ဖြေရန် ပြင်ဆင် ရသောအခါ သူ ဒုက္ခ ရောက်တော့၏။ ရေမရော သည့် နိုင်ငံခြား မဟာဘွဲ့ အဟုတ် တကယ် ဖြစ်ရိုးမှန် သော်လည်းသူမျှော်လင့် စောင့်စား နေသည့် ပြည်သူ့ ကျန်းမာရေး ဆေးပညာ မဟာဘွဲ့ မဟုတ်၊ ကျန်းမာရေး ဘောဂဗေဒ မဟာသိပ္ပံဘွဲ့ Master of Science in Health Economics ဆိုပဲ။ ရုပ်မြင်သံကြားမှ လာသော ဂန္တလရာဇ်နှင့် ဂျိုဆောင် အရှေ့တိုင်း ဇာတ်လမ်းတွဲ တွေမှာ မကြာခဏ ဘာသာ ပြန် ရေးထိုးလေ့ ရှိသည့် သူတို့ မြန်မာတွေ မပြောသော မြန်မာစကား ဖြစ်သည့် ‘ဒီလိုကိစ္စမျိုးရှိသလား’ ဟုမေးရ လောက်အောင်ပင် ထိုထိုသော ပညာရပ်မျိုးကို တစ်ခါဘူးမှ ရှိသည် ဟူ၍ပင် သူ မကြားမိခဲ့ ဘူးပါ။ သွားရောက် ပညာ သင်ယူရမည့် နိုင်ငံကို ကြည့်ပြန်တော့လည်း နိုင်ငံခြားလို့ ခေါ်ရ မှာပင် ခပ်ခက်ခက်၊ ထိုင်းနိုင်ငံတဲ့။
သူတို့ ဆေးလောကမှ အစဉ်အဆက် ဖောရိန်းပညာတော်သင် သွားခဲ့၊ သွားဆဲ၊ သွားလတ္တံ့ ကြကုန်သော အစဉ် အရမ်း မိသည့် ရှင်ဂွမ်းဂွိ တို့ ကား ဒီလို နိုင်ငံခြား ဆိုမှ တကယ့် နိုင်ငံ နယ်နမိတ်ကလေးသာ ခြားသော အဆိုပါ အရပ်သို့ လက်တွေ့ ပညာတော်သင် သွားရန် မဆိုထားဘိ၊ အိပ်မက်ထဲ ထည့်မက် မိလျှင်ပင် ကံညံ့များ ပြေပျောက် စေခြင်းဌာ ယတြာ၊ ယတြက် တွေချေကြဦး မည်လော မပြောတတ် ပေ။ နိုင်ငံခြား ပညာတော်သင် ဆရာဝန် ဆိုလျှင် ဒေးဗစ်ဘက်ခမ်းတို့ ၏အင်္ဂလန်၊ ဖာဂူဆန် တို့၏ စကော့ တလန်၊ ရိုင်ကိန်း တို့၏ အိုက်ယာလန်၊ တိုက်ဂါးဝုဒ် တို့ ၏အမေရိကန်၊ ယုတ်စွအဆုံး လီကွမ်းယူ နှင့် လီရှင်လွန်း သားအဖတို့ ၏ ခြင်္သေ့မြို့ တော်နိုင်ငံ စင်ကာပူ စသည်ဖြင့် အများသူငါ ဥဒဟို သွားရောက် ပညာသင်ကြ၊ ပညာ သင်ချင် ယောင်ဆောင် နေကြချိန်ဝယ် သူက မလန်၊ မကန်၊ မပူပဲ ထိုင်းဆိုတော့……….။
ဆောက်ဖြစ်မှ ကျောင်းဒကာ ဖြစ်မည့် သွားရမည့်နိုင်ငံကို အသာထား။ ယူရမည့်ဘွဲ့ အတွက်လည်းထားလိုက်ဦး။ ဒီနိုင်ငံ တွင် ဟိုဘွဲ့ ကို သွားရောက် ရယူနိုင်ဖို့ အရင်ဆုံး စာမေးပွဲဆိုတာကြီးကို မချစ်သော်လည်း အောင့်ကာနမ်း ရဦးမည်။ ထိုစာမေးပွဲ အတွက် သူ့ မှာ ခေါင်းမီးတောက်ရသည်။ စာမေးပွဲက မနက်ဖြန်၊ သဘက်ခါ၊ ဖြေဆိုရမည်က သူ့ မြို့ မှ မိုင်သုံး-လေးရာ ဝေးကွာသော ဥက္ကလာပ၊ အသီတဉ္စန၊ ပေါက္ကရ၀တီ၊ တကုံ၊ ဒဂုံ စသည့် အမည်များ ဖြင့်ထင်ရှား ကျော်ကြား ခဲ့သည့် ငါးမည်ရ မြို့ ကြီး မဟာရန်ကုန်။ ခရီး အနီးအဝေးကို အသာထားလို့ ဘာတွေ မေးပြီး ဘာတွေ ဖြေရမည်မှန်း ရေရေရာရာ မသိပါပဲ ရထားခေါ်ဆောင်ရာ နောက် သို့ လှုပ်တုပ်လှုပ်တုပ်နှင့် ငုတ်တုတ် လိုက်ပါလာရသည့် သူ့ မှာ ‘ငါလေးသနားပါတယ်’ ဟု ကိုယ့်ကိုယ်ကို ကြီးစွာသော မဟာဂရုဏာတွေ သက်မိ နေသေး တော့သည်။ ပေါက်သည့်နဖူး မထူးပြီမို့ အကောင်းဆုံး ဖြေဆိုရန် မာန်တင်းပါသော်လည်း ဘာမှန်း မသိသည့် ဘာသာရပ်အတွက်၊ ဘာမှ မည်မည်ရရ မရှိသော စာတွေကို အချိန်လု၍ ကုတ်ကက် ဖတ်ရှု လာရသော သူ့မှာ ‘ငါဟာဘာလဲ၊ ဘာဟာငါလဲ၊ ငါဟာရှိသလား၊ မရှိဘူးလား’ ဆိုသည့် ကိန်းဆိုက် နေတော့၏။
ဒီလိုနှင့်ပဲ သူ့လို လူမျိုး အယောက် နှစ်ဆယ်ခန့်နှင့် အပြိုင် ပထမအဆင့် ရေးဖြေ စာမေးပွဲ ကိုသူဝင်ရောက် ဖြေဆို ခဲ့သည်၊ တတ်သမျှ၊ မှတ်သမျှ မီးကုန်ယမ်းကုန် ဖြေဆိုခဲ့သော်လည်း အားမရလှ၊ အခြားသူများ ကြည့်ပြန် တော့လည်း ခေါင်းတခါခါ၊ လည်တယမ်းယမ်းမို့ ဒင်းတို့ အခက် ငါ့အချက် လို့ စိတ်ယုတ်မာမွေးပြီး သိပ်တော့ မဆိုးလှဘူးဟဲ့ လို့တောင် ထင်မိသည်၊ မေးထား သည်က နည်းနည်းနောနော မဟုတ်။ မတတ်လို့ ပညာသင်သွား ပါမယ်ဆိုမှ ပါရဂူအဆင့်လောက် မေးခွန်းနှင့်လာတွေ့ နေသည်။ ပေးမည့် ပညာတော်သင်ဆုက နှစ်ဆုဖြစ်သဖြင့် လည်းကောင်း။ ဒီလို စာမေးပွဲမျိုး ဆိုတာ အောင်မှတ်၊ ကျမှတ် မရှိ၊ ယှဉ်ဖြေ သမျှထဲက အကောင်းဆုံးကို ရွေးချယ် လေ့ရှိကြောင်း ကြားသိ ရသဖြင့် သိပ်တော့စိတ်မပူလှ၊ တကယ်တော့ မအောင်လို့  မသွားရလျှင်လည်း သိပ်တော့ လွမ်းလောက်စရာ မရှိဘူးမို့ လား။
…………………………………………………………………….
ဟိုလိုလို၊ ဒီလိုလိုနှင့် အချိန်တွေ ကုန်သွား၏။ သူမဖြေ လိုက်ရသော ပြည်တွင်း ဘွဲ့ လွန် ၀င်ခွင့် စာမေးပွဲတွင် ရေးဖြေရော နှုတ်ဖြေပါ ဖြေဆို အောင်မြင်၍ ဆေးမဟာသိပ္ပံ သင်တန်း တက်ခွင့်ရသူများပင် သူတို့ ဌာနတွင် ဘွဲ့ လွန် သင်တန်းများ စတင် တက်ရောက် နေကြပြီ။ ပါမောက္ခ ကတော့ ခပ်အေးအေး။ သူလည်း အပူအပင် မရှိချင် ယောင်ဆောင်ပြီး ခပ်အေးအေးပင် နေသည်။
တစ်ရက်မှာတော့ ဒီစာစု၏ အဖွင့်စာမျက်နှာတွင် ပထမဆုံးဖော်ပြခဲ့သည့် ဖက်စ်စာရွက် ကလေး သူ့လက်တွင်း သို့  ဒုတ်ဒုတ်ထိ သက်ဆင်းလာ သည်။ အလို- နိုင်ငံခြား မဟာဘွဲ့ အတွက် အရည်အချင်းစစ် စာမေးပွဲကို သူ အောင်မြင် ခဲ့ပြီကော……..။
ဘယ်လိုအောင်သလဲ၊ အမှတ် ဘယ်လောက် ရသလဲ၊ ဘယ်နှစ်ယောက် အောင်သလဲ၊ သူဘာမှမသိ၊ သိသည်က နောက်အပါတ်မှာ နှုတ်မေးစာမေးပွဲ ထပ်မံဖြေဆိုရန် သူရန်ကုန်သို့ သွားရဦးမည်။ ဘာတွေ ပြင်ဆင် ရမလဲ။ ဘာတွေ ကို ဘယ်သူ တွေက ဘယ်လို မေးမှာလဲ၊ ဒါလည်း စမ်းတ၀ါးဝါး၊ ဖြစ်ချင် ရာဖြစ်၊ မောင်ဘချစ် နှင့် ဖြေချင် ရာဖြေ ကိုဘဆွေ တို့တွေ့ကြ ပေလိမ့် ဦးတော့မည်။
နောက်တော့လည်း သူတဖြည်းဖြည်း သိလာပါသည်။ သူဖြေခဲ့သည် စာမေးပွဲမှာ ပညာသင်ဆု နှစ်ဆုပေးရန် အရည်အချင်းစစ် စာမေးပွဲပေမယ့် အောင်မြင်သူက ဖုန်းမောင် တကိုယ်တည်း ဖြစ်နေ၏။ နှုတ်ဖြေ စာမေးပွဲတွင် ယှဉ်ပြိုင် ဖြေဆိုရမည့်သူ မရှိသဖြင့် ခေါ်ယူ တွေ့ဆုံသည့် သဘော လောက်သာ ဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများ၏ သတင်းရပ်ကွက်မှ ကြားရသည်။ တကယ်တမ်း ကျတော့လည်း အမှန် တကယ်ပင် ဘာမှ သိပ်မခက်ခဲလှပဲ နှုတ်ဖြေ စာမေးပွဲကို ဖြေဆို အောင်မြင်ခဲ့ ပါသည်။ တကယ့် ဇာတ်လမ်းက ထိုအခါမှပင် စတော့၏။
စာမေးပွဲဇာတ်လမ်းတွေ ရှင်းသွားတော့ တကယ်ရှုပ်သည့် အလုပ်များက သူ့ကို သွားဖြဲ၍ စောင့်နေ ကြသည်။ ဖြည့်လိုက် ရသည့် ဟိုပုံစံ၊ ဒီပုံစံတွေ၊ တင်လိုက် ရသည့် စာရွက်စာတမ်းတွေ၊ ရိုက်လိုက် ရသည့် ဓါတ်ပုံတွေ၊ သူ့ မျက်နှာ ကြီးပင် ကင်မရာ ဖလက်ရှ်မှ ထွက်သည့် အလင်းမျှင်များ တွယ်ငြိနေ သလိုလို။ ဒါတွေက အပရိက၊ လုပ်နိုင်၏။ တကယ့် အရှုပ်ကဒီဘွဲ့ ဟာ ဘာလဲ ဆိုတာစုံစမ်း၊ မေးမြန်း၊ လေ့လာ ရသည့် အလုပ် ဖြစ်၏။
တကယ်လုပ်ရင် အဟုတ် ဖြစ်ရမည်ဆိုသော စကား မှန်လှ၏။ သူလည်း တကယ်စုံစမ်းတော့ အဟုတ် သိလာရ သည်မှာ ထိုဘွဲ့ ရဖူး သူများ သူတို့ ရွှေပြည်ကြီး ၀ယ်အမှန်တကယ် ရှိ၏။ သို့သော် အားလုံးပေါင်းလို့ လက်ငါးချောင်း မပြည့်။ ကျန်းမာရေး (health) နှင့် ဘောဂဗေဒ (economics) တို့ကို ပေါင်းစပ် သင်ကြား လေ့ကျင့် ပေးမည် ဆိုပဲ။ တဇောင်းစေးနဲ့ မျက်ချေး၊ ဘာမှ မဆိုင်တာ နှစ်ခုကို ပေါင်းစပ်မယ် ဆိုတော့။ လူနာကို နားကြပ် ဖြင့်မစမ်းပဲ ဂဏန်း ပေါင်းစက်ဖြင့် ချောက်ချောက်ချက်ချက် လုပ်ပြနေသော သူ့ပုံကို အာရုံမှာမြင်ယောင် လာသဖြင့် ရယ်ချင်ပက်ကျိ ဖြစ်လာ၏။ ဒုက္ခ၊ ဒုက္ခ၊ စိတ်စက် များနှယ် ညစ်ပါတယ်။
တက္ကသီလာ မြကျွန်းသာမှ ဒီသာပါမောက္ခ ဆရာကြီး ထံမှာ သူများထက်ထူးချင်လို့  နဂါးဖမ်း ပညာ လာသင်တဲ့ လုလင် ဆိုတာကို သတိရမိ၏။ ခုနှစ်နှစ် ခုနှစ်မိုး အပြင်းအထန် သင်ကြားပြီး ပြည်တော် ပြန်တော့ ဖမ်းစရာ နဂါး မပြောနဲ့ မြွေ တောင် ကြီးကြီး မားမား ရှာမတွေ့လို့ လယ်ထွန် စားနေရ ပါသတဲ့။ ကျန်းမာရေး နှင့် စီးပွားရေး အဆက်အစပ်၊ ပေါ်လစီ အခင်း အကျင်း၊ သုံးသပ် ဆန်းစစ် မှုများ၊ ဒါတွေ သင်ယူ တတ်မြောက်လို့ ပြည်တော် ပြန်ရောက်ရင် သုံးစရာနေရာရော ရှိပါ့ မလား။ ဒီပညာ နဲ့ ၀မ်းဝ၊ ခါးလှ ပါ့မလား။ လယ်သမား မဖြစ်တာ သေချာပေမဲ့ သူအလွန် အင်မတန် မလုပ် ချင်တဲ့ မီးခြစ်ပုံး သာသာ၊ မလှုပ်သာ မလှဲ့သာ ဆေးခန်း ဆိုတဲ့ အခန်းလေးထဲ ငုတ်တုပ်ငိုက်ပြီး လူနာများ မျှားနေရ ဦးမှာလား။အတွေး မှော်ရုံတော မှာ သူ မောလှပြီ။
သင့်လူ


Aug 27, 2008 @ 23:28:37
အပိုင်း ၅၀ ထိစောင့်ဖတ်ရမှာ ပျင်းလိုက်တာနော်။
တစ်ခါတည်းသာ များများတင်လိုက်ပါတော့ ကိုယ့်လူ (သူ့ ဖက်သား) ရယ်။