500 days in Dvaravati (4)
28 Aug 2008 4 Comments
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၄)
နောက်ဆံငင် သော ရက်စွဲများ
အတွေး အာရုံ ထဲ၌သာ ကျင်လည် ကျက်စားခဲ့သည့် မပီဝိုးတ၀ါး နိုင်ငံခြား ပညာတော်သင် ခရီးသည် တဖြည်းဖြည်း ပီသ ကြည်မြ လာလေလေ၊ သူ့စိတ်က နောက်ဆံငင်လာ လေလေ။ သူ့တွင် နှောင်ကြိုးတစ်မျှင် ရှိနေ သည်ကော။ ထိုနှောင်ကြိုး နှင့်သူ၏ တွယ်ငြိ ထုံးဖွဲ့ မှုအတိုင်းအတာ က အချိန်ကာလ သက်တမ်း အရ ဆိုလျှင် ရည်းစားသက် ကိုးနှစ်၊ အိမ်ထောင်သက် သုံးနှစ် ပေါင်း ၁၂ နှစ်မျှသော မာရသွန် ကာလရှည်ကြီး။
ဆေးကျောင်း ကတည်းက သူနှင့်အတန်းဖော်၊ သူ့ လိုပဲ ဆရာဝန် ဖြစ်သော သူ့ အမျိုးသမီး သည် သူ့ ထက်တော့ လက်တွေ့  ကျ၏။ ကျောင်းပြီး ကတည်းက ၀န်ထမ်း ဘ၀ကို ရုံခါစွန့် လွှတ်ပြီး ဆေးဝါး ဆိုင်ရာ ဘိဇနက်လောက ၌သာ ကျင်လည် ကျက်စားသူ ဖြစ်၏။ သူတို့ အိမ်ထောင် ကျပြီး ပါသမျှ အိတ် ပေါင်းကြရာဝယ် ၀န်ထမ်း လည်းဖြစ်၊ ကျောင်းဆရာ လည်းဖြစ်၊ ဆရာဝန် မည်ကာ မတ္တ လည်းဖြစ်သောသူ့ အိတ် ကပီတိ ပုစိကွေး၊ ဘိဇနက် လောကသား ဖြစ်သော မိန်းမအိတ် က ခပ်ကြီးကြီး၊ အများ အမြင်မှာတော့ သူက အိမ်ထောင် ဦးစီး။
သူက ပညာရေးတွင် ပျော်မွေ့ သော ပညာကာရီပုဂ္ဂိုလ် ဟု လူကြား ကောင်းအောင် ပြော၍ ရသော်လည်း စီးပွားရေး အမြင်က မူကြို အဆင့်တွင် ဆပ်ပလီ နှင့် နဘန်းလုံးရတုန်း။ ဒါကြောင့်လည်း သူ့  အမျိုး သမီး က စိတ် ကတောက် ကဆ ဖြစ်ချိန်များတွင် စာကလွဲ၍ ဘာမှသုံးမရသူ ဟုသူ့ အား ယိုးစွပ်သည်ပေါ့။
သို့သော်လည်း သူတို့ အိမ်ထောင်ရေးမှာ ထိုအချိန်ထိ စိတ်မောစရာ ဘုစု ခရုလေးများ မထွန်းကားသေး သည့် အတွက် အပူအပင်မရှိ နှစ်ယောက် တစ်အိပ်မက်ကမ္ဘာကို စိတ်တိုင်းကျ ဖန်တီးကာ နေခဲ့ကြသည်။ ကိုင်းကျွန်းမှီ။ ကျွန်းကိုင်းမှီပေါ့လေ။ ထိုထိုသော သူတို့၏ အိမ်ထောင် ရေး ခရီးလမ်းမှာ ယခု မိုးကျရွှေကိုယ် နိုင်ငံခြား ပညာ တော်သင်ခရီးသည် မုန်တိုင်း မဟုတ်စေကာမူ လေနီကြမ်းအဆင့် လောက်တော့ ၀င်ရောက် မွှေနှောက် နိုင်စွမ်း ရှိသည်။ မိုးပေါ်ကျ ပညာတော်သင် ခရီးက မျက်စိရှေ့ ရောက်လာသော အခါ ဇနီး သည်၏ ရပ်တည် နိုင်စွမ်းကို သူစဉ်းစား ရတော့သည်။ ဇနီး မယား၊ သမီးသားပါ ခေါ်ဆောင် ယူငင်၍ ရသော ပျော်ပွဲစားခရီးလည်း မဟုတ်။ သူ့တစ် ကိုယ်စာ အတွက်ပင် ထောက်ပံ့ကြေးက ဘယ်ကလာ၍ ဘယ်လောက်၊ ဘယ်လို၊ ဘယ်တော့၊ ရမည်ကို ခုထိ မသိရသေး။ ကိုယ့်စရိတ်ဖြင့် ကိုယ်နိုင်ငံခြား သို့  လိုက်လံ နေထိုင် ရလောက်သည့် ဓနအင်အား သူတို့ တွင်မရှိ။ လက်လှုပ်မှ ပါးစပ် လှုပ်ရလောက်အောင် အခြေအနေ အဆိုးကြီး မဟုတ် သော်ငြား လည်း ပါးစပ် မှန်မှန် လှုပ်နိုင်ဖို့ အလုပ်နှင့် လက်တော့ ပြတ်၍ ရသည့် အခြေအနေ မရှိမှန်းသူတို့ နှစ် ယောက်လုံး ကောင်းစွာ သိကြသည်။
သို့ သော်အမြဲတမ်းဘ၀ကို နှစ်ယောက် အတူလက်တွဲ ရင်ဆိုင် လာကြသူများ မို့  အချိန် အတိုင်း အတာ တစ်ခုထိ ဧကစာရီ ကျင့်ကြ ရမည့် အသိက ရင်ကိုနာစေ၏။ စားအတူ၊ သွားအတူ မနေရသည်က ထားဦးတော့၊ အလုပ်၏ ဖိစီးမှု ဒဏ်ရာဒဏ်ချက် များ၊ ဘ၀ အမောများ ကို အပြန်အလှန် နားလည်မှုရှိစွာ တပြန်တလဲ ဖြေလျှော့ပေးနိုင်စွမ်းများ အချိန်အတော်ကြာ ဆုံးရှုံးရမည်ကို ခံနိုင်စွမ်းရှိပါမည်လား။
တကယ်တမ်း နဖူးတွေ့၊ ဒူးတွေ့ ကျတော့လည်း အမြဲလိုလို သူ့ထက် ပြတ်သားတတ်သော၊ သူမ ကပင် ဆုံးဖြတ် သွားခဲ့ ပါသည်။ သည်ခရီး ကိုသွားဖြစ်အောင်သွား၊ သည်ပညာကို သင်ဖြစ်အောင်သင်၍ သည်ဘွဲ့  ကို ရအောင်ယူစေ……………………………..။
သင့်လူ

Aug 29, 2008 @ 10:22:50
လူ့ရယ်လို့ ဖြစ်လာ ထဲ က ပညာသင်လာရ တာ လူ့ဘဝ သက်တမ်းထက်ဝက်ကျိုးကြတယ်လေ။
ချစ်သူဇနီးနဲ့ခွဲခွာပြီး ပင်လယ်ရပ်ခြားမှာအထီးကျန်စွာ ပညာသင်နေရတာ ခုလို ရသ ကောင်း တွေ ရေးဖြစ် တာပေါ့ လူ့သက်တမ်းထက်ဝက်ကျော်နေသော်လည်းပညာသင် နေရဆဲ ဖြစ်တဲ့ အမေရိကန်ပြည်နယ်တခု ရဲ့ ငြီးငွေ့ ဖွယ်ရာ စာသင်ကျောင်းတွေမှာ ဆရာတွေဆရာမတွေ နဲ့ဆွေးနွေးရတဲ့ အချိန်လေးတခုကတော့
ကြည်နူးစရာကောင်းသလို မှတ်သားစရာတွေလည်း ဗဟုသုတ တိုးပွားစေခဲ့တယ်။
ကဲ ဆွေးနွေးခဲ့ရတဲ့ အကြောင်းအရာလေးတခုကို လက်ဆောင် ထားခဲ့တယ်။
ဆယ်မျူရယ်လ်ဘတ်တလာ ရေးခဲ့တယ်လေ
ဘဝဆိုတာ မလုံလောက်တဲ့ နိဒါန်းတွေကနေ ၊
လုံလောက်တဲ့ ၊ နိဂုံးတွေ ဆွဲယူကြရတဲ့ အနုပညာ
မှုပါတဲ့။
Aug 29, 2008 @ 21:00:05
ကျွန်တော် က ဝသဇီမှာ ဒီနေ့ ထိ ၅၆၀ ရက် ရှိသွားပြီ … ၆၈၃ ရက် နေရမှာ လေ … ရက်ပေါင်း ၁၂၃ ပဲ ကျန်တော့ တယ်
Aug 29, 2008 @ 21:00:25
သြဇီ ရေးတာ
Aug 29, 2008 @ 23:30:46
အထုပ်ကြီးချင်ရင် ကျူရှင်သင်ပေါ့ တော်။ တကတည်းမှပဲ။
အဟဲ နာနဲ့ တွေ့ တာထဲ့မရေးကြေးနော်။