500 days in Dvaravati (5)

ဒွါရာဝတီမှာရက်ငါးရာ (၅)

ဆယ့်နှစ်ရက်တာ တစ်ကမ္ဘာ

ဤစာကို ရပြီး နောက် တစ်ဆယ့် နှစ်ရက် အကြာမှာ အမိမြေမှ အသင် ထွက်ခွာ၍ နိုင်ငံခြား ပညာတော်သင် ခရီးစလော့- ဟူသော အကြောင်း ကြားစာက သူ့ထံသို့ မိုးကြိုးပစ် သလို ဒုန်းကနဲ ဆိုက်ရောက် လာ၏။ ထိုအချိန်တွင် သူက နေထိုင်ရာမြို့  မှ တစ်ဖ၀ါး မခွာ ရသေး။ ပြင်ဆင် မှုများ ကနထ္ထိ။ သူ့တွင် နိုင်ငံကူး လက်မှတ် မရှိ၊ သက်ဆိုင်ရာ နိုင်ငံ၏ ၀င်ခွင့် ဗီဇာ မရှိ၊ နိုင်ငံခြား ငွေပြားစေ့ တစ်စေ့ ပင်မရှိ၊ လေယာဉ် လက်မှတ်မရှိ၊ စာအုပ် စာတမ်း မရှိ၊ လူလူသူသူ ၀တ်စားရန် အနောက်တိုင်း ၀တ်စုံများ မရှိ၊ ဘာမှ မရှိ။ ထို မရှိခြင်း များက သူ့  ကို ခေါ်ဆောင် ပျံသန်း စေလျှက် နိုင်ငံခြား ပညာသင် ခရီး ဖြစ်မြောက် အောင်မြင် စေအံ့လော။ နိုင်ငံခြား ပညာတော်သင် ခရီး တိုင်းသည် အလောသုံးဆယ် သွားရတတ်သည် ဟူသော နောင်တော့်နောင်တော် များ၏ မှာတမ်းခြွေ စကားများ ကြားနာခဲ့ဖူး သော်လည်း ဤမျှဖြစ်လိမ့်မည်ဟု ထင်မထား။ ဘယ်ကစလို့ ဘာကို လုပ်ရမည်မှန်း မသိတော့လောက်အောင် ပျာယာခတ် စိတ်ရှုပ် ခဲ့ရသည်။ ဆပ်ပြာသည် လင်ပျောက် ရှာသည် ကအခုသူဖြစ်နေ သောအခြေ အနေထက် ဣနြေ္ဒ ရဦးမည် ထင်၏။

ထိုညက သူတို့ လင်မယား နှစ်ယောက် စတိုးဆိုင် တစ်ခုမှ တွေ့ ရာ အနောက်တိုင်း ၀တ်စုံမဲမဲကြီး တစ်စုံအား ဘာမှန်း ညာမှန်း မသိ၊ လက်ညှိုးထိုးကာ ၀ယ်ခဲ့၏။ တော်မတော်၊ သင့်မသင့် မရွေးနိုင်။ စိတ်ဆိုတာမျိုးက ဆန်းတော့အဆန်းသား။ ထို ၀တ်စုံမဲမဲတုံးတုံး ကြီးကို ကယောင်ကယင် ဖြင့် ၀ယ်ယူခဲ့ပြီး နောက်ဖြစ်သမျှ ကိစ္စအားလုံးကို ထိုဟာကြီးဖြင့် ဖုံးအုပ်၍ အပ်ချလောင်း လိုက်လျှင် နဘယံ- ဘေးမရှိ တော့သကဲ့သို့ စိတ်ထဲမှာ အေးငြိမ်း ချမ်းသာ၍ ဆောက်တည်ရာ ရသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဘာမှမရှိရာက အ ခုသူ့ မှာ တစ်ခုတော့ ရှိလာပြီ မဟုတ်လား။

ဤသို့ဖြင့် နဝေတိမ်တောင် ဂယောင် ဂယင် ဖြင့် သူရန်ကုန် ရောက်လာသည်။ စိတ်နှင့်ကိုယ် မကပ်သူ တို့၏ ထုံးစံ အတိုင်း ဝေေ၀ ၀ါးဝါး၊ အိပ်မက် ထဲလမ်းလျှောက် နေသကဲ့သို့။ နောက်ဆယ့်နှစ်ရက် အကြာမှာ ထွက်ဆိုသည့် စကား အတိုင်း သူ့အတွက် လေယာဉ် လက်မှတ် ကရောက်နေပြီ။ သို့သော် အသေထွက်ရမည်လား။ အရှင် ထွက်ရ မည်လား မကွဲပြားသေး။ ထွက်ဆိုတိုင်း ဖွတ်ကနဲ ထွက်၍ ရရိုး ထုံးစံ လည်းမရှိခဲ့။ သူ့ရှေ့ တွင် ကာရံထားသော တံတိုင်းကြီး များက ထိလုမိုးဆီ၊ တိမ်သို့ မှီ။ ပထမ ဆုံးသော တံတိုင်းကြီး ကား တရားဝင် စေလွှတ်သော နိုင်ငံခြား ပညာတော်သင် တိုင်း ကျော်နိုင်နိုင်၊ မကျော် နိုင်နိုင်၊ ကျော် ကိုကျော် ရမည့် ဆေးစစ် တံတိုင်းကြီး ပင်။ ရန်ကုန်ဆေးရုံကြီး၊ ဂျပန် ဆေးရုံသစ်ကြီး၊ ရွာသာကြီး စိတ် ကျန်းမာရေး ဆေးရုံ ဆိုသည့် နေရာ သုံးခုတွင် သွေးဗေဒ၊ အရေပြား၊ သွားနှင့် ခံတွင်း၊ အဆုပ် နှင့် ရင်ခေါင်း၊ အသည်း နှင့် ၀မ်းတွင်း ကလီစာ၊ ဦးနှောက် နှင့် အာရုံကြော၊ ဆီးနှင့် ကျောက်ကပ်၊ စိတ် ကျန်းမာရေး တည်းဟူသော ရှစ်ဖြာသော ကျန်းမာ ရေး မင်္ဂလာ တို့နှင့် အနှီ ပညာတော်သင် မောင်ကျောင်းသား ပြည့်စုံ ကျန်းမာခြင်း ရှိမရှိ အကြီး အကျယ် အပြင်း အထန် ပိုးစိုး ပက်စက် စစ်ဆေးမှု ကိုခံယူရန်၊ ပြီးလျှင် သက်ဆိုင်ရာ ကျန်းမာရေး ဘုတ်အဖွဲ့ဝင် များထံမှ နိုင်ငံခြား တွင် နှစ်ရှည် လများ ပညာ ဆည်းပူးရန် လုံလောက်သည့် ကျန်းမာရေး အခြေ အနေ ရှိကြောင်း ထောက်ခံချက် ရယူရန်။ ထိုတံတိုင်းကြီး ကိုကျော်လွှား ရန် ရယူရမည့် အချိန်မှာ ကြာလျှင် တစ်လ၊ မြန်လျှင် နှစ်ပါတ် ဟု နောင်တော့် နောင်တော် များထံမှ ကြားသိ ရသည့် အခါ နောက်ဆယ့်တစ်ရက် ကြာလျှင် ထွက်ခွာမည့် လေယာဉ် ပေါ်တွင် ထိုင်ခွင့် တစ်နေရာ စာရထားသော သူ့မှာ ဆေးမစစ် မှီပင် ဖျားချင် သလိုလို ဖြစ်လာ၏။ ကျွန်တော် ကဆရာဝန် ပါ။ ကိုယ့်ကျန်းမာရေး ကိုယ်တာဝန် ယူပါရစေ။ ဆေးစစ် စရာ မလိုပါဘူး လို့လုပ်လို့ မရပါ။ ဤကိစ္စ မှာ အားလုံးသည် သာတူညီမျှ။

ဆေးစစ် ကိုဘေးဖြစ် မတတ် သူမာရသွန် နှုန်းဖြင့် ကျော်လွှားနေခိုက် တစ်ချိန်တည်း လိုလို မှာပင် နိုင်ငံကူး လက်မှတ် အချိန်မှီ ရရှိရေး အတွက် လိုအပ်သော စာရွက် စာတမ်း များကို ရေးသား၊ ပြင်ဆင်၊ လက်မှတ်ထိုး ခြင်းကိစ္စ များကို မီးထွက် လုနီးပါး လုပ်ဆောင်ရ ပြန်၏။ ဖုတ်ပူ မီးတိုက် ဆိုသည့် စကား သွေးထွက်အောင် မှန်လှကြောင်း စိတ်ထဲက ထောက်ခံချိန် ပင် မရ။

ထိုအတော အတွင်း သက်ဆိုင်ရာ ပညာတော်သင်ဆု ပေးသည့် အဖွဲ့အစည်း ၏ ညွှန်ကြားလွှာများ၊ သွားရောက် ပညာ သင်ယူ ရမည့် တက္ကသိုလ် ၏ အချိန်ဇယား များ၊ နေရေးထိုင်ရေး အတွက် အခန်းခ၊ ပေးမည့် အသုံး စရိတ်များ စာရင်း၊ ဘယ်လို၊ ဘယ်ပုံ၊ ဘယ်နည်း၊ ဘယ်ကဲ့သို့၊ ဘယ်ချမ်းသာ နေထိုင်ရန် မှာတမ်းရှည်များ ကလည်း အပြိုင်း အရိုင်း သူ့ကို သူ့ထက်ငါ ထိုးဆွ ကြပါသေး။

သို့သော်လည်း ကံတရား ကသူ့ဖက် မှာလို့ပြောရ မလား။ သူတော်ကောင်း မို့ နတ်ကောင်း မသလား၊ လူမိုက် မို့ကံကောင်း သလား သေချာ ခွဲခြမ်း စိတ်ဖြာ ချိန်ပင် မရ ပဲ လျှာ အလျားလိုက် ထွက်မတတ် တောင်ပြေး မြောက်ပြေး စစ်ဆေးခဲ့ ရသော ဆေးစစ် ခြင်းကိစ္စ ကြီးလေးရက် ခန့်ဖြင့် ပြီးပြတ် သွားသော အခါ သူ့လောက် ပျော်တဲ့ လူကမ္ဘာမှာ မရှိဘူး လို့ပင် ထင်ခဲ့မိ၏။ အထူး နိုင်ငံကူး လက်မှတ် စာအုပ်စိမ်း ကလေးလည်း အလွယ်တကူ ရရှိသည့် အတွက် ထိုင်းနိုင်ငံတွင် ကာလ ရှည်ကြာ နေထိုင်ခွင့် အက်ဖ် ဗီဇာ ကိုသူ အချိန်မှီ လျှောက်ထား ရရှိ လိုက်သည်။

ဇနီး သည်လည်း လိုအပ်သည့် အသုံး အဆောင်၊ အ၀တ် အစား၊ တိုလီ မိုလီ များ တပွေ့တပိုက် ဖြင့် ရောက်လာပြီ။ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းများ၏ လက်ဆောင် ပစ္စည်း များဖြင့် ခရီးဆောင် အိတ်သည် ကိုးလလွယ် ဆယ်လဖွား အခြေ အနေ သို့ရောက်ပြီ။

ခံဝန်ချုပ် များလက်မှတ်ထိုး၊ နိုင်ငံခြား ငွေလဲလှယ်၊ အသေး အမွှား စုံစီ နဖာ ကိစ္စရပ် များကို အမျိုးမျိုး နှင့် မရိုးရ အောင်လုပ် ရင်း သွားရမည့် ရက်နား နီးလာ၏။ လက်ကျန် ရက်စွဲများကို ဇနီးသည် နှင့် အတူကုန်လွန် စေခဲ့သည်။ စိတ်သည် လေးလံ၊ ထိုင်းမှိုင်းမှု၊ ရင်ခုန် လှိုက်မောမှု၊ ခံစားချက် အမျိုးမျိုး ဖျတ်ကနဲ ဖျတ်ကနဲ ပြောင်းလျက် ရှိရကား လက်ဖျစ် တစ်တွတ် အတွင်း စိတ်ကုဋေ တစ်သန်း ဖြစ်ပျက် လျက်ရှိသည် ဟူသော ကမ္မဌာန်းကျမ်းများ ၏ အဆိုမှန်ကြောင်း ထောက်ခံ နေသလိုပင်။ ကိန္ဒရာ ချောင်းခြား ဇာတ်လမ်း ခင်းရ မည့်အရွယ်တွေ မဟုတ်တော့ သဖြင့် လည်းကောင်း၊ အသေ အချာ ဆုံးဖြတ် ပြီးသား ကိစ္စ ဖြစ်သဖြင့် လည်းကောင်း၊ နောက်ပြန် လှည့်၍ မရတော့အောင် ဖောင်ဖျက်ခဲ့ပြီး ဖြစ်၍ လည်းကောင်း ဤခရီး ကိုသူ သွား ကိုသွားတော့မည်။ သွားရမည့် လမ်းကလည်း သူ့ အရှေ့ လက်တစ်ကမ်းမှာသာ။ သို့သော် ထိုလမ်းက ပန်းခင်းထား သလား။ ရွှေကော်ဇော ခင်းသော လမ်းလား။ ပျောက်သော လမ်းမှာ စမ်းတ၀ါးဝါး ဖြစ်လေ မလား။ မသေချာသေး။ ကိုယ်ပိုင်နိုင် ကျွမ်းကျင် မှုလည်း မရှိ၊ အခြေခံ လည်းနတ္ထိ ဖြစ်သော ပီတိ အစိမ်း သက်သက် ဘာသာရပ် တစ်ခု ကိုမဟာဘွဲ့ အဆင့် အထိ ပေါက်မြောက် အောင်မြင် အောင် ရေခြား မြေခြားတွင် တစ်ကိုယ်တည်း သင်ယူ နိုင်စွမ်း ရှိပါ မည်လား။ စိတ်တော့ မောမိ၏။

ထိုစိတ်မောကြီး နှင့်ပင် တစ်ခုသော မတ်လ၏ နှောင်းပိုင်း တစ်ရက် ၀ယ်ဤခရီး ကိုသူ ထွက်ခွာ ခဲ့ရ ပါပြီ။

သင့်လူ

Advertisement

2 Comments (+add yours?)

  1. mathetzin
    Aug 30, 2008 @ 00:24:03

    ဆက်ရေးပါဆရာရေ။ အားပေးနေပါတယ်
    ရှေ့ဆက်ပြီး ကြည်နူးစရာတွေရော အခက်အခဲ
    တွေရောတွေ့ ကြုံခဲ့တာတွေ သမိုင်းမှတ်တမ်း
    တခုအနေနဲ့ နောင်လာမယ့် ပညာသင် မျိုးဆက်သစ်
    တွေ ဗဟုသုတရတာပေါ့နော်။ စာရေးကောင်း
    တယ်။ အဆက်ကိုမျှော်ရင်းစောင့်နေပါတယ

    Reply

  2. min thandar
    Nov 07, 2008 @ 22:28:27

    Sayar yay
    very good and very interesting for me. It gives so many valuable knowledge about scholarship in abroad.
    thanks very much.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

August 2008
M T W T F S S
« Jul   Sep »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.