500 days in Dvaravati (7)
05 Sep 2008 Leave a Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၇)
ခ၀ါ ဒီးရှပ်
လေယာဉ် သည် ပြေးလမ်းကျယ် ကြီးပေါ်မှာ ဒရွတ်တိုက် ပြေးနေ၏။ မှန်ပြူတင်း ၀ိုင်းလေးမှ တစ်ဆင့် ဟိုတစ်စီး၊ ဒီ တစ်စီး ရပ်နား ထားသော ရောင်စုံ လေယာဉ်များ နှင့် ဟိုနေရာ၊ ဒီနေရာ နေရာ အနှံ့ ရှိနေသော boarding platform များကို သူငေးကြည့် နေမိသည်။ အရှေ့ တိုင်း၏ လူသိ အများဆုံး လေဆိပ်ကြီး တွေထဲက တစ်ခု ဖြစ်သည့် ဒွန်မောင်း၊ (ခုချိန်မှာတော့ နိုင်ငံ တကာ လေဆိပ် သစ်ကြီး သုဝဏ္ဏ ဘူမိ ကြောင့် ဒွန်မောင်း မှာ ပြည်တွင်း လေဆိပ် တစ်ခု အဖြစ် ဘ၀ ပြောင်းသွား ရှာပြီ။)
လေယာဉ် သည်မရပ် နိုင်သေး။ ပြေးလမ်း ပေါ်တွင် တရွေ့ ရွေ့ ပြေးကောင်းတုန်း၊ ခရီးသည် အပေါင်းအား ဒွန်မောင်း၏ အနီးကပ် မြင်ကွင်း ကိုလှည့်ပါတ် ပြသနေသလို။ အတန်ကြာမှ ချောင်ကျကျ တစ်နေရာ မှာ boarding platform terminal တစ်ခု မှာသွားရပ်၏။ ကိုယ့်အိတ် ကိုယ်ဆွဲရင်း၊ လူရေစီးကြောင်း ကြီးအတိုင်း အလိုက်သင့် စီးမျော လိုက်ပါရင်း၊ သူ ဒွါရာ ၀တီ ၏မြို့ တော် ဘန်ကောက် သို့ ပြည်တော်ဝင် ခဲ့လေပြီ။
“သင့်ကို ကျွန်ုပ်တို့ လေဆိပ်တွင် လာရောက် ကြိုဆို ပါမည်။ အကယ်၍ အကြောင်း အမျိုးမျိုး ကြောင့် ကြိုဆို နိုင်ခြင်း မရှိ ပါက လေဆိပ်မှ ဇိမ်ခံ အဌားယာဉ် စီးနင်း၍ နေထိုင်ရ မည့် နေရာ သို့ လိပ်စာပေးထားသည့် အတိုင်းသွားပါ။ ကျသင့် သော အဖိုး အခ ကို ဘောက်ချာ နှင့်တကွ ပြ၍ ကျွန်ုပ် တို့ထံ ပြန်လည် တောင်းယူပါ”
အထပ်ထပ် အခါခါ ဖတ်ထားခဲ့သည့် ဒကာတော် ရေမြေ့ရှင် စပွန်ဆာ အဖွဲ့အစည်း ၏ပြည်တော်ဝင် မှာတမ်း ကိုသူ သတိ ရ၏။ အင်မတန် ရှင်းသော ညွှန်ကြားချက် ပါပေ။ ကြိုချင် ကြိုမယ်။ မကြိုချင် မကြိုဘူး ဆိုပဲ။ ဒါကြောင့် သူကလည်း စောင့်ချင် စောင့်မယ်။ မစောင့်ချင် မစောင့်ဘူး လုပ်လို့ တော့မဖြစ်ပါ။ အိပ်မက် သဖွယ်၊ ပီတိ တစိမ်း တရံစာ နယ်မြေ မဟုတ်လား။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့် နေရ၏။ အကြိုတော် ကား မတွေ့။
လေယာဉ် ပေါ်မှာ ကတည်းက ကိုယ်ရေး အချက် အလက် များ ကြိုဖြည့်ထားရသော ထိုင်းလူဝင်မှု ကြီးကြပ်ရေး၏ အဖြူရောင် စာရွက် ကလေးကို နိုင်ငံကူး လက်မှတ် ကြားညှပ်၍ အထူး နိုင်ငံကူး လက်မှတ် များအတွက် ဟုရေးထားသည့် Immigration counter တွင်ဝင် တန်းစီ လိုက်၏။ ထွေထွေ ထူးထူး မေးစရာ ပြောစရာ ကြေညာ စရာ မှာတမ်းခြွေ စရာ ဘာမျှ မယ်မယ်ရရ မရှိ ၍ အလွယ်တကူ ပင် ထိုကိစ္စ ပြီးသွား၏။ ရွေ့ လျား စက်လှေကား တစ်ခု မှ ခန်းမကျယ်ကြီး အတွင်း သို့ဆင်းလာရသည်။ ရုပ်မြင်သံကြား စကရင် များတွင် ရေးထိုးထားသော သူ့လေယာဉ် နံပါတ် နှင့် ပစ္စည်း ရွေးရမည့် ရွေ့ လျားခါးပါတ် (Belt) နံပါတ် တို့ကို တိုက်ကြည့်၍ ခရီးဆောင် အိတ်ကြီး ကိုသွားယူ ရသည်။ ဒီ အထိ ရှောရှော ရှုရှု၊ အခက် အခဲ မရှိ။
ခရီးဆောင် အိတ်ကြီး ကိုဆွဲ၊ အိတ်ငယ် နှစ်ခု ကိုကိုင်ရင်း ခန်းမကြီး ထဲမှ ထွက်ရတော့မည်။ ဘယ်ကို ထွက်ရ မည်လဲ။ ကြိုမည့်သူ ကိုလည်း အရိပ် အယောင်မျှ မတွေ့ရ။ ရိုးရိုး တက်စီ ပင်မဟုတ်။ ဇိမ်ခံ အဌားယာဉ် စီးရ ချေဦးမည် ဟုဆိုထား ပြန်ရာ ထိုဟာ အတွက် သူ့မှာ ထိုင်းဘတ်ငွေ ကလည်း တစိုးတစိ မှမရှိ။ ငွေလဲ ကောင်တာ တွေကတော့ တသီ တတန်း ကြီးတွေ့၏။ ဒေါ်လာ နှင့် ဘတ်ငွေ လဲလှယ်သည့် ဈေးနှုန်း များကိုလည်း ဒစ်ဂျစ်တယ် စကရင် များပေါ်တွင် သက်ဆိုင်ရာ ကောင်တာ အလိုက် ပြူးပြဲနေအောင် ရေးထိုးထား၏။ အမေ ရိကန် ဒေါ်လာ နှင့်သာမက၊ ပေါင် စတာလင်၊ ယူရို၊ ယန်း၊ သြစတေးလျှ ဒေါ်လာ၊ ကနေဒီးယန်း ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ မလေးရှား ရင်းဂစ် ငွေများ နှင့် ဘတ်ငွေ ကိုလည်း လဲလှယ် နိုင်သည့် ဈေးနှုန်း အမျိုးမျိုး တွေ့ရသေးသည်။ တရုပ်၏ ယွန်ငွေ နှင့် သူတို့၏ ကျပ်ငွေ များတော့ မတွေ့ရ။ အလဲ အလှယ် မလုပ်နိုင်ဘူး ဆိုတဲ့ သဘောပေါ့လေ။ US တစ်ဒေါ်လာ ၃၇ ဘတ် ဆိုပဲ။ ရှိစုမဲ့စု ထဲက ဒေါ်လာ တစ်ရာ လောက်တော့ ဘတ်ငွေ ဖြင့်လဲမှ ဖြစ်မည်။ ကိစ္စ မရှိ။ ဒကာတော် များက ကျသင့် သလောက် ပြန်ပေးမည် ဆိုသကိုး။
ရုတ်တရက် သူ့ အမည် ကိုခေါ်သံကြားရသည်။ တစ်ခါ။ နှစ်ခါ။ သုံးခါ၊ အကြိုတော် များလား။ ဘယ်နည်း နဲ့မှ မဖြစ်နိုင်၊ ဘယ် နိုင်ငံခြားသား မှ သူ့ အမည်ကို ဒီလောက်ထိ ပီသ ကြည်မြစွာ ခေါ်နိုင်အံ့ မထင်။ လှည့်ကြည့်၏။ တွေ့၏။ ၀မ်းသာ ၏။ နှုတ်ဆက်၏။ ဇနီးသည် ၏ သူငယ်ချင်း ဖြစ်သော သူတို့ မြို့ မှ အမျိုး သမီး။ ဗိုက်ဖုံး အင်္ကျီ နှင့်။ အတော် စို့စို့ ပို့ပို့ ထွက်နေသော ဗိုက်နှင့်။ သူ့ကို လေယာဉ် အတက် ကတည်း ကရှာကြောင်း၊ မတွေ့ကြောင်း၊ လမ်းတစ်လျှောက် အစစ အရာရာ ကြည့်ရှု့ စောင့်ရှောက် လိုက်ပါ ဟု သူ့ ဇနီးကမှာ လိုက်ကြောင်း။ ယခု ဘန်ကောက် ဆေးရုံကြီး (ပုဂ္ဂ လိက ဆေးရုံ) တွင် ကိုယ်ဝန် လာပြ ခြင်းဖြစ်ကြောင်း။ တစ်လ တစ်ခါ အမြဲ လာမည် ဖြစ်ကြောင်း။ လိုတာ ရှိရင် မှာဖို့ ဖုံးနံပါတ် က ဘယ်၍ ဘာညာ စကားတွေ တရစပ် တွန်းပြော တော့သည်။ သူပြောသမျှ နားထောင်ရင်း စိတ်ထဲတွင် ရယ်ချင် ပက်ကျိ ဖြစ်မိ၏။ သူက ဆရာဝန်။ ၄င်းက ဗိုက်ကြီးသည်။ စောင့်ရှောက်ချင်း စောင့်ရှောက်လျှင် သူကသာ ထိုမဗိုက် ကို စောင့်ရှောက်သင့် သည်ဖြစ်သော်လည်း ယခုတော့ သူ့ မဟေသီ ကြောင့် မဗိုက် ကသူ့အား စောင့်ရှောက်ရ မည်ချည်း ဇွတ်ပြော နေ၏။ သူ့ကို ဗိုက်ထဲက ကလေးများမှတ်နေလား မသိ။ မဗိုက် က ဘန်ကောက်မှာ ဗိုက်လာလာပြ တယ် ဆိုပဲ။ Ante-natal care ခေါ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ကို သူတို့ မြို့ ကြီး ရှိ ပေါများလှသော ပုဂ္ဂလိက ဆေးခန်းများ နှင့် အိုဂျီ မမ၊ အိုဂျီ ကိုကို တို့ကို ရှောင်ကွင်း၍ တကူး တက ဒုက္ခ ခံပြီး ဘန်ကောက်ကို လာပြရရှာသည်။ သနားမိ ပါဘိတော့။
သို့သော်လည်း သူ့ အတွေးမှား၏။ မဗိုက်က သူ့အား ထိုင်းဘတ်ငွေ မရှိကြောင်း ကြိုသိ နေဟန်ဖြင့် ဘတ်ငွေ ၁၅၀၀ တိတိ ပေး၍ အသေ အချာ စောင့်ရှောက်သွားသည်။ ပြန်ရောက်မှ မြန်မာငွေ ဖြင့်ပြန်ယူမည် ဟုဆို၏။ ဒီလို ဆိုတော့ လည်း စောင့်ရှောက်ခံရတာ ကောင်းပေသားပဲ။
အိတ်ဖောင်းတော့ စိတ်ပြောင်းသွားသည်။ အကြိုတော် တွေ၊ အထောက် တော်တွေ စိတ်မ၀င်စားတော့။ ထွက်ပေါက် ရှိရာသို့ အိတ်ကြီး အိတ်ငယ် ကိုင်ဆွဲ၍ ခပ်တင်းတင်း ပင်ထွက်လာခဲ့၏။ ဟော……တွေ့ပါပြီ။ သူ့ အမည် ရေးထား သော ဧည့်ကြို ကပ်ပြားလေးကိုင်၍ ကုပ်ချိချိ ရပ်စောင့်နေသော မီးခိုးရောင် ဆာဖာရီ ၀တ်စုံဖြင့် ပိန်ပိန် ညိုညို လူတစ်ယောက်။ ဥပဓိ က The god must be crazy ဇာတ်ကား ထဲမှ ခေါင်းဆောင် မင်းသားရုပ်မျိုး၊ ရုပ်ကြည့်ယုံ ဖြင့် ရွာနေ ရွာခံ ထိုင်းလူမျိုးမှန်း သိသာလွန်းလှသည်။ လူလည်းပါးနေပြီ ဖြစ်၍ ငနဲသား စိတ်ညစ်နေပုံ ရသည်။ ဒင်းရှေ့ တည့်တည့် ရောက်တော့ မထောင့်ချင် ထောင်ချင် ကိုင်ထားသော လက်ထဲမှ သူ့အမည် ပါသော ကဒ်ပြားကို လက်ညှိုးထိုးပြ၍ ငါပဲ ဟု ပြောလိုက်ရာ ဘာတွေစဉ်းစားနေမှန်း မသိသည့် ငနဲမှာ ဆတ်ကနဲ တောင်တုန်သွား၏။ ပြီးတော့ ဟီး-ဟီး-ဟီး ဆိုပြီး ရယ်ပြ နေပြန်သေးသည်။ ပြီးမှ သူ့အိတ်တွေ အားလုံးကြုံးသယ် သွားပြီး လိုက်ခဲ့ဟု ခြေဟန် လက်ဟန် ပြကာ ရှေ့  မှသုတ်သုတ် သွားနေ၍ နောက်မှ အူယား ဖားယား လိုက်ရသေး။ အင်္ဂလိပ် လိုတစ်လုံး မှမပြော။ ပြောတတ်ပုံ လည်းမရ။ ရပ်ထားသော ကားများ အနက် ဘီ၊ အမ်၊ ဒဗလျူ ဆလွန်းကားနက် ကြီးပေါ် သူ့ပစ္စည်းတွေ တင်နေ၏။ ပြီးတော့ မောင်းသူ နေရာ ၀င်ထိုင် တော့၏။ အကြိုတော် လွှတ်မယ် ဆိုတာ လက်စသတ်တော့ ဒရိုင်ဘာ လွှတ်လိုက်တာကိုး။ အသင့် ဖွင့်ပေး ထားသော တံခါးမှ နောက်ခန်း မှာ အသာဝင်ထိုင်လိုက်သည်။ ကားထဲ ရောက်တော့ ဆရာ သမားက မောင်းသူ နေရာ မှ သမင် လည်ပြန် လှည့်ရင်း လက်အုပ် ကလေး ချီကာ သူ့ကို စကား တစ်ခွန်း ပြော၏။ အဲဒါ ထိုင်းတို့ ရိုးရာ နှုတ်ဆက် စကားမှန်း သူကောင်းကောင်း သိသည်။ မကြာ ခဏ လည်းကြားခဲ့ ဖူး၏။ ဒီလို နှုတ်ဆက် ရင် ဒီလို ပြန်ပြော ရသည်ဆို တာလည်း နားလည်သည်။ ခက်သည်က ဒရိုင်ဘာ ပြောသော စကားက မြန်လွန်းသဖြင့် ဒီစကား အသံထွက် ကိုသူ ဘယ်လို ပြန်ပြော ရမည်မှန်း မသိဖြစ်နေ၏။ ဟယ်— ဖြစ်ချင် တာဖြစ် ပစေတော့။ ဒွါရာ ၀တီ ရောက် တော့ ဒွါရာ ၀တီ လိုကျင့်ယုံ ပေါ့။ တတ်နိုင်ပါဘူး။ လက်အုပ် ပြန်ချီ ၍ စောစော ကသူ့ ကိုနှုတ်ဆက် သလို သူလည်း ပြန် နှုတ်ဆက်လိုက်သည်။ ခဝါဒီး—ရှပ်။
သင့်လူ

Recent Comments