500 days in Dvaravati (8)

ဒွါရာဝတီမှာရက်ငါးရာ (၈)

ဇီးပင်စု မှ နတ်မိမယ်များ

ဘီ၊ အမ်၊ ဒဗလျူ ဇိမ်ခံ ဆလွန်းကားကြီး သည် အလွန် ကောင်းမွန် လှသည့်၊ နိုင်လွန် ကတ္တရာ ခင်းမိုးပျံ လမ်းမ ကြီးတစ်လျှောက် ခပ်မြန်မြန် ပြေးနေ၏။ ရာသီ ဥတု ကအုံ့အုံ့ အိုက်အိုက်။ ကားထဲတွင်တော့ လေအေးစက် ကြောင့် အေးမြနေသည်။ လမ်းဘေး ၀ဲယာ နှစ်ဖက် စလုံး မိုးသို့ တိုးထွက် လုလု အဆောက် အဦး များဖြင့် ပြည့်ညပ် လျက်။ အများ အားဖြင့် တော့ ဆောက်လက်စ တို့လို့ တန်းလန်းများ။ ကားမောင်းပုံ များက မျက်စိ ထဲ ကိုးလိုး ကန့်လန့် မို့ အာရုံ စိုက်ကြည့်ရာ ဘယ်မောင်း စနစ် ဖြစ်နေ သည်ကို တွေ့ရ၏။

သြော်– ဘန်ကောက်၊ ဘန်ကောက်။

(၁၄) ရာစု မှစ၍ အရှေ့ တောင် အာရှ ၏ခေတ် အမှီဆုံး မြို့ တော်ကြီး အဖြစ် ၄၁၇ နှစ်တိုင်တိုင် ရပ်တည် နိုင်ခဲ့သည့် အယုဒ္ဓယ ပျက်သုဉ်း ခဲ့ပြီးနောက် ခြေရာလည်းပျောက်၊ ရေ လည်းနောက်ခဲ့ ရရှာသည့် ဒုက္ခ ပင်လယ်ဝေ လျက်ရှိသော ထိုင်းပြည်သူ တို့ကို ဦးဆောင်လျက် ဖရာ့ တက်ရှင် ခေါ် ငတပါးမင်း သည် မြို့ ပျက်ကြီး အယုဒ္ဓယ မှ ကီလို မီတာ ၆၀ ခန့် အကွာ၊ ဒွါရာ ၀တီ ထိုင်းတို့ ၏ အသက်သွေးကြော ချောင်ဖုယားမြစ် ၏ အနောက်ဖက်ကမ်း ရှိ သွန်ဘူရီ အရပ် တွင် မြို့ တော် သစ်ကို တည်ခဲ့ကြ၏။ ဖုရာ့ တက်ရှင် မင်းအဖြစ်ခံယူ စဉ် စစ်ဦးစီးချုပ် မှာ ဖရာ့ ချက်ကရီ ဖြစ်၏။ ထိုကာလ များ မတိုင်မှီ လွန်ခဲ့သော နှစ်ပေါင်းများစွာ၊ အယု ဒ္ဓယ ဘုန်းမီး နေလ တောက်ပ စဉ် ကတည်းက သွန်ဘူရီ နှင့်မဝေးလှသော ချောင်ဖုယားမြစ် အရှေ့ ဖက်ကမ်း တွင်မြစ်တွင်း သို့ စီးဝင်ရာ ကလောင်း တူးမြောင်း အသွယ်သွယ် တို့ပေါ် ခွမိုး၍ တည်ဆောက် ထားသော ကုန်သွယ် စခန်းလေး တစ်ခု ရှိခဲ့၏။ ဇီးပင်ရိုင်း များပေါများလှ သဖြင့် ထိုစခန်းလေး ကို ဇီးပင်စု ဟု အဓိပ္ပါယ် ရသော ဘန်ကောက် ဟုလူသိများခဲ့ ကြသည်။

မြို့ တော်သစ် သွန်ဘူရီ နှင့် ခါတော်မှီ ဘုရင် တက်ရှင် ၏သက်တမ်း မှာ ၁၅ နှစ်သာ တာရှည်ခဲ့သည်။ စိတ်ဖောက်ပြန် သွားပြီး နယ်နှင် ခံခဲ့ ရသော တက်ရှင် ၏ထီးနန်း ကိုစစ်ဦးစီးချုပ် ဖရာ့ ချက်ကရီ က သိမ်းပိုက်၍ ရာမ မင်းဆက် ကို တည်တောင်သူ ပထမ ရာမ မင်းကြီး ဖြစ်လာခဲ့သည်။ ဖရာ့ ဗုဒ္ဓ ယုဖ္ဖ ချူလာ လုက္ခ ဘွဲ့တော် ကိုခံယူ တော်မူသော ပထမ ရာမ ဘုရင်သည် စိတ်နှလုံး ညိုးချုံးဖွယ် သွန်ဘူရီ ကိုစွန့်ပါယ်၍ ၁၇၈၂ ခုနှစ် ဧပြီ ၂၁ ရက်တွင် ဘန်ကောက် ကိုမြို့ တော် သစ်အဖြစ် ရွေးချယ် မွန်းမံ တည်ဆောက် ခဲ့သည်။ မြို့ တော်သစ် ကို အက္ခရာ စာစု ၆၆ ခုပါသော တရားဝင် အမည်နာမ “Krung Thep Mahanakhon Amon Rattanakosin Mahinthara Yuthaya Mahadilok Phop Noppharat Ratchathani Burirom Udomratchaniwet Mahasathan Amon Piman Awatan Sathit Sakkathattiya Witsanukam Prasit” ဟုခေါ်တွင်စေ သော်လည်း ခေါ်ရင်း နှင့်ပင် ပျံလွန်တော် မူနိုင် လောက်သည့် ထိုအမည်ရှည် ကြီး ကို ဘယ်သူမှ မခေါ်နိုင်ခဲ့ကြ။ အတိုကောက် Krung Thep Maha Nakhon ခေါ် Krung Thep ဟုခေါ်ခဲ့ကြသည်။ အဓိပ္ပါယ် ကတော့ နတ်ဘုရား များနှင့် နတ်မိမယ်တို့ ပျော်စံရာ မဟာ မြို့တော် တဲ့လေ။

“ဟေး–ဆာ။ ယူဂိုး– ရန်နန်– အပါတ်မင့်။ ယက်စ်?” ဘာပြောလိုက် တာပါလိမ့်။ တငြိမ့်ငြိမ့် ပြေးနေသော ကားပေါ်မှာ တသိမ့်သိမ့် တွေးရင်း လိုက်ပါလာသော သူသည် ကားဆရာ သူ့ကို လှမ်းပြော လိုက်သော စကားကို ရုတ်တရက် ကြားလိုက် သော်လည်း နားမလည်လိုက်။ ဘာ ဘာသာ စကားဖြင့် ပြောသည်ကိုပင် ရုတ်တရက် သဘောမပေါက်။ နှစ်ခါ သုံးခါ ကြိုးစား ပြောသည်ကို ကြားရမှ ရန်နန် အိမ်ယာ သို့ သွားမှာလား လို့ ကားဆရာ ကအင်္ဂလိပ် လိုမေးမှန်း သဘော ပေါက်ရရှာတော့သည်။ သူအနည်းငယ် အလုပ်ရှုပ်သွားသည်။

အိတ်ကြီး ထဲမှ အိတ်ကလေး ကိုထုတ်။ အိတ်ကလေး ထဲက ပိုက်ဆံအိတ် ကိုထပ်ထုတ်။ ပိုက်ဆံအိတ် ထဲမှသွားရမည့်၊ နေရမည့် နေရာ၏ လိပ်စာကဒ် ကိုထုတ်။ အား- ဟုတ်သည်။ ရန်နန် အပါတ်မင့်။ အိုကေ လား၊ အိုကေ ပေါ့။ ဘယ်နား ရောက်နေပြီ မှန်းတော့ မသိ။ သူပြန်ပြောတာ ကိုခေါင်းတညိတ်ညိတ် လုပ်ပြနေပုံ ကိုထောက်၍ ကားဆရာ သိသည်ဟု ပဲ စိတ်ချ ထားလိုက်သည်။ အတွေး ရေယာဉ်ကြောထဲ ပြန်မျော သွားပြန်သည်။

ကြီးကြီး ကျယ်ကျယ် ဖြစ်ချင် လွန်းလွန် လွန်း၍ နတ်ဘုရားတွေ၊ နတ်မိမယ် တွေ၊ နတ်သူငယ်တွေ၊ နတ် ဘိုးဘွားတွေ ပျော်ကြသည့် ပြိုင်စံရှား မြို့ တော် မဟာ ဟုနာမည်ပေးခဲ့၊ ကင်ပွန်းတပ်ခဲ့သော်လည်း ဘန်ကောက် ဆိုသော စကားက ရှေးဦးပိုင်း လူစွန့်စား ခရီးသည်များနှင့် ကုန်သည် တို့၏ ကျေးဇူးကြောင့် ကမ္ဘာသုံး ဝေါဟာရ မှာတွင်ကျယ်ခဲ့ပြီ မို့ အစားထိုး၍ မရနိုင် ကြရှာတော့။ Krung Thep (ထိုင်းအသံထွက်- ကုန်းမ်ထေ့) သည်ဘယ်လိုမှ မူလ လက်ဟောင်း ဇီးပင်စု ခေါ် ဘန်ကောက်၏ အမည်နာမ ဂုဏ်သတင်းကို မလွှမ်းနိုင်ပဲ ကြာလေလေ၊ ဘန်ကောက် အမည်က တွင်လေလေ ဖြစ်လာ၏။ ဘန်ကောက်ဆိုသော စကားလုံးက ၀တ်ကျောင်းသံ။ မောင်းသံ၊ အလွန်ထူးဆန်း လှသော မသာ ယာလှသည့် နားငြီး စရာ အသံပေါင်းစုံ ရောပြွှမ်း ပြည့်ညှက် နေသည့် ဤမြေ အတွက် အလွန်လျှော်ကန် သင့်မြတ် လှသောကြောင့်ပင်။ ခေတ်ဦး စာဆိုကြီး နိုဝယ် ကိုးဝဒ် ၏ လူသိ များလှသည့်-

ဘန်ကောက်မှာ

ဆယ့်နှစ် နာရီ ကျတော့

သူတို့ ပါးစပ်က

အမြှပ် တစီစီနဲ့

ပြေးလွှား နေကြ–

ဆိုသော တေးသွားကို ကုန်းမ်ထေ့မှာ ဆယ့်နှစ်နာရီ ကျတော့ ဟု ဘယ်သူမှ ပြင်ဆင် ပြီးဆိုကြည့် ဖို့ရာ လည်းစိတ်ကူး မရှိ ကြပါ။ ဒီလိုနဲ့ပဲ အရပ်သုံး အမည် ဘန်ကောက် ကား မင်းစိုး ရာဇာသုံး ကုန်းမ်ထေ့ အမည် ကိုဒိုင်ပွဲရပ် ဖြင့် တဖက်သတ် အနိုင်ယူ လိုက်တော့၏။ ထိုင်းတို့၏ မြို့ တော် ဘန်ကောက် သို့မဟုတ် ဇီးပင်စု။

တစ်ခုတော့ မှန်သွားပါသည်။ ကုန်းမ်ထေ့ အမည် မတွင်ခဲ့ပေမဲ့ ၂၀ ရာစု အစောပိုင်းမှ စ၍ ဘန်ကောက်သည် အာရှ တိုက်၏ အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်သည့် Sex Industry ၏ ဗဟိုချက်မ အဖြစ် အနှိပ်ခန်း၊ ရေချိုးခန်း၊ ကာမ ခန်း၊ တဏှာခန်း များ အကြီး အကျယ် ဖွံ့ဖြိုး လာသောကြောင့် နတ်ဘုရားများ ပျော်မပျော်တော့ မသိ၊ နတ်မိမယ် တို့ ပျော်စံရာ ဖြစ်သည်ကတော့ မြေကြီး လက်ခတ် မလွဲ သေချာလှသည် မဟုတ်လော ဇီးပင်စုမှ နတ်မိမယ် အပေါင်းတို့။

ကားဆရာ သည်လမ်းကျဉ်း လမ်းမြှောင် လေးများ အတွင်း ကွေ့ကာ ၀ိုက်ကာ မောင်းနေ၏။ သူကလည်း နောက်ခန်းမှ ယိမ်းကာ ငိုက်ကာ လိုက်နေ၏။ မောင်းချင် ရာမောင်း။ ရောက်ချင် ရာရောက်။ အချိန်တန် တော့ရပ်လိမ့် မပေါ့။ တကယ်ပဲ ခဏ နေတော့ အလွန် မတန် ကျဉ်းမြောင်းသော၊ ကားတစ်စီး ၀င်သာရုံ လမ်းပိန် လေးတစ်ခု ထဲဝင်ပြီး ထိုလမ်း အလယ် လောက်မှာ ရှိသော ခြံဝင်းကြီး တစ်ခု အတွင်း ငြိမ့်ကနဲ ထိုးရပ် လိုက်သည်။

သူကားပြင် ထွက်လိုက်၏။ အထပ်မြင့် အဆောက် အဦးကြီး နှစ်ခု ကျောချင်းကပ်။ ဖင်ချင်းပေါက် တည်ဆောက်ထား သည့် ခြံဝင်းကြီး။ သူနေရမည့် ရန်နန် အိမ်ယာ ဆိုတာ ဒါပဲ နေမှာပေါ့။ ကားဆရာ က အထုပ်တွေ ချပေးနေသည်။ ပြီးတော့ ဘောက်ချာ စာရွက် တစ်ရွက် ထိုးပေးပြီး အောက်နား တစ်နေရာ ကိုလက်ညှိုး ထိုးပြ နေ၏။ ပြောဦးလေ၊ အင်္ဂလိပ်လို၊ ဒါကျတော့ ဒင်းမပြောတတ် တော့။ သို့သော် သူနားလည်၏။ ကျသင့်ငွေ ကိုသက်ဆိုင်ရာ အဖွဲ့ အစည်းထံ ပြန်လည် တောင်းခံရန် သူ့ကို လက်မှတ် ထိုးခိုင်းခြင်း ဖြစ်သည်။ လက်မှတ် ထိုးပေးပြီးတော့ သူ့ကို နှုတ်ဆက် သည့်အနေ ဖြင့် လက်အုပ်ချီပြန်သည်။ ဒီတစ်ခါ တော့ ဖြည်းဖြည်းလေးလေး နှင့် ပီပီ သသကြီး နှုတ်ဆက်ပြန်သည်။ ဆ၀ါဒီး—–ခပ်။

သြော်–ဒီလိုလား။ ဒါကြောင့် လေဆိပ်တုန်းက ငါပြန်ပြောတော့ တစ်မျိုးတော့ တစ်မျိုးပဲ လို့ထင်သား။ သူတွေးရင်း ရယ်ချင် စိတ်ကို ထိန်းမရ။ ထိုင်းတို့၏ နာမည်ကျော် ပီယ ၀ါစာ နှုတ်ဆက် စကား ဆ၀ါဒီးခပ် ကို သူ ထင်သလို ခ၀ါဒီးရှပ် ဟုကြိတ်ပစ်ခဲ့သည့် အတွက် ကားဆရာက မကျေပွဲ နွဲခြင်းဖြစ်သည်။ တခါတုန်းက အဝေးပြေးကား တစ်စီးပေါ်မှာ သူနှင့် ဆုံတွေ့ဖူးသည့် အနောက်တိုင်းသား မျက်နှာဖြူ ကသူ့ကို “ဖင် ဂ လာ ဘာ” လို့ နှုတ်ဆက် သွားသည် ကိုလည်း သတိ ရမိသည်။ ကဲ–ကဲ– ဆ၀ါဒီး ခပ်ပါသတဲ့ ခင်ဗျာ။

သင့်လူ

Advertisement

One Comment (+add yours?)

  1. mtd
    Nov 10, 2008 @ 22:16:08

    mee mee lai sat war dee khat par naw
    lar lai twar par tal naw

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

September 2008
M T W T F S S
« Aug   Oct »
1234567
891011121314
15161718192021
22232425262728
2930  
Follow

Get every new post delivered to your Inbox.