That's Our Bamar (27)
10 Sep 2008 Leave a Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ထဲက မြန်မာ ပြည်သား (၂၇)
ကျောက်စာ ထဲက ပုဂံ (၉)
က္လစွာ (၁၂၃၅- ၁၂၄၉ အေဒီ)
နရ သိင်္ဃ ဥစ္စနာ လွန်ပြီး နောက် သူ့သားများ ဖြစ်ကြတဲ့ သိင်္ဃ ပတိ နဲ့ တျြာဖျာ (အမိ ပုရှာ စ၀် နဲ့ရ)၊ ဥစ္စနာ (၃) (သ္ခိင် ဖွါစ၀် နဲ့ရ) တို့ မင်းမဖြစ်ကြပဲ ညီတော် က္လစွာ က ကြားကဖောက်လို့ ဘုရင် ဖြစ်လာပါတယ်။ ဘုရင့်သား ဘုရင် ဖြစ်ခဲ့ ကြ တဲ့ အစဉ် အလာ ကြီးကို ဖောက်ပြီး ညီ ကဘာ့ကြောင့် မင်းဖြစ် ရသလဲ ဆိုတာ ကိုဘယ်သူ မှ အသေအချာ မသိနိုင်ပါ။ ဖြစ်နိုင်တာတွေ ကတော့ အများကြီးပေါ့။ က္လစွာ ဟာ ငယ်ငယ်လေး ကတည်းက အဖေ ဖြစ်သူ နာတောင်မျာ ကို ပုန်ကန် ထကြွဖူးသူ မို့ ဇ တော့ မသေးလှဘူး။ ဦးရီးတော် များဖြစ်ကြတဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ တို့က သူ့ဖက်က နေကြတယ် လို့ထင်ရတယ်။ သိင်္ဃ ပတိ၊ တျြာဖျာ နဲ့ ဥစ္စနာ (၃) တို့ ဟာ သိပ်ငယ်လွန်းလှလို့ က္လစွာ က ရင်ခွင်ပိုက် ဘုရင် (Regent) လုပ်ရတာ လားလို့လည်း တွေးစရာ ရှိတယ်။ သို့သော် အဲသလို ဖြစ်ခဲ့ မယ်ဆိုရင် ရင်ခွင်ပိုက် ဘုရင် သက်တမ်း ကလည်း ၁၅ နှစ်ကြီးများတောင် ဆိုတော့ တဆိတ် လွန်လွန်း နေသလား လို့။ က္လစွာ သေပြန်တော့လည်း သားတော် ကြီးနှစ်ပါး ထီးမွေ မရပဲ ဖွားစော သား ဥစ္စနာ (၃) က ဘုရင် တက်ဖြစ် တာကိုး။
က္လစွာ မင်းဖြစ်တဲ့ နေ့က မှတ်မှတ် ရရ ၁၉ ဇူလိုင် ၁၂၃၅ ခုနှစ် ဖြစ်ပါတယ်။ ငါမိကိုဝ်ကာ ငါမသိလိုက် လို့ က္လစွာမင်း ရွှေတောင်တက် ကျောက်စာ မှာ ရေးထိုးခဲ့ ပုံ အရ သူငယ်စဉ်ကတည်းက မိခင် သေဆုံးလို့ မယ်တော် ဘယ်သူ မှန်း သူကိုယ်တိုင် တောင် မသိဘူး လို့ ယူဆ ရမယ်။
သူမင်း ဖြစ်တာကို မကျေနပ် လို့ သူပုန်ထကြ သေးတယ်။ ဒီအကြောင်း မင်းနန်သူ၊ မင်းဝိုင်းကျောင်း က ဖွားစော ကျောက်စာ မှာ အခုလို တွေ့ရတယ်။
သကရစ် ၅၉၈ ခု။ ကြတိုက်နှစ် မ္လယ်တာလဆန် ငါရျက် တနှင်ကနုယ်နိယ်။ သိရိ ပဎနာ ပ္လစ်သရှဝ် အစ်ကိုဝ် သိင်္ဃ ပိကြံ ပ္လစ်ပါဧအ်။ အတိုင် သ္ခိင်စ၀်ကြီ ကွန်ပြောက်ငယ် နှိုက် နိယ်တ၀်မူသော သိင်္ဃ ပိကြံ မယာ မိန်ဧအ်။ အတိုဝ်ကျွန်လင် ပုကမ်သာ။ နိယ်ရ စိယ်လသိယ်။ ငါကျွန်။ လယ်။ ဥယန်ကာ သ္ခိင် ယူစိယ် ခ္လျင်ဟု မိန်ဧအ်။ မိန်တ၀်မူ ပိယ်ရကာ ပုကံ နိယ် ရဧအ်။—- ဤသိင်္ဃ ပိကြံ လင်မယာ ငါကိုဝ်ပိယ်သော။ လယ်။ကျွန်။ ဥယန်ကာ။ အဖွာရင် အကုန် စာလင်ဟု။ မိန်တ၀်မူ ဧအ်။
စ၀်ကြီ ခေါ် က္လစွာ မင်းဟာ ၁၂၃၆ ခုနှစ် ဇွန် (၈) ရက် နေ့မှာ ကွန်ပြောက်ငယ် မှာရှိနေတုန်း သူ့ကို သိရိ ပဎနာ နဲ့ အတူ သူပုန်ထ ပြီး အရေး နိမ့်လို့ ထွက်ပြေးနေရတဲ့ သိင်္ဃ ပိကြံ ရဲ့ မယား ရောက်လာတယ်။ ပုဂံ ကိုပြန်လာ နေပါရစေ။ သူပိုင် တဲ့ လယ်၊ မြေ၊ ဥယျာဉ်၊ ကျွန် အားလုံး သိမ်းပါ လို့ ကမ်းလှမ်းတော့ က္လစွာ ကအကုန် သိမ်းယူလိုက်ပြီး သူ့ အဖွား ဖြစ်တဲ့ မိဖုရား ဖွားစော ကိုပေးလိုက်သတဲ့။ ဖွားစော က မင်းနန်သူ၊ မင်းဝိုင်းကျောင်း ကိုလှူလိုက်ပြီး ကျောက်စာထွင်းထားတာ ဖြစ်တယ်။
၁၂၃၇ ဒီဇင်ဘာ (၈) ရက်နေ့ မှာ ထွင်းတဲ့ မဟာ သမန်းလင်မယား ကျောက်စာ မှာလည်း က္လစွာ ကို ထူးထူး ဆန်းဆန်း ဘုန်းကြီး နှစ်ပါး က ပုန်ကန် ပုံ ကိုအခုလို ရေးတယ်။
ကြာင်သင်တိုဝ် မ္လစ်သရှဝ် မမိယ် မလျင် စိယ်မူရုယ် မင်ကြီကိုဝ် မဟာ သမန် ပန်ပိယ် ရုယ်လွတ်ရတာ နက္ကဗိုလ် ရှိယ်ရှယ် ကြောင် သိင်္ဃာ ရန္ဓိပ် ဘုမ္မဗိုလ် တန်ဆိုဝ်ပိယ်သော အညာဓိ ပေသျင် အရပ် ပန်ပုယ် အင်လက် အကြာနှိုက် လယ် ၁၅၀၀……………….။
နဂါးဗိုလ် အရှေ့ ရွှေကျောင်း က ဘုန်းကြီး ရန္ဓိပ် နဲ့ ဘုမ္မဗိုလ် တို့ က္လစွာ မင်းကို သူပုန်ထကြတဲ့ အခါ မဟာ သမန် အမတ် ကြီး က ခွင့်လွတ် ဖို့လျှောက်ထား မေတ္တာရပ်ခံ တယ်။ က္လစွာ ဟာ အမတ်ကြီး ရဲ့ မေတ္တာရပ်ခံချက် အတိုင်း ဘုန်းကြီး သူပုန် တွေကို အရေးမယူ ခဲ့ပေမဲ့ အပေးအယူ အနေနဲ့ ဘုန်းကြီးများ ပိုင်တဲ့ တပယင်းနယ် ပန်ပုယ် အင်း တစ်ဝိုက် က လယ် ပယ် ၁၅၀၀ (ဧက ပေါင်း ၂၆၂၅) ကို အာမခံ တောင်းလို့ ပေးလိုက်ရ သတဲ့။ ဒီလယ်တွေထဲက အချို့ ကို ကြားပွဲစား ကြီး မဟာသမန် ကိုစွန့်ကြဲ ပုံရတယ်။ မဟာ သမန်က အချို့ လယ်တွေ ကို ဓိပေသျှင် လယ်တွင် ၁၀၀ ပုရှာတျြာ အစချီ ကျောက်စာထိုး ပြီး ပြန်လှူသေးတယ်။
ဒီလို သူပုန် သူကန် တွေတခြိမ်းခြိမ်း နဲ့ နန်းတက်စမှာ ရန်များခဲ့ပေမဲ့ က္လစွာမင်းဟာ သာသနာ သန့်စင်ရေး။ အုပ်ချုပ်ရေး နဲ့ နိုင်ငံ အေးချမ်းသာယာ ရေးကို အင်မတန် လိုလားခဲ့တဲ့ အုပ်ချုပ်သူ ကောင်း တစ်ယောက် ဆိုတာကို ကျောက်စာ တွေက သက်သေခံပါတယ်။
က္လစွာ လက်ထက် သာသနာရေး ပြုပြင်ပြောင်းလဲ ဖို့ ကြိုးစားပုံများ
က္လစွာ လက်ထက်မှာ အရင် ပုဂံမင်း အဆက်ဆက်က သာသနာ အတွက်၊ ကျောင်း၊ ဘုရား အတွက် လှူခဲ့တဲ့ မြေ တွေ တရားလွန် များနေပြီ ဆိုတာကို တွေ့တယ် ထင်ပါတယ်။ တနိုင်ငံ လုံး ရဲ့ တစ်ဝက် လောက်ရှိတဲ့ ကျောင်းဘုရား လယ်မြေ တနည်းအားဖြင့် သာသနာ့မြေ ဟာ သဒ္ဒါလို့ လှူတဲ့ သူတွေ လှူခဲ့ကြပေမဲ့ ဒီသာသနာ့မြေ တွေက နေ အခွန်အခ မရ ပါ။ Taxation ဟာနိုင်ငံ တစ်နိုင်ငံ ရဲ့  Financial sustainability အတွက် အသက်သွေးကြောမို့ ဒီအခွန် ကိုပဲ အားပြုနေရတဲ့ နိုင်ငံ တစ်ခုမှာ အခွန် အခ ပြည့်ပြည့်၀၀ မရတာလောက် ဆိုးတဲ့ ပြဿနာ ရှိပါ့ဦး မလား။ ဒါကို က္လစွာ ကောင်းကောင်း စဉ်းစားမိ ပုံရတယ်။ မင်းဖြစ်ပြီးပြီးချင်း မဟာဒါန် မြေတွေကို သိမ်းယူ လိုက်တယ် လို့ ဇေယျသွတ် ဘုရားကျောက်စာ မှာ ဒီလို တွေ့တယ်။
သကရစ် ၅၉၇ ခု။ အာသိန်နှစ်။ နံကာလဆန် ၄ ရျက် (19 July 1235) ကြသပတိယ်နိယ်အာ။ မင်ကြီသာ မင်က္လစွာ ရှုယ်တောင် တက်ရုယ်။ အကြီယ် အညာနှိုက်တေ မဟာဒါန်မ္လိယ် ခပ်သိမ် ယူလတ်တေ………….။
မင်းဖြစ်တဲ့ နေ့မှာပဲ သာသနာ့မြေ သိမ်းတော့ ဘုန်းကြီးတွေနဲ့ က္လစွာ ဟာ ကမ္ဘာ့ရန် မဖြစ်ယုံ တမယ်ပါပဲ။ ဒါကြောင့် လည်း သူ့ကြည့်မရတဲ့ ဘုန်းကြီး အချို့ ဟာ လက်နက်စွဲကိုင်ပြီး သူပုန်ထ တဲ့အထိ ဖြစ်ကုန်တာပေါ့။ မြေသိမ်းတဲ့ ကိစ္စနဲ့ ပါတ်သက် လို့ အကျယ် အကျယ် မငြိမ်းဖွယ် ဖြစ်လာတဲ့ က္လစွာနဲ့ ဇေယျသွတ် တောကျောင်းဘုန်းကြီး တွေကြားက ပြဿနာ ဟာ မိုးမီးလောင်လုနီး ဖြစ်လာပါတယ်။ သာသနာ တော်ဖက်က ဘုန်းကြီးတွေက ဒီလို မလုပ်သင့်ဖူး။ မူလ လှူတဲ့ ကျောင်းဘုရား ဟာကာလကြာလို့ ပျက်စီး သွားရင် ပိုင်ရှင်မဲ့ ဆိုပြီး မင်းက သိမ်းယူလို့ မရဘူး။ သာသနာ တည်သရွေ့  ကျောင်းဘုရားမြေ မှာ ပိုင်ရှင် မရှိဘူးလို့ မပြောသာပါ လို့ ဘုရားကို မြေပိုင်ရှင်ကြီး လုပ်ပြီး ကန့်ကွက် ကြပါတယ်။ က္လစွာ ဟာ ဘုန်းကြီးတွေ ရဲ့ ကန့်ကွက်ချက်ကို မထေမဲ့မြင် မပြုပါ။ ဒီတင်ပြချက် မှန်၊ မမှန် စစ်ဆေးဖို့ ခုံရုံး အဖွဲ့  ဖွဲ့ပေးပါတယ်။ အဲဒီ ခုံအဖွဲ့ကို နာတောင်မျာ လက်ထက်က ၀ဋံ သိကာ မိဖုရား ရဲ့ သားတော်ကြီး တွေဖြစ်တဲ့ ရာဇ သူရ နဲ့ ဂင်္ဂါ သူရ တို့က ဦးဆောင်တယ်။ စစ်ဆေးကြတော့ ခုံအဖွဲ့ က ရဟန်းသံဃာ တွေရဲ့ တင်ပြချက် မှန်တယ် လို့ ဆုံးဖြတ်ပါတယ်။ ဒါကိုလည်း က္လစွာမင်း က ဗီတို သုံးပြီး ပယ်ချ လို့ရပါလျှက်နဲ့ မပယ်ပါဘူး။ သူစောစော ကသိမ်းခဲ့တဲ့ မြေ တွေကို သာသနာ ကိုပြန်လှူ ပါတယ် လို့ ရေစက်ချ ပြီး လှူလိုက် ပါတယ်။ မဟာ သမန် ကျောက်စာ မှာ မင်ကြီ က္လစွာ လှူ အကြီ ပိယ်သောခါ ဟုရာ ပုံနာ တိုဝ်ရသော မဟာဒါန် လယ် ၁၀၀ လို့တွေ့ရတဲ့ အတွက် သာသနာ မြေ တွေကို ပြန်လှူယုံ မက ဗြဟ္မဏ ပုဏ္ဏား တွေကိုတောင် မြေပယ် ၁၀၀ (၁၇၅ ဧက) အဆစ် လှူလိုက်ရပါသေးတယ်။
၁၂၃၇ နဲ့ ၁၂၄၈ အတွင်းမှာ မင်းဆရာ၊ မဟာထေရ် သုဘူတိစန္ဒ နဲ့ ဓမ္မ သီရိ ဘုန်းတော်ကြီး နှစ်ပါး ကို ပိဋက စာပေ ကျမ်းဂန် များစုဆောင်းဖို့ သီရိ လင်္ကာ သို့စေလွှတ်ပါတယ်။ သီရိ လင်္ကာ ရဲ့ ထေရ ၀ါဒ ကျောထောက်နောက်ခံ ယူပြီး ၀ိနည်းတော် နဲ့ အညီ သာသနာ သန့်စင်ရေး ကိစ္စ ကိုဆောင်ရွက် ဖို့ က္လစွာမင်း စတင်ကြိုးပမ်းခြင်း လို့ယူချင်ပါတယ်။
က္လစွာ လက်ထက် အုပ်ချုပ်ရေး နှင့် နိုင်ငံ ငြိမ်းချမ်းရေး အတွက် ပြုပြင်ပြောင်းလဲ ဖို့ ကြိုးစားပုံများ
က္လစွာ မင်း နတ်ရွာစံ ခါနီး ၁၂၄၉ ခုနှစ် မေလ (၆) ရက်စွဲ ပါ အမိန့်တော် ကျောက်စာ (၁၁) တိုင်ရှိခဲ့ ပါတယ်။ အိမ်ခြေ ငါးဆယ် ရှိတဲ့ ရွာ ပေါင်း (၄၄၄) ရွာမှာ စိုက်ထူဖို့ အစီ အစဉ် ရှိခဲ့တဲ့ စာကြောင်းရေ ရှေ့  (၄၉) ကြောင်း၊ နောက် (၄၈) ကြောင်း ပါရှိတဲ့ ဒီကျောက်စာ မှာ ခိုးဆိုး သောင်းကျန်း သူများကို အင်မတန် သနား ဂရုဏာ ရှိတော် မူသော မင်းကြီးက မလုပ်ချင်ပေမဲ့ ပြစ်မှု ထင်ရှားခဲ့ရင် ဒီလို အပြစ်ပေးရ လိမ့်မယ် လို့ စကားချီး ရေးပြီးတော့ အင်္ဂုတ္တရ နိကာယ နဲ့ မိလိန္ဒ ပညှာ ကျမ်းတွေထဲက အင်မတန် ရက်စက်တဲ့ အပြစ်ပေးနည်း ပေါင်းစုံ ကို ရေးထည့် ထားခဲ့တယ်။ တကယ် အပြစ်ပေးလို တဲ့ သဘောတော့ ရှိဟန် မတူဘူး။ ချောက်လှန့်ရင် ကြောက်လန့်ပြီး ရာဇ၀တ်မှု နည်းသွား မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်မယ်။ ဒါကို ကြည့်ခြင်း အားဖြင့်-
- ပုဂံ နိုင်ငံတော် မှာ အဲဒီ အချိန်က စာရိတ္တ သိပ်ပျက်စီး ယိုယွင်း နေပြီ လို့ သော်လည်းကောင်း
- ရှင်ဘုရင် ကိုယ်တိုင် ပြည်ရွာ ပြန်လည် ထွန်းကား စည်ပင်ဖို့ ကြိုးစား ဆောင်ရွက် နေတယ် လို့သော် လည်းကောင်း- ယူလို့ ရမယ် ထင်တယ်။
ဒီအမိန့်တော် တွေ ရေးထိုး စိုက်ထူ တဲ့ ကျောက်စာ တွေ မပြီးခင်မှာပဲ က္လစွာ နတ်ရွာ စံပါတယ်။ လူတွေကို အပြစ် မလုပ် ကြဖို့ ချောက်ကြည့်ပေမဲ့ ချောက်ယုံ နဲ့ ကြောက်တတ် ကြတဲ့ သူတွေ မဟုတ်ဘူး ဆိုတာ ကို သိမသွားရှာပဲ နတ်ရွာလား သွားတာ ပဲ က္လစွာ အတွက် ကံကောင်းတယ် လို့ဆိုရမယ်။ သူ့နောက်တက် လာတဲ့ ဥစ္စနာ (၃) လက်ထက်မှာ ဒီကိစ္စ ကို ဘာမှ ဆက်မလုပ်တော့တဲ့ အတွက် ကြောင့် က္လစွာ ကြိုးစားခဲ့တဲ့ ပြုပြင် ပြောင်းလဲရေး တွေဟာ က္လစွာ နဲ့ အတူ ရေစုန် မျော သွားခဲ့ ရပြီး နောက် အနှစ် သုံးဆယ်အကြာ မွန်ဂို တို့ရဲ့  ဓါးသွားတွေ အောက်မှာ ခုခံအားမရှိ တဲ့ ပုဂံကို တွေ့မြင် ရတော့တယ်။
References
Epigraphia Barmanica Vol. I, II and III
Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.
သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။
သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။
သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

Recent Comments