That's Our Bamar (29)
19 Sep 2008 1 Comment
in သမိုင်း, သမိုင်းထဲက မြန်မာပြည်သား
သမိုင်း ထဲက မြန်မာ ပြည်သား (၂၉)
ကျောက်စာ ထဲက ပုဂံ (၁၁)
တရုတ်ပ္လိယ် (၁၂၅၆- ၁၂၈၇ အေဒီ)
ဥစ္စနာ မင်းဟာ တလ ကိုအသွား ဟိုမှာပဲ ခြွေရံ သင်းပင်း နဲ့ တကွ လုပ်ကြံခံလိုက် ရချိန်မှာ တလ ကိုပါသွား ပေမဲ့ ထူးထူး ဆန်းဆန်း သေမြေကြီး မဖြစ်ခဲ့ပဲ ရှင်ရွှေထီး ဘ၀ ကို တရုတ်ပ္လိယ် ရောက်သွားပါတယ်။ အကုန်လုံး သေတယ်။ သူပဲ မသေ ဆိုတော့ ခမည်းတော်မင်း ကို သူပဲ တီးထည့်လိုက်သလား သံသယ ပွားစရာပါ။ မင်းဖြစ်ပြီးမှ ပုဂံ ကိုပြန်လာတဲ့ တရုတ်ပ္လိယ် နဲ့ သေသွားရှာတဲ့ ဥစ္စနာ တို့ကြားမှာ မင်ယန် ဆိုတဲ့ ခေတ်ဟောင်း ဖောင်ကားစား မောင်မောင် မင်းတစ်ပါး ရှိသေးတာ ကိုဖြည့်ပြော ရဦးမယ်။
မင်ယန် က ဥစ္စနာ ရဲ့ သားကြီး၊ ခမည်းတော် တလ သွားတုန်း သူ့ကို နန်းစောင့်ထားခဲ့ပုံ ရတယ်။ ဥစ္စနာ သေပြီ ကြားတော့ မင်ယန် ကို မင်းအဖြစ် ဆက်ခံ ဖို့ ပုဂံ နန်းတွင်းက ကြိုးစားတယ် ထင်တယ်။ မင်းအဖြစ် ဆက်ခံပြီး ဘာမှ မကြာ လိုက်ပဲ တရုတ်ပ္လိယ် ပုဂံ ပြန်မရောက်ခင် ဆုံးပါး သွားတယ် ဆိုတော့ ဘယ်နည်းနဲ့ မှသွေးရိုး သားရိုး မဟုတ်နိုင်ပါ။ လုပ်ကြံ ခံရတာ သာဖြစ်မယ်။ မင်ယန် မရှိမှ တလ က တရုတ်ပ္လိယ် ဟာ မင်းအဖြစ် ပုဂံ နန်းတွင်း ကို ခပ်တည်တည် ပြန်ဝင် ခဲ့တာ ပါ။ ဒါကိုပဲ ခေတ်ဟောင်းရာဇ၀င် ကျမ်းတွေမှာ အမတ်ကြီး ရာဇသင်္ကြန် က သူ့သြဇာ ခိုင်မြဲဖို့ မင်းသားကြီး သီဟသူ (မင်ယန် ?) ကို နန်းမတင်ပဲ နရ သီဟ ပတေ့ (တရုတ်ပ္လိယ်) ကိုနန်းတင်လို့ မင်းဖြစ်လာ သလိုလို ရေးကြပါတယ်။ (ဘုရင်ညံ့ သုံးပါး ပထမ ပိုင်းမှာ ပါပြီး) တကယ်တော့ အဲသလို မဟုတ်ဖို့ လမ်းများ ပါတယ်။ သို့သော် မင်ယန် ဟာ royal blood စစ်စစ်၊ တရုတ်ပ္လိယ် ကတော့ သာမန် မိန်းမ နဲ့ မင်း ပေါင်းဖက် ရာက မွေးလာတဲ့ half blood၊ ၁၂၆၇ မေ ၆ ရက်နေ့မှာ ရေးထိုးတဲ့ ကျောက်စာ တစ်ခု အရ-
- မင်ယန် ရဲ့ နို့ထိန်း အမေ အိုပေါင်သင် အမွေပေးခဲ့တဲ့ မြေတွေကို သူ့ သမီး တျြာမွန် ရဲ့ မယားက ကျောင်းဘုရား ကိုလှူတဲ့ အတွက် ထိုးထားတဲ့ ကျောက်စာ ဖြစ်တယ်။
- မင်ယန် ဟာ အိုပေါင်သင် ကို ထီးမိုးပြီး အဆောင် အယောင် သုံးခွင့်ပြုတယ်။
- မင်ယန် ကို ဆက်ခံသူ ကို မင်စည်သု လို့ရေးထိုးတယ်။ အဲဒါ တရုတ်ပ္လိယ် ပေါ့။
- တရုတ်ပ္လိယ် နဲ့ မင်ယန် ဟာ နို့စို့ဘက်၊ အသက်သိပ်မကွာပါ။
- မင်ယန် နန်းသက် နှစ်လ သာ ခံခဲ့တယ်။
- တရုတ်ပ္လိယ် က ဥစ္စနာ ကိုဆက်ခံ တာမဟုတ်၊ မင်ယန် ကိုဆက်ခံတာသာ ဖြစ်တယ်။
ဒီအချက်တွေကြောင့် ရာဇ သင်္ကြန် သီဟသူ ကိုဖမ်းပြီး နရ သီဟ ပတေ့ ကိုနန်းတင်တဲ့ ဇာတ်လမ်း မဟုတ်ဖူး လို့ပဲ ပြောရ ပါမယ်။
၂၄ မေ ၁၂၅၆ မှာ တရုတ်ပ္လိယ် မင်း ပုဂံ ပြန်ရောက်ပြီ လို့ အတိ အကျ ပြောနိုင်ပါတယ်။ ကွန်ပြောက်ကြီး မှာ စံနေတုန်း သူ့ယောက္ခမ သရိယ် က ဥစ္စနာ သိမ်းယူခဲ့တဲ့ သာသနာ့မြေ တွေကိစ္စ ရှင်းပါလို့ တိုက်တွန်းလို့ ရတနာ သုံပါသော မ္လိယ်ကာ ငါမ္လိယ် သိုဝ် ဆံခြည် တတန်လျှင် အ၀င် စိယ် လို့ ပြောပြီး သိမ်းထားတဲ့ သာသနာ့မြေတွေ အကုန် ပြန်လှူတဲ့ အပြင် နောက်ထပ် တောင် ထပ်လှူလိုက်သေးတယ်။
တရုတ်ပ္လိယ် နန်းတက် လာတဲ့ အခါ တစ်သက်လုံး မရတော့ဘူး ထင်ထားတဲ့ ထီးနန်း ကိုရလို့ ၀မ်းသာလုံး ဆို့ပုံ ရပါတယ်။ ဘိသိက် ပွဲမှာ ရဟန်း သံဃာ တွေကို မြေ အလှူကြီး ပေးရုံ မျှ မက ထိလိုင်မင် မရှိတဲ့နောက် မျက်နှာငယ် ရှာတဲ့ ဟိန္ဒူ ဗြဟ္မဏ ပုဏ္ဏားတွေ ကိုလည်း မြေလှူတယ်လို့ သိရတယ်။ လှူတဲ့ မြေ တွေ၊ ကျွန်တွေ ကို အခုခေတ် register လုပ်သလို တံဆိပ်ခတ် ပြီး မော်ကွန်းစာရင်း တင်တာတွေ လည်းလုပ်တယ်။ သူများထက် ထူးတဲ့ သဘောပေါ့။ ကျွန်တွေကို တာဝန် အတိ အကျ ပေးတယ်။ ဒါတွေကတော့-
- အရိယာ သံဃာတော်တွေ အတွက် ခြေဆေးရေ၊ လက်ဆေးရေ၊ ချိုးရေ၊ သောက်ရေ၊ ခပ်ပေးရမယ်။
- ကျောင်းဘုရား တင်ဖို့ ဆွမ်းချက် ရမယ်။
- ကျောင်းဘုရား ၀န်းကျင် တံမြက်လှည်းရမယ်။ အမှိုက်ရှင်းရမယ်၊ အမှိုက် ကျုံး ရမယ်တဲ့။
တရုတ်ပ္လိယ်ကို နရ သီဟ ပတေ့ လို့လူသိများတယ်။ စေတီ တစ်ဆူ တည်ပြီး ပန်ပွတ်ပုတိုဝ်တာဝ် ဒါယကာ လို့လည်း ခေါ်သေး တယ်။ သူ့ရဲ့ ခန့်ညား ကြီးကျယ်လှတဲ့ ဘွဲ့တော် ကိုပြတဲ့ ကျောက်စာ တစ်ခုလည်း ရှိသေးတယ်။
။ ၀ ။ နုမော သဗ္ဗ ဗုဒ္ဓါနံ။ ။ သကရာဇာ ၆၂၇ ခု၊ စယ်သံ စစ္ဆိရ်နှစ်။ ပ္လသိုဝ် လပ္လည် (22 December 1265) ပုတ္တ ပူနိယ် အာ။ အသရိယ် ဟိယ် သော ပုရှာ တျြာ သင်္ဃာ ရတနာ သုံပါ သနှိုက်။ ရိုဝ်သိယ်မ္လတ်စွာသော။ စိုဝ်သာ မင်သာ အမတ်ကျာ ဗိုလ်ပါ ဆင်ဖ္လူ စသော ရတနာ ခုနှစ်ပါ သ္ခိင် ဖ္လစ်သော က္လန် ၄ က္လန်ထွန်သော နိယ်က်သိုဝ် အဟိန်ဇင် အရောင် အ၀ါ တောက်ပ စွာသော အသရိယ် ဟိသော။ သြိတြိ ဘုဝနာ ဒိတျ ပ၀ရ ဓမ္မရာဇာ မည်သော။ တျြာမင် ဆိုပဲ။
ဒီလို ကြီးကျယ် အောင်ရှာကြံရေးသား တာကလွဲလို့ တခြား ဘာဂုဏ် သတင်း၊ ဘာ အရည် အချင်းမှ မရှိတဲ့ တရုတ်ပ္လိယ် ဟာ ပုဂံ ခေတ်ကို အဆုံးသတ် ပေးတာတော့ သေချာပါတယ်။ သူ့လက်ထက် ပုဂံပျက်လောက်အောင် ကြီးကျယ်တဲ့ အရေးတော်ပုံ ဖြစ်ခဲ့တာကို ကျောက်စာ အမှတ် အသားနဲ့ တရုတ်မှတ်တမ်း တွေက ပြဆိုတဲ့ အတွက် ပြည့်ပြည့်စုံစုံ သိခွင့်ရ ကြပါတယ်။
References
Epigraphia Barmanica Vol. I, II and III
Than Tun Dr (1955) “History of Burma A.D. 1000-1300” BBHC, I, I, 39-57 and Rangoon University Annual Magazine.
သန်းထွန်း၊ ဒေါက်တာ၊ ပုဂံ ခေတ် နိုင်ငံရေး သမိုင်း။
သန်းထွန်း၊ ဒေါက်တာ၊ အသစ်မြင် မြန်မာ့ သမိုင်း။
သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာ ရာဇ၀င်။

Sep 22, 2008 @ 23:40:36
ဇာတ်သိမ်းပိုင်းလေးစောင့်ဖတ်နေ၏။ ပြီးရင်သမိုင်းတွေမရေးနဲ့ တော့ဆရာ..။ အနာဂတ်
လေးဘာလေးရေးပါဦး။ ကျေးဇူးရှင်တွေဖတ်စရာ။ အချိန်ရှိရင်ပြောပါတယ်။