Transplant
01 Oct 2008 5 Comments
in ကျန်းမာရေး, အက်ဆေး
ဆူဆန်ဝှီးလား၊ ဟာစရီးပါးနှင့် ရောင်းရန်ရှိသော အရာများ
ရော်ဘင်ကွတ်၊ ကိုမာ၊ ဆူဆန်ဝှီးလား
ကမ္ဘာကျော် စာရေး ဆရာ ရော်ဘင်ကွတ်၏ နာမည်ကျော် ကိုမာဝတ္ထုကို ဖတ်ဖူး ကြလိမ့်မည်။ နတ်နွယ်က တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ဖြင့် မြန်မာဘာသာ ပြန်ဆို ခဲ့ရာ မူရင်းမှာ ဘတ်စ်ဆဲလား ဝတ္ထု တစ်ပုဒ် ဖြစ်သည့် အားလျှော်စွာ မြန်မာ စာပေ လောက၌လည်း အောင်မြင် ကျော်ကြားသည့် ဘာသာပြန် ဝတ္ထု တစ်ပုဒ် ဖြစ်ခဲ့သည်။
ချောမော လှပပြီး ဥာဏ်ရည် ထက်မြက်သော ဆေးကျောင်းသူ တစ်ဦး ဖြစ်သည့် ဆူဆန်ဝှီးလားကို ဇာတ်ကောင် ဖန်တီးပြီး ဆေးရုံတွင် ကိုမာခေါ် ဦးနှောက် သေဆုံး၍ ကာလကြာရှည် မေ့မြော နေသော နာတာရှည် လူနာများ ထံမှ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဖြတ်တောက် ရောင်းဝယ်သည့် မှောင်ခို ဈေးကွက်ကြီး အကြောင်းကို ကြက်သီး ထဖွယ်၊ ရင်သိမ့်တုန် အက်ရှင် များများဖြင့် သွက်သွက် ရေးထားသဖြင့် ဖတ်ကောင်း၏။ ရုပ်ရှင် ရိုက်တော့လည်း အောင်မြင်မှု ရခဲ့သည်။
ဖတ်ကောင်းခြင်းထက် ဤဝတ္ထုမှ တွေးစရာ အတွေးတွေ တပုံတခေါင်း ရခဲ့သည်။ ဝတ္ထု စသည်သည့် ၁၉၇၀ ကျော် ကာလများ ဆီက အမေရိကန် နိုင်ငံတွင် ဆေးပညာ ထွန်းကားမှု အခြေအနေကို ရိပ်ဖမ်း သံဖမ်း သိခွင့် ရ၏။ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ခွဲစိတ် ကုသမှုများကို ထိုအချိန် ကတည်းက အမေရိကန်တွင် လက်မလည်အောင် လုပ်နေ ကြပြီ။ ဤကား ခေတ်သစ် ဆေးပညာ၏ အောင်မြင်မှု သမိုင်းမှတ်တိုင် ဆိုသည်ကို ငြင်းမရစကောင်း။ လက်ကမ်း ကြိုဆိုချင်စရာ အားထုတ် ကြိုးပမ်းမှုလည်း ဖြစ်၏။ များစွာသော လူသားတို့ကို သေအံ့မူးမူး ဝေဒနာမှ၊ ကူကယ်ရာမဲ့ အခြေအနေမှ ရှင်ပြန် ထမြောက် လာစေပြီး ကျန်းမာ ချမ်းသာသော လူသားဘဝကို ဒင်းပြည့် ကျပ်ပြည့် ပြန်လည် ရောက်ရှိ စေနိုင်သည့် ပညာရပ်သည် နတ်လူ သာဓု ခေါ်စရာ မဟုတ်လော။
မျှော်လင့်ချက် ဟူသည် လူသား၏ ရှင်သန်မှု လိုအင်များ ထဲတွင် အားကောင်း ပြင်းထန်မှု အရှိဆုံးအရာ ဖြစ်သည့် အတွက် ကိုယ်အင်္ဂါ အစားထိုးခြင်း ဆိုင်ရာ ခွဲစိတ် ပညာရပ် အပေါ်တွင် အစွမ်း ရှိသည်ထက် ပိုမို၍ မျှော်လင့် လာကြသည်ကို အပြစ် မြင်စရာ မရှိပါချေ။ သို့သော်…..
ဒေါမနစ်လာပီရေး၊ သုခမြို့တော်၊ ဟာစရီပါး
ပြင်သစ် စာရေးဆရာမ ဒေါမနစ်လာပီရေးကို ကြားဖူး ကြမည်။ မြသန်းတင့်၏ ကျေးဇူးကြောင့် သူ့ လက်ရာများ ထဲမှ နာမည် ကျော်ကြား လှသော သုခမြို့တော်နှင့် အချစ်မိုးကောင်းကင် တို့ကို စာသမားတိုင်းလိုလို ဖတ်ဖူး ကြိုက်ဖူးကြမည် ထင်သည်။ သုခမြို့တော်ကား ကလကတ္တားကို အခြေပြု၍ ပိုလန်သား ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး တစ်ပါးနှင့် အရှေ့ကမ္ဘာကို ရင်ခုန် လှိုက်မောဖွယ် အရာဟု ထင်မှတ်မှား ရောက်ရှိ လာသော အမေရိကန် ဆရာဝန်ကလေး တို့၏ အိန္ဒိယ နင်းပြားတွေ အပေါ် ထားရှိသည့် ဂရုဏာ တရားများနှင့် အံ့မခန်း ကိုယ်ကျိုးစွန့် ကယ်တင်မှုများ အကြောင်း ဖြစ်၏။ ထုံးစံအတိုင်း အနောက် ကမ္ဘာခြင်းက တခဲနက် ချီးကျူး ဂုဏ်ပြုမှုကို ခံရပြီး အရေးခံရသည့် ကာယကံရှင် အိန္ဒိယ ကတော့ စိတ်ဆိုး ဒေါသ ထွက်ကြသည်။ ရုပ်ရှင် အဖြစ် ဟောလီးဝုဒ် မင်းသား ပက်ထရစ် ဆွာဇီ ဖြင့် ရိုက်ကူးရာ ပိုလန် ဘုန်းတော်ကြီး နှင့် အမေရိကန် ဆရာဝန် ဇာတ်ရုပ် နှစ်ခုကို တပေါင်းတည်း လုပ်၍ ဝိတ်လျှော့ ရိုက်ကူး ခဲ့သော်လည်း အောင်မြင် ခဲ့သည်။
လာပီရေး၏ အရေးအသားကို သတင်းစာ သမား၊ ဂျာနယ်လစ် အရေးအသားဟု စာပေ ပညာရှင် များ ပြောစမှတ် ပြုကြ၏။ ထို အရေးအသား ပုံစံဖြင့် သုခမြို့တော်ကို စာဖတ်သူ တို့၏ ရင်ထဲ နင့်နေအောင် သူ တိုးဝင် လှုပ်ရှား စေသည် ကတော့ အမှန်ပင်။ မြသန်းတင့် သည်လည်း ဝါရင့် ဘာသာပြန် ဆရာကြီး ပီပီ လာပီရေး၏ လေကို ထိထိ မိမိ ပြန်ဆို နိုင်ခဲ့သည်။ သုခမြို့တော်၏ အသက်သည် လန်ချားသမား ဟာစရီးပါး ဟု ဆိုလျှင် မမှား။ အမွဲတကာ့ ထွဋ်ခေါင် တို့၏ ဘိုးအေ၊ ဖွတ်ကျားကျောမွဲ ဟာစရီပါး တောရွာတွင် လုပ်ကိုင် စားသောက်ရင်း သရောကြီး ခိုင်းသဖြင့် မြို့ကြီးမဟာ ကလကတ္တားကို မျှော်လင့်ချက် တစ်ခွဲသားဖြင့် ဇနီးမယား၊ သမီးသား တို့ကို ခေါ်ဆောင် ယူငင်လာပြီး ကိုယ်စွမ်း ရှိသမျှ လုပ်ကိုင် စားသောက် ပါသော်လည်း လှေလှော်ရင်း တက်ကျိုး ခဲ့ရသည့် ဟာစရီပါး ၊ လန်ချားကို ဆွဲ မာန်ကို ခဲ၍ အားကြိုး မာန်တက် အလုပ်လုပ် ပါသော်လည်း ခါးလှဖို့ မပြောနှင့် ဝမ်းဝဖို့ပင် အာမ,မခံနိုင်သည့် အတွက် လုပ်မိ လုပ်ရာ လုပ်ရင်း ပွဲစား တို့၏ အကူအညီဖြင့် သွေးရောင်း ရသည့် ဘဝရောက်၊ မကြာခဏ ရောင်းပါ များ၍ သွေးထဲတွင် ဟေမိုဂလိုဘင်ဓာတ် မပြည့်သောအခါ အကျပ်ရိုက် ခဲ့ရရှာ၊ နောက်ဆုံး သမီး မင်္ဂလာကြေး အတွက် သတို့သမီး ဖက်က တင်တောင်း ရသည့် အလွန် ထူးဆန်းသည့် ယဉ်ကျေးမှု ဓလေ့ ထုံးစံဟု ဆိုသော အရာကြီး အတွက် အိမ်ပြန် လာတိုင်း စားစရာ တစ်စုံတစ်ရာ ကို တောင့်တ မျှော်လင့်စွာ ကြည့်ရှု နေကြသည့် မိသားစု၏ အကြည့် များအတွက်၊ အဆုတ် တီဘီ ရောဂါ စွဲကပ် နှိပ်စက် မှုကြောင့် ဝေဒနာ အပြည့် ခန္ဓာကိုယ်အား မသေမီ ကတည်းက ပွဲစားလက်သို့ အပ်ကာ အရိုး ရောင်းစား လိုက်ရ ရှာသော လူ့ အောက်တန်းစား ဟာစရီပါး ။
ရှင် အဂ္ဂသမာဓိ၏ ငရဲခန်းလည်း ခြောက်လွန်းသည်၊ ဘုံခန်းလည်း မြောက်လွန်းသည် ဟု အပြော ခံရသော အရေးအသား ကဲ့သို့ တက်ထောင် မောင်းနင်း ရေးထားသော သုခမြို့တော် သည် အချို့ကိစ္စ တွေမှာ ပိုလွန်း သော်လည်း အသက် ဆက်လက် ရှင်သန်ရင်တည်း ဟူသော မျှော်လင့်ချက် တစ်ခု အတွက် ခန္ဓာကိုယ် အစိတ်အပိုင်း ကိုပင် ရောင်းချ စားသောက် ရသော ဒုက္ခ လောကသားများ၊ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းဝယ် ဖောက်ကားရေး လုပ်ငန်းကြီးနှင့် ပွဲစားမျာ အကြောင်းကား အိန္ဒိယ အောက်ခြေ လူတန်းစား များ၏ ယနေ့ ဘဝ သရုပ်သကန် အမှန်ကို ပီပြင်စွာ ဖွဲ့ဆို ထားခြင်း ဖြစ်သည်။
ဘယ်သူနေလို့ ဘယ်သူ သေပါ့မယ်
လူဆိုသည် ကလည်း မည်သို့ပင် ဆိုစေ ကာမူ မိမိကိုယ် မိမိသာ အချစ်ဆုံး သတ္တဝါ တစ်မျိုး ဖြစ်၏။ ကိုယ့်အသက်ထက် ပိုပြီး ဘာကိုမှ တန်ဖိုး မထားတတ်ကြ။ ထို့ကြောင့်လည်း အသက် ရှင်သန်ရန် မျှော်လင့်ချက်ကလေး ရှိလာသည်နှင့် ထို မျှော်လင့်ချက်ကို အကောင်အထည် ဖော်ရန် ကြိုးပမ်း ကြစမြဲ။
ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသမှု နည်းပညာရပ် ထွန်းကား အောင်မြင် လာသည်နှင့် အမျှ လူ့ အသက်ကို ပိုမို ကယ်တင်နိုင်စွမ်း ရှိလာ၏။ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မရှိမဖြစ် ကုသရေး လုပ်ငန်း တစ်ရပ် ဖြစ်လာ၏။ သက်တမ်းကို ဆွဲဆန့် နိုင်လာ၏။ ဘဝ၏ အရည်အသွေးများ တိုးတက် ကောင်းမွန် လာ၏။ ခံစား နေရသော ရောဂါ ဝေဒနာတို့ ပျောက်ကင်း သက်သာရာ ရကုန်၏။
ထိုသို့ ဖြစ်လာသော အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသရန် လိုသူများစွာ ပေါ်ပေါက် လာတော့သည်။ မျှော်လင့်ချက် မဲ့နေစဉ်က ဘဝသည် နေချင်စရာ မကောင်း သော်လည်း မျှော်လင့်ချက်တွေ တဝေဝေနှင့် ဘဝကား ရင်ခုန် လှိုက်မောဖွယ် မဟုတ်လော။ ထို မျှော်လင့်ချက် များကား အဆမတန် များပြား ဝေစည် လာသောအခါ-
၂၀၀၃ ခုနှစ် အတွင်း UNOS (United Network for Organ Sharing) အဖွဲ့၏ စာရင်း ဇယားများ အရ အမေရိကန် တစ်နိုင်ငံ တည်းတွင် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ခွဲစိတ် ကုသမှု ခံယူရန် စောင့်ဆိုင်း နေကြသော ဝေဒနာရှင်ပေါင်း ၈၀၆၀၂ ဦး ရှိခဲ့ပြီး ၎င်းတို့ အနက် ၆၃၈၆ ဦးမှာ အစားထိုးရန် ပစ္စည်း မရရှိခင် မှာပင် ဝေဒနာ ဖိစီး၍ ကွယ်လွန် ခဲ့ကြသည်။
ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးခြင်း ဟူသည် မော်တော်ကား ကာဗရိုက်တာ လဲခြင်း မဟုတ်သည့် အတွက် လဲလှယ်ရန် သင့်တော်သည့် အစိတ်အပိုင်းကို ဘယ်နည်း နှင့်မှ အလွယ်တကူ ရှာဖွေ ရရှိနိုင်စရာ အကြောင်း မရှိပါ။ မိမိ လိုအပ်သော ကလီစာနှင့် ရရှိ နိုင်သော ကလီစာ တို့ ကိုက်ညီခြင်း ရှိ မရှိ စမ်သပ် ရသော HLA typing စမ်းသပ်မှုကိုက ရှုပ်ထွေး ခက်ခဲသလို ကုန်ကျစရိတ်လည်း များပြား လှသည်။ ထို့ကြောင့် ရောဂါ ဖြစ်တာချင်း အတူတူ ငွေကုန် ကြေးကျ ခံနိုင်သူက ကုသမှု ခံယူ ရပြီးငွေမရှိလျှင်တော့ “ခုခေတ်တွင် ခုကာလ၊ ငွေစတဲ့ ရှေ့ဆောင်၊ မွဲရင်ဖြင့် လူ့ဘောင်မှာ၊ ခွေးတောင်မှ မလေး ” ကိန်း ဆိုက်မည်ကား မြေကြီး လက်ခတ် မလွဲ ပါချေ။
ထို့ကြောင့် အစားထိုး အင်္ဂါ ရနိုင်ခြင်းနှင့် ငွေကြေး တတ်နိုင်ခြင်းသည် တိုက်ရိုက် နီးပါး အချိုးကျ နေပြီး လက်ထဲရှိ ငွေစ အရေအတွက်က ဘယ်သူ နေပြီး ဘယ်သူ သေဖို့ ဆုံးဖြတ် ပေးနေသည်မှာ မတရားလွန်းလှ သော်လည်း လက်တွေ့ ကျသော အမှန်တရားမို့ သင်တို့ကရော ဘာများ တတ်နိုင် ကြဦးမည်နည်း။
ရောင်းရန်ရှိသောအရာများ
ကောင်းပါပြီ။ တောင်းမရလျှင် ရောင်းချ၍ ရနေသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း များနှင့် ၎င်းတို့၏ ပိုင်ရှင် လူမွဲများ မြောက်များစွာ ရှိနေပါသည်။ တစ်နည်းအားဖြင့် ပထမ ကမ္ဘာ၏ လိုအပ်ချက်ကို တတိယ ကမ္ဘာမှ ဖြည့်ဆည်း ပေးရသည့် သဘော။ သူဌေး၊ သူကြွယ် တို့၏ အသက်ကို ကယ်ဖို့ ဆင်းရဲသား တို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဖြုတ်ရောင်း နေရသည့် သဘော ဆောင်လာ၏။ ရောင်းသူက ဘယ်လိုပင် ရောင်းသော်လည်း သတင်း အချက်အလက် တစ်ဖက် စောင်းနင်း နိုင်မှု၊ ပညာအခံ နုံနဲ့မှု တို့ကြောင့် ဈေးကောင်း မရကြရှာ။ ဝယ်လိုအားက ရောင်းလိုအားထက် အဆမတန် များပြားပြီး ပစ္စည်း ပြတ်လပ် ရှားပါးမှုများ ပေါ်ပေါက် လာသည်။ လူကို သတ်၍ ပစ္စည်း မယူပဲ ကလီစာ ယူသည့် ကိစ္စ များအထိ ဖြစ်လာသည့် အတွက် ၁၉၈၄ ခုနှစ်တွင် အမေရိကန် အစိုးရက အမျိုးသား ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးမှု ဥပဒေ ထုတ်ပြန်ပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်းချခြင်းကို တားမြစ် ပိတ်ပင် ခဲ့ရသည် အထိ အရေးပါလာ ခဲ့သည်။ (သွေး၊ ဆံပင်နှင့် သုတ် ကိုတော့ ရောင်းချ နိုင်သည်တဲ့၊ ကုန်ကူးရန် စုဆောင်း ထားရ မည်လား?)
အစားထိုးမည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း များကို လှူဒါန်းခြင်းမှ အပ ရောင်းဝယ် ဖောက်ကားခြင်း ခွင့်မပြု ဆိုတော့ အမေရိကားလို material နိုင်ငံကြီးမှာ ကိုယ့်ကလီစာ ဖြုတ်လှူပြီး ပီတိကိုစား အားရှိမယ့် လူမျိုးကို ရှာဖွေဖို့ ဆိုသည်မှာ လမိုက်ည သန်းခေါင်ယံ အချိန်တွင် မဟူရာ ကျောက်ရိုင်းတုံး ရှာရကဲ့သို့ ဖြစ်ချိမ့်မည်။ ဒီလိုနှင့် ပွဲစား အဖွဲ့ကြီး ပေါ်ပေါက် လာသည်။ matchingdonar.com သည် HLA typing အမျိုးအစားတူ အလှူဒါယကာ များနှင့် အလှူခံ ပုဂ္ဂိုလ်တို့ အကြား ညှိနှိုင်းခ လစဥကြေး ဒေါ်လာ ၃၀၀ ပေးရသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ အလားတူ OPO (Organ Procurement Organization) ဆိုသည် ကလည်း အစားထိုးရန် အစိတ်အပိုင်းကို သက်ရှိ အလှူရှင် ထံမှ သော်လည်းကောင်း၊ သက်မဲ့ အလှူရှင် ထံမှ သော် လည်းကောင်း၊ ရရှိအောင် ဆောင်ရွက် ပေးခြင်း၊ အစားထိုး ခွဲစိတ် ကုသမှု ပြုလုပ်မည့် ဆေးရုံသို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ အချိန်မှီ ပို့ဆောင် ပေးခြင်း တို့ကို တရားဝင် ဝန်ဆောင်ခ ရယူ ပြုလုပ် နေသော ပွဲစား အဖွဲ့ပင်။ တရားဝင် ရောင်းချခြင်းကို တားမြစ် ထားသည့် အတွက် ထုံးစံအတိုင်း မှောင်ခို ဈေးကွက် ပေါ်ပေါက် လာပြီး အဆမတန် ဈေးကြီးပေး ဝယ်ကြ ရသည်။ ဤသို့ဖြင့် အမေရိကန် နိုင်ငံ၌ လူ့ အစိတ်အပိုင်း ပွဲစားများ၊ ကျိတ်ဝိုင်းများ၊ မှောင်ခို ရောင်းဝယ်မှုများ ပေါ်ပေါက် လာရ တော့သည်။
ထို အခြေအနေသည် လက်မခံ နိုင်စရာ ဖြစ်သည့် အားလျှော်စွာ အစိုးရ၏ မရောင်းရ၊ လှူချင်လှူ ပေါ်လစီမှာ အားနည်းချက်တွေ ရှိနေပြီ ဟု ပညာရှင် အများ ဝေဖန် သုံးသပ် ခဲ့ကြသည်။ ပြေလည်ရာ ပြေလည်ကြောင်း အဖြေ ရှာဖွေ ကြသည်။ ဆေးပညာရှင်များ အနေဖြင့် ဤ ပြဿနာ၏ အဖြေကို ရှာဖွေ နိုင်စွမ်း ရှိပါမည်လား။ ဆေးပညာရှင်မှာ Provider သာ ဖြစ်သောကြောင့် ဤ ပြဿနာကို ဖြေရှင်းရန် တာဝန် မရှိလှပါ။ ထို့ကြောင့်ပင် ထို ဗြဟ္မာ့ ဦးခေါင်းကြီးသည် ဘောဂဗေဒ သောတုဇနများ၏ လက်တွင်းသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာ ခဲ့သည်။
ဖြစ်စဉ် တစ်ခုလုံးကို အနုလုံ ပဋိလုံ သုံးသပ် ကြပြီးနောက် ဖြေရှင်းချက် (၇)ချက်ကို ကိုဘောဂတို့ ထုတ်ပြန် လိုက်ကြ၏။
- ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်မှုကို တရားဝင် ရောင်းဝယ် ဖောက်ကားခြင်း မပြုရ။ သို့သော် လှူဒါန်း ထားသော အင်္ဂါ အစိတ်အပိုင်း တို့ကို ဈေးပြိုင် စနစ်ဖြင့် ဝယ်ယူ ရမည်။
- ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်မှုကို ရောင်းသူနှင့် ဝယ်သူတို့ စိတ်ကြိုက် အရောင်းအဝယ် ပြုနိုင်ရန် ဈေးကွက် ဖွင့်ပေး လိုက်မည်။
- ကိုယ်အင်္ဂါ အစိတ်အပိုင်း များကို သဘောရှိ ရောင်းချခွင့် ပြုမည်။ သို့သော် အဖွဲ့အစည်း တစ်ခုက (အစိုးရ) ကသာ ဝယ်ယူ၍ လိုအပ် နေသူများ (အလိုအပ်ဆုံး သူများကို ဦးစားပေးကာ) ကို ပြန်လည် ရောင်းချ ပေးမည်။
- ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်မှုကို တရားဝင် ရောင်းဝယ် ဖောက်ကားခြင်း မပြုရ။ လှူဒါန်းသူများကို (လှူဒါန်းခြင်း ကို တုံ့ပြန်သော အားဖြင့်) တရားဝင် အခွန် ကင်းလွတ်ခွင့် ပြုမည်။
- ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်မှုကို တရားဝင် ရောင်းဝယ် ဖောက်ကားခြင်း မပြုရ။ မိသားစုအတွင်း ကိုယ်အင်္ဂါ အစားထိုးရမည့် သူ အတွက် အစားထိုး ရမည့် အစိတ်အပိုင်းကို ကျန် မိသားစုဝင်များမှ လှူဒါန်း နိုင်သည်။ အကယ်၍ မိသားစုဝင်များနှင့် အစားထိုး ခံရမည့် လူနာ၏ အစိတ်အပိုင်းတို့ Match မဖြစ်လျှင် တစ်ခုပေး တစ်ခုယူ စနစ်ဖြင့် မိသားစုဝင်များမှ မိမိ အစိတ်အပိုင်းကို အခြားသို့ လှူဒါန်းပြီး Match ဖြစ်သော အင်္ဂါ အစိတ်အပိုင်းကို ပြန်လည် ရယူ နိုင်သည်။
- ကိုယ်အင်္ဂါ အစိတ်အပိုင် လှူဒါန်း သူများကို သင့်တော်သည့် ချီးမြှင့်ငွေကို အစိုးရမှ ချီးမြှင့်ပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်မှုကို တရားဝင် ရောင်းဝယ် ဖောက်ကားခွင့် ပြုမည်။ အလိုရှိသူများ ဈေးကွက်မှ သတ်မှတ် ပေးသည့် ဈေးနှုန်းအတိုင်း အစိုးရ ထံမှ ဝယ်ယူ ရမည်။
- ကိုယ်အင်္ဂါ အစိတ်အပိုင်း ရောင်းဝယ်မှုကို တရားဝင် ရောင်းဝယ် ဖောက်ကားခြင်း မပြုရ။ အစိုးရက ရာရှင် စနစ်ဖြင့် ပေးမည်။ သို့သော် ပထမတစ်ကြိမ် အစားထိုး ကုသပြီး မအောင်မြင် ပါက နောက်တစ်ကြိမ် ထပ်မပေး။
ထို မဟာ ဖြေရှင်းချက်ကြီး ခုနစ်ချက်သည် အမေရိကန် တစ်နိုင်ငံလုံးကို ပွက်ပွက် ညံသွား စေသည်။ ကျေနပ် နှစ်သက် သူတွေနှင့် လက်မခံ နိုင်သူတွေ အကြား ခုထိ ဒုတ်ထမ်း၍ ငြင်းကြ ခုန်ကြဆဲ။
ဒီအချက်တွေကို စာရှုသူ သဘောတူပါသလား။ တကယ်လို့ ကျွန်တော်တို့ နိုင်ငံ မှာလည်း ဒီလို အစားထိုး ခွဲစိတ် ကုသမှုတွေ အများကြီး လုပ်လာပြီး အင်္ဂါ အစိတ်အပိုင်း ရှားပါးမှု ဖြစ်လာပြီ ဆိုရင် စာရှုသူ ဒီအချက်တွေထဲက ဘယ်အချက်ကို သုံးပြီး ဖြေရှင်း ချင်ပါသနည်း? အနည်းဆုံးတော့ ဦးနှောက် မုန်တိုင်း ဆင်ကြည့် ထားသင့်သည် မဟုတ်ပါလား။
uThant

Mar 07, 2009 @ 03:08:01
ဒီလို စာတွေဖတ်ရတော့ စိတ်ရဲ့လိုအပ်ချက် အရဟာရတစ်ခုကိုပြည့်စေတယ်၊(ကျန်းမာတယ် ဆိုတာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းကို ခေါ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတယ်လို့ ကြားဖူးတယ်) တွေးတောဖို့ အခွင့်အလမ်း အချက်အလက်တွေရတယ်၊ လူ့လောက အတွက် ဒီလိုစာပေ အတွေးအခေါ်တွေ အမှန်တကယ်လိုအပ်တယ် လို့ ယုံကြည်တယ်၊ ဒီဆောင်းပါးတစ်ခုတည်းကို ကွန်မန်း လုပ်တာမဟုတ်ဘူး။ ဒီဆိုက်ကို အားပေးတဲ့ အကြောင်း ပြောလိုတာဖြစ်ပါတယ်။
အားပေးလျက်
သာထွန်းအောင်
Mar 09, 2009 @ 19:55:20
ဗုဒ္ဓဘာသာဝင်တို့အနေနဲ့တော့ မွန်မြတ်သောအလှူဒါနအနေနနဲ့သာ ပေးလှူသူကလည်း ဘာကိုမှ မမျှော်မှန်းဘဲပေးလှူတတ်ကြသလို၊ အလှူခံထားသူကလည်း မိမိတတ်နိုင်သမျှ ပြန်လည်ကျေးဇူးတုန့်ပြန်ပြီး ၀မ်းမြောက်စွာ အသက်တစ်ချောင်းကယ်တင်သူကို သာဓုခေါ်ကြမှာလို့ယူဆပါတယ်. ဒါကလဲ လူတစ်ဦးနဲ့တဦး ဘာသာရေးနဲ့နောက်ခံအကြောင်းအရာတွေပေါ်မူတည်ပြီး အမြင်တွေ တူညီမှာမဟုတ်ပါဘူး. ဗုဒ္ဓဘာသာဝင်ပေမဲ့လည်း စီးပွားရေးရှုဒေါင့်က ကြည့်တတ်သူတွေလည်း ရှိနိုင်တာပါဘဲ.
Mar 09, 2009 @ 19:55:43
ဗုဒ္ဓဘာသာဝင်တို့အနေနဲ့တော့ မွန်မြတ်သောအလှူဒါနအနေနဲ့သာ ပေးလှူသူကလည်း ဘာကိုမှ မမျှော်မှန်းဘဲပေးလှူတတ်ကြသလို၊ အလှူခံထားသူကလည်း မိမိတတ်နိုင်သမျှ ပြန်လည်ကျေးဇူးတုန့်ပြန်ပြီး ၀မ်းမြောက်စွာ အသက်တစ်ချောင်းကယ်တင်သူကို သာဓုခေါ်ကြမှာလို့ယူဆပါတယ်. ဒါကလဲ လူတစ်ဦးနဲ့တဦး ဘာသာရေးနဲ့နောက်ခံအကြောင်းအရာတွေပေါ်မူတည်ပြီး အမြင်တွေ တူညီမှာမဟုတ်ပါဘူး. ဗုဒ္ဓဘာသာဝင်ပေမဲ့လည်း စီးပွားရေးရှုဒေါင့်က ကြည့်တတ်သူတွေလည်း ရှိနိုင်တာပါဘဲ.
May 13, 2010 @ 16:48:15
ကောင်းတာတော့ ကောင်းပါရဲ့ဗျာ ဒါပေမယ့် PDF File လေးတွေအဖြစ်လိုချင်မိတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲ နောက်ပြီး သုခမြို့တော် ပေါ့ အဓိကကတော့ ကျွန်တော် မြ၀တီဖက်ရောက်တုန်းက ဖတ်ဖြစ်တာပါ ပြန်ဖတ်ချင်လို့ သိတယ်မလား အပြင်မှာ ၀ယ်ဖတ်ရင်တော့ အလွယ်ရရင်ရမှာပေါ့ အွန်လိုင်းကနေရတာလေးကို ဖတ်တာပါလို့ပြောချင်လို့ ကျေးဇူးပါဗျာ
Oct 17, 2010 @ 11:20:13
I would choose option 2 because it gives freedom of choice to both donor and recipient alike.
There could be the donors ( in our country ) like Way-Than-Dara. Not all donors ( in our country ) will donate for money. So also, not all recipient could afford the cost.
But there must be an organization (e.g. government – providing that we are talking about the future ) which will control the deal by providing the essential information to both parties.
P.S ; I prefer to write in Burmese. But I couldn’t write in Burmese ( the key board lay out are very different. )