War and Communicable diseases
03 Oct 2008 Leave a Comment
in ကျန်းမာရေး, အက်ဆေး
စစ်တလင်းမှ ရှင်သေမင်းများ
စစ်၏အလွန်
နှစ်ဆယ့်တစ် ရာစု၏ အထင်ရှားဆုံး နှင့် အရမ်းကားဆုံး အီရက် စစ်ပွဲ ပြီးဆုံး သွားပြီ ဆိုသော်လည်း သန်းပေါင်း များစွာသော အိုးမဲ့ အိမ်မဲ့ အရပ်သား များသည် ပြန်လည် နာလံ မထူနိုင် လောက်အောင် ယိုယွင်း ပျက်စီး သွားသော ပြည်သူ့ ကျန်းမာရေး စနစ်ကြောင့် ကူးစက် ရောဂါများ ပျံ့နှံ့ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ကာကွယ်ဆေးထိုး စနစ်များ ယိုယွင်းခြင်း တို့၏ ဒဏ်ကို ခါးစည်း ခံ၍ ရှင်သေမင်းနှင့် စစ်ခင်း နေရဆဲပင်။
ရေကြည်တစ်ပေါက်
လေးသန်းမျှသော အိုးမဲ့ အိမ်မဲ့ အီရက် အရပ်သား တို့ကား စစ်ကြောင့် မသေ၊ ဝမ်းရောဂါကြောင့် သေမည့်ကိန်း ဆိုက်နေ၏။ စစ်အတွင်းက ပျက်စီး သွားခဲ့သော မြို့ပြ ရေပေးဝေမှု စနစ်များ ပြန်လည် တည်ဆောက်ရန် နှေးကွေး ဖင့်နွဲ့ နေသည့် အချိန်တွင် ဝမ်းရောဂါ ပိုးအမျိုးမျိုး တို့မှာ အီရက် ပြည်သူများ အတွက် နိစ္စဓူဝ တွေ့ကြုံ ရသော ကိစ္စ ဖြစ်လာ၏။ ကြွယ်ဝ သူများက ရေသယ်ကား များမှ ဈေးကြီး လှသော သောက်သုံးရေကို ဝယ်ယူ သုံးစွဲ နေကြ သော်လည်း အများစုမှာ ရေကြည် တစ်ပေါက် သောက်ရဖို့ အရေး စိတ်မအေး စရာ။
စစ်ပွဲနှင့် ဘေးဒုက္ခ ကပ်ကြီးများ၏ မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ဖြစ်သည့် ကာလ ဝမ်းရောဂါသည် အီရက်ကို ချန်မထား၊ ကာလ ဝမ်းကြောင့် အသေအပျောက်နှုန်း တစ် ရာခိုင်နှုန်း အောက်သာ ရှိသည်ဟု သတင်း ထုတ်ပြန် သော်လည်း ပဋိပက္ခ စနက်တံများ စုဝေးရာ ထိုအရပ်ဝယ် ထိုသတင်း အချက်အလက်ကို ကိုးစား နိုင်ရန် မဝံ့ရဲကြ။ အောက်ခြေ လူတန်းစားတို့ အကြား ကာလဝမ်း ရွက်ပုန်းသီး များက မနည်းမနော။
ပျောက်ဆုံးသွားသော အလင်းရောင်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ ရပ်ဆိုင်း၊ ချို့ယွင်း ကုန်သောကြောင့် သရဲ၊ သဘက်ကြီးများ ကဲ့သို့ မှောင်ထဲတွင် ငုတ်တုတ် ထိုင်နေ ကြသော အီရက် မြို့ကြီးများကို မြင်တွေ့ ရသည်မှာ စိတ်နှလုံး နောက်ကျိဖွယ် ကောင်းလှသည်။ ထိုထက် ဆိုးသည်မှာ လျှပ်စစ် မီး မရှိလျှင် ရပ်တည်၍ မရသော ကာကွယ်ဆေး အအေးလမ်းကြောင်း ထိန်းသိမ်းမှု စနစ် (Cold chain) ပျက်သုန်းခြင်းပင်။ အာနိသင် မရှိသည့် ကာကွယ်ဆေးများ ထိုးပြီး ဝက်သက် ရောဂါ ရသူ၊ ပိုလီယို ကျိန်စာ သင့်သူ ကလေးငယ်များက ဟောတစ်ယောက်၊ ဟော တစ်ယောက် ဖြစ်လာ၏။
လှော်ရင်း နစ်ကြသူများ
ဗုံးသံ တညံညံ ဖြစ်နေသော အီရက် မြို့ကြီး များတွင် ကပ်ရပ် နေကြ သူတို့ကား ပြေးစရာ မြေလည်း မရှိ၊ ပေးစရာ ငွေလည်း မရှိသည့် ကျောမွဲ အုပ်စုကြီး ဖြစ်၏။ သူဌေး၊ သူကြွယ် လူတန်းစား တို့ အစအနပင် ရှာ၍ မရသော ထိုမြေ တလင်းတွင် ကုပ်ကပ် နေထိုင်ရင်း ဗုံးနှင့် ရောဂါ ခေါင်းပန်း လှန်နေ ကြရသည်။ ဗုံးစာ မိ၍ ချက်ချင်း ကိစ္စ တုံးလျှင် တုံး၊ ရောဂါကြောင့် ကူကယ်ရာမဲ့ တမြေ့မြေ့ အသက်ဆုံးလျှင်လည်း ဆုံးကြ ရမည့် အခြေအနေပင်။ ဆရာဝန်၊ ဆရာမ များနှင့် ဆေးဝါး အစုံအလင် ရှိသည့် ဆေးရုံ၊ ဆေးခန်း ဆိုသည်က ထိုလူမွဲတို့ အဖို့ တစ်ခါက မက်ခဲ့ ဖူးသည့်ဝိုးတဝါး အိပ်မက် မျှသာ။
တောင်မင်းကိုမြောက်မင်းမကယ်နိုင်
အီရက်ရှိ ကျန်းမာရေး လုပ်သား များမှာ စစ်ပွဲ၏ အလွန် လူမျိုးစုများ၏ ပဋိပက္ခ အကြား ငထွား ခါးနာ နေကြ၏။ နေ့စဉ် ကြုံတွေ့ နေရသော ဆရာဝန် ပြန်ပေး ဆွဲမှု များကြောင့် ဆေးရုံသွား၊ အလုပ် လုပ်ဖို့ အရေးမှာ အန္တရာယ် ကြီးလွန်း လှသည်။ ပါးစပ်နှင့် နားကြပ်သာ ရှိသော အခြေအနေဝယ် လာသမျှ လူနာ များအား ဘယ်လိုမှ မတတ်နိုင်ဘဲ မှောင်ခိုဈေးမှ ဆေးဝယ်ရန် ဆေးညွှန်းစာ လောက်သာ အစွမ်းကုန် ပေးနိုင် သောကြောင့် ထိရောက်သော ကုသမှု ဆိုသည်က ရွှေပြည်တော် မျှော်တိုင်းဝေးနေ၏။
တစ်ခါကရွှေရောင်အိပ်မက်များ
၁၉၈၀ ကျော် နှစ်များဆီက အရှေ့အလယ်ပိုင်း၏ စံ ဖြစ်ခဲ့ဖူးသော လေးစား အားကျဖွယ် အီရက် ပြည်သူ့ ကျန်းမာရေး စနစ်မှာ အိမ်နီးချင်း အီရန်နှင့် ခြောက်နှစ် စစ်ပွဲ၊ ပထမ ပင်လယ်ကွေ့ စစ်ပွဲ၊ ရှစ်နှစ်တာ စီးပွားရေး ပိတ်ဆို့မှုနှင့် နောက်ဆုံး စစ်ပွဲကြီး အပြီး ဗုန်းဗုန်း မြေသို့ ကျတော့သည်။ ၂၀၀၄ ခုနှစ်တွင် သေဆုံးသော ကလေး သူငယ်များ၏ ၇၀ ရာခိုင်နှုန်းမှာ အလွယ်တကူ ကုသ၍ ရသော ဝမ်းလျှော ဝမ်းပျက် ရောဂါနှင့် လက်တလော အသက်ရှု လမ်းကြောင်း ပိုးဝင် ရောဂါတို့ကြောင့် ဖြစ်ရသည်မှာ ရင်နာဖွယ်ပင်။
တစ်နွယ်ငင်တစ်စင်ပါ
အီရက် ထိပ်တန်း ကျန်းမာရေး အရာရှိ တစ်ဦးက ၂၀၀၆ ခုနှစ်တွင် အီရက် ကလေးသူငယ် ၅၀ ရာခိုင်နှုန်းမျှ အာဟာရ မပြည့်ဝသည့် ဒဏ်ကို ခံစား နေကြ ရပြီး ကလေး ဆယ်ဦးတွင် တစ်ဦးမှာ ရောဂါ တစ်မျိုးမျိုး ဖြစ်ပွားလျက် ရှိသည်ဟု ဆိုသည်။ စီးပွားရေး ချွတ်ခြုံကျ မှုကြောင့် ခါတော်မှီ ပြည့်တန်ဆာ လုပ်ငန်းများနှင့် လူကုန်ကူးမှု များကလည်း နေရာ အနှံ့၊ ၂၀၀၃ မှ ၂၀၀၇ ခုနှစ် အတွင်း အီရက် အမျိုးသမီး ၃၅၀၀ ခန့်မှာ လိင်ကိစ္စ အတွက် အရောင်း ပစ္စည်းများ အဖြစ် အသုံးတော် ခံကြ ရရှာသည်။ လိင်မှ တဆင့် ကူးစက် တတ်သော ရောဂါများ၏ ပျံ့နှံ့ နှုန်းကို မမှန်းဆ ရဲလောက်အောင် ဖြစ်လာသည်။ ထိုမျှ မကသေး နှလုံး၊ သွေးတိုး၊ ဆီးချို ကဲ့သို့သော နာတာရှည် ဝေဒနာ သည်များအတွက် ဆေးဝါး မလုံလောက် မှုများ၊ မှောင်ခို ဈေးကွက် များလည်း ပေါ်ထွန်းလျှက် ရှိသည်။
မှတ်တမ်းမတင်နိုင်
အိုင်တီခေတ် ဖြစ်သည့် အားလျှော်စွာ စစ်ကြောင့် ဖြစ်သော အနိဌာရုံ များကို နေရာမလပ် မှတ်တမ်း တင်နိုင် ခဲ့ကြ၏။ ကျည်ဆန် သင့်သူများ၊ ဗုံးဒဏ်ကြောင့် ခြေ၊ လက် ပြတ်သူများကို ကြည့်၍ စုတ်တသပ်သပ်။ ပျက်စီး ခဲ့ရသော ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု၏ နောက်ဆက်တွဲ စာမျက်နှာ များနှင့် လူမှု အနိဌာရုံ များကတော့ ကင်မရာ မြင်ကွင်း အောက်တွင် မရှိ။ တိတ်တိတ် ဆိတ်ဆိတ်၊ တိုးတိုး သက်သာဖြင့်ပင် စစ်ဒဏ်သင့် လူထုအား သေမင်း လက်သို့ ပို့ဆောင် ပေးနေပြီကော။ ။
ရည်ညွန်း
Birch, M (2007) War and Communicable diseases- a deadly duo in Iraq. Health Alert No. 11, 2007. Pg 5-6

Recent Comments