500 days in Dvaravati (10)

ဒွါရာဝတီမှာရက်ငါးရာ (၁၀)

ဆမ်နန်း နှင့် ဆုံဆည်းရာ

အသံ တစ်သံ၊ စူးစူးရှရှ၊ ကျယ်ကျယ် လောင်လောင်၊ တော ဆင်ရိုင်းများ အော်ငြီး သံလိုလို၊ မီးသတ်ကား မှ ဥသြ ဆွဲ သံလိုလို၊ အဆက် မပြတ် မြည်နေသည့် အသံ။

ထိုအသံ တဖြည်းဖြည်း ကျယ်လောင် လာသည် နှင့် အမျှ ရှုပ်ထွေး နောက်ကျိ နေသော သူ့အာရုံ သည်လည်း ပီပြင် ကြည်မြ လာခဲ့၏။ မျက်စိ ကိုကြိုးစား ဖွင့်ကြည့် မိသည်။ ဘယ်ရောက် နေသည် ကို ရုတ်တရက် စဉ်းစား၍ မရ။ ခုတင် ဘေးမှ တယ်လီဖုန်း က အဆက် မပြတ် မြည်နေသည်ကိုး။

ဗုဒ္ဓ မြတ်စွာ– ဒီနေရာ ဒီဒေသ မှာ မည်သူ ကများ သူ့ကို တကူး တက ဖုန်းဆက် ပါသလဲ။ ကမန်း ကတန်း ကောက်ကိုင် လိုက်ရ၏။ သူ့အမည်ကို အတော် ကြိုးစားပမ်းစား မေးနေသော ယောင်္ကျားသံ တစ်သံ ကြားရ၏။ အသံရှင်က ကမ္ဘောဒီးယားမှ မဟာသိပ္ပံ ကျောင်းသား ဖြစ်ကြောင်း၊ ကျောင်းအကြောင်း၊ ဘာသာရပ် အကြောင်း ပြောပြ လို၍ ဆယ်ထပ် ရှိ၎င်း၏ အခန်းသို့ ကြွမြန်းခဲ့စေလိုကြောင်း တကူး တက ဖုန်းဖြင့် ဖိတ်ခေါ်ခြင်း။ ကျေးဇူးတင်စွာဖြင့် လာခဲ့ပါမည့် အကြောင်း ပြန်ပြောပြီး ဆယ်ထပ်သို့ ခပ်သုတ်သုတ် တက်သွားခဲ့ရသည်။

အသက် ငါးဆယ် နီးပါးခန့် ၀၀ပုပု ခန့်ခန့်ညားညား ပုဂ္ဂိုလ်ကြီး တစ်ဦး သူ့ကို အခန်းတံခါးဖွင့်ပြီး ကြိုဆိုနေ၏။ ဒေါက်တာ ဘမ်ဆမ်နန်းပါဟု ပြောဆိုမိတ်ဆက်သည်။ လောက၀တ်စကားများ အပြန်အလှန်ပြောကြားပြီးနောက် ဒေါက်တာ ဆမ်နန်း က ကမ္ဘောဒီးယား၏ ကလလ ရည်ကြည် သန္တေတည်စ ပြည်သူ့ ကျန်းမာရေး အာမခံ ဌာန ညွှန်ကြားရေးမှူး ဖြစ်ကြောင်း သိလာရသည်။ သူ့ရှေ့ တစ်နှစ်က ကျောင်းတက်နေသူ ဖြစ်သဖြင့် ယခု အခါ စာတွေ့သင်တန်းများ အားလုံး ပြီးစီး၍ ငါတွေ့ ကျမ်းပြုသည့် အဆင့်ကိုရောက်နေသည့် ပုဂ္ဂိုလ်ဖြစ်၏။ ဘွဲ့ရလုရခင် အခြေ အနေ။ အင်္ဂလိပ်စကား အတော်သွက်သွက်လက်လက် ပြောနိုင်သည်။ ခဏ နေတော့ ၄င်းအခန်းမှ ဖုန်းမြည်လာ၏။ ကောက်ကိုင်၍ တခပ်ခပ် ဖြင့် ဖုန်းပြောနေသည်။ ထိုင်းဘာသာဖြင့် ပြောနေခြင်း ဟုနားလည်ရ၏။ သူ့ကိုလည်း ထိုင်းလိုပြောတတ်ပြီလား ဟုမေးနေသေးသည်။ ဘယ့်နှယ် ပြောတတ်လိမ့်မတုန်း။ ထိုအခါ ထိုင်းလို ပြောတတ်ဖို့၊ ပြောတာနားလည်အောင် လေ့ကျင့် ထားဖို့လိုကြောင်း။ ၄င်းဆိုလျှင် တစ်နှစ်ကျော်အတွင်း အပြင်းအထန် သင်ကြားလေ့ကျင့် လိုက်၍ ယခု အခါ ကောင်းစွာ ပြောဆို နိုင်ပြီ ဖြစ်ကြောင်း။ နားမလည်ပါက ကျောက်စရစ်တော နွေခေါင်ခေါင်တွင် တောင်ပံကျိုးသော ကြိုးကြာ ကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း အားပါးတရ ပို့ချ တော့၏။ ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုးကြီး လည်း ယနေ့ကစ၍ မျက်စိ ကိုဖွင့်၊ နားကိုစွင့်၍ အပြင်း အထန် လေ့ကျင့် သင်ကြား ပါတော့မည် ဟု အာမ ဘန္တေခံလိုက်မှ ကျေနပ်သွားတော့သည်။ ဒေါက်တာ ဆမ်က သူတတ်သည်မှာ ထိုမျှ မကသေး။ ရုရှားဘာသာ၊ ဂျာမန် ဘာသာ၊ ပြင်သစ် ဘာသာ နှင့် မွန်ဂိုးလီး ယား ဘာသာ စကားတို့ကိုလည်း လူတန်းစေ့အောင် ပြောနိုင်သေးသည် တဲ့။ ကြက်တူရွေး လှောင်အိမ် ထဲများ မှားပြီး ၀င်လာမိ သလား မသိ။ ဒီလောက် ၀တဲ့ ကြက်တူရွေးတော့ မရှိတန်ရာ။

ပြောမည့်သာ ပြောနေသည်။ သူ့ အင်္ဂလိပ် စကားက အတော်ကြီး ပြူးပြဲ နားထောင်မှ ဆိုလိုသည်ကို ရိပ်ဖမ်းသံဖမ်း လောက် နားလည် နိုင်သည်။ ပြင်သစ် သြဇာ လွှမ်းမိုး ခဲ့ရာ ဒေသမှ လာသူမို့လား မသိ။ ကျောင်းကိစ္စ များပြော၏။ မာစတာ ဘွဲ့သင်တန်းမှာ မိုဂျူလာ (Modular) စနစ်ကိုကျင့်သုံး၍ အဓိက module ကြီးရှစ်ခု ကို တစ်ခု တစ်လ နှုန်းဖြင့် သင်ကြားပြီး အဆုံးတွင် စာမေးပွဲ အပြီး စစ်ခဲ့မည်ဖြစ်ကြောင်း။ ထို့ကြောင့် မိုဂျူးတစ်ခု စီအတွက် ကြိုတင်ပေးထားသော တေးဘယ်လ် တိုင်း (Table time) ကိုစေ့စေ့စပ်စပ်လေ့လာရမည် ဟုပြော၏။ ဘာလဲ တေးဘယ်လ်တိုင်း။ သြော်- Time table ကိုပြောနေခြင်းပဲ။ ဖြစ်မှ ဖြစ်ရလေ။ တေးဘယ်လ်တိုင်း ချင်းထပ်အောင် အားပါးတရ ပါးစုန့်ကြီး လှုပ်ကာ လှုပ်ကာ ပြော၏။ သို့သော်လည်း အရေးကြီး တကာ့ အရေးအကြီးဆုံး အရာမှာ သိုင့်ဆစ် ဆိုပဲ။ တေးဘယ်လ်တိုင်း ကိုနားလည် ကာစရှိသေး။ လာပြန်ပါပေါ့ သိုင့်ဆစ်တဲ့။ ဆိုလိုသည့် အဓိပ္ပါယ် ကိုသဘောပေါက်အောင် သူဦးနှောက် ကို အပြင်းအထန် အလုပ်ပေးနေတုန်း ဒီသိုင့်ဆစ် အတွက်သူ့မှာ ဘယ်လိုပင်ပန်းပြီး အိပ်မရတဲ့ ညတွေများလှပြီ ဖြစ်ကြောင်း ပြောပြော ဆိုဆို စာအုပ်ကြီး ထိုးပြမှပဲ သီးဆစ် (Thesis) ခေါ် မဟာဘွဲ့ယူ ကျမ်းကြီး ကိုရည်ညွှန်း နေမှန်း သဘောပေါက်ရ တော့သည်။ အမလေး၊ မောရပါလား ဒေါက်တာ ဆမ်။

ဆမ်နန်း၏ သိုင့်ဆစ် မှာ ကမ္ဘောဒီးယားတွင် မယူမနေရ ပြည်သူ့ ကျန်းမာရေး အာမခံ စနစ် တစ်ခု ဖန်တီးဖို့ အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုး များကို လွှမ်းမိုး ထားသော အချက်အလက် များကို statistical model တည်ဆောက်၍ လေ့လာခြင်း ဖြစ်သည်။ စိတ်ဝင်စားဖွယ်ပင်။ ထိုဘွဲ့ယူ ကျမ်းကြီး အတွက် ဒေတာ အချက်အလက် များကို ဖနွမ်းပင် ပြန်၍ ကောက်ယူရသည် ဟုဆို၏။ တစ်ပါတ် တစ်ခါ စနေ၊ တနင်္ဂနွေ ရောက်တိုင်း အဝေးပြေးကား Highway Express Bus ဖြင့် ပြန်ပါ သတဲ့။ သြော်- ဒီလိုပြန်လို့လဲ ရသကိုး။ ဘန်ကောက် နှင့် ဖနွမ်းပင် အိမ်နီးနားချင်းပေကိုး။ သူ့မှာတော့……

သူတွေးနေစဉ်မှာပင် ဒေါက်တာ ဆမ်နန်းက သူအကြားချင်ဆုံး စကားတစ်ခွန်းကို ပြောတော့၏။ မနက်ဖြန် သူသွားရမည့် ချူလာ လောင်ကွန် တက္ကသိုလ် ကိုလိုက်ပို့မည်တဲ့။ တကယ်တော့ သီးဆစ် ကျမ်းပြုကာလသည် သင်တန်း၏ နောက်ဆုံး semester ကာလ ဖြစ်သဖြင့် စာသင်စရာလည်း မလို၊ ကျောင်းသွားစရာ လည်းမလိုပါ။ သို့သော် မနက်ဖြန် ကျမ်းကြီးကြပ် သူနှင့် တွေ့ဆုံ စရာကိစ္စ ရှိသဖြင့် ကျောင်းသွားရမည် ဖြစ်သဖြင့် သူ့ကိုပါ တပါတည်း ကလေး ကျောင်းပို့ သလို ၀င်ပို့ ပေးမည့် သဘောဖြစ်၏။ မြန်မာနိုင်ငံ မှ သင်တန်းသားသစ် ယနေ့ ရောက်မည်ကို သင်တန်းတာဝန်ခံ က သိ သဖြင့် ရန်နန်းအိမ်ယာ တွင်နေထိုင်သော စီနီယာ ကျောင်းသားကြီး ဒေါက်တာဆမ်က စောင့်ရှောက်ပေးခြင်းပင်။ ကောင်းလှပါသည်။ ခုနက စတိုးဆိုင်တွင် ရေဘူးနှင့် သော့ခလောက် ဝင် ၀ယ်စဉ်က ဆိုင်ရှင် ထိုင်းမ အား ချူလာ လောင်ကွန် တက္ကသိုလ်ကို ဘယ်လို သွားရမည်လဲဟု မေးမိရာ တက်စီနှင့် သွားဟု ဖြေသဖြင့်စိတ်ညစ်ခဲ့ရပြီးပြီ။ ဈေးသည် ကို တက္ကသိုလ် အကြောင်းသွားမေးမိသည့် သူ့ကိုယ်သူ ပဲအပြစ်တင်ရမလို။

ဤသို့ဖြင့် ဆရာဆမ်နှင့် မနက်ဖြန် မနက် ခုနှစ်နာရီခွဲ တိတိတွင် မြေညီထပ် ဧည့်ခန်းတွင်တွေ့ကြရန် ချိန်းဆိုပြီး နှုတ်ဆက်ကာပြန်ခဲ့ရသည်။ မောင်မင်းကြီးသား ကျန်းမာပါစေ။ သိုင့်ဆစ်ကြီး မြန်မြန် ပြီးလို့နေရပ်ဌာနေ ကမ္ဘော မြေကို မြန်မြန်ပြန်ရပါစေဗျား။

သင့်လူ

Advertisement

One Comment (+add yours?)

  1. mathetzin
    Oct 09, 2008 @ 03:31:55

    စာတွေလာဖတ်ပါတယ်—-
    စာဖတ်သူကိုခေါ်သွားပါတယ်—-
    မသက်ဇင်က ယိုးဒယား ( ထိုင်း) ဆို ဘယ်နေရာဘာရှိတယ် ဆိုတာ–
    စာထဲမှာပဲဖတ်ဘူးတာလေ— ချူလာ လောင်ကွန် တက္ကသိုလ် ဆိုတာလည်း
    နာမည်ကျော်ပါပေတယ်–မရောက်ဖူးဘူး—ဘန်ကောက်လေယာဉ် စီးဘူးတာက
    လွဲရင် ထိုင်းအကြောင်းဘာမှကိုမသိတာ—
    ထိုင်းကိုသွားပြီး လေ့လာချင်ပါတယ်—
    ဗဟုသုတတွေဝေငှပေးလို့ ကျေးဇူးတင်ပါတယ်ရှင်—

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

October 2008
M T W T F S S
« Sep   Nov »
 12345
6789101112
13141516171819
20212223242526
2728293031  
Follow

Get every new post delivered to your Inbox.