500 days in Dvaravati (11)

ဒွါရာဝတီမှာရက်ငါးရာ (၁၁)

မဟာ ၀ိတရိုလိုင် ချူလား

ရောင်ခြည်တစ်ထောင် အလင်းဆောင်သော သူရိယ နေမင်းသည် အရှေ့ ဂေါယာကျွန်းမှ ကြွားကြွားဝံ့ဝံ့၊ ငွားငွား စွင့်စွင့် ကြီး ထွက်ပြူ လာသည် နှင့်တပြိုင်နက် ဘန်ကောက်မြို့ တော်မဟာ ရှိတစ်ခုသော အခန်းငယ်ကလေး အတွင်းတွင် အိပ်စက်နေသော သူ့မှာ ချွေးသံတရွှဲရွှဲ ဖြင့် အိပ်ယာမှ နိုးထလာလေ၏။ နံနက်ခင်း ၏အလှကို ခံစားကြည်နူး ဖို့အချိန်မရှိ။ ရေချိုးခန်းထဲဝင်၊ မျက်နှာသစ်၊ ရေချိုး၊ အိမ်သာဝင်၊ အ၀တ်လဲသည့် နိစ္စဓူဝ အလုပ်များကို ယနေ့တွင် မာရသွန်နှုန်းဖြင့် တရစပ် ဇယ်ဆက်သလို လုပ်ရလေသည်။ ခုနှစ်နာရီ ခွဲတိတိတွင် သူ့ကို ကျောင်းပို့ဖို့ ဒေါက်တာဆမ်နန်းက အောက်ထပ်မှ စောင့်နေမည် ဆိုသကိုး။ တော်ကြာ နောက်ကျလျှင် မြန်မာစံတော်ချိန်ပါလို့ ကမ္ဘောဒီးယန်း ဂျွန်းလူမျိုးကြီးကို အကြောင်းသွားပြ နေ၍ ရအံ့မထင်။ စိတ်ကောက်ပြီး မစောင့်ပဲ ထွက်သွားလျှင် သောင်ပြင်လွှတ်သည့် ဟင်္သာ သဖွယ်သူ ကိုယ်ကျိုးနည်းချိမ့်မည်။ အမလေး– တော်ပါသေးသည်။ အောက်ထပ်ရောက်တော့ ပုဂ္ဂိုလ်ကြီးက ရောက်မလာသေး။ ဆယ်မိနစ်ခန့် ထိုင်စောင့်ပြီးမှ ဓါတ်လှေကားဖြင့် ကြွမြန်းတော်မူလာ၏။ နံနက်ခင်း ပဋိသန္ဓာရ စကားများအသီးသီးပြောကြပြီး နောက် သွားဖို့ရန် ထွက်လာကြပါပြီ ချူလာ ကျောင်းတော်မဟာဆီ……..။

ချူလာလောင်ကွန် တော်ဝင် တက္ကသိုလ်။      ။

ပဉ္စမ ရာမ ဟုခေါ်တွင်သော ချူလာလောင်ကွန် ဘုရင် ကိုယ်တိုင် တည်ထောင်ထားသော ဘုရင့် တက္ကသိုလ် အဖြစ် ထိုင်းတို့ အလွန်အင်မတန် ဂုဏ်တင် ပြောကြားလေ့ရှိသည့် တက္ကသိုလ်ကြီး ဖြစ်၏။ ထိုင်းထီးနန်းကို ၄၂ နှစ်တိုင်တိုင် အုပ်စိုးသွားခဲ့ သည့် ချူလာလောင်ကွန် ဘုရင်သည် ခေတ်ပညာချို့ တဲ့သော၊ ရှေးကျသော၊ အစွဲအလန်းကြီးသော၊ လိုချင်လောဘ နည်းသော၊ ခြောက်လျှင်ကြောက်၍ ချော့လျှင်ပျော့တတ်သော မိရိုးဖလာ၊ ဓါးမဦးချ၊ လယ်သမားတို့၏ ခပ်ညံ့ညံ့ နိုင်ငံကို ခေတ်မှီသည့် အနောက်တိုင်းနှင့် ရင်ဘောင်တန်းနိုင်ရန် အတွက် ပညာရေးမှ စတင်ပြောင်းလဲရမည်ကို သိသော၊ အမှန် တကယ်လည်း ပြောင်းလဲ နိုင်ခဲ့သော စွန့်ဦးတီထွင် ပုဂ္ဂိုလ်ဖြစ်၏။ တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပြုပြင်ပြောင်းလဲ မှုသည် လွမ်းလောက်စရာ မရှိသည့်တိုင် မင်းနေပြည်တော် ဘန်ကောက်သည်ကား သူအုပ်စိုးခဲ့သည့် ၁၈၆၈ မှ ၁၉၁၀ ကာလများ အတွင်း လေပြည့်၍ မှိုင်းဝ သောမီးပုံးပျံ အလား အရှိန်အဟုန်ဖြင့် အဖက်ဖက်က တိုးတက်ခဲ့သည်ကို မည်သူမှ မငြင်းနိုင်။ လမ်းပန်းဆက်သွယ်ရေး၊ လူနေ အဆောက်အဦးများ၊ ခေတ်မှီပညာ ပေးဝေနိုင်သည့် တက္ကသိုလ် စသည့် Infrastructure များ တဖြည်းဖြည်း ပြည့်စုံလာသည်။ ထိုအချိန်မှ စ၍ ဘန်ကောက်သည် လူနေမှု စံနစ် အဆင့်မြင့်စပြုလာသည်။ ထုံးစံ အတိုင်း ကြီးပွားရေး အိပ်မက်မက် ကျသူများ၊ ရေကြည်ရာ မြက်နုရှာကျသူများဖြင့် ကျပ်တောင့်ကျပ်တည်း ဖြစ်စပြုလာသည်။ အရေးပါ သည့် အာရှ မြို့ တော်များ စာရင်းတွင် နေရာတစ်နေရာ ရလာလေပြီ။

“ကျွန်တော်တို့ တက္ကသိုလ်ကို ဘတ်စ်ကားနဲ့ သွားကြစို့။ နေ့တိုင်းစီးရမှာမို့ သွားလမ်း၊ လာလမ်းတွေကို သေချာမှတ်နော်။ ကားမှားရင် ဒုက္ခရောက်လိမ့်မယ်”

ဒေါက်တာ ဆမ်နန်း၏ သတိပေးစကားကြောင့် သူ့၏ တောင်တောင် အီအီ ရောက်တတ်ရာရာ အတွေးစများကို ဖြတ်၍ ရေကြော၊ မြေကြော ကိုပြူးပြဲ မှတ်သားဖို့ ပြင်ရ၏။ သူတို့ လမ်းကျဉ်းကလေးတစ်ခု မှာ လမ်းလျှောက်နေကြသည်။ မနေ့က လေဆိပ်မှ လိုက်ပို့သော ကားကပ်ကပ်သတ်သတ် ၀င်လာခဲ့သော ရန်နန်း အိမ်ယာ တည်ရှိရာ လမ်းမြှောင်ကလေး မှန်းသူ မှတ်မိသည်။ ဒါကလေးကို အယုဒ္ဒယ လမ်းသွယ် ၂ လို့ခေါ်ကြောင်း၊ ထိုင်းလိုတော့ ဆွိုင်း ဆီ အယိုးဒယား လို့ပြောရ ကြောင်း ဆရာသမား က ပြောပြသဖြင့် မှတ်သားရပြန်သည်။ ထိုလမ်းကျဉ်းလေး မှထွက်လာသော အခါ ကားရောင်စုံများဝှီခေါ် နေသည့် နှစ်ထပ်ဆင့် လမ်းမကျယ်ကြီး တစ်ခု ကိုတွေ့ရသည်။ ကားမှတ်တိုင်က လမ်းထိပ်မှာပင်။ ဘတ်စ်ကား တွေက တစ်စီးပြီး တစ်စီးလာနေ၏။ ဂိုးသွင်းကောင်းလှသော စီရော်နယ်ဒို ကို အသေ marking လုပ်ထားသော ဂျွန်တယ်ရီ ကဲ့သို့ ဆရာဆမ် ၏အရိပ်အခြေ ကိုသာ မျက်တောင် မခပ်တမ်းကြည့်နေရတော့သည်။ ကျုပ်တို့ စီးရမှာ ဘတ်စ်နံပါတ် ၁၄ ဟု ပြောသဖြင့် ဘယ်ကားက ၁၄ လဲဆိုတာကို ဘတ်စ်ကား ၏ငယ်ထိပ် တည့်တည့်မှာ ပြူးပြူးပြဲပြဲ တပ်ထားသော နံပါတ်ကြီးများ ကိုလိုက်ကြည့်ရသည်မှာ အမော။ နံပါတ်တွေကို ကမ္ဘာသုံး အင်္ဂလိပ် ဂဏန်းဖြင့်ရေးထား၍ တော်ပေသေးသည်။ ထိုင်းလိုသာ ရေးခဲ့လျှင် ဒုက္ခ အတော်များပေလိမ့်မည်။

မျှော်တုန်းမျှော်ဆဲ မှာ နံပါတ်ကြီးပြူးနေအောင်ရေးထားသော ဘတ်စ် နံပါတ် ၁၄ ရောက်လာပါပြီ။ အမယ်— မာစီးဒီး ဆိုပဲ။ ဒုတိယ ကမ္ဘာစစ် လက်ကျန် ချက်ပလက်ကားတွေကို ခေါင်းဖြတ်၊ ဖင်ဖြတ် သစ်သားဘော်ဒီ တပ်၍ ခရီးသည်တင်ကားဖြစ် အောင် ကြံဖန်ထားသော သူတို့၏ ရန်ကုန် ကဲ့သို့ပင် ဘယ်ခေတ်က လက်ကျန်မှန်းမသိ၊ လိုဂို တံဆိပ်တွေ့၍သာ ယုံရသော ဘုရားစူး မာစီးဒီး ကားကို သံဘော်ဒီ တင်ထားသည့် ဘန်ကောက်၏ ခရီးသည်တင် မာစီးဒီး လိုင်းကား အမှတ် ၁၄။ ရန်ကုန် ချက်ပလက် ၏ တစ်ဝက်သာသာလောက်သာရှိ၏။ အမြင့်ကလည်း ခေါင်းလွတ်ယုံ ကလေး။ တကယ့် ပိစိကွေး၊ ခရီးသည်တင် ကားဆိုမှ ကားဖြစ်၏။ ဂျွမ်းလူမျိုးကြီး ဆရာဆမ်က ထိုခေါင်းဝင် ကိုယ်ဆန့် ကားလေးထဲသို့ ၀ဖိုင့်သော ခန္ဓာကိုယ်ကို စွပ်ကနဲ သွတ်သွင်းလိုက်၏။ သူကရော ဘာများတတ်နိုင်ပါဦးမည်လဲ။

ကားထဲမတော့ စနိုးဝှိုက်၏ လူပုလေး ခုနှစ်ယောက် ထိုင်သော ထိုင်ခုံမျိုး ကဲ့သို့ ခုံ ပေါက်စနလေးတွေမှာ လူတွေအပြည့်။ မတ်တတ်၊ သံတန်းကိုင် စီးယုံပ။ သူကလည်း အတွယ်အတာတွေ၊ သမုဒယ သံယောဇဉ်တွေ တင်းကြမ်းပြည့်နှက်နေသည့် ရန်ကုန် ဘတ်စ်ကားလောက နှင့် ဝေးခဲ့သည်မှာ ကြာပြီဆိုတော့ ကျင့်သားမရသေး။ လက်ညောင်း၊ ခြေညောင်းလာသည်။ စီးရသည်မှာလည်း ကိုးလိုးကန့်လန့်၊ ကုန်းကုန်းကွကွ။ ဆရာဆမ်ကတော့ အေးအေးဆေးဆေးပဲ။ နေသာသပ လေညာက။ ဒင်းကတော့ ဒါနဲ့ ညားနေတာ ရက်ငါးရာ ပြည့်လုပြီကိုး။

နံပါတ် ၁၄ ကား အကောင်သေးသလောက် အဆိပ်ပြင်းလှသည့် ကား။ ရွှေပြည်ကြီး တွင်ကျင့်သုံးနေသည့် မော်တော်ယာဉ် စည်းကမ်းများအရ သာ ဒီ ခေတ်သစ် ဒွါရာဝတီ ကားသမားတွေကို အရေးယူလိုက်ရရင်ဖြင့် ဒင်းတို့ ထောင်နှင့်ရုံး၊ အိမ်ဦးနှင့် ကြမ်းပြင်ဖြစ်မည်မှာ မြေကြီးလက်ခတ် မလွဲ။ လက်ဝဲ ကပ်မောင်းစံနစ်ဆိုပေမဲ့ ရှေ့ ကကားတွေကို ဘယ်ဖက်က ကျော်ချင်ကျော်သည်။ ညာဖက်က ကျော်ချင်ကျော်သည်။ လုပ်ချင်သလို လုပ်သည်။ တစ်ဖက်ယာဉ်ကြောကို တည့်တည့်ကြီး ဦးတိုက်၍ မထီ တရီမောင်းလာပြီး မီးပွိုင့် အလွှတ် ပျားမည်းရိုင်းတွေလို ၀ှီကနဲ အပြိုင်အဆိုင်မောင်းလာကြသည့် မျက်နှာချင်း ဆိုင် တစ်ဖက်ယာဉ်ကြောမှ ကားများကို အနားကပ်ကာ ခေါင်းလွှတ်ရုံကလေး ပွတ်ကပ်ရှောင်ထွက်ပုံကို မနေနိုင် မထိုင်နိုင် ကားရှေ့ မှန်ကြီးမှ တဆင့် ကုန်း၍ ကြည့်နေသဖြင့် မြင်ရသော သူ့မှာ မျက်စိများပြာဝေလျှက် ဒီတစ်ချီတော့ အသက်ဝိညာဉ်ကို ဘန်ကောက်မှာ ထားခဲ့ရပြီဟု ပင့်သက်မောများချခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။

ဤသို့ဖြင့် ကျောင်းတော်ကြီးသို့သွားရာလမ်းအား မှတ်လိုက်မဟဲ့ လို့ အကြံကြီးကြံလာခဲ့သူ မှာ သက်ပြင်းများ၊ ဇောချွေးများ၊ ဘယာနက ရသများဖြင့် တစ်ကိုယ်လုံး ထူပူရွှဲနစ် ပွဖောင်းလျက် ကားဘယ်အချိန်၊ ဘယ်မှတ်တိုင်မှာရပ်၍ မြေပြင်ပေါ် ဘယ်ပုံ ဘယ်နည်းရောက်လာသည်ကိုပင် မမှတ်မိလိုက်။ သူနှင့် ဆရာဆမ်တို့ ပန်းဥယျာဉ်ကြီး တစ်ခု၏ ရှေ့ရှိ ကားမှတ်တိုင်တွင် ခြေချ မိပေပြီ။ ထင်သာမြင်သာ ရှိလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သူ့ကိုသနားသွားသည်လားမသိ၊ ဆရာဆမ်က ကားမှတ်တိုင်က ထိုင်ခုံလေးများတွင် ခဏထိုင်၍ အပန်းဖြေကြဖို့ ပြော၏။

ထိုင်နေရင် သာသာညှင်းညှင်းတိုက်ခတ် လာသော ပန်းရနံ့ တသင်းသင်း လေကလေးကြောင့် အနည်းငယ် နေသာထိုင်သာ ရှိလာသည်။ သူတို့ကျောပေးထိုင်နေသော ကြီးမားကျယ်ပြန့်သည့် ပန်းဥယျာဉ်ကြီးမှာ လူစည်ကားလှ၏။ လုမ္ဗိနီ ဥယျာဉ်ဟု အမည်ရကြောင်း ဆရာဆမ်နန်း ပြောပြ ၍ သိရသည်။ လုမ္ဗိနီ သာမော၊ အင်ကြင်းတောဆိုသည့်စာကို အမှတ်ရသေးသည်။ ထေရ၀ါဒ နိုင်ငံ အချင်းချင်း ဖြစ်သည့်အတွက် ဗုဒ္ဓမြတ်စွာ၏ အငွေ့အသက်တို့ နေရာအနှံ့ ရှိနေသည်က သူ့အတွက်တော့ အံ့သြ စရာမဟုတ်။ သူနေထိုင်ရာ ရန်နန်အိမ်ယာ ရှေ့ တွင်ပင် ဘုရားဆင်းတုတော်နှစ်ဆူ ကို အခိုင်အခန့် စင်ကလေးဆောက် ၍ တည်ထားကိုးကွယ်ထားသည်ပဲ။ ထုံးစံ အတိုင်းအနားမှာ နတ်မင်းကြီးများတော့ စောင့်ကြပ်သပေါ့။

တစ်ခါ ဆက်ဆံ ဆယ်ခါ မက၊ အခါတစ်ရာပင် လန်လောက်သည့် ၁၄ ကားကို ကြောက်လှသဖြင့် အခြားသက်သက် သာသာ လာလို့ရသည့် နည်းလမ်းရှိမရှိ မေးကြည့်မိရာ ၁၇၊ ၅၄၊ ၇၄၊ ၇၇ စသည့် ဘတ်စ်ကားလိုင်းပေါင်း များစွာ ရှိသေးကြောင်း။ သို့သော် အားလုံးနီးပါး အဲကွန်းကားများဖြစ်သည့် အတွက်ဈေးကြီးကြောင်း။ (၁၀) ဘတ်ပေးရ၍ တွက်ခြေမကိုက်ကြောင်း။ ၃ ဘတ်ခွဲတန် (ထိုစဉ်က၊ သူနေခဲ့သည့် တစ်နှစ်ခွဲ ကာလ အတွင်း ကားခ နှစ်ခါ ဈေးတက်၍ ပြန်ခါနီးတော့ ခုနှစ်ဘတ် ဖြစ်နေပြီ) ၁၄ ကားသည်သာ သင်ရွေးချယ်ရမည့် ထာဝရ အဖော်မွန်ဖြစ်ကြောင်း အားပါးတရ ပြော၏။ သြော်- ဒုက္ခ ပါလား။ သူ့အနေ ဖြင့် ပြောရလျှင် ဘယ်လောက်ကုန်ကုန် သက်တောင့်သက်သာ ဖြစ်ဖို့က အရေးကြီးသည်။ ဆရာဆမ်က (၁၀) ဘတ်တန်ဘတ်စ်ကား ကိုပင် ဈေးများသည်ဆိုပြီး စီးဖို့ ရီကော်မင်ဒေးရှင်း မပေး။ တကယ့် ကို health economist ပီသလှ သည်။ တက်စီဖြင့် ကျောင်းလာမည်ဆိုပါက သူ့အား နရင်းများ ရိုက်လေမည်လားမသိ။ ဒါနဲ့ပဲ နောက်ရက်တွေ တစ်ယောက်တည်း ကျောင်းလာရလျှင် ချူလာ တက္ကသိုလ် မှတ်တိုင်ဆင်းမည်ကို ကားစပါယ်ယာ ကို ဘယ်လိုပြောရမလဲ မေးတော့ ဆရာသမားက ရယ်သွမ်းသွေးပြီး-

“ခင်ဗျား ကားပေါ်မှာတုန်းက သတိမထားမိဖူးထင်တယ်။ ကားမှတ်တိုင်ရောက်ရင် ဘဲလ်နှိပ်လိုက်ရုံပဲလေ”

ဟုတ်ပေသားပဲ။ သူကားပေါ်မှာ ကြောက်သွေးတွေ တက်နေစဉ် ဂလွမ်၊ ဂလွမ်နှင့် အသံတွေကြားနေရသည်။ ထိုအသံကြား လျှင် ကားရပ်ပြီး လူများအတက်အဆင်း လုပ်ကြသည်ကော။ ညနေ အပြန်ခရီးမှာ ဖုန်းမောင် တစ်ကိုယ်တည်း ပြန်လျှင် ရန်နန် အိမ်ယာ ရှိရာ လမ်းထိပ်မှာ ဆင်းနိုင်ဖို့ သတိထား၍ ဂလွမ် နိုင်လျှင် တော်ရဲ့။ မဂလွမ် နိုင်လို့ကတော့ ကားခေါ်ဆောင်ရာ နောက်သို့ လိုက်သွားပေတော့။ သူစဉ်းစားနေခိုက် ဆရာဆမ် က-

“ကျောင်းချိန် သိပ်နီးတဲ့ အခါ တစ်ခါတစ်လေ ဘယ်လိုမှ မတတ်နိုင်ရင် တက်စီ စီးရတဲ့ အခါမျိုးလည်းကြုံချင်ကြုံရ တတ်တယ်။ ကားသမားတွေက အင်္ဂလိပ်လို ပြောရင် မသိတာများတယ်။ သိခဲ့ရင်လည်း နားမလည်ချင် ယောင်ဆောင်ပြီး နိုင်ငံ ခြားသား ကို မီတာမချိုးပဲ တောင်းချင် သလောက်တောင်းတတ်တယ်။ ဒီတော့ ချူလာလောင်ကွန် တက္ကသိုလ် သွားချင် တယ် ဆိုရင် ပိုင်-ချုလာ ဒါမှ မဟုတ် ပိုင်- မဟာဝိတရို လိုင် ချူလား လို့ ပြောပါ။ ရန်နန် ပြန်ချင်တယ်ဆိုရင် ပိုင်- ရန်နန် လို့ပြော ပါ။ ဒါမှ အဆင်ပြေမယ်” ဟု နောက်ဆုံးမတော့ သူ့အား သေသေချာချာ မချာ သည့်စကားကို သင်ပေးတော့သည်။ ဒါပဲ။ သူလိုချင်တာ ဒါပဲ။ ၁၄ ကားကပ်ကြီး ကိုကျော်လွှားနိုင်မည့်လမ်း။ ကိုယ်သွားချင်တဲ့ နေရာ ကို ပိုင်တစ်လုံးဆောင်လိုက် ရင် ကိစ္စပြတ်တယ် ဆိုပဲ။ ကောင်းပြီ။ ညနေကျ တက်စီ ဌားပြန်မယ်။ ခုတော့ ချူလာသို့ ခြေစကြာဆန့် ရဦးတော့မည်။

သင့်လူ

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

October 2008
M T W T F S S
« Sep   Nov »
 12345
6789101112
13141516171819
20212223242526
2728293031  
Follow

Get every new post delivered to your Inbox.