500 days in Dvaravati (12)
18 Oct 2008 Leave a Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၁၂)
ပေဖြစ်ရင်ခံ
လုမ္ဗိနီ ဥယျာဉ်ရှေ့ ဘတ်စ်ကား မှတ်တိုင်မှ ချူလာလောင်ကွန် တက္ကသိုလ်သို့ သွားရာလမ်းမှာ မသွားမှီက ရောက်နှင့်သည် လို့ ပြောရမလား။ ကားလမ်းတစ်ခုသာခြားသည်။ ကားတွေက တရမန်းကြမ်း။ ရန်သူ လိုက်လာသည့်နှယ် အပြင်းအထန်မောင်း နေကြသည်။ ဘယ်လိုများကူးရပါ့။ ဒေါက်တာဆမ်နန်းက လူကူးမျဉ်းကြားရှေ့ တွင်ရပ်၏။ ပြီးတော့ မျဉ်းကြားထိပ် တည့်တည့် တွင်ရှိသော တိုင်တစ်ခုမှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ မီးနီပြပြီးကားတွေရပ်သွားတော့သည်။ ဒီတော့မှ ဂုဏ်ပြုခံ စင်မြင့် ပေါ် ကြွလှမ်းလာသော ရှောင်လင် ဂိုဏ်းချုပ်ကြီး အသွင်ဖြင့် မျဉ်းကြားကို တစ်လှမ်းချင်း လှုပ်တုပ်လှုပ်တုပ် ဖြတ်ကူးလေသည်။ သူလည်း ဂိုဏ်းချုပ်ကြီး အနားမှ သက်တော်စောင့်ကဲ့သို့ ဖ၀ါးခြေထပ်၊ ထပ်ချပ်မကွာ။ မျဉ်းကြား၏ ဟိုဘက်ထိပ်တွင်လည်း အလားတူ ခလုတ်မျိုးရှိ၏။ ကိုယ်လမ်းဖြတ်ကူးချင်သည့် အချိန် ကားတွေကို ရပ်အောင်စေခိုင်းနိုင်သော လမ်းလျှောက်သူ ၏ မီးနီ။ သူအတော် သဘောကျသွားသည်။ ရွှေပြည်ကြီးတွင် ဒါမျိုးတပ်လို့ကတော့ ကလေးတွေ လက်ကမြင်းတာနဲ့ ကားတွေ အဲဒီနားမှာပဲ ကျောက်ချရပ်ထားရမည့် သဘောရှိသည်။
ဂိတ်တံခါးကြီးတစ်ခု၊ ချူလာလောင်ကွန် တက္ကသိုလ် ပရ၀ဏ် နယ်နမိတ်၊ ဘေးမှာ မလွယ်ပေါက် ကလေးဖွင့်ထားသည်။ ထိုအပေါက်ကလေးမှ ၀င်လိုက်ကြသည်။ စစ်ဆေးမေးမြန်းမည့်သူ မရှိ။ ဒလက်တွေနဲ့ သွားလမ်းလာလမ်းကို နှောင့်နှေးအောင် လုပ်ထားတာမျိုး မတွေ့ရ။ ဒီမှာပဲလား၊ ရောက်ပြီလား။ ၀ဲယာ မှ အဆောက်အဦး မြင့်မြင့်ကြီး များကို သူပညာရင်နို့သောက်စို့ ရမည့် နေရာ ဖြစ်လိမ့်နိုးဖြင့် ဘယ်ညာ တောင်မြောက် လမ်းလျှောက်ရင်း ငေးမောနေမိသည်။ ဒါက ချူလာလောင်ကွန် တက္ကသိုလ် ၏ ဆေးပညာ မဟာဌာန (Branch of Medical Faculty) ပိုင်နက်နယ်မြေ ဖြစ်သည် ဟု ဆရာဆမ်နန်းက ရှင်းပြ၏။ ချူလာ တက္ကသိုလ်သည် အင်တာနေရှင်နယ် ပုံစံ မဟာ တက္ကသိုလ်ကြီးဖြစ်သဖြင့် အထူးပြု ပညာရပ်အားလုံးသည် faculty အဆင့်အတန်းဖြင့် တက္ကသိုလ်၏ ထီးရိပ်အောက်တွင် အားလုံးပါဝင်နေသည်ကိုး။ သူတို့ဆီမှာလို ပညာရပ် တစ်ခု။ institute တစ်ခု ပုံစံမျိုးမဟုတ်။
ဂျူတီကုတ် ကိုယ်စီ။ နားကြပ်ကိုယ်စီ ဖြင့်သွားလာနေကြသော ထိုင်းသမားတော်များ။ သမားတော်လောင်းလျာများ ကိုတွေ့ရ၏။ သွေးတူ၊ မွှေးတူ များမို့ ဒီမြင်ကွင်းများသည် သူနှင့်မစိမ်း။ သို့သော် သူပညာသင်ကြားရမည်က ဒီမှာမဟုတ်။ ထို့ကြောင့် ဆေးပညာမဟာဌာန ပိုင်နက် နယ်မြေကို ခြေတညောင်းလျှောက်၍ ကျော်လွန် လာခဲ့ပြီးနောက် အထွက်ဂိတ်ပေါက် သို့ရောက်လာ၏။ ဒီဖက်မှာလည်း ကားလမ်းတစ်ခု၊ မျက်နှာချင်းဆိုင်မှာ တက္ကသိုလ် ပရ၀ဏ် ကိုတွေ့ပြန်၏။ ဟင်နရီ ဒူးနန့် လမ်း ဆိုပဲ။ ဟင်နရီ ဒူးနန့်သည် ထိုင်းရောက်ဖူးလေသလား။ ဒီလမ်းပေါ်မှာ ဘာများလုပ်ခဲ့လို့ သူ့နာမည်ပေးထားရသလဲ။ မသိ။ လူကူးမျဉ်းကြားမရှိ၊ ဂုံးကျော်တံတားရှိ၏။ တက်ပေါ့။ လျှောက်ပေါ့။ ဆင်းပေါ့။ ဂိတ်ပေါက်တစ်ခု တွေ့ပြန်သည်။ မလွယ်ပေါက်မှ ၀င်ပြန်သည်။ အဆောက်အဦး အတော်များများကို ကျော်ဖြတ်လျှောက်လာပြီးမှ ဘောဂဗေဒ ပညာ မဟာ ဌာန (Faculty of Economics) ဟု ကျောက်ကဗ္ဗည်းထွင်းထားသော ငါးထပ် အဆောက်အဦးကြီး သို့ရောက်တော့သည်။ ဆရာဆမ်က ရောက်ပြီဟု ပြော၏။ မပြောလည်း သူသိနေပါသည်။ ဤနေရာသည်ပင် သူ့ဘ၀ထဲမှ ရက်ပေါင်းငါးရာ ကိုကုန်လွန် စေရမည့် ဘူမိနက်သန် နေရာမှန်ပင်။
ဓါတ်လှေကား ပေါက်စန လေးဖြင့် အပေါ်ဆုံးထပ်သို့ တက်ကြသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်သည့် ကျန်းမာရေး ဘောဂဗေဒ စင်တာ (WHO Collaborating Center for Health Economics) အမည်ရှိ ရွှေအိုရောင် ဆိုင်းဘုတ်ကြီးတပ်ထားသော အခန်းကြီး အတွင်းသို့ဝင်သွားကြသည်။ လေအေးစက်များက အေးစိမ့်လှပါဘိ။ ဆရာဆမ်နန်းက လက်အုပ်ကလေး တချီချီ နှင့်တွေ့သမျှလူကို တခပ်ခပ် အသံထွက်၍ နှုတ်ဆက်နေ၏။ သူဘာတစ်လုံးမှ နားမလည်။ ခဏ အကြာတွင် လက်ကိုင်ဖုန်းကိုထုတ်၍ ဖုန်းဆက်ပြန်သည်။ ပြီးတော့ ဘာမပြော၊ ညာမပြောဖြင့် သူ့ကို ဖုန်းထိုး ပေးတော့သည်။ ပြောတဲ့။ ဘယ်သူ့ကို ဘာပြောရမည်လည်းမသိ။ တစ်ဖက်မှ အမျိုးသမီး အသံထွက်လာ၏။ သူ့ကိုယ်သူ မိတ်ဆက်နေသည်ဟုထင်မိသည်။ မဟာ သိပ္ပံ သင်တန်း၏ တာဝန်ခံ မစ္စ ကင်န်သောင်းဝ် ဆိုပဲ။ နှစ်ခါ သုံးခါ ပြန်မေးသည်။ အသံထွက်ရခက်ဘိခြင်း။ ကင်သောင်း လား။ ကန်ဝေါင်းလား။ လွယ်လွယ်ကူကူ မကင်းကောင် ဟုမှတ်ထား လိုက်၏။ မကင်းကောင်က သူ့ကို ယနေ့မှစ၍ မဟာသိပ္ပံ အကြိုသင်တန်း သုံးလ တက်ရမည်ဖြစ်ကြောင်း။ ဘောဂ ဗေဒ အခြေခံ မရှိသူများအတွက် အခက်အခဲမရှိစေရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း။ ယနေ့ခွင့်ယူထား၍ သူမလာနိုင်သည်ကို များစွာမှ ၀မ်းနည်းမိပါကြောင်း။ မနက်ဖြန်တွေ့ကြမည်ဖြစ်ကြောင်း။ ငွေကြေးကိစ္စများ၊ စပွန်ဆာပေးသည့် အဖွဲ့အစည်းနှင့် တွေ့ဆုံရန် ကိစ္စများ။ ဗီဇာကိစ္စ များအားလုံး ပြုလုပ်ပေးမည်ဖြစ်သဖြင့် စိတ်မပူပဲ သင်တန်းကို အေးအေး ဆေးဆေးတက်ပါစေကြောင်း ဆုတောင်းမေတ္တာဝေလေသည်။ စာအုပ်စာတမ်းများနှင့် နေ့လည်စာ အတွက်ပါ အားလုံးပါပြီးဖြစ်သည့်အတွက် အခမဲ့ သုံးဆောင် နိုင်ပါကြောင်း သတင်းကောင်းပါလိုက်သေး၏။
ဆရာဆမ်နန်းက သင်တန်းခန်းမ တည်ရှိရာ ဒုတိယထပ်ထိလိုက်လံ ပို့ဆောင်၏။ ထိုအခန်းရှေ့ မှာပင် မိတ္တူ ကူးထားသော စာရွက်စာတမ်းများ တပွေ့တမ ကိုသူရ၏။ ဒီနေ့၊ ဒီရက်၊ ဒီအချိန် မှသည် သူ၏ မဟာသိပ္ပံ သင်တန်း ခရီးကြမ်းကြီး စတင်လေပြီ။
အခန်းထဲတွင် လူငါးဆယ်ခန့်ရှိ၏။ ဖြူ၊ ၀ါ၊ ညို၊ မဲ၊ ပုရိ၊ ဣတ္ထိ အစုံအလင်။ စာရေးရန် ဖော်မိုက်ကာပြား ကပ်ထားသော တစ်ယောက်ထိုင် ဆိုဖာခုံ ကလေးများအစီအရီ။ ကွန်ပြူတာ၊ LCD projector ၊ visual presenter ၊ overhead projector အစုံ အလင်ရှိသည့် သူ့အိပ်မက်ထဲက အပျံစား စာသင်ခန်းတစ်ခန်းထဲ သူရောက်နေသည်။ နေရာလွတ်တစ်ခု မှာဝင်ထိုင်ပြီး အချိန်စာရင်း ကို ကမန်းကတန်းကြည့်ရသည်။ ဒုက္ခော၊ နံနက် ကိုးနာရီမှ ညနေ လေးနာရီ အထိ နန်းစတော့၊ မာရသွန် သင်တန်းပါကလား။ နံနက်ပိုင်းမှာ မက်ခရို ဘောဂဗေဒ၊ ညနေပိုင်းမှာ အသုံးချ သင်္ချာ ဆိုပဲ။ သူ့စိတ်တွေ ညစ်ညူးသွား၏။ ပညာတော့ ပညာ၊ သို့သော် သူနှင့် စိမ်းလှသည့် ပညာများ။ ဘောဂဗေဒ ဆိုသည်က စာလုံးပေါင်းတတ်ရုံက လွဲ၍ ပညာရေး သက်တမ်းတစ်လျှောက် တစ်ခါဘူးမှ ထိတွေ့ ခဲ့ခြင်းမရှိ။ သင်္ချာဆိုသည်ကလည်း ဆေးတက္ကသိုလ် ပထမနှစ်ပြီးကတည်းက သူနှင့် တစိမ်းပြင်ပြင်။ ဘုန်းကြီးနှင့်ဘီး။ မတတ်နိုင်ပါ။ ဒီနေရာမှာ သူက တူမဟုတ်။ ပေဖြစ်၏။ ပေဖြစ်သမျှတော့ ခံရုံသာ။
မက်ခရို ဘောဂဗေဒ ကိုသင်ကြားမည့် ဆရာလား။ ဆရာမလား မကွဲပြားသေးသူက တွဲဖက်ပါမောက္ခ ဒေါက်တာ ဖုန်းကမော မာနာကစ် Ph.D. လို့ အချိန်ဇယားမှာရေးထား၏။ မကြာမှီပင် သင်တန်းခန်းမထဲ ဒူးပေါ် စကတ်ကလေး ဖြင့်ကြွတတ ၀င်လာ သော အမျိုးသမီးကိုတွေ့ရ၏။ ဆိုတော့ ဆရာမပေါ့။ သင်တန်းသားများကတော့ အရယ်အမော မပျက်။ အေးအေးသက်သာ ထိုင်နေကြ၏။ သူတို့ဆီမှာလို မင်္ဂလာပါ ချာမ တွေဘာတွေမလုပ်။ ဘယ်လုပ်လိမ့်မလဲ။ အရှေ့ ရော၊ အနောက်ပါ အစုံ ပါသည့် အင်တာနေရှင်နယ် သင်တန်းကိုး။
ပို့ချမှု စပြီ။ အင်္ဂလိပ်လို သာပို့ချ၏။ စာရွက်ကို လက်ထောက်လိုက်။ ပြောလိုက်။ မေးခွန်းထုတ်လိုက်။ သူ့ဘာသာ ပြန်ဖြေလိုက်။ ပါဝါ ပွိုင့် ထိုးပြလိုက်။ စာရွက် ပေါ်မှာ ချရေးလိုက်။ ပြူးလိုက်ပြဲလိုက်၊ ပြုံးပြလိုက်။ ဂရပ်မျဉ်းတွေ ဆွဲပြလိုက်နှင့် မာရသွန် လက်ချာ။ ၀ိုးတ၀ါး။ ၀ါးတားတား။ ရေပေါ် အရုပ်ရေးနေ သလို။ ပို့ချသူ ဆရာမသည် နာမည်နှင့်လိုက်အောင် သူ့အား ဖုန်းကနဲ ချလိုက်။ မောသွားအောင် နာနာကစ်လိုက် လုပ်နေသလားတောင် ထင်မိသည်။
ဒီလိုနှင့် နေ့လည် ဆယ်နှစ်နာရီထိုးသွား၏။ မနက်ထဲက သူ့ပါးစပ်ထဲ လေနဲ့ရေ ကလွဲလို့ ဘာမှမ၀င်ရသေးသဖြင့် သူဆာလှပြီ။ နေ့လည်စာ အလကား ဆိုတဲ့ သတင်းစကားကြောင့် သင်တန်းသားတို့ သွားရာနောက်လိုက်လာရင်း၊ သူတို့နောက်မှ တန်းစီရင်း၊ ဘာမှန်းမသိသည့် ဟင်းများနှင့် ထမင်း တစ်ပန်းကန်တော့သူရလာ၏။ ဗိုက်ပြည့်အောင် အတင်းသွတ်၍ ရေ သုံးလေးခွက် ဆင့်သောက်လိုက်ရသည်။ ထိုင်းဟင်းတို့၏ အရသာမှာ ပထမဆုံး စတင် ထိတွေ့ မိသည့်နေ့မှစ၍ သူ့ကို ပွဲသိမ်းဒူး ဖြင့်ပစ်တိုက်လိုက်သကဲ့သို့ တစ်ခါဆက်ဆံ ဆယ်ခါလန် သွားစေသည်။ ထမင်း စားရင်း သူနှင့်တစ်စားပွဲတည်းစားသည် ဗောင်းထုတ်ကြီးနှင့် ပန်ချာပီ ကျောင်းသားအား နေ့တိုင်း နေ့လည်စာ အလကားကျွေးမှာလား ဟုမေးမိရာ အလကားကျွေးခြင်း မဟုတ်။ ဘတ်သုံးသောင်းခွဲ (ကျပ် ဆယ့်တစ်သိန်းခန့်) သွင်းထားသည့် အထဲတွင် နေ့လည်စာ အတွက်ပါထည့်တွက်ထား၍ ကျွေးခြင်းဖြစ်ကြောင်းသိလာရသည်။ သူကတော့ တကာတော် ရေမြေ့ရှင်များကောင်းမှု ဖြင့် အိတ်ထဲက ဖွတ်ကလိ ဒင်္ဂါး တစ်ပြား မပွန်းပဲ့ပဲ အလကား ကြိတ်ရသဖြင့် သူများတွေလည်း အလကားတီးနေတာထင်နေသကိုး။ တကယ်က သူတစ် ယောက်တည်း အလကားစားနေတာဖြစ်၏။ အားလပ်ချိန် တစ်နာရီမှာ ဘာလုပ်ရမှန်း၊ ဘယ်သွားရမှန်းမသိသော သူ့အတွက် များလွန်းနေ၏။ အောက်ဆုံးထပ်ရှိ ခုံကလေးများ တွင်ထိုင်ရင်း၊ တွေးရင်း၊ ငေးရင်း တစ်နာရီ ပြည့်သွားတော့ အခန်းထဲ ပြန်ဝင် လာရပြန်၏။
အသုံးချ သင်္ချာတဲ့။ ဘာကို အသုံးချရမည်နည်း။ ဆေးတက္ကသိုလ် ပထမနှစ်မှာ သင်္ချာသင်တော့ သူငယ်ချင်း တစ်ယောက်က ဒါ ငါတို့ ဆေးခန်းဖွင့်ရင် ဆေးပုလင်းစီ။ ပိုက်ဆံရေတဲ့ အခါမှာသုံးဖို့ကွ ဟုပြောတာ ဖျတ်ကနဲ အမှတ်ရမိသေးသည်။ ပို့ချမည့် သူက တွဲဖက်ပါမောက္ခ ဒေါက်တာဖုန်ဆာပွန်းချိုင်းဝါဆီကော ဆိုလားပဲ။ လာပါပြီ။ အသက်ကြီးကြီး။ ဆံပင်ကျဲကျဲ။ မျက်မှန် ထူထူနှင့် ဆရာသမား။ ဖုန်းကမော၏ မက်ခရို ဘောဂဗေဒ တုန်းကခံရသမျှ ဖုန်ဆာအလှည့်မှာ အားပါးတရ နားထောင်လိုက် မဟဲ့ဟုတွေးမိသည်။ သူ့အတွေးမှ မဆုံးသေး။ ဖုန်ဆာက ရုံခါ တော့သည်။ ကျောင်းဆရာပါး အတော်အသင့် ၀နေပြီဖြစ်သော သူ့တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ဆွဲဆောင်မှု မရှိသော။ ပျင်းစရာ ကောင်းသော lecture မျိုးမတွေ့ဖူးခဲ့။ ခေတ်မှီ သင်ကြားရေး multi media ပစ္စည်းများကို ယောင်လို့ပင်မကြည့်ပဲ ၀ှိုက်ဘုတ်ကြီးပေါ်တွင် သင်္ချာညီမျှခြင်းများရေး၍ ဆီမန်း၊ ရေမန်း မန်းနေသလို တိုးတိုး တိုးတိုး နှင့်သူ့ဘာသာ တစ်ယောက်တည်း အိပ်မက်တည်းထစကားပြောနေသလို ပို့ချပုံ မျိုးကို ဘွဲ့လွန် သင်တန်းမှာ တွေ့ရလိမ့်မည်ဟု အိပ်မက်ထဲပင် ထည့်မမက်မိ။ ဘာသာရပ်က စိမ်းရသည့်အထဲ ပို့ချသူကပါ လေစိမ်းတွေ တိုက်ပြန်တော့ လက်ချာ တစ်နာရီပေးအပြီး ဆယ့်ငါးမိနစ် နားချိန်တွင် အလျှို၊ အလျှို ထွက်သွားလိုက်ကြတာ။ အတန်းပြန်စတော့ လူဆယ်ယောက်ပင်မပြည့်ချင်တော့။ ဖုန်ဆာတို့ကတော့ နေသာသပ၊ လေညာက။ ၀ှိုက်ဘုတ်နဲ့ ဆွေးနွေး လို့ကောင်းတုန်း။
ဒီလိုနဲ့ပဲ ညနေလေးနာရီ အထိကြီးလှသော ၀ဋ်ဒုက္ခကြီးကို ကျိတ်မှိတ်ခံစားရင်း ပထမဆုံးသော စာသင်ရက် ကုန်လွန်သွားခဲ့ သည်။ လမ်းအဆင့်ဆင့်ကိုဖြတ်ကူး၍ ဘတ်စ်ကားသွားစီးဖို့နေနေသာသာ။ လမ်းပင် မလျှောက်ချင် တော့။ အ၀ါနှင့် အစိမ်းကြား တက်စီ တစ်စင်းသူ့ရှေ့ မှ ဖြတ်သွား၍ လှမ်းတားလိုက်မိသည်။ တုံ့ကနဲ ရပ်၏။ ကားသမားကမော့ကြည့်၏။ သူဘာပြောရမည် နည်း။ မနက်က ဆရာဆမ်နန်းသင်ပေးထားတာရှိ၏။ အပြင်းအထန် စဉ်းစား၏။ အား-ဟုတ်ပြီ။ ပိုင်-ရန်နန်း။ အမလေး- ၀မ်းသာ လိုက်တာ။ ခပ်တဲ့။ ဟုတ်ကဲ့ပေါ့။ အိုကေပေါ့။ ကားထဲမှာ အေးစိမ့်နေသည်။ သူမျက်စေ့ ကိုမှတ်ထား၏။ တော်ကြာ ကားဆရာက စကားလာပြောနေလျှင် ဒုက္ခ။ သို့သော် မပြော၊ သူ့အလုပ်သူလုပ်နေ၏။ နာရီဝက်ခန့် မောင်းလာပြီး ရန်နန်း အိမ်ယာ သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။ မီတာတွင် ၆၀ ပေါ်နေ၏။ ဘတ် ၁၀၀ တန်ပေးလိုက်ရာ နှစ်ဆယ်တန် နှစ်ရွက် ပြန်အမ်း၏။ မနက် ဘတ်စ်ကားဖြင့် သေလုမျောပါးသွားခဲ့ရပြီး ညနေ တက်စီဖြင့် ငြိမ့်ငြိမ့်ငြောင်းငြောင်း ပြန်လာခြင်း ဖြင့် ချူလာလောင်ကွန် ပထမဆုံးနေ့ကတောဖြင့် အောင်မြင်စွာကုန်ဆုံးခဲ့ချေပြီကော။
သင့်လူ

Recent Comments