500 days in Dvaravati (14)
10 Nov 2008 Leave a Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၁၄)
တိုက်ကား
Thailand International Corporation Agency အတိုကောက် TICA ကို သူက ဗြိတိသျှ အသံထွက်ဖြင့် တီကာဟု ဖတ်မိသော်လည်း ဆရာသမား ဦးခေါင်းဖြူနှင့် အဖွဲ့က အမေရိကန် အင်္ဂလိပ်သံဖြင့် တိုက်ကားတဲ့။ သူ့ကို ထောက်ပံ့မည့် ငွေကြေး စာရင်းများကို စိတ်ရှည်လက်ရှည်ရှင်းပြနေကြရှာသည်။ ကျောင်းစရိတ် ဘတ် ခြောက်သိန်းခွဲ (ဒေါ်လာ နှစ်သောင်းကျော်)၊ ချူလာလောင်ကွန် တက္ကသိုလ်ဘဏ်စာရင်းသို့ တိုက်ရိုက် လွှဲမည်ဖြစ်သဖြင့် သူနှင့်ဘာမှ မဆိုင်။ နေ စရိတ် တစ်လ ဘတ် ခုနှစ်ထောင်၊ ဒါလည်း ရန်နန်အိမ်ယာကို တိုက်ရိုက်ပေးအပ်မည်ဖြစ်သဖြင့် မျက်မွှေးထော်၍ပင် မော်ကြည့်ခွင့် မရှိ။ သူနှင့်ဆိုင်သည်က တစ်လ အသုံးစရိတ် အဖြစ်ပေးမည့် ဘတ် ခုနှစ်ထောင်မျှသာ။ ရောက်ခါစမှာ အခြေကျ စေဖို့ ဘတ် ခုနှစ်ထောင် နှင့် ဗီဇာကြေး ဘတ် နှစ်ထောင်၊ ပေါင်း ဘတ် တစ်သောင်းခြောက်ထောင်ကို အစိုးရ ငွေစုဘဏ် (Government Saving Bank) တွင်သွင်းပေးထားပြီး သူနှင့် မကင်းကောင်က ဘဏ်သို့သွား၍ ငွေစုစာအုပ်နှင့် ငွေထုတ်ကဒ် ATM လုပ်ကြရမည်။ ကောင်းလှပါပြီ။
သူတို့ တက်စီစီးလာကြပြန်သည်။ ချူလာလောင်ကွန် တက္ကသိုလ်၏ သူမထွက်ဖူးသေးသော အခြားမျက်နှာစာ ၀င်ပေါက် ရှိသည့် လမ်းမကြီးတစ်ခုပေါ်ရောက်လာကြသည်။ ပရာထိုင်းလမ်းဟု ဆိုင်းဘုတ်ရေးထားသည်။ ဒီကနေ တည့်တည့် ကားစီးသွားရင် သုံးမှတ်တိုင်လောက်ဆို ရန်နန်းလမ်းထိပ်တန်းရောက်တာပဲ ဟုမကင်းကောင်ကပြော၏။ ဒါဆို သူလာနေကြ အမှတ် ၁၄ ကားလမ်းထက်ပိုနီးတာပေါ့။ ဆရာဆမ်နန်းက ဘာဖြစ်လို့ဒီဘက်လမ်းအကြောင်းမပြောသလဲ။
လမ်းလျှောက်ကြ၏။ ဟိုဖက်ကွေ့လိုက်၊ ဒီဖက်လျှောက်လိုက်ဖြင့် ဘဏ်သို့ရောက်လာ၏။ ဘဏ်က သေးသေး ပေါက်စ ကလေး။ နောက်တစ်ခေါက်လာလျှင် ဘယ်သူမှလိုက်ပို့မည် မဟုတ်သဖြင့် အပြင်းအထန် သွားလမ်း၊ လာလမ်းကို မှတ်သား ထားရသည်။ ဘဏ်ရောက်တော့ သူဘာမှမလုပ်လိုက်ရပါ။ မကင်းကောင်က အစအဆုံး လုပ်ကိုင်ပေးသွားသဖြင့် သူလက်မှတ် သာတွင်တွင် ထိုးနေရသည်။ နာရီဝက် သာသာမှာပင် သူ့ငွေစု စာအုပ်နှင့် လျှို့ ဝှက်နံပါတ်ပါ ATM ကဒ် ရ၏။ လမ်းဘေး စတိုးဆိုင်များ၏ ရှေ့ မှာရှိတတ်သော မည်သည့် ATM စက်တွင်မဆို ကုဒ်နံပါတ်ရိုက်သွင်းပြီး ငွေထုတ်ယူနိုင်သည်ဟုဆို၏။
ဘဏ်မှ ပြန်လာတော့ ညနေသုံးနာရီ နီးပါးရှိပြီ။ အိမ်ပြန်ချင်ရင် ဒီနေရာကနေ (၇၇) ဘတ်စ်ကားစီးသွားဟု မှတ်တိုင်အရောက် လိုက်ပို့ရင်း ကားပေါ်တခါတည်းတင်ပေးလိုက်သဖြင့် အင်မတန်ကျေးဇူးတင်မိသည်။ အတန်းသွားတက်ပါလားလို့ ပြောလျှင် သူငြင်းရခက်နေဦးမည်။ (၇၇) ကား လိမ္မော်ရောင် အဲကွန်းကားကြီးဖြစ်၏။ တစ်စီးလုံးအေးစိမ့်လျှက်၊ တစ်ယောက်ထိုင် ဆိုဖာခုံများတွင် လူတစ်ဝက်တောင်မပြည့်။ (၁၄) ကားနှင့်တော့ ကွာဘိခြင်း။ လူရှင်းလှသဖြင့် ဆိုဖာခုံပေါ်ဇိမ်ယူ ထိုင်နေတုန်း စပါယ်ယာ အမျိုးသမီးက ငွေအကြွေထည့်သည့် သံဗူးရှည်လမျောလေးကို တချောက်ချောက်လှုပ်ရင်း အနားရောက်လာ သဖြင့် ဘတ်ငါးဆယ်တန်ပေးလိုက်တော့ ဆယ်ဘတ်တန် အကြွေစေ့ လေးစေ့ ပြန်အမ်း၏။ ဂိတ်စ၊ ဂိတ်ဆုံး ဘယ်နားစီးစီး ဆယ်ဘတ်ဖြစ်မည်။ ယာဉ်ကြောပိတ်နေသဖြင့် ကားကလမ်းလျှောက်သလောက်ပင် မမြန်ချင်။ သက်တောင့်သက်သာ ရှိလှ သဖြင့် အိပ်ငိုက်လာသည်။ တစ်နာရီကျော်ကြာမှ သူအကျွမ်းတ၀င်ရှိနေပြီဖြစ်သော ရန်နန်လမ်းထိပ်သို့ရောက်လာ၏။ ခေါင်း လောင်းနှိပ်၍ ဆင်းလိုက်သည်။ လမ်းဘေးဆိုင်ကလေးများမွစာကြဲနေအောင်ဖွင့်ထားသည့် လမ်းမကြီးအတိုင်း ပျင်းပျင်းရိရိ လျှောက်လာရင်း ဆဲဗင်း-အီလဲဗင်း (7-11) စတိုးဆိုင်လေးတစ်ခု ကိုတွေ့သည်။ တကယ်တော့စတိုးဆိုင်ကို တွေ့ခြင်းမဟုတ်။ ဆိုင်ရှေ့ မှ အေတီအမ် စက်အနီကလေးကို သူ့မျက်လုံးကမြင်မိခြင်းဖြစ်၏။ သူ့ကို လာလှည့်၊ ထုတ်လှည့်ဟု ဖိတ်ခေါ်နေသလို၊ စက်နားသွားရပ်၏။ ရှေ့ နောက် ဘေးဘီ ကိုကြည့်၏။ ဘယ်သူမှ သူ့ကို ဂရုမစိုက်၊ သူတို့လမ်းသူတို့သွားနေကြ၏။ ခုနက ဘဏ်က ပေးလိုက်သော အိတ်ကိုဖြဲ၍ လျှို့ ဝှက်နံပါတ်ကို မှတ်။ အေတီအမ်ကဒ်ကို စက်ထဲသွင်းလိုက်၏။ ဘာလုပ်ပါ၊ ညာလုပ်ပါ ညွှန်ကြားချက်များ အင်္ဂလိပ်ဘာသာ ဖြင့်ပေါ်လာသည်။ အဆင့်ဆင့် လိုက်လုပ်သွားရာ နောက်ဆုံး ကုဒ်နံပါတ် ထည့်ပါဆိုသည့် စာတမ်းပေါ်လာ၏။ ကုဒ်ကို ရိုက်သွင်းလိုက်သည်။ ဟော- တွေ့ပါပြီ။ ဘဏ်စာရင်း အသစ်စက်စက်ထဲမှာ ဘတ်ငွေ တစ်သောင်းခြောက်ထောင် ၀င်နေ၏။ ဘတ် ၂၀၀၀ စမ်းသပ်ထုတ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ငွေစက္ကူ တစ်ထောင်တန် ထုတ်မည်ဟု ရွေးချယ်ခလုပ်နှိပ်လိုက်ရာ မကြာမှီ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရုပ်ပုံလွှာ ရိုက်နှိပ်ထားသော ညိုတိုတို ဘတ်တစ်ထောင်တန်လေး နှစ်ရွက်ရရှိတော့သည်။ အခြေမဲ့ အနေမဲ့ မဟုတ်။ ငွေနဲ့ ရွှေနဲ့ ဖြစ်လာ ပဟေ့။ တိုက်ကားရဲ့ ကျေးဇူးပေါ့။
သင့်လူ

Recent Comments