Examination (1)
14 Nov 2008 1 Comment
in အက်ဆေး
စာ မေး ပွဲ (၁)
(၁)
နာမည် ကိုက ကြောက်စရာ။ စာတွေ ကိုအပြတ် မေးမည့်ပွဲ။ “ရရင်ရ၊ မရ ရင်ကျ” မည်က သေချာ လှ၏။
(၂)
ဘ၀ မှာ စာမေးပွဲ ပေါင်းများ စွာ ကိုကြုံတွေ့ ခဲ့ဖူးပြီ။ ပီတိ ကလေး ပုစိကွေး ဘ၀ မှသည် ခေါင်း ကြာဇံ ပေါက်သည် အထိ စာမေးပွဲ အသင်္ချေ နှင့် စစ်ခင်း ခဲ့ ရပြီးပြီ။ တစ်ခါ တစ်လေ ပြုံး၊ တစ်ခါ တစ်လေ မဲ့၊ တစ်ခါ တစ်လေ တော့ နေသေး သပ၊ ခြုံထဲ ကချိုသွေး တမြမြ။ ချောက်အိပ်မက် တွေမက် လောက် အောင် ရင်မော ခဲ့ရသော စာမေးပွဲ တွေ ရှိခဲ့ သလို ဒူးနှံ့ ယပ်ခပ် ခဲ့ရသော စာမေးပွဲ များလည်း ရှိခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် စာမေးပွဲ ဟာ စာမေးပွဲ ပေါ့။
(၃)
အစမ်း စာမေးပွဲ၊ အတန်း တင် စာမေးပွဲ၊ မူလ တန်း၊ အလယ် တန်း၊ အထက် တန်း စာမေးပွဲ၊ ကျောင်းစစ် စာမေးပွဲ၊ အစိုး ရစစ် စာမေးပွဲ၊ တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ၊ တက္ကသိုလ် ထွက်ခွင့် စာမေးပွဲ၊ အလုပ်ဝင် စာမေးပွဲ၊ အလုပ် ရာထူးတိုး စာမေးပွဲ၊ အရည် အချင်းစစ် စာမေးပွဲ၊ ——စာမေးပွဲ၊ ————ပွဲ၊ ———————-ပွဲ။
စာမေးပွဲ တွေ များလှချည့်။ စာတွေ ကိုမေး တဲ့ ပွဲတွေ သာမက စာမဟုတ်တာ တွေကို မေးသည့် ပွဲ တွေလည်း စာမေးပွဲ စာရင်း ထဲ ရောယောင် ပါဝင် နေသလား။ ဘာပဲဖြစ်ဖြစ်၊ စာမေးပွဲ များကျင်းပ ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ threshold တစ်ခုကို ကျော်လွှားနိုင်စွမ်းရှိမရှိ၊ ကျော်လွှားနိုင်ရန် ထိုက်တန်သည့် အရည်အချင်းရှိမရှိ ကိုဆန်းစစ်ခြင်းမျှသာပါ။
(၄)
အရည် အချင်း ဆန်းစစ်ပြီ ဆိုမှဖြင့် ဘယ်လို ပေတံ နဲ့၊ ဘာတွေကို တိုင်းတာပြီး၊ ဘာကြောင့် ထိုက်တန်တယ် မထိုက် တန်ဘူးလဲ ဆိုတာကို ရှင်းလင်းနိုင်စွမ်း ရှိသင့်သည်။ Subjective assessment ဟူသော စာမေးပွဲ စစ်ဆေးသူ က အစစ် ခံသူ ကိုအောင်မြင်မှု နှင့် ထိုက်တန်ခြင်း ရှိမရှိ ပုဂ္ဂလဓိဌာန် ဆုံးဖြတ်ချက်ဖြင့် တစ်ချက်လွှတ်အောင်စေ၊ ရှုံးစေ ခေတ် မှေးမှိန်သွားခဲ့သည်မှာ ကြာခဲ့ပြီ။ ခုခေတ်က Objective assessment ခေါ် ဓမ္မဓိဌာန်ခေတ်၊ ပိုကောင်းမကောင်း။ လျှော်ကန် သင့်မြတ်ခြင်း ရှိမရှိကတော့ စောင့်ကြည့်ရဦးမည်။ စာသင်သား တို့၏ အကြိုက်၊ စာစစ်သူတို့၏ အကြိုက်၊ သက်ဆိုင်သူအားလုံးခိုက်ကြသည့် လူတိုင်းဟာဒယ နှလုံးကို ပီတိဖုံးစေမည့် စာမေးပွဲ မျိုးတော့ မရှိစကောင်း။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမဟုတ်လော။
(၅)
ဓမ္မဓိဌာန် ကျကျ အရည်အချင်းဆန်းစစ်ခြင်းသည် ရေးဖြေ စာမေးပွဲများတွင် အဆင်ပြေသလိုလို ရှိသော်လည်း နှုတ်ဖြေ စာမေးပွဲတွင်တော့—-
———————————————————
စာစစ်စားပွဲ၏ ဟိုဖက် ရိုကျိုးကုပ်ကွစွာ ထိုင်ရသောနေရာမှ ဒီဖက် ခါးဆန့် ဒူးနှန့် ထိုင်ရသောနေရာသို့ ပြောင်းလဲ ရောက်ရှိခဲ့သည်မှာ ကြာလှပေါ့။ ကျောင်းသားဘ၀ ကကြောက်လန့်၊ စိုးထိတ်၊ နှလုံးတုန်၊ ရင်ခုန် ခဲ့ရသော သတ်ကွင်း မဟာ စာစစ်စားပွဲ သည် ဆရာဘ၀တွင် နှစ်ခြိုက်၊ ပျော်ရွှင်၊ ဘ၀င်မြူးစရာ ကစားကွင်းဖြစ်လာသည်။ ဘယာနက ရသ ကို အပြည့်အ၀ ခံစားနေကြရှာသော ကျောင်းသားသူငယ်တို့ကို သနားဂရုဏာ ပွားရမလား။ ဒေါမာန်ကိုပြရမလား။ ဟိုဟာ လုပ်ရမလား။ ဒီဟာ လုပ်ရမလား။ ကျောင်းသားချော့နည်း။ ချောက်နည်း နိဿရည်း အမျိုးမျိုးကို စဉ်းစားတော်မူကြကုန်သော ဆရာမြတ်တို့သည် စာစစ်စားပွဲ ၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရည် အချင်းဆန်းစစ် နေခြင်းဆိုသည်ကို ပမာဒလေခ ၍ မေ့လျှော့ သွားတတ်ကြသလား။ စာရတာမရတာ အပထား၊ ပြုံးပြလျှင်။ မျက်နှာငယ် ပြလျှင်။ မျက်ရည်စို့လျှင်၊ မျက်နက်ဝန်းကလေး ထောင့်ကပ်၍ နှုတ်ခမ်းနှစ်လွှာကို ဟစိ၊ ဟစိ လှုပ်ပြလျှင် ဆရာတို့ထံမှ ရရှိမည့် သနားဂရုဏာ မေတ္တာတော်အာနိသင်ကြောင့် နဘယံ-ဘေးမရှိပဲ စာမေးပွဲကို တစ်ချက်လွှတ် အောင်မြင်လိမ့်မည်ဟု မောင်ကျောင်းသား တို့ ယူဆနေကြသလား။ ကိုယ်မေးတာ မဖြေနိုင်လို့ စာမေးပွဲချပစ်လိုက်ရ မှာလား။ ဒီတစ်ခါ ကျလျှင်ကျောင်းထွက်ရမှာမို့ စာမရသည့်တိုင် အအောင်ပေးလိုက်ရမှာလား။ လူနှင့် စံနစ်ဘယ်ဖက်သို့ အားထည့်ရမည်နည်း။ ဒီ ဒွိဟ ကိုက ဖြေရမည့် စာမေးပွဲပုစ္စာ တစ်ခုပင်။
သင့်လူ

Nov 15, 2008 @ 00:32:44
ကျောင်းသားဘ၀ ကကြောက်လန့်၊ စိုးထိတ်၊ နှလုံးတုန်၊ ရင်ခုန် ခဲ့ရသော သတ်ကွင်း မဟာ စာစစ်စားပွဲ သည် ဆရာဘ၀တွင် နှစ်ခြိုက်၊ ပျော်ရွှင်၊ ဘ၀င်မြူးစရာ ကစားကွင်းဖြစ်လာသည်။ မပျော်ပါဘူးကွယ်။