500 days in Dvaravati (15)
22 Nov 2008 1 Comment
in ဒွါရာဝတီမှာရက်ငါးရာ, မှတ်မှတ်ရရ
ဒွါရာဝတီမှာရက်ငါးရာ (၁၅)
ချူလာ နှင့် အန်နာ၊ မင်းတုန်းနှင့် ဆရာမှတ်
စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး သူ အပြင်မထွက်ဖြစ်။ ကိုးန၀င်း အခန်းထဲမှာ အောင်းနေ၏။ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး စားချင်တာ မှာစားသည်။ တီဗွီ ကြည့်သည်။ စာအုပ်ဖတ်သည်။ တစ်သက်လုံး တောင့်တ ခဲ့သော တစ်ယောက်တည်း နေချင် သလိုနေရသည့် အခွင့် အရေးကို အပြည့်အ၀ ရယူနေသည့်နှယ်။ တိုက်တိုက်ဆိုင်ဆိုင် လို့ပဲ ပြောရမလား။ တီဗွီမှ The king and I ဇာတ်လမ်းလာနေသည်။ ထိုင်းရဲ့ ဂန္တ၀င်မြောက် အလှည့်အပြောင်းတို့ ကို မှတ်တမ်းတင်ရင်း အနောက်လွှမ်းမိုးမှု ကို သိမ်မွေ့စွာ မီးမောင်းထိုးပြသည့် ချူလာ လောင်ကွန် ဘုရင် နှင့် အင်္ဂလိပ်စာ ဆရာမ မစ္စစ် အန်နာလီယို နိုဝင် တို့၏ လောကီထုပ္ပါတ် လူတို့ဇာတ် ကို စိတ်ရောကိုယ်ပါ နှစ်၍ ကြည့် နေမိသည်။ သြော်- ချူလာ နှင့် အန်နာ။
၁၈၅၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ဖွား ချူလာလောင်ကွန် မင်းသား သည် စတုတ္တရာမမင်း (မောင်းဂွတ် ဘုရင်) နှင့် မိဖုရား သက်သီရိ အင်ထရာ တို့၏ သားတော်ကြီးဖြစ်သဖြင့် မွေးကတည်းက ထီးမွေ၊ နန်းမွေခံ အိမ်ရှေ့ စံ အဖြစ် ဗျာဒိတ်ရခဲ့ပြီးသူ။ ချူလာလောင်ကွန် မင်းသားဖွားမြင်သည့် နှစ်မှာပင် သူတို့မြန်မာနိုင်ငံတွင် ပုဂံ မင်း၏ ထီးနန်းကို မင်းတုန်း၊ ကနောင်မင်းသားနှစ်ပါး လုပ်ကြံအောင်မြင်၍ မင်းတုန်းမင်း နန်းတက်ခဲ့သည်။ ကြံဖော် ကြံဖက် ညီတော်ကြီး ကနောင်ကို အိမ်ရှေ့မင်းအရာထားတော်မူခဲ့သည်။ မိဖုရားခုနှစ်ကျိပ်ကျော် မှ မွေးအားကောင်းကောင်းနှင့် ဇွတ်မွေးထားသော သားတော် လေးဆယ်ကျော်-ငါးဆယ် ငုတ်တုတ်မေ့ကြရသည်။ ထိုဖြစ်ရပ်က မိုး မလင်းတမ်း ကပြရမည့် အလွမ်းဇာတ်ကြီး ၏ ပဏာမ အချီး နိဒါန်းမျှသာ။
မောင်းဂွတ်ဘုရင်က ခရစ်ယာန်သာသနာပြု များနှင့် အလွမ်းသင့်သူ။ နန်းတော်ကြီးမှာ သင်းအုပ်ဆရာများ၊ သူတို့၏ မိသားစု များဖြင့် စည်စည်ကားကား တ၀ုန်းဝုန်း။ တရုံးရုံး။ သားတော်၊ သမီးတော်များ၏ ပညာရေးကို အစဉ်အလာ ပါရာဒိုင်းဘောင်အတွင်းမှာသာ သင်ကြားပေးနေရသည်ကိုအားမရ။ အထူးသဖြင့် ချူလာ အိမ်ရှေ့ စံ ကိုယ်တော်လေးကို ထူးချွန်ထက်မြက်စေ့ချင်သည်။ ငယ်စဉ် တောင် ကျေး ကလေး ဘ၀ မှစ၍ ထိုင်းနန်းတွင်း ရိုးရာ အစဉ်အလာ ထိုင်းမှုရေးရာများကို သင်ကြားစေယုံမျှဖြင့် အားမရ။ အသက်ကိုးနှစ် အရွယ်မှစ၍ မွေထိုင်းကိုယ်ခံ ပညာများကို သင်ကြားစေသည်။ မစ္စစ် အန်နာလီယို နိုဝင် ကိုအမြဲတမ်း နန်းတွင်းတွင်ခစားခွင့်ပြုသော မင်းသား၏ ပရိုက်ဗိတ် အင်္ဂလိပ်ကျူရှင် ဆရာမ အဖြစ်ဌားရမ်း၍ ပညာသင်ကြားစေသည်။
မောင်းဂွတ်၏ အစီအမံမျိုးကို ဘ၀ရှင် မင်းတုန်းမင်းတြားကြီးလည်း လုပ်ခဲ့ဖူးပါ၏။ ဆရာမှတ်ကြီး ဟု လူသိ များ သော သာသနာပြုဆရာ Dr. Marks အား ၁၈၅၉ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် ရတနာပုဏ် နေပြည်တော်တွင် သံတဲကျောင်းတည်ခွင့် ပေးသနားတော်မူခဲ့ပြီး မင်းသား ကိုးပါးကို သံတဲကျောင်းတွင် အင်္ဂလိပ်စာ နှင့် အခြား ခေတ်မှီ ပညာရပ်များကို သင်ကြားစေခဲ့သည်။
ပေါက်ပေါက် မြောက်မြောက် ထူးထူး ချွန်ချွန် ရှိကြသည် လား။ မှန်းချက် နှင့် နှမ်းထွက် ကဖြင့် မကိုက် ပါချေ။ ဆရာမှတ် ပြောခဲ့ သည်ကို သူ သတိရ နေမိသည်။
“ဘ၀ရှင် မင်းတြား ကြီးရဲ့ သားတော် ကိုးပါးကို အင်္ဂလိပ်စာသင်ပေးဖို့ ကျောင်းကိုလွှတ်လိုက်တော့ မင်းသားတစ်ပါးကို ဆင်တော် တစ်စီး၊ ရွှေထီးလေးလက် မိုးပြီး ခြွေရံ သင်းပင်း လေးဆယ်စီခစားပြီး ကျောင်းကိုလာကြတယ်လေ။ ဆင်ကိုးစီး နဲ့ နောက်လိုက် ငယ်သား သုံးရာ့ ခြောက်ဆယ်၊ ကျောင်းထဲမှာ သူတို့နဲ့ပဲ ပြည့်နေပါလေရော။ စာသင်မယ်လုပ်ပြန် တော့လည်း တော်ကြာ ကွမ်းတော် စားဖို့ နားလိုက်ကြ။ ခဏကြာ ပွဲတော် တည်လိုက် ကြနဲ့ ဆိုတော့ xxxxxxxxxxxx ”
တစ်နှစ်လုံး သင်တာတောင် အေဘီစီဒီ သင်ရိုး ကျွတ်ပါ့မလား လို့ ဆက်ပြော ချင်ဟန် တူရဲ့။ မကြာ လိုက်ပါ။ မင်းတုန်း မင်းကြီးသည် ဆရာမှတ်ကို သူထင်သလို ဗမာပြည်၏ အင်္ဂလိပ် သံတမန် လုပ်နိုင်စွမ်း မရှိကြောင်း၊ နိုင်ငံရေး အရ အကျိုး မရှိကြောင်း သိချိန်တွင် မင်းသား တို့၏ သံတဲကျောင်း ပညာရေး ရွှေပြည်တော် မျှော်တိုင်းဝေး တော့သည်။
အန်နာ လီယို နိုဝင်
ဝိတိုရိယခေတ် ခြင်းကျား ဂါဝန်ကြီး ကိုမကာ၊ ပင့်ကာဖြင့် ချောင်ဖုယားမြစ်တွင်း စုန်မျှော လာသော ကူးတို့ လှေကြီး ပေါ်မှ ရွှေနန်းတော်ကြီး ဆီသို့ မျက်တောင် မခတ်တမ်း ငေးကြည့် နေသော ဖြူဖျော့ နွမ်းလျှ နေသည့် အမျိုးသမီး။ အ၀တ်အစားတို့က သပ်ရပ်ပေမဲ့ စေ့စေ့ စပ်စပ် ကြည့်လျှင် နွမ်းပါး၊ဆင်းရဲခြင်းကို ဖုံးဖိမထားနိုင်။ အနောက်နိုင်ငံ တွင် ကျက်သရေကင်းစွာ နေထိုင် လှုပ်ရှားခဲ့ရသည့် အတိတ်ပုံရိပ်တို့က သူမအား ချောက်လှန့်ဆဲ။ ကော့ကေးရှန်း သွေးမ စစ်ခြင်း၊ ရှားပါး ဆင်းရဲ အောက်တန်း ကျခြင်း၊ အလုပ်မရှိ ပျင်းလွန်း ဖျင်းလွန်းပြီး မကြာ သေးမှီက ဆုံးပါး သွားသော ယောင်္ကျား။ လူလူ သူသူ ဖြစ်အောင် မွေးမြူ ရဦးမည့် လူမမည် ကလေးငယ်များ။
မကြာပါ။ အန်နာ၏ ညှိုးငယ် ပူပန် သောက၊ ဥဒ္ဓစ္စ များသည် မောင်းဂွတ် ဘုရင်၏ ရွှေနန်း တော်ကြီး အတွင်းဝယ် နေလာ နှင်းပျောက် ဖြစ်ကုန်၏။ မဟာဆီ၊ မဟာသွေး တို့၏ တော်ဝင် ပရိုက်ဗိတ် ကျူရှင် ဆရာမကြီး အဖြစ် တသွေး တမွေး၊ ဖြစ်လာသော အခါ အနောက် နိုင်ငံက သူဆင်းရဲ မုဆိုးမလေး သည် ဘန်ကောက် ရွှေမြို့ တော်ဝယ် နန်းထိုက် တော်ဝင် ပန်း အဖြစ် လူသစ် စိတ်သစ် ဖြစ်လာ ခဲ့သည်။ သာမန် လူတန်းစား အလွှာမှ ပေါက်ဖွား လာပြီး ဘွဲ့ထူး၊ ဂုဏ်ထူးရ အသရေရှိ လူကြီးမင်း များအဖြစ် မိမိကိုယ်ကို ပုံပြောင်း ယူခဲ့ ကြသူများ အနက် အန်နာသည် အအောင်မြင်ဆုံး။ ဘယ်လောက်တောင် အောင်မြင် သလဲ ဆိုရင် သူ့ သားသမီး များပင် သူငယ်စဉ်၊ အောက်တန်း ကျစဉ်က အဖြစ် အပျက် များကို သိခွင့် မရခဲ့ကြ။ သူတို့ အမေသည် တစ်သက်လုံး ရွှေလင်ပန်းဖြင့် အချင်းဆေး လာသော တော်ဝင် နန်းတွင်းသူကြီး ဟု ထင်မှတ် နေကြ ရှာသည် အထိ။ ရဲရင့်သော၊ သစ္စာရှိသော၊ ပညာ တတ်သော၊ အထက်တန်း ကျသော အမျိုးကောင်း သမီး တစ်ဦး အဖြစ် ရုပ်ရှင် မင်းသမီးတို့ စိတ်ပါ လက်ပါ သရုပ်ဆောင် ပေးခဲ့ ကြ သဖြင့် ကမ္ဘာက သိကြသော The king and I ဇာတ်ကားမှ ချူလာ အိမ်ရှေ့ စံ၏ ဆရာသခင် အန်နာသည် တကယ်တော့ အရှင် မွေး၍ နေ့ချင်း ကြီးခဲ့သော သနားစရာ မိန်းမသား တစ်ဦးသာ။
သို့သော် ထို သနားစရာ မိန်းမ ကပင် ချူလာလောင်ကွန် မင်းသားကို အသိဥာဏ် သစ်တွေ ထိုးသိပ် ထည့်ပေး နိုင်ခဲ့ သည်။ မောင်းဂွတ် ဘုရင် နတ်ရွာ စံတော့ အသက် (၁၇) နှစ်သား ကိုရင်ကလေး ချူလာကို သင်္ကန်း ချွတ်ပြီး ပုလ္လင် ပေါ်တင်၊ ဘိသက် ခံကာ ပဉ္စမ ရာမ ဘုရင် ဖြစ်စေ ခဲ့သည်။ ငယ်လွန်း သေးသည့် အတွက် အမတ် ချုပ်ကြီး ချော်ဖုရာ သျှရီ သူရိယ ဝေါင်ဆီက ရင်ခွင်ပိုက် ဘုရင် (Regent) အဖြစ် အုပ်ချုပ် ပေးခဲ့သည်။ ရင်ခွင်ပိုက် အုပ်ချုပ်ခံ လေးနှစ် ကာလ အတွင်း ချူလာလောင်ကွန် ဘုရင်လေးသည် စင်ကာပူ၊ ဂျာဗားကျွန်း နှင့် အိန္ဒိယ နိုင်ငံများ သို့ နိုင်ငံတကာ လေ့လာရေး ခရီးများ ထွက်ခဲ့သည်။ ထိုင်း သမိုင်းတွင် မကြုံစဖူး ထူးထွေသည့် အံ့ရာသော်ဝ် ဖြစ်ခဲ့ ကြရသည်။ ဆူခိုထိုင်း ခေတ်တွင် ဘုရင် ရမ်ခမ်ဟိန် တရုတ်ပြည်သို့ သွားရောက် ခဲ့ဖူးတာက လွဲလို့ အရှေ့ ပဒေသရာဇ် တို့၏ ထုံးစံ အတိုင်း ဘယ် ထိုင်းဘုရင် မှ တိုင်းပြည်က မခွာခဲ့။ သူတို့ ဆီမှာရော ဘာထူးသလဲ။ စစ်တိုက်၊ ဘုန်းလက်ရုံး ပြသည့် အနေဖြင့် နိုင်ငံခြား ဟု ယူဆသော အိမ်နီးနားချင်း ကိုယ့်မင်း ကိုယ့်ချင်း နိုင်ငံများသို့ သွားရောက် ဆော်ပလော် တီးချိန်မှ လွဲ၍ ဘုရင် မှန်လျှင် နန်းတော် တွင် တွယ်ကတ် ကုပ်ကက် နေမှ ဖြစ်မည် ဆိုသည့် ဥပဒေသ ကို တသွေ မတိမ်း လိုက်နာ ခဲ့သူများ ချည်းသာ။ သိကြသည့် အတိုင်း နောက်ဆုံး ဘုရင် သီပေါ၊ ကင်းဝန် မင်းကြီး အပြော ကောင်း၍ အင်္ဂလန် သွားမယ် ကြံတော့ ဟိုရောက်ရင် သောင်ပြင် လွှတ်တဲ့ ခွေးလို ဒုက္ခ တွေ့လိမ့်မယ် ဆိုတဲ့ တိုင်းတာ မင်းကြီး ဦးဖိုးရဲ့ အပြောနဲ့ တင် ချောက်ချားပြီး နောက်ဆုံးတော့ ရတနာဂီရိ သာ ရောက်သွား ရှာခဲ့သည်။
ရာဇ ပုလ္လင်ပေါ် ရောက်ပြီးမှ သပိတ် ကိုင်စွဲ ရဲတဲ့ ပထမဆုံး မင်း အဖြစ် ၁၈၇၃ ခုနှစ် သက်တော် (၂၀) တွင် ချူလာ ဘုရင် ရဟန်း ပြုခဲ့သည်။ လူဝတ် ပြန်လဲ ပြီးနောက် အာဏာ အပြည့်အ၀ ရလာ ခဲ့သော ချူလာဘုရင် သည် အနောက်တိုင်း ကိုလိုနီ အုပ်ချုပ်ပုံ များကို ကောင်းစွာ လေ့လာ နိုင်ခဲ့သည့် အတွက် အနောက်တိုင်း အုပ်ချုပ်ပုံနဲ့ မြို့ပြ ယဉ်ကျေးမှု တွေကို ထိုင်း ဓလေ့ ရိုးရာနဲ့ ပေါင်းစပ်ပြီး ရှေ့ ခရီး ဆက်ဖို့ ဆုံးဖြတ်နိုင် ခဲ့ပုံရသည်။
ယူနီဖောင်း ၀တ်သည်။ ဘိုကေ ထားသည်။ သားသမီး တွေ အားလုံးကို ဥရောပ တွင် ကျောင်းထားသည်။ ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင် ဆိုသည့် အလုပ်ကို အရှေ့တောင် အာရှ မှာ အစောဆုံး လုပ်သွားသူ စွန့်ဦး တီထွင် သမားဟု ဆိုသင့် လှသည်။ ၁၈၉၇ ခုနှစ် ရောက်တော့ အင်္ဂလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ သြစတွီးယား၊ ဟန်ဂေရီ၊ စပိန်၊ ဟော်လန်၊ မိုနာကို၊ ပေါ်တူဂီ၊ ရုရှ၊ ဆွစ်ဇာလန်၊ ဂျာမနီ နှင့် အီဂျစ် နိုင်ငံ များသို့ ကိုးလတာ ခရီးရှည်ကြီး ထွက်ခဲ့ ပြန်သည်။ သားတော်တွေ တလှေကြီး ရှိသော်လည်း မည်သူမှ အာဏာ တက် မသိမ်းကြ။ ပဒေသရာဇ် ရာဇ၀င်တွင် အံ့ဖွယ်သူရဲ ဖြစ်ရပ်ဟု မှတ်တမ်း တင်ရမလို။ အင်္ဂလန်တွင် အက်ဝပ် (၇) ဘုရင်က ၀င်ဆာ ရဲတိုက်တွင် ဧည့်ခံသည်။ ရုရှတွင် နီကိုလပ် (၂) ဘုရင်က နိုင်ငံတော် ဧည့်သည် အဆင့် အတန်း သတ်မှတ်၍ အသေအချာ ပြုစု ဧည့်ခံ ခဲ့သည်။ ဥရောပ တစ်လွှား ထိုင်း ဆိုသည့် နိုင်ငံကို ပထမဆုံး ပရိုမိုးရှင်း တက် လုပ်သူ ဟု ပြောလည်း မှားမည် မထင်။ ထို ဖြစ်ရပ် များက ထိုင်း သည် ဘယ် နယ်ချဲ့ လက်အောက်မှ မကျရောက် ခဲ့သည့် ရှားရှား ပါးပါး လွတ်လပ်သည့် နိုင်ငံ အဖြစ် လက်မ ထောင် ရပ်တည် နိုင်စေ ခဲ့သည်။
၁၉၁၀ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ သက်တော် (၅၇) နှစ်တွင် ပဉ္စမ ရာမ မင်းကြီး သည် ကျောက်ကပ် ရောဂါ ဖြင့် နတ်ရွာ စံခဲ့သော အခါ နိုင်ငံ့ ကျေးဇူး ရှင်ကြီး သေဆုံး သည့် ထိုနေ့ သည် ထိုင်းနိုင်ငံ၏ အမျိုးသား ရုံးပိတ်ရက် ဖြစ်လာ သည်။ နေရာအနှံ့ တွင် ယူနီဖောင်း ၀တ် ချူလာ ဘုရင်၏ နတ်ကွန်း လေးများ ကို တွေ့နိုင် သည်။ ယနေ့တိုင် နတ်ဘုံ နတ်နန်းမှ ချူလာလောင်ကွန် ဘုရင်မင်းမြတ် သည် သူချစ်သော ထိုင်းနိုင်ငံ နှင့် ပြည်သူ အပေါင်းအား စောင့်ရှောက် ဖေးမ ကူညီ နေသေးသည် ဟု ထိုင်း ပြည်သူ တို့ အသည်း နှလုံး ထဲတွင် စွဲမြဲစွာ ယုံကြည် နေကြ သည်။ ယုံကြည်မယ် ဆိုလည်း ယုံကြည် ထိုက်သည်ကိုး။

Jan 05, 2009 @ 08:50:57
နေမကောင်းတာကြာပြီ—
အခုမှ လာလည်နိုင်တယ်—
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ—