Examination (2)

စာ မေး ပွဲ (၂)

(၁)

စာမေးပွဲ အမျိုးမျိုး ရှိ၏။ ထို အမျိုးမျိုးသော စာမေးပွဲ တို့ကို မရိုးရအောင် အစွမ်းကုန် ကျင်းပသည် ကတော့ ဆေးတက္ကသိုလ် များပင်။ လူတကာ သိသည့် ရေးဖြေ စာမေးပွဲ မှာပင် အမေး နွားကျောင်းသား။ အဖြေ ဘုရားလောင်းပုံစံ နည်းနည်း မေးပြီး များများ ဖြေရသည့် essay type ပုံစံ၊ သိသမျှ တိုတို ရှင်းရှင်း ချရေးရ သည့် multiple short question (MSQ) ပုံစံ၊ တစ်ခုမေး တစ်ခုဖြေ၊ မှန်ရင်နေ၊ မှားရင် သေရမည့် multiple choice question (MCQ) ပုံစံ၊ ဘွဲ့လွန် အဆင့် ကိုးကား သိုင်းဝိုင်း ချဲ့ ထွင် ဆွေးနွေး ဖြေဆို ရသည့် open book ပုံစံ တို့ကို သူ့ အဆင့် နှင့်သူ စုံတကာ စေ့အောင် မေး၏။

ဒါနဲ့တင် ပြီးသလား။ ဝေးစွ ခြောက်ပါး။ ဗိုက်ဗာ ဗိုစီ (Viva voce) ခေါ် ဆေးကျောင်းသားတိုင်း ရင်ခုန် ဖင်တုန် ရသည့် နှုတ်ဖြေ စာမေးပွဲက ရေးဖြေ နောက်မှ ဖ၀ါးခြေထပ်၊ ထပ်ချပ်မကွာ ပါပါသေး။ ပြီးရော့လား။ နိုး။ နောင်တစ်ချိန် ဆရာဝန် တစ်ဦး ဖြစ်လာဖို့ လေ့ကျင့် ပျိုးထောင် ရသည်မှာ စာကလေးနဲ့ ရေးပြလိုက်၊ ပါးစပ် က ဆီမန်း မန်းသလို စာရွတ်လိုက်နှင့် ဘယ်ပြီး လိမ့်မည်နည်း။ သူနှင့် နှဖူးတွေ့၊ ဒူးတွေ့ တွေ့ရမည့် လူနာကို ဘယ်လို ချဉ်းကပ် ကိုင်တွယ် သလဲ ဆိုတာ သိရဖို့၊ အကဲဖြတ် နိုင်ဖို့ အရေးကြီးသည်။ ထို့ကြောင့် လည်း ဆေးတက္ကသိုလ် များတွင် အခြား မည်သည့် ပညာရေး တွင်မှ မတွေ့ နိုင်သော လူနာ ခုတင်ဘေး စာမေးပွဲ (Bed side examination) ဆိုတာ ရှိရသည်။ ထိုအရာကို မဖြတ်သန်း နိုင်ပဲ ဆရာဝန် မဖြစ် စကောင်း။

(၂)

ဆေးကျောင်းသား ဘ၀က ကျော်လွန် ဖြတ်သန်း လာခဲ့သည့် အဆိုပါ စာမေးပွဲ ပေါင်းစုံ ကိုခုထိ ပြတ်ပြတ် ထင်ထင် အမှတ် ရနေဆဲ။ ဆေးကျောင်းသားတိုင်းလည်း ၄င်းတို့နှင့် သက်ဆိုင်ရာ အမှတ် ရစရာ များတွင် ထိပ်ဆုံးက နေရာ ယူထား သည်မှာ ကိုယ်တွေ့ စာမေးပွဲ အတွေ့အကြုံများ ဖြစ်မည် ထင်၏။ ပြောရလျှင် စာမေးပွဲ နတ်ဆိုးနှင့် ဘတပြန် ကျားတပြန် နဘန်း ဖက်လုံး ကြရသည့် ဘ၀ကို ထုသား ပေသား အကျဆုံးမှာ ဆေးတက္ကသိုလ် ကျောင်းသား ဘ၀ပင် ဖြစ်သည်။ ဒုတိယနှစ် မှသည် နောက်ဆုံးနှစ် အပိုင်း(ခ) ထိ အထပ်ထပ် ကာရံ ထားသော စာမေးပွဲ တံတိုင်းများကို ကျော်နိုင်စွမ်း ရှိမရှိ စစ်ဆေးသော အဆိုပါ ကာလ တာရှည် လက်ရည်စစ် ပွဲကြီးတွင် လက်ခမောင်းခတ် ကျော်လွှား နိုင်ဖို့ ဆိုသည်မှာ သိပ်တော့ မလွယ်။ လမ်းခုလတ် မှာပင် ပိုးလိုး ပက်လက် လန်ကုန် သူများ၊ အံကို ခဲသော်လည်း ပန်းမပန် လိုက်ရ သူများ၊ ဘ၀နှင့် စတေး လိုက်ရ သူများ တို့၏ မျက်ရည်စ တို့ဖြင့် လိမ်းကျံ ခင်းကျင်း ထားသော လမ်းရှည်ကြီး ဖြစ်သည်။ သားသားကို သနားပါ၊ မီးမီးက ဆရာဝန် သိပ်ဖြစ် ချင်တာ၊ ဘာဘာ ညာညာ မျက်ရည်ခံ ထိုး၍ မရစကောင်း။

(၃)

ဆရာဝန် ဘ၀ကို အားကျလို့။ အထင်ကြီးလို့၊ မိဘက ဖြစ်စေ ချင်လို့၊ ငယ်ငယ် ထဲက ရည်မှန်းချက် ထားလို့၊ အကြောင်း မျိုးစုံ ဖြင့် ဆေးတက္ကသိုလ် သို့ရောက်လာ ကြသူ များသည် အများအားဖြင့် စာကြိုးစားသည့် အရှိန် မကုန်သေး သဖြင့်လား။ တက္ကသိုလ် ၀င်တန်း တုန်းက သင်ကြား ခဲ့ရသည့် ဘာသာရပ် များကိုသာ ဆက်လက် တစ်ဆင့်မြှင့် သင်ကြား သောကြောင့်လား မသိ၊ ဆေးတက္ကသိုလ် ပထမနှစ် စာမေးပွဲ များကိုတော့ အများအား ဖြင့် အောင်မြင်စွာ ဖြတ်ကျော် နိုင်ကြ၏။ ဒါတောင် ခုနောက်ပိုင်း ပထမနှစ် မှာပင် စူပါ ဆပ်ပလီ။ အောလ် ရောင်း။ ဒီဘား။ ကျောင်းထွက် ရသည့် နှုန်းများက မကြုံ စဖူး။ ထူးကဲ ဒီရေ တက်သည့်နှယ် မြင့်မား လာနေသည်။ စတင်၍ ဒုက္ခနှင့် ရင်ဆိုင် ရသည်က ဒုတိယနှစ် ဖြစ်၏။

ဒုတိယနှစ်တွင် ဆေးကျောင်းသူ၊ ကျောင်းသားတိုင်း မသိမဖြစ် သိကို သိမှ ရမည် ဖြစ်သဖြင့် သိအောင် လုပ်ကို လုပ်ရမည်ဟု ပါးစပ်ကြီးများ အပြည့်အဖောင်း အာခေါင် ခြစ်၍ ကြုံးဝါး ကြွေးကြော် ထားသည့် ဆေးအခြေခံ ဘာသာရပ် များကို စတင် သင်ကြား ရတော့သည်။ တကယ် တော့လည်း ပုံမှန် လူ့ခန္ဓာကိုယ် အကြောင်း မျှသာပါ။ လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ ကလီစာ တို့က ဘယ်နေရာ၊ ကြွက်သား၊ သွေးကြော၊ နာဗ်ကြော၊ အရိုး တို့က ဘယ်သို့ ဘယ်ပုံစသည့် လူပထ၀ီ ဘာသာရပ်ကို ခန္ဓာဗေဒ (Human anatomy) ဟုခေါ်၏။ ထို ကလီစာ ပေါင်းစုံတို့ အုပ်စု ဖွဲ့၍ ဘယ်သို့ ဘယ်ပုံ အလုပ်လုပ်သည်၊ အပြန်အလှန် ဘယ်လို ဆက်စပ် သည်ကို အလေးပေး သင်ကြားသည့် ဘာသာရပ်က ဇီဝ ကမ္မဗေဒ (Human physiology) ဆိုပဲ။ ဆေးကျောင်းသားပါး မ၀ တ၀၊ မြန်မာစာမှာ ပြင်ညှာယှိ အခေါ်ခံ ထိုက်သူ သူကောင့်သား များက ဇီဝ ကာမဗေဒ ဟုအာပေါင် အာရင်း သန်သန် ခေါ်ကြ၍ သက်ဆိုင်ရာ ဆရာများ ကာမသျှတ္တရ ကျမ်းပဲ သင်ပေး ရမလိုလို။

လူတစ်ကိုယ် လုံးတွင် အခြေခံ အကျဆုံး ယူနစ်သည် ဆဲလ် (cell) ဖြစ်၏။ ထိုဆဲလ်တို့ တူရာတူရာ စုဖွဲ့သဖြင့် ခန္ဓာအိမ် ဆိုတာ ဖြစ်လာ ရသည်။ ရှာဖွေလေ၊ တွေ့ရှိလေ ခေတ်ကြီးတွင် ဆဲလ်လောက်နှင့် မတင်းတိမ် ကြတော့။ ဆဲလ်၏ လျှို့ဝှက်ချက်များ၊ ဆဲလ်၏ ကိုယ်တွင်းကို အနုကြည့် မှန်ဘီလူး ကြီးများဖြင့် ထပ်ကာ တလဲလဲ ချောင်းခြင်း အားဖြင့် ဆဲလ်၏ အမြူတေ နူကလိယပ်နှင့် သူ့ကို ကြိုးကိုင်သည့် ဂျင်း (Gene) ဆိုသည် ကို တွေ့ကြ ပြန်၏။ မကျေနပ်သေး။ ဂျင်းကို ပိုက်စိတ်တိုက် ကြပြန်ရာ ဂျင်း၏ ယူနစ် ဒီအန်အေ (DNA) နှင့် ၄င်း၏ ရင်သပ် ရှုမောဖွယ် ဓာတုသဘာဝ တို့သည် ကြည့်လေ၊ မြင်လေ ဖြစ်လာ၏။ ထိုသို့ လူတကိုယ်လုံးကို အဆုံးစွန် ခွဲခြမ်း စိတ်ဖြာ လိုက်သော် ဓာတု ဒြပ်ပေါင်းများ ချည်းသာ။ ဤပညာကို ဇီဝ ဓာတုဗေဒ (Biochemistry) ဟု ၀ိဂြိုလ် ပြု၏။ ဒုတိယနှစ် ဆေးကျောင်းသူ၊ ကျောင်းသား များကို အသေးစိတ် သင်ကြား၏။

ဇာတ်သမားပြန် မှတ်သားစရာ ကျန်ကိုကျန်ရမည်။ သင်စရာရှိတာ သင်ပြီးလျှင် မေးစရာရှိတာ မေးကို မေးရမည်။ မေးတာကို ဖြေကို ဖြေနိုင် ရလိမ့်မည်။ မဖြေ နိုင်လျှင် ပြန်သင်။ ပြန်မေး၊ ပြန်ဖြေ သံသရာ လည်ကို လည်ရ လိမ့်မည်။ ထိုထိုသော ထုံးကို ဆေးတက္ကသိုလ်တွင် ကျင့်သုံးသည်။ ကောင်းလှပါပြီ။

Advertisement

2 Comments (+add yours?)

  1. မသက်ဇင်
    Dec 02, 2008 @ 12:12:44

    ပိုစ့်ကောင်းလေးတခုကို သေချာလာဖတ်သွားပါတယ်–
    ဗဟုသုတတွေလည်းရပါတယ်–မှတ်ပါတယ်–
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်—

    Reply

  2. ကိုကိုဟန်
    Dec 03, 2008 @ 20:11:43

    ဆရာရေ…ကျောင်းကိုတောင်မှ လွမ်းလာပြီ
    စာမေးပွဲတော့မပါ…သားသားကြောက်ကြောက် အဟီး

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

December 2008
M T W T F S S
« Nov   Jan »
1234567
891011121314
15161718192021
22232425262728
293031  
Follow

Get every new post delivered to your Inbox.