ကြောင်ကို ချူဆွဲကြသူများ (၁)
11 Dec 2008 3 Comments
in အက်ဆေး
တောကြီး မျက်မည်း အတ္တ ဈေးကွက်
အိုဘယ့် ဈေးကွက်
ခုခေတ်က ဘယ်သူ ဘာပြောပြော ဈေးကွက် စီးပွားရေး ခေတ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း ဘယ်လို နိုင်ငံရေး စံနစ်ကို ကျင့်သုံး နေပါစေ၊ စီးပွားရေး မှာတော့ မားကတ် အီကော်နော်မီ က တစ်ရွေးသား မှ မလျှော့ကြ။ ဟိုမှာဖက် ဆီက ဂန္ဓာလရာဇ် နဂါးကြီး ကလည်း မားကတ်။ ဒီမှာဖက် ဆီက မစ္ဆျိမ ဆွေတော် မျိုးတော် တွေကလည်း မားကတ်၊ မာ့စ်ဝါဒ နဲ့ မျက်နှာ သစ်ပြီး မျှော်ပေမဲ့ ပေါ်မလာ၊ အတော်ကြာ ဇာတ်ခင်း သွားတဲ့ အရှေ့က ထွက်မဲ့ နေမင်းကို မျက်ကွယ် ပြုလိုက်ပြီး ကပူတင် ကြိုးဆွဲ ရာနောက် လှုပ်တုတ် လှုပ်တုတ် လိုက်က နေရရှာတဲ့ ရုရှ ၀က်ဝံကြီး ကလည်း ဈေးကွက်က တပြားသားမှ မလျှော့။ ဘာပဲဖြစ်ဖြစ် တကမ္ဘာလုံး မားကတ် ဒီရေ တက်နေ ကြတဲ့ ခေတ်ကိုး။ အနှီ ဈေးကွက် ခေတ်ကြီးမှာ ခက်နေ တာက ကျွန်တော်တို့ ကိုရွှေ မြန်မာတွေ။ ဈေးကွက် ဆိုရင် အိမ်ရှေ့ က အခွန်လွတ် ဈေး ကွက်ကွက် ကလေး ကို တစ်သက်လုံး မြင်လာ သူတွေ ဆိုတော့ သူများယောင်လို့ ဂယောင်ဂယင် နဲ့ ဈေးကွက် မြင်းကြီး တက်စီး လိုက်ရ ပေမဲ့ ကိုယ်စီးတဲ့ မြင်း အထီးလား၊ အမ လား၊ အခြောက်လား၊ ခုထိ ဝေဝေ ဝါးဝါး ဖြစ်နေတုန်း။
ဈေးကွက် အစ စမစ်က
ဈေးကွက် နောက်ကြောင်းကို ပြန်လှန်ရရင် ဇာတ်လမ်းစခဲ့သူက အဒမ် စမစ်ဆိုတဲ့ ငနဲကြီးပဲ။ အင်္ဂလိပ် ပရီးမီးယား ဘောလုံးပွဲတွေ တစ်သက်လုံးအားပေးလာသူတွေ ဆိုတော့ ဒီနာမည်ကရင်းနှီးနေသလိုလို။ ပူပူနွေးနွေး ပို့စ်မောက်မန်နေဂျာ တိုနီအဒမ် နဲ့ မန်ယူတိုက်စစ်မှူးပြုတ် အလန်စမစ်ပေါင်းထားတာလို့ အောက်မေ့တော် မမူ ကြပါနဲ့။ မူရင်းနာမည် ကိုက အဒမ်စမစ် ပါတဲ့။ ထင်ရှားအောင် ချိန်ထိုးပြရရင် ၁၇၂၃ အဒမ်စမစ်မွေးချိန်မှာ မြန်မာနိုင်ငံမှာ ညောင်ရမ်းခေတ် နောက်ဆုံးဘုရင် မဟာ ဓမ္မရာဇာမင်း အဝရွှေမြို့ တော်မှာ ထီးနန်းစိုးစံလို့ ကောင်းတုန်းပေါ့။ ၁၇၉ဝ မှာ စမစ်သေတဲ့ အခါကျတော့ မြန်မာနိုင်ငံမှာ ကုန်းဘောင် မင်းဆက်တွေ ဖြစ်တဲ့ အလောင်းဘုရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဥ့်ကူးမင်း၊ ဖောင်ကားစားမောင်မောင် စတဲ့ဘုရင်တွေ အသီးသီး ထီးနန်းစိုးစံ၊ နတ်ရွာလားကြပြီးလို့ ဘိုးတော်ဗဒုံမင်းတောင် အမရပူရ ပြောင်းပြီးတာ ကိုးနှစ် ရှိနေပြီ။ ဒီသက်တမ်း ကာလ အတွင်း စမစ်လုပ်ခဲ့သမျှထဲမှာ ပြောစမှတ်ပြုကြရတာက လွတ်လပ်တဲ့ ဈေးကွက်သီအိုရီ (Free Market Theory) ပါ။ ဒါကြောင့်မို့ သူ့ကို ခေတ်သစ်ဘောဂဗေဒရဲ့ ဂေါ့ဒ်ဖာသားကြီးလို့ ခုထိ တသသ ပြောနေကြရ တယ်။ ၁၇၇၆ ခုနှစ် နန်းတက်တဲ့ ဗမာဘုရင် ဆင်ဖြူရှင်ဟာ သူ့အဖေ အလောင်းဘုရား၊ သူ့အကို နောင်တော်ကြီး တို့အပြီးမသတ်နိုင်တဲ့ ထိုင်းနေပြည်တော် အယုဒ္ဓယကို ဆော်ပလော်တီးရေးလုပ်ငန်းကြီးကို ဆောင်ရွက်ဖို့ ထွက်တော်မူ နန်းကခွာတဲ့ အချိန်မှာပဲ အဒမ်စမစ်ရဲ့ မိုးမြေသိမ့်သိမ့်တုန်သွားစေတဲ့ “လောကကိုလေ့လာခြင်းနှင့် နိုင်ငံအပေါင်းချမ်းသာကြောင်းနည်းလမ်းများ- An inquiry into the Nature and Causes of the Wealth of Nations” ကျမ်းကြီး ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ဈေးကွက်ဆိုတဲ့ စကားလုံးအဲဒီအချိန်က စလို့ လူတကာနှုတ်ဖျားမှာ ရေပန်းစားလာခဲ့ ပါသတဲ့။
ဈေးကွက်ထဲမှာ ဘာဘာညာညာ
ဈေးကွက်ထဲမှာ ဘာတွေရှိသလဲ။ ဘယ်သူတွေ ရှိသလဲ။ ဘာလုပ်နေကြသလဲ။ ……..
ဈေးကွက်ဆိုတိုင်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်စဉ်းစားစရာမလိုပါ။ ဈေးကွက်ထဲမှာ ရောင်းသူနဲ့ ဝယ်သူ လူနှစ်မျိုးသာရှိပါတယ်။ အရောင်း အဝယ်၊ အလဲ အလှယ် ပြုလို့ရတဲ့ ပစ္စည်း တွေသာရှိပါတယ်။ အဲဒီ ပစ္စည်းတွေကို ရောင်းသူ၊ ဝယ်သူ အသံတူအောင် ရောင်းဝယ်၊ လဲလှယ် ခြင်းအလုပ် ကိုသာလုပ်နေ ကြပါတယ်။ ဒန်အိုး၊ ဒန်ခွက်စုတ်တွေကို ပဲလှော်နဲ့လဲတာ၊ မီးချောင်း အကျွမ်းတွေကို ပလတ်စတစ်ခွက်နဲ့ လဲတာ၊ ပိုက်ဆံကို စတော့ရှယ်ယာနဲ့လဲတာ၊ ရေနံကို ဒေါ်လာနဲ့ လဲတာ၊ အားလုံးဟာ ဈေးကွက်ပါပဲ။ ခုနကပြောသလို ရောင်းသူနဲ့ဝယ်သူ အသံတူကြဖို့ပဲလိုတယ်။ အချို့ ဈေးကွက်က တခဏ၊ အချို့ ဈေးကွက် က ထာဝရ၊ ရောင်းဝယ်၊ လဲလှယ် နေတဲ့ ပစ္စည်းပေါ်မူတည်လို့ ကွာသဗျ။
လော့ခ်ရဲ့ အခွင့်အရေးများ
လွတ်လပ်သော ဈေးကွက်ဆိုတာ လွတ်လပ်ရေးနေ့မှာ ဈေးတန်းလေးခင်းပြီး ပစ္စည်းရောင်းတာလို့တော့ မယူဆ တန်ကောင်းပါဘူး။ Free market ဆိုတဲ့ စကားဟာ အဒမ်စမစ်ရဲ့ လက်သုံးစကား၊ သူမြှောက်စားလို့ တောက်ကြွားလာခဲ့ပေမဲ့ စမစ်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တော့ မဟုတ်ပါ။ အင်္ဂလိပ် နိုင်ငံရေး ဒဿန ပညာရှင် ဂျွန်လော့ခ် (John Locke ၁၆၃၂- ၁၇ဝ၄) ရဲ့ လူသား၏ မွေးရာပါ အခွင့်အရေး ဆိုတဲ့ အယူအဆ ကနေ ဆင်းသက်လာတာဖြစ်တယ်။
ဂျွန်လော့ခ် ရဲ့အလိုအရ လူသား မှန်ရင် လွတ်လပ်စွာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် (Right to liberty) နဲ့ မိမိပိုင်ဆိုင်တဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု ကိုလွတ်လပ်စွာ စီမံခန့်ခွဲနိုင်ခွင့် (Right to private property) ဆိုတဲ့ ဘုရား ပေးတဲ့ မွေးရာပါ အခွင့်အရေး နှစ်ခု ရှိတယ်။ ဒီအခွင့်အရေးတွေ ကိုမည်သူတစ်ဦးတစ်ယောက်ကမှ ပယ်ဖျက် ကန့်ကွက် ဟန့်တားနိုင်ခွင့် မရှိဘူးလို့ဆိုတယ်။ ကမ္ဘာပေါ်မှာ အစိုးရဆိုတဲ့ အဖွဲ့အစည်း မရှိခဲ့ရင် လူသားတွေဟာ လွတ်လပ်စွာ နေထိုင်သွားလာ လှုပ်ရှားရင်း သူလည်းမသာ၊ ကိုယ်လည်းမနာပဲ အားလုံး သာတူညီမျှ ရှိတဲ့ သဘာဝ ဓမ္မ အခြေအနေ (State of Nature) ဆိုတာကို သူတို့ရဲ့ ဇာတိစိတ် အရ ရှာဖွေလိမ့်မယ်။ သဘာဝ ဓမ္မ အခြေအနေမှာ ဘုရား သခင်က လူသားဖြစ်ခွင့် ကိုဖန်တီးစဉ်က ချမှတ်ဖန်တီးခဲ့တဲ့ ကျင့်ဝတ်များ (Law of Nature) ကိုလိုက်နာ ရုံကလွဲပြီး ဘယ်အချုပ်အချယ် ဥပဒေဘောင်အတွင်းမှာမှ နေထိုင်စရာမလို၊ ဒါကြောင့် သဘာဝ ဓမ္မ အခြေအနေ ကိုရောက်ရင် လူသားအားလုံး အလုံးစုံ လွတ်လပ်ရေး (state of perfect freedom) ရပြီ။ ဒါကပဲ လောကနိဗ္ဗာန် ဖြစ်တယ်လို့ သူ့ရဲ့ Essays on the Law of nature နဲ့ Two Treatises of Government စာအုပ်တွေမှာ သူ့အတွေး အခေါ်ကို ဖေါ်ပြခဲ့တယ်။ ဂျွန်လော့ခ် ဟာသူ့ဘဝ တစ်လျှောက်လုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် နဲ့ ကိုယ့်ပစ္စည်းကိုယ် စိတ်ကြိုက်လုပ်ပိုင်ခွင့်တို့ကို ထပ်ကာတလဲလဲ ပြောလွန်းအား ကြီးလို့ ဒီနှစ်ချက်ဟာ လော့ခ်ရဲ့ အခွင့်အရေးများ (Lockean Rights) လို့လူသိများလာတယ်။
တောကြီးမျက်မည်း
သူပြောတဲ့ သဘာဝ ဓမ္မ အခြေအနေကို စိတ်ကူးနဲ့ပဲ တစ်ခါလောက် ရောက်ကြည့်ကြစမ်းပါ။ ဘယ်လိုတွေ ဖြစ်နေ မယ်ထင်ကြပါသလဲ။ ဘာဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ် မှမရှိဘူး။ ကန့်သတ်ချုပ်ချယ် မျက်စိဒေါက်ထောက်ကြည့်မဲ့ လူလည်း မရှိ၊ ကိုယ်ပိုင်ပစ္စည်းမှန်ရင် ကိုယ့်စိတ်ကြိုက် သဘောရှိ၊ ကလောဟိ နိုင်တယ်။ တရားမကြိုက်၊ အမှား လိုက်ရင်ဖြင့်၊ ဘုရားရိုက်လိမ့်မယ် ဆိုတော့-
ရွေ့ -နိပ်သဟ၊ အိမ်က မိန်းမ သောက်ချိုးမပြေလို့ ကြည့်မရတာကြာပြီ။ တင်တောင်းထားတဲ့ ပစ္စည်းဖိုး ကျေအောင် ဆိုင်ကယ်နဲ့ လဲလိုက်ဦးမှပဲ ဆိုရင်။ ကလေး သုံးယောက်နဲ့ ဟန်းဖုန်းတစ်လုံး လဲရန်ရှိသည်၊ နံပါတ်မြင့် လျှင် နောက်တစ်ယောက် အဆစ်ပေးမည် ဆိုပြီး ကြော်ငြာရင်။ သင့်သွေးကို လှူချင်းအားဖြင့် ကြက်ဥ ကိုယူပါ။ သင့်ကျောက်ကပ်ကို ဆလွန်းကားဝယ်နိုင်အောင် ရောင်းချပါ။ မျိုးကောင်းမျိုးသန့် ယောင်္ကျားဖိုအင်္ဂါများ အလိုရှိ သည်။ အများပြည်သူ အတွက် မောင်ဘနှင့်သားများ ပြည့်တန်ဆာ ကုမ္ပဏီ လီမိတက်၊ ဂေါရီ အရွယ် အပျိုစစ်စစ် ကျွန်မလေးနှစ်ယောက်ရောင်းရန်ရှိသည်။ ပစ္စည်းမှန်ဈေးမှန် ဒုံးပျံတံဆိပ် ဘိန်းဖြူများကို ဝယ်ယူ သုံးစွဲခြင်းဖြင့် ဂုဏ်ယူလိုက်စမ်းဘာ………………..။
မိုးမြေ သိမ့်သိမ့်တုန်အောင် ရောင်းလိုက်၊ ဝယ်လိုက်ကြမဲ့ ဖြစ်ခြင်း၊ အဲဒါလော့ခ်ရဲ့ အခွင့်အရေး တွေအားလုံးပြည့်စုံ တဲ့ ဈေးကွက် စီးပွားရေး စံနစ်ပေါ့ဗျ။ ကောင်းမှကောင်း။
ဆရာလော့ခ် ကလူတွေကို တယ်ယုံသကိုး၊ ဘုရားနဲ့ လှည့်ချောက်ရုံနဲ့ ကြောက်မဲ့ အမျိုးတွေမဟုတ်ဘူး ဆိုတာ သူမသိရှာဘူး။ ရိုက်စမ်းပါ ဘုရားရယ်။ နာနာလေး။ ရိုက်ပြီးရင်တော့ မုန့်ဖိုးပေးရမယ်နော် လို့ ဘုရားကိုပြန် စောဒက တက်မဲ့ လူသားမျိုးနွယ်မှာ သူမို့လို့ ဒီအခွင့်အရေးတွေ ပေးဖို့စဉ်းစားတတ်ပလေတယ်။ ဒီလောက်နဲ့ မပြီးသေးဘူး။ ကိုယ့်အခွင့်အရေး ကိုယ်ကာကွယ်တဲ့ နေရာမှာ မတရားတာမရှိဘူး။ မတရားရင်တောင် ဘယ်သူကမှ ကာကွယ်မပေးနိုင်ဘူး။ လူတိုင်း သာတူညီမျှ အားလုံး ဘုရင်ချည်းပဲ ဆိုတော့ ကိုယ့်အခွင့်အရေး ဆိုတဲ့နေရာမှာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ဆိုရင် လူသတ်ခွင့်တောင်ပါသလိုဖြစ်နေတယ်။ ဒီတော့ မုဒိန်းကျင့်ခွင့်၊ ဘလက္ကာရ ပြုခွင့်၊ ပါးပိတ် ရိုက်ခွင့်၊ တံတွေးနဲ့ထွေးခွင့်၊ ခြေထောက်နဲ့ ဆောင့်ကန်ခွင့် တွေဟာ တောင်းနေစရာမလိုလောက်အောင် ဗျာဒိတ်ရပြီးသား ဖြစ်ကုန်တော့မယ်။ လမ်းထွက်ရင် ရှေ့ နောက် တောင်မြောက် ဘေးဘီ ကျီးကန်းတောင်းမှောက် ကြည့်၊ ဘယ်အချိန် ကိုယ့်ဘယ်သူက သေနတ်နဲ့ ပစ်ထည့် လိုက်မလဲ။ နောက်ကျော လှံနဲ့ ဆောင့်ထိုးခံရမလဲ။ လည်မျို ဓါးနဲ့ အလှီးခံရမလဲ။ နေ့သေမလား၊ ညကြွမလား။ အမြဲတမ်းရင်တထိတ်ထိတ်၊ အားသာသူ နိုင်စတမ်း (survival of fittest) ဆို တဲ့ တောကြီးမျက်မည်းထဲ ပြန်ရောက်သွားကြတဲ့ ဘဝတွေများဖြစ်နေကြမှာလား။
အတ္တ ဈေးကွက်
ဂျွန်လော့ခ် ဟာသူ့ရဲ့ ဒဿနတွေကို ရေးခဲ့၊ ပြောခဲ့ ပေမဲ့ စီးပွားရေးမှာ သုံးဖို့တစ်ခါမှ တွေးတောင် မကြည့်ခဲ့ပါဘူး။ သူ့အယူအဆတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်အဓိက ဘောဂဗေဒ အဖြစ် ပြောင်းလဲပစ်သူက အဒမ် စမစ် ပေါ့။ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် (Perfectly Competitive Market) ဆိုတဲ့ ဝေါဟာရဟာ အဒမ် စမစ် လက်ထက်မှာအင်မတန်ခေတ်စားတဲ့ စကားလုံးဖြစ်လာတယ်။ ဒီ အခြေအနေပြည့်စုံဖို့ ပညတ်တော် ခုနှစ်ပါးရှိ သတဲ့။
- ဈေးကွက် ထဲမှာ ဝယ်သူ၊ ရောင်းသူ အနန္တ ရှိတဲ့ အတွက်ကြောင့် ဘယ်သူကမှ ဈေးကွက်ကို လက်မည်းကြီး နဲ့အုပ်ပြီး မောင်ပိုင်စီးထားလို့မရ။
- ရောင်းချင်၊ ဝယ်ချင်တဲ့ မည်သူမဆို ဈေးကွက်ထဲကို လွတ်လပ်စွာ ဝင်နိုင်၊ ထွက်နိုင်တယ်။
- ရောင်းမဲ့၊ လဲမဲ့၊ ပစ္စည်းရဲ့ အကြောင်း ကို အူမ ချေးခါး မကျန် ရောင်းသူ ရော၊ ဝယ်သူပါ အကုန်အစင် သိပြီး ဖြစ်တယ်။
- ဈေးကွက် ထဲမှာ အရောင်းအဝယ်၊ အလဲအလှယ်လုပ်ကြတဲ့ ပစ္စည်းနဲ့ ပါတ်သက်လို့ ဘယ်သူ ဘာရောင်း ပြီး၊ ဘာဝယ်နေသလဲ ဆိုတာ ဘယ်သူကမှ အရေးတယူလုပ်ပြီး စုံစမ်း၊ ထောက်လှမ်းနေတာမျိုး၊ မရောင်းရ၊ မဝယ်ရလို့ တားဆီးပိတ်ပင်တာမျိုး မရှိ။
- အရောင်း၊ အဝယ် အလဲအလှယ်လုပ်ကြတဲ့ ကုန်ပစ္စည်းနဲ့ ပါတ်သက်တဲ့ ကုန်ကျစရိတ်၊ အကျိုးအမြတ် အားလုံးဟာ ဒီပစ္စည်းရောင်းသူ၊ ဝယ်သူ ကလွဲလို့ ဘယ်သူကမှ ကြားက ငထွားခါးနာစရာ၊ ဂုတ်သွေး စုတ် အမြတ်ထုတ်စရာ အကြောင်းမရှိ။
- ရောင်းသူ၊ ဝယ်သူ အားလုံးဟာ ကိုယ့်အတွက် အကျိုးအမြတ် အများဆုံးရလိုတဲ့သူ (Utility Maximizers) တွေချည်းပဲဖြစ်တယ်။ အားလုံးဟာ ဟင်းရည်များများ၊ အကြော်များများ၊ မုန့်ဖတ်များများ၊ ဘဲဥ များများ၊ ငါးဖတ်များများ ရလိုပြီး မုန့်ဟင်းခါးဖိုးတော့ နည်းနိုင်သမျှ နည်းစေချင်ပါတယ်ဆိုတဲ့ လူတွေချည်းပဲ။
- ဈေးကွက်ထဲမှာ ရောင်းနေသူ နဲ့ ဝယ်နေသူတွေ နှစ်ဦး နှစ်ဖက် သဘောတူရင် ကိစ္စ ပြီးပြီ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ (အထူးသဖြင့် အစိုးရ) ဈေးနှုန်း၊ ပစ္စည်း အရည်အသွေး နဲ့အမျိုးအစားတွေကို ကန့်သတ် ချုပ်ချယ်နေစရာ အကြောင်းမရှိ။
ဒီအချက်တွေကို တင်ပြရာမှာ အဒမ်စမစ် အဓိက စွဲကိုင်ထားတဲ့ သဘောတရားကတော့ လူမှန်ရင် အတ္တသမား ချည်းပဲဆိုတဲ့ အချက်ဖြစ်တယ်။ သူ့ရဲ့ လူတကာ သြချ ရတဲ့ နာမည်ကျော် အဆိုအမိန့်တစ်ခုက-
“It is not from the benevolence of the butcher, the baker and the brewer that we expect our dinner, but from their regard for their own self-interest———————————-”
“သားသတ်သမား၊ မုန့်ဖုတ်သမား၊ အဖျော်ယမကာ ရောင်းသူတွေရဲ့ မေတ္တာတော် အနန္တကြောင့် ကျုပ်တို့ညစာ စားနေရတာမဟုတ်ပါ။ ဒါသူတို့ အလုပ်၊ သူတို့ လုပ်နေကြတာပဲ။ လူသားဆန်မှု၊ စေတနာသဒ္ဒါ တရားရှိမှု စတာတွေ ဘေးချိတ်ထားလိုက်စမ်းပါ။ လူတိုင်းဟာ ကိုယ့်အကြိုက်အတွက်၊ ကိုယ့်အတ္တ အတွက်၊ ကိုယ်အကျိုး ရှိဖို့အတွက် လုပ်နေကြတာမို့ ကျုပ်တို့ လိုအင်ကို ဘယ်သူကမှကိုယ်ကျိုးစွန့်ပြီး ဖြည့်ဆီးပေးနိုင်စွမ်းမရှိ”
ကဲ-ဘယ်နှယ့်ရှိစ။ လူဆိုတာ အတ္တသမားချည်းပဲလို့ ပြောင်ပြောင်ပြဲပြဲ ပြောထည့်လိုက်တော့ နားထဲကို ကန့်လန့် ကြီးဝင်မသွားဘူးလား။ ဈေးကွက် ဆိုတာ အဲဒီ ကိုယ်ကျိုးရှာ အတ္တသမားတွေရဲ့ နေရာဆိုပဲ။ ဈေးကွက်က လွတ်လပ်လေလေ၊ ကိုယ့်အတ္တ ကိုအတားအဆီးမရှိ ဖော်ထုတ်နိုင်လေလေတဲ့။ တောကြီးမျက်မည်း ဖြစ်တဲ့ အတ္တ ဗဟိုပြုဈေးကွက်ထဲမှာ ဆင်နင်းခံရ၊ ကျားကိုက်ခံရ၊ ဝက်ပက်ခံရ ဦးမှာလား။ ကျောများပင် ချမ်းမိပါရဲ့။

Jan 31, 2009 @ 11:50:22
တချို့ အက်ဆေးတွေက ဆက်ဖတ်လို့ မရပါလား။ တင်ထားသမျှ အစအဆုံးပဲလား။ တစ်ခုခု လွဲချော် နေသလား စစ်ဆေးပေးပါအုံးဗျာ။ ဥပမာ .. ကြောင်ကို ချူဆွဲသူများ ဆိုတာ တပိုဒ်တည်းပဲလား ။
ခင်မင်လျက် ..
မင်းဒင်
Jul 06, 2009 @ 06:40:42
ဦးနှောက်မုန်တိုင်းတိုက်တာ ကြိုက်တယ်ဆရာ
Feb 01, 2009 @ 12:07:13
အခုလို အသိပေးတာ ကျေးဇူး တင်ပါတယ် ကိုမင်းဒင်။ wordpress ဆရာတွေကို သွားမေးပြီး ပြုပြင် လိုက်ပါပြီ။ ဒီ post လဲ အဆင်ပြေပြေ ဖတ်လို့ ရပြီ ထင်ပါတယ်။