အတ္တလန်တစ် ရှာပုံတော် (၁)

မဟာထိပ်တိုက် ထိတွေ့မှုကြီး
၇၁၂၀ ဘီစီ
ဟတ်ဆန် ပင်လယ်အော်ဒေသ၊ ကနေဒါ

ကျူးကျော်သူ သည် ဆိုင်းမဆင့် ဗုံမပါပဲ နောက်ကွယ်မှ ဘွားကနဲပေါ်လာခဲ့၏။ လူသားတို့ နေထိုင်ရာ နေစကြာဝဠာ ၏အပြင်ဖက်ရှိ ဂြိုလ်များဆီမှ ရေခဲမှုန်များ၊ ကျောက်စ ကျောက်န များ၊ ဖုန်မှုန့်များနှင့် ဓါတ်ငွေ့များ စုပေါင်း၍ လွန်ခဲ့သော နှစ်သန်းပေါင်း လေးထောင့်ခြောက်ရာ ခန့်ကတည်းက သန္ဓေတည်လာခဲ့သော ကြီးမားလှသည့် ထိုထု ထည်ကြီးသည် စကြာဝဠာ ကိုယ်တိုင် လောက်ပင် သက်တမ်းရင့်လှပြီ။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲ နေသော အမှုန်အမွှားများသည် တဖြည်းဖြည်း စုခဲ၍ အချင်းတစ်မိုင် ပါတ်လည်ခန့် ရှိသော အမြုတေ အစိုင်အခဲ တစ်ခု စတင် ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ ထိုအရာကြီးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နေကို ဗဟိုပြုလျက် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် မဆုံးနိုင်သည့်ခရီးရှည်ကြီး နှင်နေလေတော့သည်။

ထိုအရာဝတ္တုကြီး၏ အတွင်းအမြုတေသည် သိပ်သည်းသော ရေခဲမှုန်များ၊ ကာဗွန်မိုနောက်ဆိုက်ဒ်၊ မီသိန်းဓါတ်ငွေ့ များနှင့် ခွေးသွားစွယ်များသဖွယ် ချွန်မြထိုးထောင်နေသည့် သတ္တုကျောက်စကျောက်နများဖြင့် ပြည့်နှက်ကျပ်ခဲလျှက်။ ပမာဆိုရပါက ဘုရားသခင် လက်ဖြင့်လုံး၍ အာကာသထဲသို့ လွှင့်ပစ်လိုက်သော ညစ်ပတ်လှသည့်နှင်းလုံးကြီးပမာ။ သို့သော် နေကို ပါတ်ပြီး ဆိုလာစနစ်ကိုဖြတ်၍ ပျံသန်းလိုက်သောအခါ အမြုတေနှင့် ဆိုလာရောင်စဉ်ဓါတ်ပြုမှု မှပြောင်းလဲဖြစ်ပေါ် လာသော အသွင်သည် ရုပ်ဆိုးဆိုး အတုံးအခဲကို ရင်သပ်ရှုမောဖွယ် အလှတစ်ပါး အဖြစ် ပြောင်းလဲ သွားစေ၏။

နေ၏အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်တို့ကို အလုံအလောက်စုပ်ယူပြီးသောအခါတွင်ကား တောက်ပသည့် သတ္တုပြာ ရောင် လက်လက်ထသည့် ကော်မာသဏ္ဍန်အမြီးရှည်ကြီးပေါ်ပေါက်လာတော့သည်။ ဆန့်ထုတ်လိုက်လျှင် အမြုတေ ၏နောက်မိုင် သန်းကိုးဆယ်ခန့်ရှည်လျှားသည် မဟာအမြီးကြီး။ ၄င်းကို ပါတ်ရံလျက် မိုင်တစ်သန်း အကျယ်ရှိသည့် တောက်ပ ဖြူဖွေးသော သတ္တုအစိုင်အခဲများသည် ငါးကြေးခွံသဖွယ် အမြုတေကို ဝန်းရံထားသည်။ နောက်နှစ်ပေါင်း သန်းနှစ်ရာ အကြာတွင် အမှုန်အမွှားတို့သည် တဖြည်းဖြည်းကျစ်လစ်သိပ်သည်းလာခါ ဥက္ကာခဲများအဖြစ် အသွင် ပြောင်းလာသည်။ ထိုအရာကို မြင်ရသူ အပေါင်းက ကြယ်တံခွန် ဟုအမည်ကင်ပွန်းတတ်ကြသည်။ တကယ်တော့ ထိုအာကာသ ခရီးသည် ကြယ်တံခွန်ကြီး သည်နောက်တစ်ကြိမ် နေကိုလည်းမပါတ်နိုင်တော့၊ အခြား ဆိုလာစနစ် တစ်ခုသို့လည်း ခရီးမဆန့်နိုင်တော့ပါ။ သူအိုမင်းလှပြီ။ မှောင်မိုက်၊ တိတ်ဆိတ်၊ အေးခဲနေသော မဟာ အာကာသ ထဲတွင် သူ့သက်တမ်းစေ့နေပြီ။ သို့သော်……….

သူ၏နောက်ဆုံး ခရီးဖြစ်သော ဂျူပီတာဂြိုလ်ကို မိုင်ကိုးသိန်းအကွာမှ လှည့်ပါတ်နေစဉ် ဂျူပီတာ၏ ကြီးမားပြင်းထန် လှသောဆွဲအားက သူသွားနေသည့်လမ်းကြောင်းပေါ်မှ သူ့ကို ယိုင်ထွက်သွားစေခဲ့သည်။ ကံကြမ္မာကြောင့်လား၊ တိုက်ဆိုင်မှု ကြောင့်လား၊ ဘုရားသခင်၏ အလိုတော်အရလား။ လမ်းကြောင်းပြောင်းသွား သောသက်ကြားအို ကြယ်တံခွန်ကြီးသည်နေစကြာဝဠာ၏ တတိယမြောက်ဖြစ်သော၊ ၄င်းပေါ်တွင်နေထိုင်ကြသည့် သက်ရှိများက ကမ္ဘာ မြေ ဟုအမြတ်တနိုးခေါ်ကြသော ဂြိုလ်ပြာကြီးထံသို့ မှုန်ယိုနေသော နွားရိုင်းပမာ ကမူးရှုးထိုးဖြင့် အားကုန် ဆောင့်တိုက်ရန် တဟုန်ထိုးပြေးလာခဲ့သည်။

ကမ္ဘာ့လေထုထဲသို့ လေးဆယ့်ငါး ဒီကရီထောင့်ချိုးမှ တစ်နာရီ မိုင်တစ်သိန်းသုံးသောင်းနှုန်းဖြင့် နစ်ဝင်လာသော ဧည် သည်တော်ကြီးကား ကမ္ဘာ့ဆွဲအားကြောင့် အရှိန်မြန်သည်ထက်မြန်လာသည်။ ကမ္ဘာ့လေထုနှင့် ဓါတ်ပြုမှုကြောင့် မျက်စိကန်းလောက်အောင် တောက်ပ လင်းလက်သော အကျယ်ဆယ်မိုင်၊ အလေးချိန် တန် သန်းလေးထောင်ရှိသော ၄င်း၏ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ကောက်ကွေး၊ တွန့်လိန်သွားပြီး ဖြန်းကနဲ အစိတ်စိတ်အမွှာမွှာ ကွဲထွက် သွား တော့၏။ နောက်ခုနှစ် စက္ကန့်အကြာတွင် မီးခဲကြီးလုံးလုံးဖြစ်နေသော ကံဆိုးရှာသူ ကြယ်တံခွန်ကြီးသည် ကမ္ဘာ မြေမျက်နှာပြင်သို့ ဒုန်းကနဲ ဆင်းသက်မိလေပြီ။

စတင်မိတ်ဖွဲ့ ထိတွေ့မိသည့်နေရာတွင် လူသားတို့ ဥာဏ်မီသော မည်သည့်နည်းလမ်းနှင့် မဆို တွက်ချက် မရနိုင် လောက်အောင် ကြီးမားသော ကိုင်းနတစ် စွမ်းအင်သက် ရောက် မှုကြောင့် ဟာဝိုင်အီ ကျွန်းထက် နှစ်ဆခန့် ကြီးမား သော အပေါက်ကြီးဖြစ်ကျန်ခဲ့၏။

ထိုထိတွေ့မှု၏ နောက်ဆက်တွဲ အကျိုးဆက်များကား………….

တစ်ကမ္ဘာလုံး ရစ်ခ်ျတာ စကေး ၁၂ ပြင်းအားရှိသော ငလျှင်ကြီးကြောင့် သိမ့်သိမ့်တုန်သွားသည်။ သမုဒ္ဒရာ အသီးသီးမှ ရေထုသည် မိုးယံသို့လျှံတက် ကုန်သည်။ ရှိသမျှ သစ်တောအားလုံးကို မီးမုန်တိုင်းကြီးက ဝါးမျိုသည်။ မီးတောင်များအားလုံး မွေးနေ့တွင် အလှဆင်ထားသော ပူဖေါင်းများ တစ်လုံးပြီး တစ်လုံး ဖေါက်လိုက်သည့်နှယ် တဖေါင်းဖေါင်း ပေါက်ကွဲပြီး ကမ္ဘာမြေပြင်ကို ပြာကဗ္ဗလာဖြင့် အလှဆင်သည်။

ကြည့်လေရာ ဖုန်၊ သဲ၊ ပြာ တို့ဖြင့် လွှမ်းမိုးထားသော ကမ္ဘာ့မြေပြင်တွင် ဟူးဟူးရားရားလေကြမ်းကြီးများကလည်း တစ်တပ်တစ်အား တန်ဆာဆင်လျှက်ရှိရာ လောကတစ်ခွင် မှုန်ပြာမှိုင်းလျှက် နေကိုတစ်နှစ်ပါတ်လည်လုံး မမြင်ရတော့ အပူချိန်မှာ ရေခဲမှတ်အောက်တွင် တသမတ်တည်းတည်နေပြီး ကြောက်လန့်ဖွယ် မှောင်မဲနေသည့် တစ်ခါက အလွန် လှပခဲ့သည့် ဂြိုလ်ပြာပေါ်ရှိ သက်ရှိသတ္တဝါတို့၏ ကံကြမ္မာသည် မည်သို့ရှိချေမည်နည်း။

အပူပိုင်းနှင့်သမပိုင်းဇုန်နေ တိရိစ္ဆာန်တို့သည်နေ့မြင်ညပျောက်ဖြစ်ကုန်ကြ၏။ အမွှေးရှည်မားမွတ် သတ္တဝါကြီးများသည် နေခြည်နွေးနွေး အောက်ဝယ် ဇိမ်ခံရင်း စားသောက်နေသည့်မြက်နုနုကလေးများနှင့် ပန်းပွင့်များ၊ သစ်ရွက်များအစာ မကြေ သေးမှီရေခဲတုံးများအဖြစ် ဘ၀ပြောင်းကုန်ကြသည်။ သစ်ပင်တို့သည် အရွက်အသီးစုံစုံလင်လင်နှင့် ရေခဲရိုက် ပြီးသား ဖြစ်နေ၏။ ငါးသေတို့သည် နေရာအနှံ့။

ကမ္ဘာ့တိုက်ကြီး အသီးသီးတွင် ငါးမိုင်မှ ဆယ်မိုင်အမြင့်ရှိရေလှိုင်းကြီးများချက်ချင်းတက်လာသည်။ ကမ်းရိုးတန်းဒေသ အားလုံးရေအောက်မြုပ်ကုန်သည်။ ကုန်းတွင်းဒေသ များသို့ မိုင်ရာပေါင်းများစွာထိ ဒီရေတက်လာပြီး သက်ရှိ သက်မဲ့ အရာမှန်သမျှ လွှမ်းမိုးဖျက်ဆီးပစ်လိုက်တော့သည်။ မြစ်ကြောင်းများ အကြီးအကျယ်ပြောင်းလဲကုန်သည်။ သဲအတိ ပြီးသော ကန္တာရဒေသ တို့သည် ချက်ချင်းပင် အလွန်ကြီးမားကျယ်ပြန့်သော ရေအိုင်ကြီးများနှင့် သမုဒ္ဒရာငယ်များဖြစ် ကုန်တော့သည်။ ထိုဆင့်ကဲ ရိုက်ခတ်မှု ဖြစ်စဉ်ကြီးသည်ဤမျှနှင့်ပြီးမသွားသေး။

တောင်စဉ် တောင်တန်းများသည် မြက်ရိုင်းများကို တံစဉ်ဖြင့်ရိတ်လိုက်သည့်နှယ် အလွန်လျှင်မြန်စွာ ပြိုကြကုန်၏။ မြေကြောတို့သည် ပူတင်းကို ဓါးဖြင့်လှီးသည့်နှယ် တိတိရိရိ ပြတ်ရွေ့ ကုန်၏။ မိုင်လေးဆယ်မျှ အထူရှိသော ကမ္ဘာ့ အပေါ်ရံ မြေလွှာသည် စုတ်ပြတ်သတ်ကွဲထွက်သွားပြီး ကမ္ဘာမြေ အတွင်းထုကြီး၏ ဗဟိုချက်ရှိ ချော်ရည်ပူတို့သည် ကပြောင်း ကပြန်တွန့်လိန် ကောက်ကွေးစီးဆင်းကြတော့သည်။

တိုက်ကြီးများသည် မူလတည်ရှိသည့် နေရာမှ ရွေ့ လျားကုန်ကြ၏။ ပိစိဖိတ် သမုဒ္ဒရာတွင်းမှ ကျွန်းဟောင်းတို့လုံးလုံး ပျောက်ကွယ်သွားပြီးကျွန်းသစ်များပေါ်လာခဲ့သည်။ မူလက ချီလီနိုင်ငံ အနောက်ဖက်ရှိ အန္တာတိက တိုက်သည် တောင်ဖက်သို့ မိုင်နှစ်ထောင်ခန့် ရွေ့ ပါသွား၏။ မြောက်ဝင်ရိုးစွန်း သည်လည်းထိုနည်းလည်းကောင်း။ အပျက်အစီးတို့ သည်မဆုံးနိုင်အောင် ဆက်လက်ဖြစ်ပေါ်နေဆဲ။ ကမ္ဘာ့မြေအပေါ်ရံလွှာ ပြတ်ရွေ့ မှုသည် ကြက်ဥ အခွံကို ညက်ညက် ကြေအောင်ထုထားသကဲ့သို့ ဖြစ်နေသဖြင့် ရှိပြီးသားရေခဲတောင်တို့သည် အချိန်အနည်းငယ်အတွင်း အရည်ပျော်ကုန် ကာ ပင်လယ်ရေမျက်နှာပြင်သည် မဟာထိတွေ့မှုကြီး မဖြစ်ခင်အချိန်ကထက် ပေလေးရာကျော်မြင့်တက်သွား၏။ ထိုတစ်နေ့တာ အတောအတွင်းမှာပင် ယခင်က ဥရောပတိုက်မြေပြင်နှင့် တဆက်တည်းရှိခဲ့သော ဗြိတိန် နိုင်ငံသည် ရေပတ်လည် ဝိုင်းလျှက်ရှိသော ကျွန်းအဖြစ်ပြောင်းလဲသွားသည်။ ကြီးမားလှသည့် သဲကန္တာရကြီးတစ်ခုသည် ရေများဝင်ရောက်မှုကြောင့် ပါရှန် ပင်လယ်ကွေ့အမည်ဖြင့် ရေပြင်အသစ် တစ်ခု အဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ယခင်က အနောက်ဖက်ရှိ သမုဒ္ဒရာထဲသို့စီးဝင်သော နိုင်းမြစ်သည် လမ်းကြောင်းပြောင်းသွားပြီး ယခင်က သဲအတိပြီးသော ကန္တာရ နေရာတွင် ရေများဝင်လာပြီး ရုတ်တရက်ဖြစ်ပေါ်လာသည့် မြေထဲပင်လယ်တွင်းသို့ သာနှောင်းပိုင်းကာလများတွင် စီးဝင်ရတော့သည်။ ကမ္ဘာ့ဝင်ရိုး သည် နှစ်ဒီကရီ ခန့်တိမ်းစောင်းသွားပြီး မျက်စိတစ်မှိတ် အချိန်အတွင်း တောင်နှင့်မြောက်ဝင်ရိုးစွန်းတို့သည် နေရာရွေ့ လျားကုန်ကြ၏။ ကမ္ဘာ့အတွင်းပိုင်းမှ တွန်းကန်ထွက် လာသော ချော်ရည်ပူများကို မီးတောင်များမှ အဆက်မပြတ်ပေါက်ကွဲ အန်ထုတ်လျှက် ရှိ၏။ တော်လဲသံကြီးများနှင့် ကြောက်စရာ ငလျင်ကြီး များကားလပေါင်းများစွာ တိုင်အောင် မပြီးနိုင် မစီးနိုင် လှုပ်ခါနေကြဆဲ။ နောက်ဆယ်ရှစ်နှစ် တိုင်အောင် တောင်နှင့်မြောက် ဝင်ရိုးစွန်းနှစ်ခုမှာ ပျက်သွားသည့် သံလိုက်အိမ်မြှောင်ပမာ နေရာရွေ့ လျားနေဆဲ။ နိုးတစ်ဝက် အိမ်မက်ဆိုးသဖွယ် ထိုကာလရှည်ကြီးအတွင်း လေပြင်းမုန်တိုင်းများက ကမ္ဘာမြေကို ရစ်သိုင်း ဖွဲ့ခြုံ ကာ လက်ကျန်သမိုင်းအမွေအနှစ်တို့ကို အငြိုးနှင့် တိုး၍ဖျက်ဆီးကြပြန်သည်။ နေ့ည ပြောင်းလဲမှု အချိန် ကမောက် ကမ ဖြစ်နေခြင်းကြောင့် သုံးရာခြောက်ဆယ့်ခုနှစ်ရက် ရှိနေကြ တစ်နှစ်မှာ နှစ်ရက်လျော့သွား၏။ ကမ္ဘာ့သံလိုက် စက်ကွင်း သည် အနောက်မြောက်ဖက် သို့ မိုင်တစ်ရာခန့်ရွေ့ သွား၏။ ရာပေါင်းများစွာသော သက်ရှိ မျိုးစိတ်တို့ ကမ္ဘာမြေ ပေါ်မှပျောက်ကွယ် မျိုးတုန်းသွားကြသည်။ ဘို့တစ်လုံးနှင့် ကုလားအုတ်ကြီးများ၊ အမွှေးရှည် မားမွှတ်နွားကြီးများ၊ ရေခဲ ခေတ်မြင်းများအားလုံး စုပ်စမြုပ်စ ပျောက်ကွယ်ကုန်သည်။ အစွယ်ရှည်ကျားကြီးများ၊ တောင်ပံ ဖြန့်လိုက်လျှင် ၂၅ ပေထိရှည်သော ဌက်ကြီးများနှင့် အခြားပေါင်ရာကျော်လေးသော တိရိစ္ဆာန်ကြီးများ အားလုံးသည် ချော်ခိုးချော်ငွေ့ များနှင့် မီးခိုးများကြောင့် အသက်ရှုကျပ်၍ မရှုမလှ သေပွဲဝင်ကြကုန်၏။ သီးပင်စားပင် သစ်ပင် ပန်းမာန်များလည်း ထိုကမ္ဘာဖျက်ကပ်ဘေးကြီးမှ မလွတ်ကြရှာပါ။ နေရောင်ခြည် မရခြင်း၊ ပြာများဖုံးလွှမ်းခြင်း၊ ရေမှော်များကပ်ငြိခြင်း တို့ကြောင့်ဇီဝိန်ချုပ်ကြရပြန်သည်။ အဆုံးမတော့ ကမ္ဘာ့ သက်ရှိအားလုံး၏ ၈၅ ရာခိုင်နှုန်းသည် ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေး၊ မီးတောင်ပေါက်ကွဲမှု၊ အဆိပ်သင့် လေထု နှင့် အစာရေစာငတ်မွတ်ခေါင်းပါးမှု ဘေးတစ်မျိုးမျိုးသင့်၍ မျိုးပြုတ် ဇီဝိန်ချုပ်ရရှာလေသည်။

ဤဘေးဆိုးကြီး အတွင်း လူသားမျိုးနွယ်၏ ကံကြမ္မာကရောမည်သို့ရှိမည်လဲ………….

နှစ်တစ်သိန်းခန့်သော အချိန်အတွင်း မတ်မတ်ရပ်နိုင်သော မျောက်ဝံ တဖြစ်လဲ ဂူအောင်းရှေးလူ ဘဝမှ ခေတ်ပေါင်းများစွာ ပြောင်းလဲတိုးတက်ခဲ့ပြီး အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုကြီးများပေါ်ထွန်းခဲ့ပြီးဖြစ်သော လူ့ဘုံခန်းဝါသည် တစ်နေ့နှင့် တစ်ည အချိန်အတွင်း အလုံးစုံ ပျက်စီးခြင်းသို့ရောက်ရှိခဲ့သည်။ ¬သန်းပေါင်းများစွာ သော ယောင်္ကျား၊ မိန်းမ နှင့် ကလေးများ၏ သေခြင်းတရားကား ကြောက်ခမန်းလိလိ။ ဖွံဖြိုးဆဲ ယဉ်ကျေးမှုကြီးများမှာ ကျူပင်ခုတ် ကျူငုတ်မကျန် ပျောက်ကွယ် သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မှာလည်း ရွှေရောင် လွှမ်းခဲ့သော အတိတ်ကာလများကို အောက်မေ့တသ နေရုံမှလွဲ၍ ဘာဆိုဘာမှ မကျန်ရစ်ခဲ့။ မျောက်လူဘဝ မှသည် ဘုရင်များ၊ ဗိသုကာများ၊ ပန်းချီကျော်များ၊ စစ်သည် တော်များအဖြစ် အဆက်မပြတ်တိုးတက်လာခဲ့သော လူသားဖြစ်စဉ်ကြီးသည် ခေါင်းသွင်း သဂြိုလ်ခြင်းခံခဲ့ရလေပြီ။ အတိတ်၏ ယဉ်ကျေးမှုများကား ခုမှထဖြစ်သော ပင်လယ်သစ်များ၏ ကြမ်းပြင်တွင် ထာဝရလှဲလျောင်း အိပ်စက် နေရရှာတော့သည်။

အလွန်နည်းပါးလှစွာသော အသက်ရှင်ကျန်ရစ်သူ အများစုသည် တောင်ပေါ်သားများဖြစ်ကြ၏။ အလွန်မြင့်မားသော တောင်များပေါ်ရှိ ကျောက်ဂူများထဲတွင် ပုန်းအောင်းနေကြခြင်းဖြင့် ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးမှ ကံအားလျှော်စွာ လွတ်ကင်းခဲ့ကြသူများ ဖြစ်သည်။ ထိုသူများသည် သူတို့နှင့်ခေတ်ပြိုင် မြစ်ဘေး၊ ပင်လယ်ကမ်းစပ်ဘေးတွင် မြို့ ကြီး ပြကြီးတည်ဆောက်၍ ခမ်းနားကြီးကျယ်စွာ နေထိုင်တတ်သည့် ကြေးနီခေတ်ယဉ်ကျေးမှု ပါရာဒိုင်းဘောင် အတွင်း မှလူများကဲ့သို့ အသိဥာဏ် ပညာ နှင့် အတတ်ပညာ မရှိကြသေးပဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာသည့် ကျောက်ခေတ် လူသားအဆင့်မျှသာ ရှိသေး၏။ ထိုသို့ အသိဥာဏ် ခေါင်းပါးချို့ တဲ့ခြင်းကပင် သူတို့၏ အသက်ကို ကယ်တင် လိုက်နိုင်သလို ဖြစ်နေသည်။ မည်သို့ဆိုစေ သူတို့ ခေတ်၏ လီယိုနာဒို ဒါဗင်စီများ၊ ပီကာဆိုများနှင့် အိန်းစတိန်းများ အငွေ့ပျံ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သော ဤအချိန်ဝယ် အရာအားလုံးသည် သာတူညီမျှ ရှိလှစွာ၏။ ထိုသို့ဖြင့် ကမ္ဘာ့ယဉ်ကျေးမှုကြီးများ ပျောက်ကွယ်သွားပြီး နောက်ထပ်နှစ် နှစ်ထောင်မျှ အမှောင်ခေတ် ကာလတွင်း သက်ဆင်းခဲ့ရသည်။ ထိုကမ္ဘာနာကြီး ကျက်ချိန်ရောက်မှ လူသားသည် နောက်ထပ်တဖန် မီဆိုပိုတေးမီးယားနှင့် အီဂျစ်ကဲ့သို့သော ယဉ်ကျေးမှုကြီးများကို အသက်၊ သွေး၊ ချွေး များစွာရင်း၍ ပြန်လည်တည်ဆောက်ခဲ့ရသည်။

အသိပညာရှင် အတတ်ပညာရှင် အားလုံးဆုံးပါးပျက်စီး သွားသောကြောင့် ပျောက်ဆုံးသွားသော မဟာယဉ်ကျေးမှု ကြီးများသည် ဥရောပ၊ အာရှ၊ ပိစိဖိတ် နှင့် အမေရိကဒေသများတွင် ပြန်လည်ထူထောင်ခြင်းဌာ မစွမ်းသာလောက် အောင်ခြေရာလည်းပျောက်၊ ရေလည်းနောက်ခဲ့ပြီး တဖြည်းဖြည်း ဒဏ္ဍာရီ အသွင်ပြောင်းသွားကြရှာတော့သည်။ နောင်နှစ်ရာပေါင်းများစွာတိုင်အောင် လူသားသည် တောင်ပေါ်မှဆင်းပြီး ကမ်းခြေတွင် မြို့ ပြအိမ်ယာတည်ရန် စိတ်မ ကူးဝံ့ကြ၊ တခါတုန်းက ရှေးလူတို့ ကျွမ်းကျင်စွာ ပြုလုပ်ခဲ့ကြသည့် သင်္ဘောတည်ဆောက်ခြင်း၊ ရွက်လွင့်ခြင်း အလုပ် များသည် ဘုရားနှင့်သာ အပ်စပ်တော့သလို သဘောပိုက်၍ လုံးဝ မတို့ထိဝံ့သောကြောင့် ရေကြောင်းသွားလာမှု အတတ်ပညာ ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ရသည်။

လွန်ခဲ့သော နှစ် ၆၅ သန်းကျော်ကာလကလည်း အလားတူဖြစ်ရပ်ဆိုးကြီးကြောင့် ကမ္ဘာပေါ်ရှိ ဒိုင်နိုဆောများမျိုးတုံး ပျောက်ကွယ် သွားခဲ့ရသော်လည်း ဒီတစ်ကြိမ်လောက် အထိနာခြင်းမရှိခဲ့။ ထိုဖြစ်ရပ်ကြီး ဖြစ်ပွားပြီးနောက် နောင် နှစ်ထောင်ပေါင်းများစွာတိုင်အောင် ကြယ်တံခွန်တို့သည် ဘေးဆိုး၊ ကပ်ဆိုး၊ ကြမ္မာဆိုး၏ ရှေ့ ပြေးနမိတ်၊ ကျိန်စာ ဆိုးကြီးအဖြစ် လူတို့သတ်မှတ်ခဲ့ကြသည်။ သေခြင်းတရား၊ ပျက်စီးဆုံးရှုံးခြင်းများနှင့် ယုတ်စွအဆုံး စစ်ပွဲသည်ပင် ကြယ်တံခွန်တို့ကြောင့်ဟု စွပ်စွဲ တရားခံရှာခြင်းခံခဲ့ကြရသည်။

ထိုဘေးဆိုးကြီးနှင့် အတူ အိုလ်မစ်ယဉ်ကျေးမှု၊ မေရန်ယဉ်ကျေးမှု၊ အက်စ်တက်ခ် ယဉ်ကျေးမှု တို့သည် ကမ္ဘာပေါ်မှ ထာဝရ ပျောက်ကွယ်ကြသည်။ သို့သော် ဒဏ္ဍာရီ အဆန်ဆုံး၊ အထင်ရှားဆုံးနှင့် ဒွိဟ ဖြစ်စရာအကောင်းဆုံး ဖြစ်ရပ်သည်ကား အတ္တလန်တစ်တိုက်ကြီးနှင့် ၄င်း၏အထက်တန်းကျလွန်းသော ယဉ်ကျေးမှုကြီး စုန်းစုန်းမြုပ် ကွယ်ပျောက်ခဲ့ရခြင်းပင် ဖြစ်တော့သည်။

(ဆက်ရန်…)

Advertisement

One Comment (+add yours?)

  1. သောကြာ
    Jan 09, 2009 @ 16:42:37

    စိတ်ဝင်စားစရာ ကောင်းတယ်ဗျာ .. အပိုင်း(၂)ကို မျှော်နေမယ်ဗျို့

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

January 2009
M T W T F S S
« Dec   Feb »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.