အတ္တလန်တစ် ရှာပုံတော် (၂)

တစ္ဆေ သင်္ဘောကြီး
စက်တင်ဘာ ၃၀၊ ၁၈၅၈
စတီဖင်ဆင် ပင်လယ်အော်၊ အန္တာတိက

လမ်းလျှောက် နေခြင်းကို ရပ်လိုက်လျှင် သူမ လဲကျ သေဆုံးသွား တော့မည်မှန်း ရိုဆန်နာ မန်ဒါ သိနေခဲ့ပါသည်။ စိတ်ဆောင် နေ၍သာ အခုလို သွားနေနိုင် သော်လည်း တကယ်တော့ သူမ အားကုန် နေပြီ။ အပူချိန် သည် သုံည အောက်၊ ရေခဲမှုန် များ ပါသည့် အေးစိမ့် နေသည့် လေအေးက အရေပြား ကို ဆွဲဖြဲ နေသလို၊ တစထက် တစ အသက် ဇီဝ ကို ချွေယူမည့် ငိုက်မြည်းခြင်း က တိုးသည်ထက် တိုး၍ လာသည်။ ဒီအချိန် အိပ်ပျော် သွားလျှင် မရဏ ကမ္ဘာ ရောက်မှ ပြန်နိုး တော့မည်မှန်း သူမ ကောင်းကောင်း သိသည်။ အချိန် မရွေး ကွဲအက် သွားနိုင်သော ရေခဲလွှာ ပေါ်တွင် ခြေ တစ်လှမ်းခြင်း ရွေ့ လျား နိုင်ရန် ဟန်ချက် ကိုလည်း အစွမ်းကုန် ထိန်းထား ရသည်။ အသက် ရှုရ သည်က ဟိမဝန္တာ တောင်တန်း များပေါ် အောက်စီဂျင် မပါပဲ တက်သည့် တောင်တက်သမား တစ်ဦးနှယ် ခက်ခဲ ပင်ပန်း လှဘိခြင်း။

ကြီးမား ထူထဲသည့် သားမွေး အင်္ကျီကြီး နှင့် မျက်နှာကို လုံအောင် ဖုံးလွမ်း ထားသော မျက်နှာဖုံး အဝတ်စ တို့ကြောင့် လည်းကောင်း၊ ထူပိန်း နေသည့် ရေခဲမှုန် များကြောင့် လည်းကောင်း အမြင် အာရုံ သည် မရှိ သလောက် ဖြစ်သည်။ မျက်စိ အစုံက လည်း နီရဲ ယောင်ကိုင်း လျက်ရှိ၏။ ရေခဲ မုန်တိုင်း၏ အထက်တွင် မြင်တွေ့ နေရသော ကြည်လင် သည့် ကောင်းကင်ပြာ နှင့် ဝင်းလက် နွေးထွေးသည့် နေရောင်ခြည် တို့ကို မြင်ရလျှင် ရိုဆန်နာ ဒေါသပင် ထွက်လာ သည်။ ဤကဲ့သို့ ပြစ်မျိုး မှဲ့မထင် အောင် ကြည်လင်သော မိုးကောင်းကင် အောက်တွင် မျက်စိ ကန်းလု မတတ် ရေခဲ မုန်တိုင်းမျိုး ကြုံတွေ့ ရခြင်းသည် ဤဒေသ အန္တာတိက တွင် အဆန်းတော့ မဟုတ်ပါ။

ထိုသို့ သေလုအောင် ရေခဲ မုန်တိုင်းနှင့် ကြုံတွေ့ နေရ သော်လည်း ထူးဆန်း သည်က ဤ တောင်ဝင်ရိုးစွန်း ဒေသတွင် နှင်း တစ်မှုန်မှ မကျ။ ရေငွေ့ကို မသယ်ဆောင် နိုင်လောက်အောင် ဆိုးဝါး ပြင်းထန်စွာ အေးစက် နေသဖြင့် နှင်း ကျခြင်းဌာ မစွမ်း သာတော့။ ခြေထောက် အောက်တွင် ရှိသော ရေခဲ ထုက လွန်ခဲ့သည့် နှစ် ထောင်ပေါင်း များစွာ ကတည်းက မြေပြင်ပေါ် ကျခဲ့သော နှင်းပွင့် များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်၏။

ကံကောင်း ထောက်မ၍ အအေး ဓါတ်က သူမ၏ အဝတ်အစား များကို ထိုးဖေါက် ဝင်ရောက် နိုင်ခြင်း မရှိ။ သာမာန် ဝတ်ရိုး ဝတ်စဉ် ဥရောပ အဝတ်အစား များနှင့် သာ ဆိုလျှင် အခု လောက် ဆိုလျှင် အေးစက် ပြားချပ် သွားလောက်ပြီ။ ယခု သူမ ဝတ်ဆင် လာခဲ့ သည်က ယောင်္ကျား ဖြစ်သူ အာတိတ် ဒေသတွင် ဝေလငါးဖမ်း ခရီးထွက် စဉ်က အက်စကီးမိုး လူမျိုးများနှင့် အလဲအလှယ် လုပ်ခဲ့သော အဝတ်အစားများ ဖြစ်သည်။ ဝံပုလွေ သားမွှေးဖြင့် ပြုလုပ် ထားသော အတွင်းခံ အဝတ် များကလည်း ခန္ဓာကိုယ် အပူချိန်ကို ကောင်းစွာ ထိန်းသိမ်း ပေးနိုင်သည်။

လက်ရှိ အချိန်တွင် သူမ အတွက် အကြီးဆုံး အန္တရာယ်မှာ မညီညာသော ရေခဲ ပြင်တွင် လမ်းလျှောက်ရင်း အချိန်မရွေး ချော်လဲပြီး ခြေကျင်းဝတ် နှင့် ခြေထောက်ရိုး ကျိုးသွား နိုင်ခြင်း ဖြစ်၏။ ထိုသို့ ဖြစ်သွား မှဖြင့် အသက်ရှင် နေသည်ပဲထား၊ အကာ အကွယ် မဲ့သော မျက်နှာကို နှင်းကိုက်သည့် ဒါဏ်ရာ များနှင့် သူမ သေဆုံး သွားနိုင်သည်။ သူမ ယောင်္ကျား၏ သင်္ဘောသား အုပ်စုမှ လူ ခြောက်ယောက် နှင်းကိုက် ခံရ သည်ကို တွေ့ခဲ့ ဖူးသည်။ ထို အထဲမှ နှစ်ယောက်မှာ ခြေချောင်း ကလေးများ ပြုတ်ထွက် ကုန်ပြီး ကျန် တစ်ယောက်မှာ နားရွက်များ ပြတ်ကျသွား၏။

ဘုရားသခင် ကို ကျေးဇူး တင်ရမည်။ တရကြမ်း တိုက်ခတ် နေသည့် လေကြမ်းကြီး အနည်းငယ် အရှိန် လျော့သွားပြီ။ နားအူ လောက်အောင် တရွှီရွှီ အော်သံကြီး အတော် တိုးညှင်း သွားခဲ့ပြီ။ အသက် ရှင်ဖို့ မျှော်လင့်ချက် ကလေးသည် ပြီးခဲ့သည့် တစ်နာရီ ကထက် ယခု ပိုမို ရှင်သန် လာခဲ့သည်။ အမြင့် ၁၅ ပေခန့် ရှိသော တောင်ပူစာလေး တစ်ခု အနီး သို့ ရောက်လာ သည်။ သုံးလှမ်း တက် နှစ်လှမ်း ပြန်လျှော နှုန်းဖြင့် အပေါ်သို့ သူမ ကုတ်တွယ် တက်၏။ အပေါ် ရောက်တော့ လေကွယ်ရာ နေရာ ကလေးတွင် ကွေးနေရင်း သူမ ဘယ်လောက် အင်အား နည်းနေပြီလဲ ဆိုတာကို ချောက်ခြားဖွယ် သိလိုက် ရသည်။ နှလုံးက ရင်ကွဲ၍ ပေါက်ထွက် မတတ် ခုန်နေသည်။ အသက်ကို ကုန်းပေါ် တင်ထားသည့် ငါးသဖွယ် အငမ်းမရ ပင်ပန်း ဆင်းရဲစွာ ရှုနေ ရသည်။ ခဏမျှ မျက်စိကို မှိတ်ထား လိုက်မိသည်။ အနည်းငယ် နေသာ သွားသော အခါမှ သူမ လုပ်ခဲ့ မိသော အလုပ်သည် မည်မျှ စဉ်းစား ဆင်ခြင်ဥာဏ် မဲ့ကြောင်း နှင့် ဤမျှ ရူးနှမ်းသည့် အလုပ်ကို လုပ်ခဲ့မိသည့် သူမကိုယ် သူမ အပြစ် တင်ရ ကောင်းမှန်း သိတော့ သည်။ နာရီလည်း ပါမလာ ခဲ့၍ ခင်ပွန်းသည် ၏ ငါးဖမ်း သင်္ဘော ပါလိုဗာဒီ မှထွက်၍ လမ်းလျှောက် လာခဲ့ သည်မှာ ဘယ်နှစ် နာရီ ကြာပြီ မှန်း မခန့်မှန်း တတ်တော့ချေ။

လွန်ခဲ့သော ခြောက်လ ခန့် ကတည်းက ပါလိုဗာဒီ သည် ရေခဲလွှာများ ကြားမှာ ညှပ်၍ ပိတ်မိ နေခဲ့သည်။ သင်္ဘော ပေါ်မှာ ဟိုငေး ဒီငေး လုပ်ရ သည်မှာ ငြီးငွေ့ လွန်းမက ငြီးငွေ့ လာသဖြင့် သူမကို မျက်စိ အောက်မှ အပျောက် မခံပဲ ဂရုတစိုက် ရှိလွန်းသည့် သင်္ဘောသားများ အလစ်တွင် သင်္ဘော ပေါ်မှ ဆင်း၍ ရေခဲပြင်တွင် လမ်းလျှောက်ရန် စိတ်ကူး ခဲ့မိသည် ကို ခုမှ နောင်တ ရ၍လည်း အကြောင်း မထူးတော့။ သင်္ဘော ပေါ်မှ မဆင်းမီက ကြည်လင် ပြာလဲ့လျှက် ရှိသော ကောင်းကင် နှင့် ရာသီ ဥတုမှာ သူမ လမ်းလျှောက် နေစဉ် မဲမှောင် ညိုပုတ် လာပြီး ခုကဲ့သို့ ရေခဲ မုန်တိုင်းနှင့် နဖူးတွေ့ ဒူးတွေ့ ကြုံရခြင်း ဖြစ်သည်။ မုန်တိုင်း တိုက်ပြီး မိနစ်ပိုင်း အတွင်း မှာပင် သင်္ဘောသည် သူမ၏ မြင်ကွင်း ထဲမှ အစအန ရှာမရအောင် ပျောက်ခြင်း မလှ ပျောက်သွား ပြီး သူမ ကိုယ်တိုင်လည်း ခုကဲ့သို့ ရေခဲပြင် ပေါ်တွင် လမ်းစ ပျောက်နေ လေပြီ။

အစဉ်အလာ အားဖြင့် ဝေလငါး ဖမ်းသူ များသည် သင်္ဘော ပေါ်သို့ အမျိုးသမီးများ တင်ဆောင်၍ ရွက်လွှင့်လေ့ မရှိပါ။ သို့သော်လည်း ဝေလငါး ဖမ်းသူ တို့၏ ဇနီးမယား အများစုမှာ သုံးလေးနှစ် ယောင်္ကျား မရှိပဲ အိမ်မှာ ထိုင်နေ ရသည်ကို လက်မခံ နိုင်ကြ။ ရိုဆန်နာ အဖို့ မှာမူ အိမ်မှာ တစ်ယောက်တည်း နေရ သည်ကို ကြောက်ရွံ သောကြောင့် မဟုတ်။ အရပ် ငါးပေ သာသာ၊ ကိုယ် အလေးချိန် ပေါင် တစ်ရာပင် မပြည့်သော ထို မိန်းမသည် ဘာကိုမှ သိပ်ပြီး အကြောက် အလန့် ရှိလှသည် မဟုတ်။ ထို့ကြောင့်လည်း ခက်ခဲ ပင်ပန်းခြင်း၊ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းခြင်း၊ လှိုင်းမူးခြင်း တို့ကို ရယ်ရယ် မောမော နှင့် သည်းခံကာ ဤ ခရီးကို လိုက်လာခြင်း ဖြစ်သည်။ ခရီးစဉ် အတွင်း သူမ၏ ခနော်ခနဲ့ ကေဗင် ခန်းလေး အတွင်း မှာပင် သားလေး တစ်ယောက် ဖွားမြင် ခဲ့သည်။ ထို ကလေးကို သူမ ကိုယ်တိုင်ပင် ဆမ်မြူရယ် ဟု အမည် ပေးခဲ့သည်။ ခင်ပွန်းသည်ကို ခုထိ အသိမပေး ရသေး ပေမဲ့ သူမမှာ နောက်ထပ် ပဋိသန္ဓေကို လွယ်ထားရ သည်မှာ နှစ်လသား ခန့်ပင် ရှိနေ လေပြီ။ သင်္ဘော ပေါ်တွင် စာမတတ်၊ ပေမတတ်၊ စိတ်ကြမ်း၊ လူကြမ်း သင်္ဘောသား ကြီးများကို စာဖတ် တတ်အောင်၊ မိသားစုထံ စာရေး တတ်အောင် သင်ကြား ပေးသော ဆရာမ အဖြစ် တစ်နည်း၊ တခါတရံ ဖြစ်တတ်သော ထိခိုက် ဒဏ်ရာ၊ အဖျား အနာ တို့ကို ကုသ စောင့်ရှောက် ပေးသော သူနာပြု အဖြစ် တစ်ဖုံ လုပ်ကိုင်ရင်း သူမသည် မရှိ မဖြစ် စာရင်း ဝင်လာ၏။

ပါလိုဗာဒီ သည် ဆန်ဖရန် စစ္စကို မှ အနောက်ဖက် ကမ်းရိုးတန်း တလျှောက် နေရာအနှံ့ တွေ့ရ တတ်သည့် ဝေလ ငါးဖမ်း သင်္ဘောများ ထဲမှ သင်္ဘော တစ်စီး ဖြစ်၏။ ဝင်ရိုးစွန်း ဒေသ များတွင် ဝေလငါး ဖမ်းရန် အထူးတလည် တည်ဆောက် ထားသော အလွန် ကြံ့ခိုင် တောင်တင်းသည့် သင်္ဘော ဖြစ်သည်။ အလျှား ၁၃၂ ပေ ရှိပြီး တန်ချိန် ၃၃၀ ရှိသော ပါလိုဗာဒီ တွင် ဝေလငါး အဆီများ သိုလှောင်ရန် အခန်းကြီး တစ်ခန်း အပြင် ပင်လယ်ပျော် သင်္ဘောသားတို့ သက်သာ ချောင်ချိစွာ နေနိုင်ရန် နေရာ ထိုင်ခင်း လုံလောက်စွာ ပါရှိ၏။ ဆီရာ နီဗါဒါး တောင်တန်းမှ သစ် အမျိုးကောင်း တို့ဖြင့် စေ့စပ် သေချာစွာ တည်ဆောက် ထားသော ကြောင့်လည်း အခုလို အခြေအနေ တွင် မားမား မတ်မတ် ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။

ပါလိုဗာဒီ ၏ အရှင်သခင်၊ ရိုဆန်နာ ၏ အိမ်ဦးနတ် ကပ္ပတိန် ဗရက်ဖို့ မန်ဒါ သည် အများ သူငါ ဥဒဟို သွားနေသည့် မြောက်ဖက် အာတိတ် ဒေသ ထက် လူသူ အရောက် အပေါက် နည်းသော၊ ငါးများများ ပိုရ နိုင်မည်ဟု သူယူဆသော တောင် ဝင်ရိုးစွန်း အန္တာတိက ဒေသသို့ သူ့သင်္ဘောကို ရွက်လွှင့် လာခဲ့သည်။ ဤဒေသ သည် နယူးအင်္ဂလန် ပြည်နယ်မှ ငါးဖမ်း သမားများ မျက်စိ မှောက်၍ ကျန်ရစ် နေသော ဒေသ ဖြစ်သည့် အတွက် ငါးဖမ်းကွက် များစွာမှာ ဘယ်သူမှ မထိရ၊ မတို့ရ သေးပဲ သဘာဝ အတိုင်း ရှိနေ လိမ့်မည်ဟု ကပ္ပတိန် မန်ဒါ က ယုံကြည်သည်။ ယုံကြည်သည့် အတိုင်းလည်း ပါလိုဗာဒီ ကို အန္တာတိက ဒေသသို့ ရွက်လွှင့် စေခဲ့သည်။
အန္တာတိက ဒေသသို့ အဝင် မှာပင် ဝေလငါး ခြောက်ကောင် ဖမ်းဆီး ရမိ သဖြင့် သူတို့ တစ်ဖွဲ့လုံး အူမြူး နေခဲ့ကြ သေးသည်။ ဤသို့ဖြင့် ရေခဲတုံးများ ပေါလော မျောနေသော ပင်လယ်ပြင် တွင်းသို့ အတော် ခရီးကျွံလာခဲ့ ကြသည်။ ထို့နောက် တွင်တော့……………

မတ်လ နောက်ဆုံးပတ်မှ စ၍ အန္တာတိက ဆောင်းသည် ဆိုင်းမဆင့်၊ ဗုံမပါ တရ မန်းကြမ်း ဝင်လာ၏။ ပင်လယ် တစ်ခုလုံး လေးပေခန့် ထူသော ရေခဲထု က ဖုံးသွား၏။ ထိုအချိန် အထိ ပါလိုဗာဒီ မှာ ရေခဲ ပင်လယ် မှ လွတ်ကင်း ရာသို့ ရုန်းထွက် နိုင်စွမ်း ရှိနေ သေးသည်။ သို့သော် ကံမကောင်း အကြောင်းမလှ စွာဖြင့် အန္တာတိက လေကြမ်းက ပါလိုဗာဒီ ကို ကမ်းခြေ သို့ တရွတ်တိုက် ပြန်တွန်း လာရာ အလွန် လျှင်မြန်စွာ ခဲလိုက် လာသော ရေခဲပင်လယ် ထောင်ချောက် တွင်းသို့ သက်ဆင်း မိတော့၏။ လွတ်ရန် လမ်း မမြင်တော့။ ရေခဲတုံး များ ပတ်လည် ဝိုင်းလျှက် လှုပ်၍ပင် မရ နိုင်တော့။ ပူနွေးသော ရာသီဥတု နှင့် ကြည်လင်သော ရေ မျက်နှာပြင် ကို တွေ့ရဖို့ နောက်ထပ် ခုနှစ်လ ကြာ စောင့်ဆိုင်း ရတော့မည်။

ရွက်တွေကို ချ၍ လိပ်ပြီး သိမ်းဆည်း ထားလိုက် ကြသည်။ အကယ် ၍များ ဘုရားသခင် အလိုတော် ရှိ၍ ပူနွေးသော ရာသီဥတုလေး သူတို့ အတွက် ပေးသနား ခဲ့ပါက အဆင်သင့် ရွက်တင် နိုင်အောင် ကြိုးစား ပမ်းစား ပြင်ဆင် ထားခဲ့ကြ သေးသည်။ သို့သော်လည်း တစ်နေ့ တစ်ခြား ထူထပ် သိပ်သည်း လာသော ရေခဲလွှာ ထုကြီးကြောင့် အသက်ထွက် မတတ် ကြိုးစား သော်လည်း ကမ်းခြေ နှင့် နှစ်မိုင် ခန့် အကွာ တွင် ရေခဲပြင် ကြားညှပ် နေသော ပါလိုဗါဒီ သည် တစ်လက်မ ပင် မရွေ့လျား နိုင်ခဲ့။ သည်ကြားထဲ ဆောင်း ပီပီ ပြင်ပြင် ဝင်လာသည် နှင့်အမျှ နေ့တာ ကလည်း တို၍ လာသေးသည်။ ငါးတို့သည် အေးစက် တောင့်တင်းလျှက်။ ရေခဲပြင် ပေါ်မှ ဒီအတိုင်း ကောက်ယူ လိုက်ရုံသာ။ ကမ်းခြေတွင် မရေတွက် နိုင်အောင် များပြားသော ပင်ဂွင်းများက သူတို့ သင်္ဘောကို ပရိသတ် ဗိုလ်ပါ အလုံးအရင်း နှင့် ရှုစားတော် မူနေ ကြသည်။ စားနပ် ရိက္ခာ အတွက်တော့ ဖြင့် ပူစရာ မလို။ တစ်ခုပဲ ရှိသည်။ သင်္ဘော စားဖိုမှူးက မည်မျှပင် လက်စွမ်းပြ ချက်ပြုတ် စေကာမူ အစား အသောက် များက အေးစက်စက်၊ ညှီစို့စို့ နှင့် အရသာ ဆိုးလှသည်။

အခု သူတို့ အတွက် အဓိက ပြဿနာ မှာ ခြေချောင်း၊ လက်ချောင်းများ နှင့် နားရွက် ဖျားများ အေးခဲ ပြတ်ကျ သွားလောက်အောင် ဆိုးဝါးသည့် အအေးဒဏ် နှင့် သင်္ဘော ကို စက္ကူ တစ်ရွက်နှယ် တစစီ ဆုတ်ဖြဲ ပစ်နိုင် လောက်အောင် ကြီးမားသည့် ရေခဲမျော တုံးကြီးများ ၏ အန္တရာယ်သာ ဖြစ်၏။ ဖမ်းမိ ထားသော ဝေလငါး ကြီးများမှ အဆီ ထုတ်ထား လိုက်နိုင် သောကြောင့် မီးမပြတ် မွှေးထား နိုင်သည်မှာ အဆိုး ထဲမှ အကောင်းဟု ပြောရ တော့မည်။

ခု သူတို့ အချိန် ကိုသာ စိတ် ရှည်ရှည် စောင့်ရ တော့မည် ဖြစ်ကြောင်း ကပ္ပတိန် မန်ဒါ ကောင်းစွာ သိရှိ နားလည် ပါသည်။ ဒီ ရေခဲပြင် မကွဲ မချင်း ဘာမှ လုပ်၍ မရ။ နွေဦး မပေါက်ခင် ဇနီးမယား နှင့် သမီး၊ သား ပါမကျန် ကျန်းမာ ပကတိ၊ ချမ်းသာ အတိ နှင့် အိမ်ပြန် ရောက်ဖို့ အခွင့်အရေး မှာ တစ်ထောင်ပုံ တစ်ပုံပင် မရှိချင်။ ခုကို ရောဂါ ဆိုးတို့၏ လက်မည်းကြီး ဖြင့် ကလူကျီစယ် ခြင်းကို သူ့လူ အချို့  စတင် ခံစား နေရပြီ။ သင်္ဘောသား ခုနှစ်ဦးမှာ စကာဗီ (ဗိုက်တာမင် စီ ချို့ တဲ့ မှုကြောင့် ဖြစ်သော ရှေးခေတ် သင်္ဘောသား ရောဂါဆိုး) ရောဂါ လက္ခဏာများ ပြနေပြီ။ ကောင်းကွက် ဆို၍ အအေး လွန်မှု ကြောင့် သင်္ဘော ပေါ်မှ ပိုးဟပ်များ နှင့် ကြွက်များ မျိုးပြုတ် ကုန်ခြင်း သာရှိ၏။ အေးစက်၊ မှောင်မိုက်၊ တိတ်ဆိတ်သော ချောက်ချား ဖွယ်ရာ အန္တာတိက ညများ ကို ငူငူ၊ ငေါင်ငေါင် ဖြတ်သန်းရင်း အသက် ပါမသွား စေဖို့ အတွက် မန်ဒါ သည် သူ့လူ များကို အလုပ်နှင့် လက် မပြတ်တမ်း အလုပ် မရှိ အလုပ် ရှာ၍ စေခိုင်း နေရ တော့သည်။

ကပ္ပတိန် မန်ဒါ သည် သူ့ အခန်း ထဲမှ စာရေး စားပွဲတွင် ထိုင်ရင်း သူတို့ လူစု၏ အသက် ရှင်သန် ခွင့်ကို တွက်ချက် နေမိသည်။ အကြိမ် ရာထောင်၊ မည်မျှပင် ဖြစ်နိုင် ချေများ နှင့် ဖြစ်တန်စွမ်း များကို ပြောင်းလဲ တွက်ချက် စေကာမူ အဖြေ ကတော့ အပြောင်းအလဲ မရှိလှ၊ နွေဦး ပေါက်၍ ရေခဲ ကွဲသည် အထိ အသက် ဇီဝကို တတ်နိုင် သရွေ့  ထိန်းသိမ်း ဖို့သာ ရှိသည်။

အပြင် ဖက်တွင် ဟူးဟူး ရားရား တိုက်ခတ် နေသည့် ရေခဲ မုန်တိုင်း သည် တိကနဲ ရပ်သွား၏။ အလာ တုန်းက နှုတ်မဆက် သလို အပြန် ကျတော့လည်း အရေးတယူ ပင် မလုပ်ခဲ့။ နေပွင့် လာပြန်၏။ မှိတ်ထားသော မျက်စိ တို့ကို အသာလေး ဖွင့် ကြည့် လိုက်တော့ သူမ အရိပ်ကို တွေ့ရသည်။ ဝမ်းသာ လိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။ ဝမ်းသာ အားရ ဟစ်ကြွေး တော့မလို့ ရှိသေး၊ မြင်လိုက် ရသော တစ်စုံ တစ်ရာ ကြောင့် ရိုဆန်နာ နှလုံးခုန် ရပ်မလို ဖြစ်သွားသည်။ ဘုရားရေ … သင်္ဘောနှင့် သူမ တစ်မိုင် ခွဲလောက် ဝေးကွာ နေပါ့လား။ ဘယ်လို အားအင် တွေကို သုံးပြီး ဒီခရီး ကို ပြန်ရ ပါ့မလဲ။ သူမကို လိုက်ရှာ ကြ ပါ့မလား။

ကြည့်နေရင်း အဖြူရောင် ရေခဲ ပြင်ကြီး ပေါ်မှာ အစက် သေးသေးလေး တစ်စက် ပေါ်လာသည်။ မျက်စိများ မှားရော့ သလား။ ထို အစက်ကလေး သည် တဖြည်းဖြည်း ကြီး လာပြီး သူမ ရှိရာသို့ ဦးတည် လာနေ၏။ အို… ဗရက်ဖို့ နဲ့ သင်္ဘောသား တွေပါလား။ ဒါဆို သူမကို လိုက်ရှာ နေသည် ပေါ့။ မတ်တပ် ရပ်လိုက် သည်။ လက်ကို ဆန့်နိုင် သမျှ ဆန့်၍ ဝှေ့ယမ်းရင်း အသံကုန် အော်လိုက်သည်။ ထိုအခိုက်မှာပင်…….

လုံးဝ ထင်မှတ် မထားသော မြင်ကွင်း တစ်ခုက သူမ အာရုံ ကို ချက်ချင်း ဖမ်းစား လိုက်၍ အော်သံပင် တဝက် တပျက် ဖြင့် ရပ်သွားသည်။ သူမ၏ ရှေ့တည့်တည့်မှာ- ရေခဲတုံး ကြီး နှစ်ခုကြား ညှပ်၍ ကမ်းခြေ မှာ တင်နေသော သင်္ဘော တစ်စီး။ ရိုဆန်နာ သည် မျက်နှာဖုံး ကို ချွတ်၍ မျက်လုံးကို အတတ် နိုင်ဆုံး ပြူးကြည့် မိသည်။ သင်္ဘော ကိုယ်ထည် တစ်ခုလုံး နီးပါး ရေခဲတွေ ဖုံးနေ သည်မှ အပ ရွက်များ လိပ်တင် ထားသော ရွက်တိုင် သုံးခု နှင့် ဆိုင်းကြိုးများ အားလုံး ပြည့်ပြည့် စုံစုံ။

ဖခင် ဖြစ်သူက ကုန်တင် သင်္ဘော များကို ကြီးကြပ် ကွပ်ကဲ၍ တရုတ် ပြည်သို့ လ္ဘက်ခြောက် ကုန်ကူး ခဲ့ သောကြောင့် သူမ ပီတိ ကလေး ပေါက်စ ဘဝ ကတည်းက ဘော်စတွန် ဆိပ်ကမ်းမှ သင်္ဘော ပုံစံ မျိုးစုံကို မြင်ဖူး ခဲ့ပါ၏။ သို့သော် အခု ရေခဲတစ်ပိုင်း ဖြစ်နေသော သင်္ဘော မျိုးတော့ မပါ။ ဒီလို ပုံစံမျိုးသူမ ဘဝ မှာ တစ်ကြိမ်သာ မြင်ခဲ့ ဖူး၏။ ဒါကလည်း အဖိုး၏ အိမ်တွင် ချိတ်ဆွဲ ထားသော ပန်းချီကား ထဲတွင်သာ။ အလွန် ရှေးကျသော သင်္ဘော အမျိုးအစား ဖြစ်သည်။ ရေဆူး က နက်နက်၊ သေးသေး သွယ်သွယ်၊ ရှည်ရှည် လျားလျား၊ ထို သင်္ဘောမှာ အဖိုး ပန်းချီကား ထဲက သင်္ဘော မျိုးသာ ဆိုလျှင် ဆယ့်ရှစ် ရာစု နှောင်းပိုင်းက ဗြိတိသျှ ကုန်တင် သင်္ဘောမျိုး ဖြစ်လိမ့် မည်ဟု သူမ ခန့်မှန်း ကြည့်နေ၏။

စကတ် ပုဝါကို ဝှေ့ယမ်း၍ အချက် ပြသည်။ မကြာမီ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက သူမ၏ လှုပ်ရှား မှုကို တွေ့မြင် သွားပြီး သူမထံ ပြေးလာ ကြ တော့သည်။ မန်ဒါ သည် ရှေ့ ဆုံးက။ မိနစ် ၂ဝ အတွင်း သူမ ရှေ့ မှောက် သို့ သင်္ဘောသား များ ရောက်ရှိ လာကြသည်။ သေကံ မရောက်၊ သက်မပျောက်ပဲ အသက် နှင့် ခန္ဓာ မြဲနေ သေးသော သူမကို တွေ့ရသည့် အတွက် ပျော်ရွှင် မြူးတူးစွာ အော်ဟစ် ဆူညံ နေကြသည်။

ပုံမှန် အားဖြင့် အေးဆေး တည်ငြိမ် သော၊ စိတ်ခံစားမှု နည်းသော ကပ္ပတိန်မန်ဒါ သည် ပါးပြင် ပေါ်သို့ မျက်ရည်များ စီးကျလျှက် တုန်တုန် ရီရီ ဖြစ်နေ၏။ ရိုဆန်နာ ကို သူ့ လက်မောင်း နှစ်ဖက်ကြား ဆွဲသွင်း၍ တင်းနေအောင် ပွေ့ဖက်ထားရင်း-
ဘုရားသခင် ကယ်မတာကွဲ့၊ ဒို့များ အားလုံး မင်း သေပြီ အောက်မေ့တာ မိန်းမရယ်။ မင်း အသက်ရှင် နေသေး တာကိုး” ဟု ဆို့ဆို့ နင့်နင့် မြည်တမ်း လျှက် ရှိသည်။

အသက် ၂၈ နှစ် တွင် ဝေလ ငါးဖမ်း သင်္ဘော၏ ကပ္ပတိန် ဖြစ်ခဲ့သော ဗရက်ဖို့ မန်ဒါ သည် အခု ၃၆ နှစ် ရှိပြီ။ သူ၏ ဆယ်ကြိမ်မြောက် ပင်လယ် ခရီးတွင် ယခု ကဲ့သို့ မရှုနိုင် မကယ်နိုင် အဖြစ်မျိုး ကြုံတွေ့ ရခြင်း ဖြစ်သည်။ အရပ် ခြောက်ပေ၊ ကိုယ်အလေး ချိန် ၂၂၅ ပေါင်ရှိသော ထွားကြိုင်း သန်မာသည့် နယူး အင်္ဂလန် သားကြီးသည် မုတ်ဆိတ်မွှေး ထူလပြစ်၊ မဲနက်သော ဆံပင် ဘုတ်သိုက် နှင့် ပြာလဲ့သော မျက်လုံးများ ကို ပိုင်ဆိုင်ပြီး ရုတ်တရက် ကြည့်လျှင် တောသား လူကြမ်းကြီး သဖွယ် ထင်ရ သော်လည်း အလွန် လိမ္မာ ပါးနပ်သည့် ဝေလငါး ဖမ်းသမား၊ ပင်လယ် ပျော်ကြီး တစ်ဦး ဖြစ်၏။ သင်္ဘောသား များနှင့် အလွန် ဆက်ဆံရေး ပြေပြစ် သဖြင့် သူနှင့်သာ ဆိုလျှင် ဓါးတောင်ကို ကျော်၍ မီးပင်လယ် ကို ဖြတ်ဝံ့ ကြသည်။ ပါလိုဗါဒီ ၏ ပိုင်ရှင် လည်းဖြစ်၊ ကပ္ပတိန် လည်း ဖြစ်သည့် မန်ဒါ သည် အလွန် လျင်သည့် စီးပွားရေး သမား တစ်ဦးလည်း ဖြစ်သည်။

မောင် ပေးတဲ့ အက်စကီးမိုး အင်္ကျီသာ မကယ်ရင် ကျွန်မ သေတာ အတော်တောင် ကြာနေ လောက်ပြီ ” အကြောက် မပြေ သေးသော လေသံဖြင့် ရိုဆန်နာ ခပ်နွဲ့နွဲ့ ပြောလိုက်သည်။

မစ္စစ် မန်ဒါ ကို သင်္ဘောပေါ် ပြန်ခေါ် သွားပြီး စွပ်ပြုပ် ပူပူလေး တိုက်ကြ စို့လား ” ကပ္ပတိန် မန်ဒါ ကသူတို့ ဇနီးမောင်နှံ တွေ့ဆုံ ခန်းကို နှစ်ထောင်း အားရ ဖြစ်စွာ မုဒိတာ ဝိုင်းပွား နေကြသော သင်္ဘောသား ခြောက်ယောက် ဖက် လှည့်ပြော လိုက်၏။

ခဏလေး နေကြ ပါဦး၊ ဟောဟိုမှာ ကျွန်မ သင်္ဘော တစ်စီး တွေ့ထားလို့ ” လင်တော် မောင် လက်ကို ဆွဲ၍ သူမ လက်ညှိုး ညွှန်ပြရာ သို့ လူတိုင်း လိုက်ကြည့် မိကြသည်။

အင်္ဂလိပ် သင်္ဘောပဲ။ ဘော်စတွန်က အဖိုးအိမ်မှာ ဒီသင်္ဘောပုံစံကို ပန်းချီကားထဲမှာ တွေ့ဖူးတယ်၊ ကြည့်ရတာတော့ သုံးမရအောင် ပျက်စီးနေပြီနဲ့တူတယ်

မင်းပြောတာ ဟုတ်လောက်တယ် ထင်တယ်၊ သင်္ဘော အနားလိုင်း တွေ ကြည့်ရ သလောက် တော့ ၁၇၇၀ ခုနှစ် လောက်က သုံးတဲ့ ကုန်တင် သင်္ဘော ပုံမျိုးပဲ ” ကပ္ပတိန် မန်ဒါ သည် ရေခဲတုံး ကြီးကို ခေါင်း တိုးဝင်၍ သူ့သချိုင်း လုပ်ထားသည့် ကြက်သီး ထဖွယ် ဖွေးဖွေး ဖြူနေသော သင်္ဘော ပျက်ကြီးကို ငေးကြည့်ရင်း ပြောလိုက်သည်။

ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ သွားကြည့် သင့်တယ် ကပ္ပတိန်၊ နွေဦး ပေါက်တဲ့ အထိ အသက် ရှင်ဖို့ အသုံးဝင်တဲ့ ပစ္စည်း လေးများ ရလို ရငြားပေါ့ ” သင်္ဘော ပထမ အရာရှိ နေသန်ဘိဂ်ျလိုး ကသူ့ဆရာကို တိုက်တွန်းနေ၏။

အထဲက ပစ္စည်းတွေ သက်တမ်းက အနည်းဆုံး အနှစ် ရှစ်ဆယ် လောက် ရှိပြီ ဆိုတာလည်း သတိထား ကြဦးနော်” ဆိုသည့် ကပ္ပတိန် မန်ဒါ၏ စကားကို-

မပျက်စီးအောင် ရေခဲရိုက်ထား ပြီးသားလေ မောင် ” ဟု ရိုဆန်နာ က အပြုံးကလေး ဖြင့် တုန့်ပြန်၏။

မင်း သိပ်ပင်ပန်း နေပြီ မိန်းမရယ်။ သင်္ဘောပေါ် ပြန်ပြီး အေးအေး ဆေးဆေး အနား ယူပါ့လား၊ တို့ သွားကြည့် လိုက်မယ် လေ

ဟင့်အင်း- ကျွန်မ မျက်စိနဲ့ ကြည့်ကို ကြည့်ရမှ ဖြစ်မယ်၊ ပြောနေ ကြာတယ်၊ ခုသွားကြစို့ ” ကပ္ပတိန် ဘာမှ ထပ်မပြော နိုင်သေးခင် ရိုဆန်နာ က ကော့ပတ် ကော့ပတ်ဖြင့် သင်္ဘော ပျက်ဆီသို့ လျှောက်သွား တော့သည်။

စပ်စုတဲ့ မိန်းမတွေနဲ့ ပြိုင်ငြင်းလို့ အပိုပဲကွ၊ ကိုယ့်လူတို့ သွားကြစို့ ” နောက်ဆုံးတော့ မန်ဒါ နှင့် သူ့လူများ ရိုဆန်နာ နောက်မှ လိုက်ရ လေသည်။

××××××××××××××××××××××××

ဟား- တစ္ဆေ သင်္ဘောကြီးပဲ၊ ရေခဲထဲ နစ်နေတာ နှမြောစရာ ကောင်းလိုက် တာနော်၊ ကျွန်တော်တို့ ဒါကြီးကို ရွက်လွှင့် နိုင်ရင် သူ့ကုမ္ပဏီက နစ်နာကြေးနဲ့ ရှာဖွေ စရိတ်တွေ တောင်းလို့ ရတယ်နော် ” သင်္ဘောပျက် ကိုကြည့်ရင်း လောဘတွေ တက်နေသည့် ပထမ အရာရှိ နေသန်ဘိဂ်ျလိုး ကိုကြည့်ရင်း ကပ္ပတိန်မန်ဒါက-

ဒီလောက် အိုနေတဲ့ သင်္ဘော အတွက် ဘယ်ကုမ္ပဏီက အကုန်အကျ ခံမလဲကွ၊ သူ့ ရွက်လွှင့် ဖို့ နေနေသာသာ၊ ကိုယ့် သင်္ဘော ကိုယ်ပဲ နေရာ ရွေ့ အောင် လုပ်ပါဦး

ရိုဆန်နာ စိတ် မရှည် နိုင်တော့။ “ ရှင်တို့ အဲဒီ အပြင်မှာ ရပ်ပြီး ပါးစပ်က အီးပေါက်လို့ မပြီးနိုင် ကြသေး ဘူးလား၊ တော်ကြာ ခဲသေ ကုန်ကြ ဦးမယ်၊ နောက်တစ်ကြိမ် မုန်တိုင်း မလာခင် လုပ်စရာ ရှိတာ လုပ်ကြပါ ဆို၊ လေပန်း နေကြတယ်၊ လာ-မြန်မြန် ” ကပ္ပတိန် နှင့်တကွ နှုတ်ကြမ်း၊ လျှာကြမ်း သင်္ဘော သားကြီး ခြောက်ယောက် ပါးစပ် ပိတ်သွားသည်။ ပြီးတော့ ချိုသာ ယဉ်ကျေး လှစွာသော ကပ္ပတိန့် ကတော် ငလက်မလေး နောက်မှ ဖဝါး ခြေထပ်၊ ထပ်ချပ် မကွာ လိုက်ပါ သွားကြ တော့သည်။

အထပ်ထပ် ဖုံးအုပ် နေသော ရေခဲများကို အမြန်ဆုံး ဖယ်ရှား၍ သင်္ဘော ပေါ်သို့ ကုတ်ကပ် တွယ်တက် ကြသည်။ အပေါ် ရောက်တော့ သင်္ဘော တစ်စီးလုံး ရေခဲထု ပါးပါးကလေး ဖြင့် ဖုံးအုပ် နေသည်ကို တွေ့ကြသည်။ ကပ္ပတိန် မန်ဒါ က ပျက်စီးခြင်း ငါးပါး ဆိုက်နေသော ရှေးခေတ် သင်္ဘောကြီး ကို ငေးငေးရီရီ ကြည့်ရင်း စိတ်မကောင်း ဖြစ်နေ ရှာသည်။

ကျူပ် တစ်သက်နဲ့ တစ်ကိုယ် အဖိုးတို့ လက်ထက်က ဆောက်ခဲ့တဲ့ အရှေ့ အိန္ဒိယ အင်္ဂလိပ် ကုန်တင် သင်္ဘောရဲ့ ကုန်းပါတ်ပေါ် ခြေချ ရလိမ့် မယ်လို့ အိပ်မက်တောင်မမက်ခဲ့ ဖူးဘူး ” သင်္ဘောသား တစ်ယောက်က ပြောလိုက်၏။ သူတို့ အားလုံးလည်း စိတ် လှုပ်ရှား နေကြသည်။ ကပ္ပတိန် မန်ဒါက ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ဖြည်းညှင်းစွာဖြင့်-

အင်း ကျုပ်အထင် တန်ကိုးရာ သင်္ဘောပဲ၊ ပေ ၁၅၀ လောက် ရှည်မယ်။ ပေ ၄၀ လောက် ကျယ်မယ်၊ အတော် ကောင်းတဲ့ သင်္ဘောပဲ

နာမည်ကျော် သိမ်းမြစ် သင်္ဘောကျင်း တွင် တည်ဆောက်ပြီး အဓိက အားဖြင့် ကုန်သွယ်ရေး တွင်သုံးသော ကုန်တင် သင်္ဘော ဖြစ်သော်လည်း ပင်လယ်ဓမြ ရန်များ လှသည့် အတွက် အင်္ဂလိပ် ကုန်တင် သင်္ဘောတိုင်း မပါမဖြစ်သည့် ၁၈ ပေါင် အမြောက် နှစ်ဆယ့် ရှစ်လက် တပ်ဆင် ထားသည်။ ကုန်တင်မက ခရီးသည်လည်း တင်ဆောင်သည့် အတွက် ခရီးသည် ကေဗင် ခန်းများလည်း ပါရှိသည်။ အမြောက်များ အားလုံး နေရာတကျ တပ်ဆင် ထားပြီး၊ အသက်ကယ် လှေများ ကလည်း နေရာ မယွင်း ရှိနေသည်။ လူမှတပါး အားလုံး နေရာတကျ ရှိနေသော သင်္ဘော။ ကုန်းပါတ် ပေါ် ရပ်နေသော ပါလိုဗာဒီ မှ သင်္ဘောသား အားလုံး သရိုးသရီ ဖြစ်စပြုလာသည်။ ရှေးခေတ် အင်္ဂလိပ် သင်္ဘောသား ဝတ်စုံများ နှင့် တစ္ဆေ သင်္ဘောသားများ သူတို့ကို ခရီးဦးကြို ပြုရန် လာနေ ကြပြီလား။ ရိုဆန်နာမှ တပါး ကျန်သူများ အားလုံးသည် အယူသီးသော သင်္ဘောသားများ ဖြစ်သောကြောင့် အကြောက်တရား သည် ကျောရိုးမှ တဆင့် စိမ့်တက် လာကြသည်။ ရိုဆန်နာ ကတော့ စပ်စု ချင်စိတ်၊ သိချင်စိတ် များကြောင့် ကြောက်ရ လန့်ရမှန်း ပင် မသိချေ။

ရေခဲပြင်ထဲ မနစ်ခင် လူအားလုံး သင်္ဘောကို စွန့်သွားကြတယ် ထင်တယ်

ဒါဖြင့် အသက်ကယ်လှေတွေက ဘာဖြစ်လို့ နေရာမယွင်း ရှိနေရတာလဲ

အထဲမှာ ဘာတွေတွေ့ရမလဲ မသိဘူးနော်

ကဲကဲ- ကိုယ်တော်တို့၊ အထဲ ဝင်ကြ ရအောင် ” ကြောက်စိတ်ကြောင့် မျက်နှာငယ်လေးတွေ ကိုယ်စီ ဖြင့်စကား ဖောင်ဖွဲ့ နေသူ များကို မစပ်စု ရိုဆန်နာက လောဆော် နေ၏။

နေဦး၊ မင်းက ဒီမှာပဲ နေခဲ့တာ ပိုကောင်းလိမ့်မယ် အချစ်ရယ်

သရဲတွေ လမ်းလျှောက် ထွက်မယ့် ဒီ ကုန်းပါတ်ပေါ်မှာ ကျွန်မက ဘာပြုလို့ တစ်ယောက်ထဲ နေခဲ့ရ မှာလဲ၊ လိုက်မှာပဲ ” ရိုဆန်နာက သူ့ယောင်္ကျားကို လှမ်းစ နေသေးသည်။

အမလေး- ဆရာကတော်၊ သရဲတွေ ရှိခဲ့ရင်တောင် ခုလောက်ရှိ ခဲသေနေရောပေါ့ ” ဘိဂ်ျလိုး ကလည်း ဝင်နောက်၏။

ကဲ အခုဒို့ အဖွဲ့နှစ်ဖွဲ့ ခွဲကြမယ်။ မစ္စတာ ဘိဂ်ျလိုးနဲ့ သုံးယောက် လိုက်သွား၊ သင်္ဘောသား အခန်းတွေနဲ့ ကုန်တင်ခန်း ကိုစစ်၊ ကျန်တဲ့ လူတွေ ကျုပ်နောက် လိုက်ခဲ့ ခရီးသည်ခန်း တွေနဲ့ အရာရှိခန်း တွေကို စစ်ကြမယ် ” ကပ္ပတိန် ကသူ့လူ တွေကို အမိန့် ပေး၏။ ကေဗင်ခန်းများ ထဲသို့ ဝင်သော တံခါးက ရေခဲတွေ တောင်လို ပုံပြီး ပိတ်ဆို့ နေသဖြင့် အတန် ကြာအောင် ထုခွဲ ရိုက်နှက်ပြီး ဖွင့်ကြ ရသည်။ တံခါး ပွင့်သွားပြီ။ အတွင်းသို့ ဆင်းသော လှေကားကို မြင်နေ ကြရပြီ။ ခုတော့ လည်း ရိုဆန်နာက လင်တော် မောင်၏ ခါးပါတ်ကို တင်းနေအောင် ဆွဲ၍ နောက်ကွယ်မှာ နေရာ ယူထား သည်။ စိတ်လှုပ်ရှားမှု၊ စူးစမ်းလိုမှု တို့ကြောင့် ဖြူဖွေးသော သူမ မျက်နှာမှာ နှင်းဆီသွေး ပြေးနေ ၏။ ထို့နောက် တွင်တော့..

ဒီလို မြင်ကွင်း မျိုးနှင့် သင်္ဘောက ကြိုဆို လိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ မိရိုး အမှန်ပါ။ ကပ္ပတိန် အခန်းတံခါး ရှေ့  ကော်ဇော ပေါ်တွင် ကွေးကွေးလေး ရှိနေသော အဆမတန် ကြီးမားသည့် ဂျာမာန် သိုးထိန်းခွေးကြီး တစ်ကောင် နှင့် ပက်ပင်း တိုးတော့သည်။ ရုတ်တရက်တော့ ခွေးကြီးမှာ အိပ်ပျော် နေသလား အောက်မေ့ ရသည်။ လူသံ ကြားသဖြင့် နိုးသွားပြီး ထဟပ် မည်ကိုပင် စိုးရိမ် မိသေးသည်။ မန်ဒါက ဖိနပ်ဦးဖြင့် အသာ ထိုးကြည့်သည်။ တစ်ကောင်လုံး ခဲ၍ ရေခဲတုံး သဖွယ် တောင့်တင်း နေသည်ကို တွေ့ရသည်။

မာခဲ နေလိုက်တာမှ ကျောက်တုံးအတိုင်းပဲဟေ့

သနားပါတယ်၊ မောင်ရယ် ” ခုနကတော့ ကြောက်နေပြီး ခုတော့ ခွေးရေခဲတုံးကလေး ကို ရိုဆန်နာ သနား နေမိပြန် သည်။

ရှာမနေ ပါနဲ့တော့ ကပ္ပတိန်၊ ဘာမှ ရှိမယ် မထင်ပါဘူး၊ လူတွေ အားလုံး သင်္ဘောကို ပစ်ပြီး ကမ်းရိုးတန်း တစ်လျှောက် မြောက်ဖက်ကို သွားကြမှာပေါ့ ” အကြောက်ကြီးသော သင်္ဘောသား တစ်ယောက်က နောက်ထပ် တွေ့ရမည့် မြင်ကွင်း များကို ရင်မဆိုင် ရဲသဖြင့် ကပ္ပတိန် မန်ဒါကို စည်းရုံး နေ၏။

မဟုတ် သေးဘူး၊ လူတွေ အားလုံး အသက် ရှင်နိုင်ပြီး သင်္ဘော တစ်စီးလုံးမှာ ခွေးတစ်ကောင်ပဲ သေကျန်ရစ်တယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ” ရိုဆန်နာ က ခေါင်းကို ယမ်း၍ ကန့်ကွက်သည်။ ရှေ့ မှာ သင်္ဘော ကပ္ပတိန် အခန်း၊ တံခါး ဆွဲဖွင့် လိုက်သည် နှင့် ဘာတွေများ ဆက်တွေ့ ရဦးမလဲ။

တံခါးဖွင့်ကြသည်။ တွေ့ကြသည်။

ဆယ့်ရှစ် ရာစု ဖက်ရှင် အထက်တန်း ကျသည့် အဝတ်အစားများ ဝတ်စား ထားသည့် အမျိုးသမီး တစ်ဦး လှုပ်ကုလား ထိုင်ကြီး တစ်လုံး ပေါ်တွင် ထိုင်နေသည်။ မဲနက်သော မျက်လုံး အစုံက ပွင့်လျှက်၊ မျက်နှာက ပြိုတော့မည့် မိုးလို ညိုမှိုင်း လျက်၊ အကြီးအကျယ် ပူဆွေး သောက ရောက်ခဲ့ ပုံမှာ သိသာ လွန်းလှသည်။ သူမ ငေးကြည့် နေသည်က ပုခက်ထဲမှ ကလေး သေ ကလေး။ သမ္မာကျမ်းစာအုပ်က ပေါင်ပေါ်တွင် ဖွင့်လျှက်သား။
ထိုမြင်ကွင်းက ရိုဆန်နာ နှင့် သင်္ဘောသား များကို အကြောအခြင်တွေ ဆိုင်းပြီး ထုံကျင် ဆွံ့အ သွားစေသည်။ ရိုဆန်နာ မှာ စပ်စုချင်စိတ် တခါတည်း ပျောက်သွားသည်။ ငိုချင် သလိုလို၊ အော်ဟစ် ပစ်လိုက် ချင်သလိုလို ဖြစ်လာသည်။ အခန်းထဲမှာ သူတို့ အသက်ရှုသံ ပြင်းပြင်းမှ တပါး တိတ်ဆိတ်လျှက်။

မန်ဒါ က သက်ပြင်း ချ၍ တွဲရက် အခန်း တွင်းသို့ ဝင်သွားသည်။ ဤသင်္ဘော၏ အရှင်သခင် ကပ္ပတိန်ကို စာရေးစားပွဲ တွင် မှောက်ရက်သား တွေ့ရသည်။ တစ်ဖက်ခန်းမှ အမျိုးသမီးမှာ ကပ္ပတိန်၏ ဇနီး ဖြစ်ရမည်ဟု မန်ဒါ ခန့်မှန်း လိုက်သည်။ ကပ္ပတိန် သည် အနီရောင် ဆံပင် ရှည်များနှင့်၊ မျက်နှာမှာ သလင်းကျောက် အလား ဖြူဆုပ် နေ၏။ လက်ထဲတွင် ကလောင် တံကို ကိုင်လျှက်သား။ စာရွက် တစ်ရွက် ကလည်း စားပွဲ ပေါ်တွင် ဖြန့်လျှက်သား။ ဖတ်၍ ရသေးသည်။

သြဂုတ် ၂၆၊ ၁၇၇၉
တောင်ဖက်သို့ ရွက်လွှင့် နေသော ကျွန်ုပ်တို့ သင်္ဘော မုန်တိုင်းမိပြီး ဤ ကျိန်စာ သင့်နေသော အရပ်သို့ ရောက်ရှိ ပိတ်မိ နေခဲ့ သည်မှာ ငါးလ တင်းတင်း ပြည့်ခဲ့ပြီ။ စားစရာ ရိက္ခာလည်း မရှိတော့။ အစာ မစားရ သည်မှာ ဆယ်ရက် ရှိပြီ။ သင်္ဘောသား များနှင့် ခရီးသည် အများစုလည်း သေဆုံး ကုန်ကြပြီ။ မနေ့က သမီးလေး သေဆုံးသည်။ လွန်ခဲ့သည့် တစ်နာရီ ခန့်က ကျွန်ုပ်၏ အမျိုးသမီးလည်း ကလေး နောက်သို့ လိုက်သွား ခဲ့ပြီ။ ဤမှတ်တမ်းကို ဖတ်မိသူ မည်သူ မဆို လီဗာပူးမြို့ ရှိ စကိုင်လာ ထရိတ်ဒင်း ကုမ္ပဏီသို့ ကျွန်ုပ်တို့၏ ကြမ္မာဆိုးကို ကျေးဇူးပြု၍ အကြောင်းကြား ပေးကြပါ။ အားလုံး အဆုံး သတ်ခဲ့ ပါပြီ။ ချစ်လှစွာသော ဇနီးနှင့် သမီး နောက်သို့ လိုက်သွား ပါတော့မည်………….
လေးဟန့်
မဒရပ် သင်္ဘောမာစတာ

(ဆက်ရန်…)

Advertisement

One Comment (+add yours?)

  1. ZARGYI
    Jan 13, 2009 @ 23:33:59

    It’s really interesting!
    Please carry on!!
    waiting to read this novel.

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

January 2009
M T W T F S S
« Dec   Feb »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.