အတ္တလန်တစ် ရှာပုံတော် (၃)

သားရေ အဖုံးဖြင့် သပ်ရပ်စွာ ချုပ်ထားသော မဒရပ် သင်္ဘော မှတ်တမ်း စာအုပ်ကား စားပွဲ ပေါ်တွင် နေရာမယွင်း ရှိနေသည်။ သက်ပြင်း ရှည်ကြီးကို လေးပင်စွာ ချလိုက်ပြီး ကပ္ပတိန် မန်ဒါသည် သင်္ဘော မှတ်တမ်း စာအုပ်ကို ကုတ် အင်္ကျီ အိတ်ထဲသို့ ထည့်လိုက်သည်။ အခန်းထဲမှ ပြန်ထွက် လာခဲ့ပြီး တံခါး ပြန်ပိတ် ပေးခဲ့သည်။ ကပ္ပတိန်ဟန့် ငြိမ်းချမ်းစွာ အနားယူ ပါစေတော့။ ဘာတွေ့ခဲ့လဲဟင်

ကပ္ပတိန့် အလောင်းပေါ့ ရိုဆန်နာ

ကြောက်စရာ ကောင်းလိုက်တာ မောင်ရယ်

ဒီထက်ပိုဆိုး တာတွေမြင်ရဦးမယ်လို့ မောင်တော့ထင်နေတယ်ကွာ

မန်ဒါ့ စကားက နမိတ် ဖတ်လိုက် သကဲ့သို့ ရှိ၏။ ခရီးသည် အိပ်ခန်း များတွင် ထိုင်လျက် တစ်မျိုး၊ မှောက်လျက် တစ်ဖုံ၊ အိပ်ရက် တစ်နည်း ပုံစံ အမျိုးမျိုး နှင့် သေဆုံး နေကြသည့် သုံးဆယ် မျှသော အလောင်းကောင် များကို ဆက်တိုက် ဆိုသလို တွေ့ကြ ရတော့သည်။

မျက်လုံး ပွင့်နေသော အလောင်း များကို မြင်ရတိုင်း ရိုဆန်နာ နှလုံးခုန် မြန်လာသည်။ ဆောက်တည်ရာ မရ ဖြစ်လာသည်။ ထို မျက်လုံး များက သူ့အား စိုက်ကြည့် နေကြ သလို။ စက္ကူရွက်လို ဖြူဖွေးသော မျက်နှာ များကြောင့် မျက်လုံး များမှာ အရောင် ပိုတောက် သလို ထင်ရသည်။ သင်္ဘောသား တစ်ဦးက မိန်းမပျိုလေး တစ်ဦး၏ ဆံပင်ကို အသာ ကိုင်ကြည့် သည်။ ရေခဲ ကျိုးကြေသံ ကြားရပြီး ဆံပင် တစ်ဆုပ် လက်ထဲ ပါလာသည်။ အဲဒီ နောက်တော့ ဘယ်သူမှ အလောင်း တွေကို မတို့ထိ ဝံ့ကြတော့။

သင်္ဘောသား ခန်းတွေ ထဲမှာ၊ ပဲ့ထိန်းခန်း ထဲမှာ နောက်ထပ် အလောင်းပေါင်း များစွာ၊ သင်္ဘော တစ်စီးလုံး ရင်ခွဲရုံ နှင့် ဘာမှ မခြား။ သို့သော် ပုံမှန်တော့ မဟုတ်၊ တခုခု ထူးဆန်း နေသည်။ မဒရပ် သင်္ဘော ပေါ်ရှိ လူအားလုံး ငြိမ်းငြိမ်း ချမ်းချမ်း သေဆုံး သွားခဲ့ ပုံပေါ် နေသည်။ ရုန်းရင်း ဆန်ခတ် လက္ခဏာ ဘာတစ်ခုမှမတွေ့ခဲ့ရ။ အားလုံးသည် စနစ်တကျ။ သူတို့ မြင်တွေ့ ခဲ့ရ သည်မှာ ထိတ်လန့် ကြောက်ရွံ့ ဖွယ် ဘယာနက ရသကို ပေးစွမ်း သည်ထက် ကံမကောင်း အကြောင်း မလှ ခဲ့ရှာသော လူတစ်စု၏ ကရုဏာ သက်ဖွယ် အခြေအနေ တစ်ခုမျှသာ။ ဒီလူစု သည် လွန်ခဲ့သော ခုနှစ်ဆယ့် ရှစ်နှစ်က သေဆုံး ခဲ့ကြသည်။ ကမ္ဘာပေါ်မှ လူမသိ သူမသိ ပျောက်ကွယ် ခဲ့ကြ ရသည်။ သူတို့ကို သတိရ တမ်းတ ရှာဖွေ ကြမည့် လူများပင် အခုအချိန် တွင် မရှိ တော့ပြီ ဖြစ်ရာ လုံးဝ ဥပက္ခာပြု လျှစ်လျူရှု ခံခဲ့ရသော သနား ဖွယ်ရာ လူတစ်စု ဖြစ်၏။

သူတို့ ငါးလဲ အလွယ်တကူ ရနိုင်တယ်၊ ပင်ကွင်းတွေ ကလည်း ဒီအတိုင်း လိုက်ဖမ်း လို့တောင် ရတယ်။ မီးလည်း မွှေးလို့ ရနေ ရဲ့သားနဲ့ သူတို့ အားလုံး ဘာကြောင့် သေကုန်သလဲ ဆိုတာ ကျွန်မ ခုထိ စဉ်းစားလို့ မရဘူး

ကပ္ပတိန် ဟန့် ရဲ့ စာအရ ဆိုရင် သူ့သင်္ဘောဟာ သွားနေကြ လမ်းကြောင်း ကနေ တောင်ဖက်ကို အတော် များများ ကျွံထွက် လာပုံ ရတယ်။ မောင့်အထင် ပြောရရင် မောင်တို့ သင်္ဘော ထက်ကို ဒီ သင်္ဘောက ရေခဲထဲ နစ်နေတာ ပို အခြေအနေ ဆိုးတယ်။ ကမ်းပေါ်လည်း တင်သွား တယ်လေ။ ကပ္ပတိန် ဟန့် ဟာ ဒီလို မျိုးလည်း ဖြစ်ရော သင်္ဘော ပေါ်က ခဲယမ်း မီးကျောက် အားလုံးကို မတော်တဆ ပေါက်ကွဲမှု ဖြစ်မှာ စိုးလို့ စွန့်ပစ် ခဲ့ပုံပဲ။

ဒီလိုနဲ့ သူတို့ တစ်ယောက်ပြီး တစ်ယောက် သေကုန် ကြတာကို ဘာမှ မတတ်နိုင်ပဲ ထိုင်ကြည့် နေခဲ့ ရတာပေါ့ ” ခင်ပွန်းသည် ၏ စကားကို ရိုဆန်နာ က ဖြည့်စွက် ထောက်ခံ လိုက်သည်။

နွေဦး ပေါက်လို့ ရေခဲ အရည်ပျော်တော့ သူတို့ ထင်သလို ရေစီးက သင်္ဘောကို တောင် ပိစိဖိတ် သမုဒ္ဒရာထဲ ခေါ်မသွားပဲ အန္တာတိက ရဲ့ ပြောင်းပြန် တိုက်တဲ့ လေကြောင့် ကုန်းပေါ် ပိုရောက်ပြီး ဘယ်လို မှကို မထွက် နိုင်ကြ ရှာတော့ဘူး လေ
ကပ္ပတိန် တော်တယ်ဗျာ၊ ဒီအလောင်း တွေမှာ ဝတ်ထားတဲ့ အဝတ် တွေကို ကြည့်ကြ ပါဦး၊ အပူပိုင်း ဒေသ မှာသာ ဒီလို အဝတ်မျိုး ဝတ်ကြတာ မဟုတ်လား၊ သူတို့ ဒီလို ဝင်ရိုးစွန်း ဒေသကို လာဖို့ စိတ်တောင် မကူးမိ ကြဘူး၊ ဒီသင်္ဘော ဟာ အိန္ဒိယ ကနေ အင်္ဂလန် ကို သွားနေတုန်း ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာ ” ပထမအရာရှိ ဘိဂ်ျလိုး က သင်္ဘော ရှေ့ ပိုင်းကို စစ်ဆေးပြီး ပြန်လာသည်။

ဒါနဲ့ ဘာပစ္စည်းတွေများတင်လာသလဲ မစ္စတာ ဘိဂ်ျလိုး

ကျွန်တော်တို့ မျှော်လင့် နေတဲ့ ရွှေတို့ ငွေတို့တော့ မတွေ့ပေါင်ဗျာ၊ လဘက်ခြောက်ရယ်၊ တရုတ် ကြွေထည် တွေရယ်၊ ပိုးထည်၊ သကြား၊ ငရုတ်ကောင်း နဲ့ ဟင်းခတ် အမွှေးအကြိုင် ပစ္စည်း တွေတော့ စုံလို့ပါပဲ။ ဒါပေမဲ့ ကပ္ပတိန်အခန်း အောက်မှာတော့ သော့ အထပ်ထပ် ပိတ်ထားတဲ့ အခန်းလေး တစ်ခန်း ရှိနေတယ်။ သော့တွေတော့ ဖျက်ခိုင်း ထားပြီ၊ အခု ကပ္ပတိန်ကို ကြည့်ရအောင်လာခေါ် တာပါ

ရတနာ တွေ အပြည့် ထည့်ထားတဲ့ လျှို့ ဝှက် အခန်း များလား မသိဘူးနော် ” ရိုဆန်နာ့ မျက်နှာမှာ နှင်းဆီသွေးရောင် ပြန်သမ်း လာ၏။

ဟုတ် မဟုတ် ခု သိရတော့ မှာပဲကွာ၊ ကဲ ဘိဂ်ျလိုး ရေ သွားကြစို့

ရေခဲ များကြောင့် အပေါက်ဝ ပိတ်ဆို့ နေသည့် ၁၈ ပေါင် အမြောက် တစ်လက် နှင့် မျက်နှာချင်း ဆိုင်တွင် ကပ်ကပ် သပ်သပ် ထည့်သွင်း တည်ဆောက် ထားသော အခန်းလေး တစ်ခု ရှေ့ သို့ သူတို့ ရောက်လာ ကြသည်။ ပါလိုဗါဒီ မှ သင်္ဘောသား နှစ်ယောက်က တံခါးကို ရစ်ပါတ်၍ အထပ်ထပ် ပိတ်ဆို့ ထားသော သံကြိုး ကြီးများကို ချိတ်ထားသည့် ဧရာမ သော့ကလောက်ကြီးကို လက်သမား ခန်းထဲရှိ လက်နက် ကရိယာများ အသုံးပြု၍ ဖျက်နေ ကြ၏။ အတော် ကြာအောင် ဖျက်ဆီး ပြီးမှ ပွင့်သွားသည်။ တံခါးက အတွင်းသို့ ဖွင့်ရသည့် အမျိုးအစား။

အထဲ မှာတော့ သစ်သား သေတ္တာကြီး များ အစီအရီ ထပ်လျက် ရှိသည်။ သေတ္တာ ကြီးများ တည်နေ ပုံကို ကြည့်ရင်း မန်ဒါ က-

ဆိပ်ကမ်း ကနေ ဒီသေတ္တာ တွေကို ကမန်းကတန်း တင်ပေး လိုက်ပုံပဲ၊ ဒါတွေ သင်္ဘောပေါ် ရောက်မှ ကပ္ပတိန်က သင်္ဘောသား တွေကို ဒီအခန်းထဲ ရွေ့ခိုင်းတာ ဖြစ်လိမ့်မယ်။

မြန်မြန်လေး ဖွင့်စမ်းပါ ယောက်ျားရယ်။ စကားတွေ နောက်မှပြော ” ရိုဆန်နာ က ကပ္ပတိန့်ကို အမိန့်ပေး လေသည်။ အခန်းလေးက သူတို့ လင်မယား အပြင် အခြားလူ ဝင်မရ နိုင်အောင် ကျဉ်းလှ သောကြောင့် သင်္ဘောသား များမှ အပြင်မှ ရပ်ပြီး ပွဲကြည့် ပရိသတ် လုပ်နေ ရသည်။ ကပ္ပတိန်တို့ လင်မယား သစ်သား သေတ္တာ များကို စတင် ဖွင့်ကြပြီ။ တူးတူးခါးခါး အချမ်းဒဏ်ကို ခုချိန်မှာ ဘယ်သူမှ သတိ မရကြ။ ရွှေချောင်း တွေများ ဝင်းကနဲ ထွက်လာ မလား၊ တိုင်းပြည် တစ်ပြည် စာလောက် တန်ဖိုး ရှိသည် ဆိုသော အရှေ့ တိုင်းမှ ကျောက်သံ ပတ္တမြား တွေများ လား။ သေတ္တာတွေ ပွင့်သွားတော့ သူတို့ မျှော်လင့်ချက်တွေ အငွေ့ပျံ ပျောက်ကွယ် သွားသည်။

ကြေးအိုး ကလေးတွေ ပါလား၊ စာတွေ ရေးထားတယ်၊ ဂရိလား၊ ရောမလား၊ တစ်ခုခုပဲ ” မန်ဒါက ပစ္စည်း တစ်ခု ကို ဆွဲထုတ် ကြည့်ပြီး ပြောလိုက်သည်။ သေတ္တာ များကို အပြင်သို့ ထုတ်ကြသည်။ ပစ္စည်းများကို မွှေနှောက် ကြသည်။ အနက်ရောင် မျက်လုံး ကလေး များနှင့် လှပ၍ ထူးဆန်းသော တိရိစ္ဆာန် ကလေးများ ပုံတူ ကြေးနီရုပ် ကလေး အများ အပြားကို တွေ့ရသည်။

လှလိုက်တဲ့ အကောင်လေးတွေ၊ ဘယ်လိုများ စိတ်ကူး ရလို့ ထွင်းထု ထားပါလိမ့်နော်၊ တကယ်ရော ရှိရဲ့လား

ဟုတ်တယ်နော်၊ ဒို့တွေ့ဖူးတဲ့ တိရိစ္ဆာန်မျိုးတွေတော့ မဟုတ်ဘူး

ဒါတွေ ဘယ်လောက် တန်မယ် ထင်သလဲ လူကြီးမင်းတို့ ” ဘိဂ်ျလိုး ၏ လက်တွေ့ ကျသော မေးခွန်းကို-

ပြတိုက် တစ်ခုခုက ရှေးဟောင်း သုတေသန ပညာရှင်တွေ ကတော့ ပြောနိုင် လိမ့်မယ်။ ကျူပ်တို့အနေနဲတော့…….” ဟု မန်ဒါက ပြန်ပြော နေရင်း တစ်စုံတစ်ရာ ကြောင့် စကားသံ ရပ်သွား၏။ အလို- အလို ဒါကဘာလဲ။
မဟူရာရောင် မဲပြောင်လက်နေသော လူခေါင်းခွံ တစ်ခု ……….

တကယ့် လူခေါင်းလား ဆရာ၊ ပုံစံကတော့ ကြောက်စရာကြီးပဲ

မာရ်နတ် ကိုယ်တိုင်များ သူ့ရုပ်သူ ပန်းပု ပြန်ထု ထားလေ သလားဗျာ၊ ပီပြင်လိုက်ပါဘိတော့ ” ဟုတ်သည်၊ ကြောက်စရာ၊ အော့နှလုံးနာ စရာ ကောင်းလောက်အောင် လူခေါင်း ပုံသဏ္ဍာန်က ပီပြင် လွန်းသည်။

မျက်လုံး တွေကို ကြည့်စမ်း ပါဦး ” ရိုဆန်နာ က လူတကာ ကြောက်နေသည့် ထိုခေါင်းကြီးကို လက်ဖြင့် ကိုင်ရင်း ဆိုနေ သေးသည်။ “ ဟဲ့-ပါးစပ်ထဲက ထွက်နေတာ လျှာမဟုတ်ဘူး၊ နဂါးကြီးတော့

မဟုတ်မှ လွဲရော၊ ဒီအရုပ်၊ ဒီအရုပ်ဟာ …….

ကျယ်လောင်သည့် အသံကြီး တစ်ခုကြောင့် မန်ဒါ စကား တဝက် တပျက် ဖြင့် ရပ်သွားသည်။ သူတို့အားလုံး မျက်စိ မျက်နှာ တွေ ပျက်ကုန် ကြသည်။ ထိုအသံ ဘာသံမှန်း သူတို့ အားလုံး သိနေကြသည်။ ရေခဲကွဲအက်သံ။ ။ ။

ကပ္ပတိန်၊ ကျူပ်တို့ အားလုံး ဒီက အမြန် ထွက်မှ ဖြစ်မယ်။ ရေခဲတွေ ကွဲကုန် ပြီဗျို့။ နို့မို့ရင် ကျုပ်တို့ သင်္ဘောဆီ မရောက် နိုင် တော့ဘူး၊ အားလုံး ရေနစ် ကုန်လိမ့်မယ် ” ကုန်းပါတ် ပေါ်မှ သင်္ဘောသားက အတင်း အော်နေ၏။ အားလုံး အမြန်လုပ် ကြဟေ့၊ သင်္ဘောဆီ ပြန်ကြစို့။ မြန်မြန်၊ မြန်မြန်။

အော်သံ၊ ဟစ်သံများ ဆူညံ သွား၏။ ပြောလည်းပြော၊ ပြေးလည်း ပြေးကြသည်။ ရိုဆန်နာ သည် ခေါင်းကြီးကို အဝတ်ဖြင့် ထုတ်လိုက်ပြီး ချိုင်းအောက်တွင် လွယ်လိုက်သည်။

အမှတ် တရ လက်ဆောင် ယူနေရမဲ့ အချိန် မဟုတ်ဘူး ရိုဆန်နာ ” မန်ဒါ၏ စကားကို ရိုဆန်နာက နည်းနည်းမှ အရေး မလုပ်ချေ။ ထိုခေါင်းကြီးကို သူမ ဘိုးဘွားပိုင် ရတနာ ပစ္စည်းအလား အတင်း ဖက်တွယ် ထား၏။
အပြင်ဖက်တွင် သူတို့ အားလုံး တွေ့လိုက် ရသည့် မြင်ကွင်း သည်ကား …….

ရေခဲပြင်သည် ပတ်ကြား အက်ကြီးများ အပြိုင်းပြိုင်း ထလျက်၊ အချို့ နေရာများတွင် ရေအိုင် ကလေးများ၊ စမ်းချောင်း ကလေးများပင် ဖြစ်နေပြီ။ မည်သည့် အတွက်ကြောင့် ဤသို့ အချိန်တိုတိုလေး အတွင်း အစိတ်စိတ် အမွှာမွှာ ကွဲထွက် သွားရသည်ကို ဘယ်သူမှ အချိန်ပေးပြီး မစဉ်းစား နိုင်ကြ။ ပြဿနာ အကြီးအကျယ် တက်ပြီ။ အမြန် ပြေးနိုင်လျှင် ပြေး၊ မပြေး နိုင်လျှင် ရေခဲ ပါတ်ကြား အက်ကြီးများထဲ ကျ၍ ဇိဝိန် ကျွေကြ ရတော့မည်။ ရိုဆန်နာ တို့ လူစုသည် သေမင်းနှင့် အပြေး ပြိုင်နေ ကြသည်။ တစ်သက် တာလုံး တစ်ခါမှ မဖြစ်ခဲ့ ဘူးသည် စိတ်ဇော အဟုန်က ခန္ဓာကိုယ် ကြီးကို ပါလိုဗါဒီ သင်္ဘောဆီ အမြန်ဆုံး နှုန်းဖြင့် ဆောင်ကျဉ်း နေသော်လည်း ခြေလှမ်း လိုက်တိုင်း ခြောက်လက်မခန့် ကျွံဝင် သွားသော ရေခဲပြင် ကြီးက သူ့လက်ထဲမှ ထိုလူစု လွတ်ထွက် မသွားအောင် အတတ်နိုင်ဆုံး ကြိုးစား နေ၏။

သေပြေးရှင်ပြေး ပြေးနေသည့် ကြားက အားလုံး သတိ မထားပဲ မနေနိုင် လောက်အောင် တိုက်ခတ်သော လေသည် ပူနွေး လျှက်ရှိသည်။ ဘာကိုမှ အစိုး မရသော အန္တာတိက ဒေသတွင် သူတို့ မျှော်လင့် စောင့်စားနေသော နွေရာသီသည် မထင်မှတ်ထား ချိန်တွင် ရောက်လာ ခဲ့ပြီ။ တစ်မိုင်ခွဲမျှ ပြေးပြီး ကြသောအခါ အားလုံး သေလုမတတ် အမော ဆိုက်နေပြီ။ ပါလိုဗါဒီ ပေါ်မှ သင်္ဘောသား များ၏ ဟစ်အော် အားပေး နေသံ များကို အတိုင်းသား ကြားနေ ရပြီ။ ပြေးလိုက် ကြစမ်း။ ရောက်လုပြီ။

—– ဗြုန်း၊ ဗလုံး၊ ဝုန်း —–

မာရ်နတ်၏ ဦးခေါင်းကို ရှာဖွေ လာသူ များကို ဘုရားသခင် ဆုံးမတော် မူလေပြီ။ သူတို့ ရှေ့ရှိ ရေခဲပြင်သည် အသံ ကျယ်လောင်စွာ မြည်ဟိန်းလျှက် ကွဲထွက် သွားသည်။ ချက်ချင်းပင် ပါလိုဗါဒီ နှင့် သူတို့ လူစုကြား ပေနှစ်ဆယ် ကျယ်သော ရေပြင်က ခြားသွား လေပြီ။ စက္ကန့် သုံးဆယ်လျှင် တစ်ပေနှုန်းဖြင့် ရေပြင်ကြီးမှာ ကြည့်နေရင်း ပို၍ ပို၍ ကျယ်လာ တော့သည်။

ပါလိုဗါဒီ သင်္ဘောမှ ဒုတိယ အရာရှိ အေဆာနိုက် သည် ဆုံးဖြတ်ချက် ချလိုက်သည်။ သင်္ဘောသား များကို အမိန့် ပေးပြီး အသက်ကယ် လှေကို သင်္ဘော ပေါ်မှ ချနေသည်။ လှေကြီးကို မ၍ အခု ပေသုံးဆယ်ခန့် ကျယ်လာပြီ ဖြစ်သော ရေခဲ ကွဲကြောင်းကြီး ရှိရာသို့ လာနေ ကြပြီ။ ကြွက်သား များသည် တဆတ်ဆတ် တုန်လျှက်၊ လေးလံသည့် လှေကြီးကို ရေခဲပြင် တလျှောက် ညာသံပေး ဆွဲလာ ကြသဖြင့် လည်ပင်းကြော ကြီးများ ပေါက်ထွက် မတတ် ထောင်ထ နေသည် ကိုပင် ဒီဖက် ကမ်းမှ လူစုက အတိုင်းသား မြင်နေ ရသည်။ မန်ဒါတို့ ရိုဆန်နာ တို့ဖက် ခြမ်းမှာ ဒူးဆစ်မြုပ်သည် အထိ ရေတက် လာပြီ။

အားစိုက် ကြိုးပမ်း မှုများသည် အချည်းနှီး မဖြစ်၊ လှေကို အချိန်မီ ရေထဲသို့ ချလိုက် နိုင်သည်။ လှေပေါ် တက်လိုက် ရသည့် အရသာမှာ အခြား မည်သည့် အရသာ နှင့်မှ မလဲနိုင်အောင် ချိုမြိန် လှသည်ဟု ရိုဆန်နာ ထင်မိသည်။ နောက် မိနစ် နှစ်ဆယ် အကြာတွင် တော့ သူတို့ အားလုံး နွေးထွေးသော အဝတ်များ ဝတ်ဆင်လျှက် သင်္ဘောပေါ်မှ မီးလင်းဖို ဘေးတွင် အငွေ့ တထောင်းထောင်း ထနေသည့် ကော်ဖီ သောက်သုံး နေကြ တော့သည်။ ပါလိုဗါဒီ မှာ ရေခဲပြင် တွင်းမှ လွှတ်ထွက် သွားပြီး ရေပြင် ပေါ် ပြန်ရောက် သွားသည်။ နောက်ဆုံးတော့ ခြောက်လမျှ ခံခဲ့ရသော ဒုက္ခတို့သည် နေလာ နှင်းပျောက် ဖြစ်ကုန် ကြ၏။

ဝေလငါး ဆီများ အပြည့် ထည့်ထားသော စည်ပိုင်း ခုနှစ်ရာကို သယ်ဆောင်၍ ပါလိုဗါဒီ ၏ ပြည်တော်ပြန် ခရီးသည် ချောမော လှပ ခဲ့သည်။ ဆန်ဖရန် စစ္စကို ရှိ နေအိမ်သည် သေကံမရောက် ခဲ့သည့် မန်ဒါတို့ လင်မယားကို နွေးထွေးစွာ ကြိုဆိုလျှက် ရှိသည်။ မန်ဒါသည် လီဗာပူး ရှိ စကိုင်လာ ထရေဒင်း ကုမ္ပဏီကို ဆက်သွယ် စုံစမ်းပြီး မဒရပ် သင်္ဘော မှတ်တမ်း စာအုပ်ကို ပြန်လည် ပေးအပ်ခဲ့သည်။ စကိုင်လာ ထရေဒင်းက ၁၈၆၂ ခုနှစ်တွင် အန္တာတိက သို့ သင်္ဘော နှစ်စီး စေလွှတ်ပြီး မဒရပ် သင်္ဘော ရှာပုံတော် ဖွင့်ခဲ့သည်။ ထိုသင်္ဘော များကား လီဗာပူး ဆိပ်ကမ်းသို့ ဘယ်သော အခါမှ ပြန်ရောက် မလာနိုင် တော့ချေ။ နောက်ဆုံးတော့ ၄င်းတို့ကိုပါ ပျောက်ဆုံး စာရင်း သွင်းလိုက် ကြရသည်။
မဒရပ် သင်္ဘောပေါ်မှ ယူဆောင် လာသော တစ်ခုထဲသော ပစ္စည်း ဖြစ်သည့် ထူးဆန်းသည့် လူခေါင်း ရုပ်သည် ဆန်ဖရန် စစ္စကို ရှိ ရိုဆန်နာ ၏ အိမ်မှ ပစ္စည်း ထည့်သည့် သေတ္တာ ထဲတွင် ငြိမ်းချမ်းစွာ ခိုလှုံလျှက် ရှိသည်။

ဤသို့ဖြင့် မဒရပ် သင်္ဘောသည် လူသားတို့ သူ့ ကုန်းပါတ် ပေါ်တွင် နောက်တစ်ကြိမ် ခြေချ နိုင်ခွင့် ကို နောက်ထပ် ၁၄၄ နှစ်တိတိ စောင့်ဆိုင်း ခဲ့ရ ပြန်တော့သည်။

×××××××××××××××××××××××××××××××××

ဆက်ရန်…….အတ္တလန်တစ် ရှာပုံတော် (၄)-သွားပါများ ငရဲရောက်

Advertisement

One Comment (+add yours?)

  1. ZARGYI
    Jan 14, 2009 @ 03:06:22

    Good ! Excellent!
    Thanks for your kind share!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

January 2009
M T W T F S S
« Dec   Feb »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.