500 days in Dvaravati (16)

ဟန်းဖုန်း မှသည် ဟန်ဖုန်းဆီသို့

ဘာလိုလိုနှင့် ဘန်ကောက်ရောက်နေသည်မှာ တစ်လ နီးပါးရှိခဲ့ပြီ။ ရန်နန်း ကိုဗဟိုပြု၍ နေရာအတော်များများ သွားတတ် လာတတ်နေပြီ။ အယုဒ္ဓယ လမ်းသွယ် (၂) ဆိုသည့် သူနေထိုင်ရာ လမ်းကျဉ်းလေးအတွင်း သူ့ခြေရာများ ထပ်နေပြီ။ လမ်းထိပ်ရှိ ကားအရောင်းပြခန်းငယ်လေးကိုလည်း အသွားအပြန် ငေးမောကြည့်ရှုတတ်လာပြီ။ မာစီးဒီး၊ ဗော်လ်ဗို၊ ဘီအမ်ဒဘလျှူ နှစ်ယောက်စီး ပြိုင်ကားငယ်ကလေးများက မျက်စိပသာဒ ရှိလှပါဘိ၊ ဈေးနှုန်းတွေက ဘတ်နှစ်သန်း မှ ငါးသန်းအထိ အစားစား၊ သူတို့ဆီက ကားဈေးဖြင့်ချိန်ထိုးကြည့်လျှင် များလှသည်ဟု မဆိုသာ။ သို့သော်လည်း သူ့မှာ ရှိသည့်ငွေဖြင့် ဆိုလျှင်တော့ ကားမပြောနှင့်၊ လန်ချားပင်မရနိုင်။

ဒီနေ့တော့ လူတကာကိုင်နေသည့် မိုဘိုင်းဖုန်း တစ်လုံးဝယ်မည်ဟု ဆုံးဖြတ်ချက်အခိုင်အမာ ချထားသည်။ သွားနေကြ အယုဒ္ဓယ လမ်းသွယ်လေးမှထွက်ပြီး ခုထိ နာမည်မခေါ်တတ်သေးသည့် လမ်းမကြီးကို ဦးတည်လျှောက်လာသည်။ လူကူးမျဉ်းကြားလည်းမရှိ၊ အပြေးအလွှား ကားလွတ်သည့် အချိန်ဖြတ်ကူးရသည်။ ခုနေများ ကားတိုက်သေ လို့ကတော့ ရေခြားမြေခြား မှာငါလေး သနားပါတယ်ဟု ကိုယ့်ကိုယ်ကို ပြန်ကရုဏာသက်မိနေသေး။

သံလက်ရမ်းများ ကာရံထားသော လမ်းဘေး ပလက်ဖောင်းလေးပေါ်တွင် ဖြည်းဖြည်း အေးအေး လမ်းလျှောက်ရင်း ဘန်ကောက်၏ အမြင့်ဆုံး ဟိုတယ်ဟု သတင်းကြီးသည့် အထပ် (၇၇) ထပ်မြင့်သော ဘိုင်ရုတ် ဟိုတယ်နား ရောက်လာ သည်။ ဘိုင်ရုတ်က အမွှာဟိုတယ်ဖြစ်သည်။ ငါးဆယ့်ငါးထပ်မြင့်သော ဘိုင်ရုတ် အဟောင်း က ခုနှစ်ဆယ့် ခုနှစ်ထပ် မြင့်သည့် ညီတော် ဘိုင်ရုတ်၏ နောက်တွင် မှိန်ကုပ်ကုပ် ကျန်ရစ်သည်။ ဘိုင်ရုတ်တာဝါ နှင့်ကပ်လျှက်ရှိသော အင်ဒရာ စကွဲယားခေါ် ဈေးကြီးတစ်ခုထဲ ဝင်လိုက်၏။

ဝင်ဝင်ချင်း ငွေလဲကောင်တာတစ်ခု ဘွားကနဲ တွေ့၏။ အမေရိကန် တစ်ဒေါ်လာလျှင် ဘတ် (၄ဝ) နှုန်း၊ နေ့စဉ် နေ့တိုင်း ငွေလဲနှုန်းကို ကြည့်နေမိခဲ့သဖြင့် ဒါအမြင့်ဆုံး ငွေလဲနှုန်းမှန်းသိ၏။ သူ့ထံတွင် ရှိနေသော ဒေါ်လာငါးရာကို ဘတ်ဖြင့် လဲပစ်လိုက်၏။ ဘူမိဘော ဘုရင်မင်းမြတ်ပုံပါ ဘတ်တစ်ထောင်တန် ညိုတိုတို ငွေစက္ကူ အရွက် ၂ဝ တိတိ ရ၏။ အင်ဒရာ စကွဲယား၏ ဘေးပေါက်မှ ထွက်လိုက်သည်။ လူတွေ ကြက်ပျံမကျ စည်ကားလှသည့် မီးရောင်စုံဖြာနေသော ညဈေးလေး တစ်ခုထဲ ရောက်သွား၏။ ဘန်ကောက်၏ နာမည်ကျော် မီကာဆာ ညဈေး၊ ဈေးချိုသည်။ ဝယ်၍ကောင်းသည်။ ဆစ်၍ ကောင်းသည်။ ထိုင်းစကား မတတ်လည်း ဈေးဝယ်၍ ရသည်။ ကာကူလေတာ တစ်လုံးကိုင်၍ ရောင်းသူ ဝယ်သူ အသံ တူသည် အထိညှိနိုင်သည်။

အနောက်တိုင်းသား အဖြူ အမဲတို့ ကြိတ်ကြိတ်တိုး၊ ဒီဗီဒီ အခွေများကား အရောင်းရဆုံး။ တစ်ခွေမှ ဘတ် တစ်ရာ၊ တစ်ချိန်လုံး ကော်ပီရိုက်၊ ပရော်ပါတီ ရိုက် တို့ကို အသံပြာအောင်အော်နေကြသော အဖြူကောင်တို့သည် သူတို့ ဆီမှာ အနှီ ပရော်ပါတီ ရိုက်ကြောင့် ဈေးကြီးလှ၍ မဝယ်နိုင်ခဲ့သမျှ ဟောလီးဝုဒ် ဇာတ်ကား ဒီဗီဒီများကို ဘတ်တစ်ရာ ပေး၍ ပျော်ပျော်ပါးပါးကြီး တိုးဝှေ့ဝယ်နေကြပါပကော။

ဈေးထဲတွင် တောင်လျှောက် မြောက်လျှောက်လုပ်ရင်း ကျီးကန်းတောင်းမှောက် လျှောက်ကြည့်သည်။ ဟော–တွေ့ပြီ။ ဟန်းဖုန်းလေးတွေ။ လမ်းဘေး တွင် မှန်ကောင်တာဖြင့် ထည့်ရောင်းနေသည်မှာ အတန်းလိုက်ကြီး။ ဘုရားပွဲ အရုပ် ရောင်းနေသည်နှင့်ပင်တူသေးတော့။ ဈေးကလည်း ပေါလှသည်။ ဒါနဲ့ပဲ သဘောခွေ့စွာဖြင့် ဗမာကြိုက် Nokia Hand Set တစ်လုံး ဝယ်လိုက်သည်။ ဟန်းဆက်ချည်း ဝယ်၍မရ။ GSM စနစ်ဖြစ်သဖြင့် အထဲထည့်ဖို့ SIM ကဒ်လိုသေး သည်။ သူတို့ဆီမှာ- မဟား တရား ဈေးများသော၊ ရွှေထက်ရှားသော၊ သူ့ထက်သူ လူစွမ်းကောင်း မောင်ကံကောင်း များမှ ရနိုင်သော၊ SIM ကဒ်တစ်ကဒ် လျှင် ရွှေနှစ်ဆယ်သားခန့် ပေး၍ လဲလှယ်ဝယ်ယူရသော၊ MPT ၏ရာသက်ပန် တစ်ဦးတည်း မူပိုင်ဖြစ်တော်မူထသော GSM SIM ကဒ်သည် ဒီမှာတော့ ရိုက်သတ်၍ မကုန်အောင်ပေါလှသည်။ မြန်မာငွေ ကျပ်သုံး ထောင် (ဘတ်တစ်ရာ) ပေးလျှင် ဘယ်သူ့မှ အဖေခေါ်စရာမလိုပဲ ကိုယ့်စိတ်ကြိုက် ကုမ္ပဏီ နှင့် စိတ်ကြိုက် နံပါတ်ကိုရွေး ချယ်နိုင်သည်။ 1-2 call, orange, happy, DTEC စသော ကုမ္ပဏီ များက သူတို့၏ SIM ကဒ်ကို သုံးပါမည့်အကြောင်း အမျိုးမျိုးသော ပရိုမိုးရှင်းများ၊ ဒစ်စကောင့်များ၊ ဗန်းပြ မြူဆွယ်၍ ဝယ်ပါ၊ ယူပါ တစာစာ လုပ်နေကြရသည်မှာ သနားစရာပင်ကောင်းသေးတော့။

(ထိုစဉ်က) ဝန်ကြီးချုပ် တက်ရှင် ရှင်နာဝပ်ထရာ၏ ရှင်းကော်ပိုရေးရှင်းပိုင် 1-2 call SIM ကဒ်ကို အားပေးလိုက်သည်။ ရောင်းသည့် အမျိုးသမီးက ဖုန်းထဲချက်ချင်းထည့်ပေး၏။ သူမ၏ မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားအရ ရိပ်ဖမ်းသံဖမ်း သိရသည်မှာ- အခုလောလောဆယ် SIM ကဒ်တွင် ဘတ်ငါးဆယ်ဖိုးပြောနိုင်သည့် ပမာဏပါရှိကြောင်း။ မြို့ တွင်း ရှိ ဖုန်းများကို ခေါ်ဆိုလျှင် ဟန်းဖုန်း၊ ကြိုးဖုန်းမရွေး တစ်မိနစ် ငါးဘတ်ကျသင့်မည် ဖြစ်ကြောင်း။ ကိုယ့်ဖုန်းထဲရှိ ငွေလက် ကျန်ပမာဏ ကိုအမြဲတမ်း စစ်ဆေးနေရမည်ဖြစ်ကြောင်း။ ဖုန်းပြောနိုင်ဖို့ refill ကဒ်ထည့်ရမည်ဖြစ်ကြောင်း။ ဘတ် ၅၀၊ ၁၀၀၊ ၃၀၀၊ ၅၀၀၊ ၁၀၀၀ ကိုယ်ဆက်ချင်သလောက် ငွေပမာဏ ကို ကုဒ်နံပါတ် ရိုက်သွင်းကာ ဖုန်းထဲထည့်ရသော refill ကဒ် အစားစားရှိကြောင်း၊ ထပ်မထည့်နိုင်လျှင် ကနဦးပါသမျှ ဘတ်ငါးဆယ်ဖိုး ကုန်သွားပါက ဘယ်မှ ဆက်မရ တော့ပဲ အဝင်ကောလ်သာ လက်ခံနိုင်တော့မည်ဖြစ်ကြောင်း နားလည်လိုက်ရသည်။ ဒါနဲ့ပဲ ဘတ် ၃ဝဝ တန် refill တစ်ကဒ်ဝယ်၍ သူမကိုပင် ကုဒ်နံပါတ် တခါတည်းသွင်းခိုင်း လိုက်သည်။ ငါးမိနစ် အတွင်း GSM ဖုန်းတစ်လုံး လက်ဝယ် ပိုင်ဆိုင်ပြီ။ သူ့ဖုန်းထဲမှာ ဘတ် ၃၅၀ ဖိုးပြောနိုင်သည့် ငွေပမာဏ ရှိပြီ။ မိန်းမဆီ ဖုန်းဆက်ရမည်။

အိုဗာဆီးကောလ် ခေါ် နိုင်ငံခြားသို့ခေါ်ဆိုသည့် ဖုန်း။ ရွှေပြည်ကြီးတွင်ရှိစဉ်က ကိုယ်နှင့်မဆိုင်သဖြင့် မလေ့လာခဲ့မိ၊ အခုတော့ အလွန်မတန်ကို ဆိုင်လာသဖြင့် တင်ကြိုလေ့လာထားပြီးသား။ လေ့လာသိရှိရသလောက် တရားကျဖို့ပင် ကောင်းတော့သည်။ နိုင်ငံခြားသို့ဖုန်းခေါ်ဆိုခ သည် သတင်းဆက်သွယ်ရေး နည်းပညာ ဖွံ့ ဖြိုးမှု နှင့်ပြောင်းပြန် အချိုးကျသည် ဆိုပဲ။ နည်းပညာ ဖွံ့ဖြိုးတိုးတက်သော ဇောတိက နိုင်ငံများဖြစ်သည့် အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ စင်ကာပူ အစရှိသော နိုင်ငံများသို့ ဖုန်းခေါ်လျှင် ခေါ်ခမှာ တစ်မိနစ် ခြောက်ဘတ်၊ မြို့ တွင်း ခေါ်ဆိုခ နှင့်သိပ်မကွာလှ။ နည်းပညာ ချို့ တဲ့၍ သူများ အမြီးဆွဲပြီး ဆက်သွယ်နေရရှာသော မျက်နှာမွဲ နိုင်ငံလေးများကြတော့ တစ်မိနစ် ခေါ်ဆိုခ ၂၅ ဘတ်တဲ့။ မိုင်ထောင်ချီဝေးသော အမေရိကန်သို့ဖုန်းခေါ်လျှင် တစ်မိနစ် ခြောက်ဘတ်၊ ဖင်ချင်းပေါက်နေသော လာအိုကို ဖုန်းဆက်လျှင် တစ်မိနစ် နှစ်ဆယ့်ငါးဘတ် ဆိုပဲ။ မြန်မာကကော ဘာသားနဲ့ ထုထားတာမို့လို့လဲ။ တစ်မိနစ် နှစ်ဆယ့်ငါးဘတ် မှ တစ်ပြား မလျှော့။

ည၊ ကျဉ်းကျဉ်း ကျုတ်ကျုတ် ဝရံတာငယ် သို့ထွက်လာမိသည်။ လေအနည်းငယ် တိုက်နေသော်လည်း အုံ့အိုက် ပူလောင်မှု ကသက်သာမသွား။ အသစ်စက်စက် ဟန်းဖုန်းကို ထုတ်လိုက်၏။ ခေါ်မည်၊ ခေါ်ကိုခေါ်မည်၊ မရ အရ ခေါ်မည်။ အားပါးတရ ခေါ်မည်။ သောက်ကျိုးနဲအောင် ခေါ်ပစ်လိုက်မည်။ GSM မိုဘိုင်းဖုန်းကို တစ်ပိုင်းသေအောင် ကိုင်ချင်ပါသော်လည်း ဖွတ်ကလိ ဒင်္ဂါး မတတ်နိုင်၍ ဟန်းဖုန်း ဖြစ်လျှင်ပြီးရော သဘောဖြင့် လင်မယား နှစ်ယောက် ပေါင်းတစ်လုံး အဖိုးနည်း ဝန်ပါ ဝယ်ကိုင်ထားသည့် ဘုရားစူး မိုးကြိုးပစ် မိုဘိုင်းဖုန်း ဖြစ်သည့် သူတို့၏ ဆယ်လူလာ ဖုန်းကို အခုခေါ်တော့မည်။

အပြည်ပြည်ဆိုင်ရာ ကုဒ်၊ မြန်မာနိုင်ငံ ကုဒ်နှင့် ဆဲလ်ဖုန်း နံပါတ်များကို ရှည်လျှားစွာ လက်တညောင်း နှိပ်ရ၏။ ဖုန်းခေါ် နေသော ဒိုင်ယယ်လ် တုန်းရှည်မြည်သံကို ကြားရပြီ။ ဟော………..

ယောင်္ကျားသံတစ်သံ၊ ကိုယ့်ဖင်ကိုယ်ကြားသည့် အသံဖြင့် တိုးတိုး တိုးတိုးပြောနေသည်။

“လူကြီးမင်း ခေါ်ဆိုသော ဆဲလ်လူလာ တယ်လီဖုန်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ………..”

ဒါမျိုးက ရိုးနေပြီ။ မြန်မာပြည်က ဆဲလ်လူလာသည် လက်နှင့်ကိုင်ပြောရသော ဟန်းဖုန်းမဟုတ်ပဲ ခါးမှာ ဟန်ပြချိတ် ထားရသော ဟန်ဖုန်းဟု ပြောကြသည်မှာ အကြောင်းမဲ့မဟုတ်။ ဆယ်ခါရံ တစ်ခါ၊ ဝင်ချင်သည့် အချိန်မှ ဝင်တတ်သည် မဟုတ်ပါလား။ သည်းခံခြင်းသည် လာဘ်တစ်ပါး။

ဖုန်းပြန်ချ၏။ ပြန်ခေါ်၏။ အခါ နှစ်ဆယ်ခန့် ကိုယ့်ဖင် ကိုယ်ကြား လူကြီးမင်းနှင့် ဆုံဆည်းပြီးသည့်နောက် အမှန်တ ကယ် ဖုန်းဝင်သွားပြီဟု ယူဆရလောက်သည့် အသံရှည်ကို ကြားရသည်။ တော်တော်နှင့်မကိုင်။ ဟော–ကိုင်ပြီ။ ဟယ်လို တစ်ခွန်းပြောလိုက်စဉ် တစ်ဖက်မှ….

“ဟယ်လို၊ ……………. လား”

ဆိုသည့် အသံတစ်ခွန်းသာ ကြားလိုက်ရပြီး ဂွမ်ကနဲ လိုင်းပြုတ်သွားပါတော့သည်။ ဟယ်–ဘယ့်နဲ့ ဖြစ်ရတာတုံး။ ထိုအချိန်မှာပင် သူ့ဖုန်းမှ မီးသတ်ကား အချက်ပေးဥသြသံလို အသံများ ဆူညံစွာထွက်ပေါ်လာသည်။ ဒစ်စ်ပလေး စကရင်ပေါ်မှာ သင့်ဖုန်းတွင် လက်ကျန်ငွေ သုံညဘတ် ဆိုသည့် စာလုံးကြီးများက သူ့ကို နားရင်းပစ်ရိုက်လိုက်သလို။ ဟယ်လို၊ ဟယ်လို နှစ်ဟယ်လို အတွက် ဘတ် ၃၅ဝ (ကျပ်ငွေ တစ်သောင်းကျော်) ကုန်သည်ဆိုတာတော့ ဘယ်နည်း နဲ့မှ မဖြစ်နိုင်။

အချိန်တန်တော့လည်း နပိန်ကန်ပါသည်။ သူသိပါပြီ။ သူ့ဖုန်းထဲမှ ဘတ်ငွေများကို အခါနှစ်ဆယ်ခန့်သော လူကြီးမင်း များစားသွားသည်ကိုး။ တစ်ခါလူကြီးမင်းပါက နှစ်ဆယ့်ငါးဘတ်။ ရက်စက်ပါပေ့။ မတတ်နိုင်။ အောက်ထပ်ဆင်း၍ စတိုးဆိုင်မှ ဘတ် ၃ဝဝ တန် 1-2 call refill တစ်ကဒ် အမြန်သွားဝယ်၍ ကုဒ်ရိုက်သွင်းပြီး သူအထင်မကြီးခဲ့မိသည့် ကြိုးဖုန်းကို ခေါ်ကြည့်သည်။ အမလေး….ဒီတစ်ခါတော့ ရှောရှောရှုရှု ချက်ချင်းလိုင်းဝင်၍ ဖုန်းဘေးမှာထိုင်စောင့် နေသော မဟေသီနှင့် အခက်အခဲမရှိ ဆယ်မိနစ်ခန့် စကားပြောလိုက်ရ၏၊ အဟောသုခံ–ချမ်းသာစွ တကား။ နောက် များတော့ အသေဝလာစ-ဆယ်လူလာ ။    ။    ။    ။    ။    ။    ။    ။

Advertisement

One Comment (+add yours?)

  1. Henry Taw Thar
    May 13, 2009 @ 16:51:07

    Excellent!

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

January 2009
M T W T F S S
« Dec   Feb »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.