500 days in Dvaravati (17)

နင်လားဟဲ့ သင်္ချာ

နေ့ရက်တို့သည် မှန်မှန်ကြီး ကုန်ဆုံးလျှက် ရှိ၏။ တစ်နေ့ ထမင်း သုံးထပ်စားရင်း၊ လေးဖက်ပါတ်ရံ အုတ်နံရံတွင်း အခန်းကျဉ်းကလေး ထဲမှာထိုင်ရင်း၊ လှဲရင်း၊ စာဖတ်ရင်း၊ နိစ္စဓူဝ ကျောင်းသို့သွား၍ စိတ်ညစ်ဖွယ် သင်ကြားပို့ချမှုများ ကို နာခံရင်း၊ ညနေအပြန် ရန်နန်လမ်းမ ဘေးရှိ ပန်းခြံပေါက်စလေးထဲတွင် ထိုင်၍ တောင်တောင်အီအီ ငေးမောရင်း၊ ကွန်ပျူတာရှေ့ မျက်နှာအပ်၍ အင်တာနက်ရင်း၊ တီဗွီ ဖန်သားပြင်မှ အရုပ်နှင့် အသံများကို စက္ခုနှင့် သောတ အာရုံဖြန့် ကျက်ရင်း တစ်လမျှသော အချိန်ကုန်ခဲ့ပြီ။

သူ့အတွက် ဘန်ကောက်၏ ညများက ညတာရှည်လွန်းလှသည်။ မက်ခရို ဘောဂဗေဒ ကအနည်းငယ် အဆင်ပြေလာ သော်လည်း သင်္ချာက အဆင်မပြေသေး။ ခုထိသူနှင့် သူစိမ်းပြင်ပြင်။ သင်ပုန်းဖြူပေါ်က ဆရာဖုန်ဆာ၏ တွန့်လိန် ရွဲ့  စောင်းနေသော သင်္ချာညီမျှခြင်းများက သူ့ကို မျက်ထောင့်နီများဖြင့် ဝိုင်းကြည့်နေကြတုန်း။ သင်္ချာသည် သိပ္ပံပညာရပ် တို့၏ ထီးဆောင်းမင်းဘုရင် တစ်ပါး။ အနှီ သင်္ချာ ထဲတွင်မှ ကကုလ (Calculus) သင်္ချာသည် ခေတ်သစ် ဘောဂဗေဒ ၏ အခြေခံအုတ်မြစ်ဖြစ်သဖြင့် မတတ်မနေ၊ တတ်ကို တတ်ရမည်ဟု ဆရာ ဖုန်ဆာက ကြုံးဝါးကြွေးကြော်တိုင်း သူက ငယ်ငယ်တုန်းက သင်ခဲ့ဖူးသည့် ဦးပေါင်းကျားနှင့်မြင်းကျားရှင်ကိုသာ မျက်စိထဲ မြင်ယောင်မိသည်။ သူရဲကောင်းများ နှင့် မြင်းစီးပြိုင်ပြီး ဓါးရေးပြဖို့၊ တူရွင်းတောင်ခြေကို တက်ခါ ဆင်းခါ ဖြင့် အများခြောက်ချားအောင်လုပ်နိုင်ဖို့က ဘုရင် ဖြစ်ဦးမှကိုး။ ဘုရင်ဖြစ်ဖို့ မပြောနှင့်၊ ပုလ္လင်သို့ သွားရာလမ်းမှာပင် သူ့မှာ ဓါးတောင်နှင့် မီးပင်လယ်ကြား သွေးသံက တရဲရဲ။

တတ်မှ ဖြစ်မည် ဆိုသော စိတ်အခံဖြင့် သင်္ချာ ပြဌာန်း စာအုပ်များကို အကြိမ်ကြိမ် ဖတ်သော်လည်း လိုရင်းမရောက်မီ မှောက်ချထားလိုက်မိသည်ချည်း ဖြစ်နေ၏။ သင်ကြားရမည့် အကြောင်းအရာ တစ်ခုကို စာနဲ့ရေး၊ ပုံနဲ့ပြ၊ လက်တွေ့စမ်း သပ် စနစ်ဖြင့် ပညာဆိုသဟာကြီးကို နှစ်ပေါင်းများစွာ အသင်ကြားခံလာခဲ့ရသော သူ့မှာ အကြောင်းအရာကို အီကွေး ရှင်းချ၊ ဖော်မြူလာထုတ်၊ ကိန်းဂဏန်းတွက်ချက် သက်သေပြသည့်ဘာသာရပ်မျိုးကို ပညာဟုလက်မခံချင်လောက် အောင်ပင်ဖြစ်မိသည်။ ဆရာဆမ်နန်းကတော့ အားပေးပါသည်။ ထိုသင်္ချာကို သင်ကြားခဲ့စဉ်က သူလည်း ဘာမှနား မလည်ခဲ့ပါတဲ့။ မဟာသိပ္ပံတန်းမှာ တကယ်သင်ရမဲ့ အကြောင်းအရာတွေထဲ သင်္ချာက မပါသလောက်ပါပဲတဲ့။ ဒါဆို လည်းဘာဖြစ်လို့များ ကာယဒုက္ခ၊ စိတ္တ ဒုက္ခတွေပေးနေရသေးတာလဲ။

ဘာပဲဖြစ်ဖြစ် အတန်းထဲမှာ အခြားသင်တန်းသားတွေ နားလည်နေသည်ဟု ယူဆရသော ထိုပညာရပ်ကို သူ တစိုး တစိမှ နားမလည်သောအခါ၊ ကြာတော့ ရင်ထဲမှာ နာလာ၏။ မလှုပ်မရှက် ထိုင်နေရင်းခန္ဓာကိုယ် အနှံ့ အီကွေးရှင်း နှင့် ဖော်မြူလာ စူးချွန်များက ထိုးဆွသဖြင့် တဆစ်ဆစ် ဖြစ်လာသော ကိုက်ခဲ နာကျင်မှု။ ကြာလျှင် အနာယဉ်းတော့မည်။ သူတစ်ခုခုလုပ်ပြီး ထိုအရာကို မတတ်မနေ တတ်အောင်လုပ်မှ ဖြစ်မည်။ တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက်၊ အမျိုး ဂုဏ်၊ ဇာတိဂုဏ် အတွက်၊ ဘာအတွက်၊ ညာအတွက်၊ ဒီလောက်ကြီးကြီးကျယ်ကျယ် မကြုံးဝါးလိုပါ။ အနည်းဆုံးတော့ သူ့စိတ်ဒဏ်ရာ ပျောက်ကင်းသက်သာဖို့အတွက် ဒီသင်္ချာကို သူအပါတ်တကုပ် လေ့လာတော့မည်။

ကောင်းပြီ။ ဘယ်ကစလို့ ဘယ်လိုလေ့လာမှာတုန်း။ အခြေခံကစ ဆိုလို့ စတုတ္ထတန်း သင်္ချာဖတ်စာအုပ် ကနေ စ လေ့လာဖို့ မဖြစ်နိုင်။ အမြင်လည်းမနီး၊ ခရီးလည်းဝေးလှ၏။ ဒီလို တစ်ဆင့်ချင်းသွားနေလို့ကတော့ နောက်ဘဝ ရောက်ရင်တောင် လေ့လာလို့ ပြီးနိုင်ပါဦးမလား။ နည်းပညာခေတ်တွင် အင်တာနက်ကို အားကိုးတာအကောင်းဆုံးပ။
ဒီလိုနဲ့ပဲ ညည အင်တာနက် ဝက်ဘ်ဆိုက် ၏ သင်္ချာ စာမျက်နှာများ နှင့် နှစ်ပါးသွားရင်း ခန်းဆောင်နီ အိပ်မက်တွေ မက်ခဲ့ရပြန်သည်။

သူက ဘာမှသာ မသိတာ၊ အနှီ သင်္ချာကို တတ်မဲ့တတ်လျှင် အိုက်ဆက် နယူတန်လောက်၊ ဂျွန်နတ်ရှ် လောက် တတ် ချင်နေသေးသည်ကိုး။ ကိန်းဘရစ်တက္ကသိုလ် သင်္ချာဝက်ဘ်ဆိုက်၊ အမ်အိုင်တီ သင်္ချာမိုဂျူးများ၊ ဟားဗတ် သင်္ချာဌာန ၏ ပြဌာန်းချက်များ။ အီဂျစ်အရုပ်စာကြည့်နေရသလို ခေါင်းတွေမူး၍ ချွေးစေးတွေပြန်လာတာသာ အဖတ်တင်သည်။ ဘာမှ မထူးခြား။ ဒုံရင်း ဒုံရင်း။

ပါရဂူ အဆင့်သင်္ချာမှ မဟာအဆင့် သင်္ချာ၊ ထိုမှတဆင့် ဘွဲ့ကြို အဆင့်သင်္ချာ၊ အထက်တန်းအဆင့် သင်္ချာ ဝက်ဘ်ဆိုက် တွေကို ရက်ပေါင်းများစွာ စိတ်ရှည်သည်းခံ၍ လျှောက်ဖတ်ကြည့်ရင်း နောက်ဆုံးမတော့ ကကုလ သင်္ချာကို လူပြိန်း (လူဖျင်း၊ လူညံ့ များဟုလည်း ဆိုချင်ဆို) နားလည်အောင်ရေးထားသော Calculus for idiots အမည်ရှိ စာတမ်း တစ်စောင်ကို ဖတ်မိတော့မှ ရေခဲအရည်ပျော်တော့သည်။ အနာနှင့်ဆေး အပ်ချ မတ်ချ တွေ့တော့သည်။ သူရှာ နေတာ ဒါမျိုးကိုး။

ထိုစာတမ်းက စစချင်းမှာပင်-

ကကုလ သင်္ချာပညာသည် လူသား၏ ပြောစမှတ်ပြုရလောက်အောင် မြင့်မားလှသော အသိဥာဏ် ပညာ၏ အသီး အပွင့် ဧကန် အမှန် ဖြစ်ယုံမျှမက တင့်တယ်ခန့်ညားသည့် သဘောသဘာဝနှင့် ပြည့်စုံပြီး လူ့လောကအကျိုးကို စွမ်းဆောင်နိုင်ရည် မြင့်မားလှသောကြောင်း ကကုလ သင်္ချာပညာကဲ့သို့သော လူသား၏ တီထွင်ဖန်ဆင်းနိုင်မှုမျိုးသည် လူ့သမိုင်းတွင် ပေါပေါများများ မရှိစကောင်း-

ဆိုပြီး သူအလွန် သောက်မြင်ကပ်နေသော ဒီဘာသာရပ်ကို အလွန်အကြူးချီးမွမ်းထား၏။ စိတ်ထိန်း၊ ဆက်ဖတ်၊ ဆက် ဖတ်။

ကကုလသည် ရွေ့ လျားခြင်း၊ နှုန်း၊ အလျှင် တို့ကို လေ့လာသောပညာရပ်တစ်ခု ဖြစ်၏။ သင်ကားတစ်စီးနှင့် ခရီးပြင်း နှင်နေသည် ဆိုပါစို့။ ဒရိုင်ဘာကို ဘယ်လောက်မြန်မြန်မောင်းနေသလဲဟု မေးမိလျှင် မိုင်နှုန်းပြဒိုင်ခွက်ကို ကြည့်၍ တစ်နာရီ မိုင် ၁၂၀ နှုန်းဟု ပြန်ဖြေလိမ့်မည်။ ထိုအဖြေသည် ဘာကိုဆိုလိုပါသနည်း။ နောက်တစ်နာရီ အတွင်းမိုင် ၁၂၀ ရောက်စေရမည်ဟု သင့်ကို အာမဘန္တေခံခြင်းလော။ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ပါ။ အရှိန်သည် အချိန်နှင့်အမျှ ပြောင်း လဲနေသည် မဟုတ်လား။ ဒရိုင်ဘာပြောသောစကား၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ သင်မေးလိုက်သော ပစ္စက္ခ အချိန် အခိုက် အတန့် တွင်ကားသည် တစ်နာရီ မိုင် ၁၂ဝ နှုန်းဖြင့် လမ်းပေါ်တွင်ပြေးလွှားနေသည်ဟူ၍သာ ဖြစ်၏။

သြော်— ကကုလ၏ သဘောသဘာဝသည် ထိုအတွေးအမြင်ပေါ် မူတည်၍ သက်ဝင်လှုပ်ရှားလာခြင်းပေကိုး။ Differential and Integral calculus rules များနှင့် ရှင်းလင်းချက်များသည် စိတ်အာရုံတွင်း ဖျတ်ကနဲ ရှင်းသွားသည်။ ဘောဂဗေဒ ဆိုသည်က ဈေးနှုန်း၊ ဝယ်လိုအား၊ ရောင်းလိုအား၊ အတိုးနှုန်း စသည့် နှုန်းများနှင့် အလျှင်များကို ရှေ့ ဖြစ် ဟောရသည့် forecasting သဘောတွေ အများကြီးပါနေသဖြင့် ကကုလ နှင့် ဘောဂဗေဒဆက်စပ်သည်က မြေကြီး လက်ခတ် မလွဲပါကလား။

ဒီလိုသဘောပေါက်လိုက်သည့် တစ်ခဏ လင်းပွင့်ချိန်လေးအတွင်းမှာ စိတ်အေးချမ်းသာမှု နှင့် ဆောက်တည်ရာ ရခြင်း ဟူသော လူ့လောက၏ ရှားရှားပါးပါး စည်းစိမ်ကလေးများကို ခံစားလိုက်ရသည်။

သူ ရှေ့ ဆက်နိုင်ပြီ။

Advertisement

2 Comments (+add yours?)

  1. ဦးဇင်းမြင့်ကို
    May 09, 2009 @ 12:51:38

    မြန်မြန်ဆက်ပါ ဒကာတော်။ မျှော်နေပါတယ်။

    Reply

  2. Kopoehut
    May 10, 2009 @ 11:28:05

    ဆက်တော့ ဆက်ချင်ပါတယ် ဦးဇင်း၊ ဒါပေမယ့် စာရေးသူက အတ္တလန်တစ် ကို ပိုပြီး အာရုံလာနေလို့ လောလောဆယ် ရေးဖြစ်ဦးမယ် မထင်သေးဘူး။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

January 2009
M T W T F S S
« Dec   Feb »
 1234
567891011
12131415161718
19202122232425
262728293031  
Follow

Get every new post delivered to your Inbox.