အတ္တလန်တစ် ရှာပုံတော် (၅)
29 Jan 2009 5 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
(၂)
လေယာဉ်မှူး သည် ယူနိုက်တက် အဲလိုင်း ပိုင် အင်ဂျင် နှစ်လုံးတပ် လေယာဉ် ကလေး ကို ဖြူလွလွ တိမ်တိုက် ကြားမှ ဖောက်ထွက်ပြီး ဆန်မီဂယ် မြစ်ဘေးမှ ပြေးလမ်းတို ကလေးတွင် ဆင်းသက်ရန် ကြိုးစား နေသည်။ တယ်လူရိုက်ဒ် လေဆိပ်တွင် အကြိမ် တစ်ရာ မက ဆင်းသက် ခဲ့ဖူးပြီ ဖြစ်သော်လည်း နှင်းများ ဖုံးနေသည့် ဆန်ဂျူအန် တောင်တန်း ကြီးများ၏ ရှုမငြီးသည့် မျက်စိ ပဿဒ ကို အတင်း မျက်နှာ လွှဲ၍ လေယာဉ် ဆင်းရသည့် အလုပ်မှာ သူ့အတွက် ခက်ခဲ ပင်ပန်း နေဆဲ ဖြစ်၏။
လေဆိပ် နှင့် နီးကပ်လာ လေလေ၊ တောင်တန်း ကြီးတွေက ပို၍ ကြီးလာ လေလေ၊ သစ်ပင် ထိပ်ဖျား တို့သည် လေယာဉ် တောင်ပံ နှင့် ထိလု မတတ် အသည်း တယားယား၊ ရင်တဖိုဖို ရှိလှသည်။ သို့သော်လည်း ပိုးချည်မျှင် သာသာ သေးသွယ် ကျဉ်းမြောင်းသော ပြေးလမ်း ကလေး ပေါ်သို့ လေယာဉ် ဘီးများ ကျလာပြီး ဘေးမသီ ရန်မခ ဆင်းသက် နိုင်ခဲ့ ပါသည်။ ခရီးသည် ဆယ့်ကိုးယောက် သာ ပါသော အသေးစား လေယာဉ် ကလေး ဖြစ်သောကြောင့် တံခါး ဖွင့်ပြီး အောက်ဆင်း လိုက်သည် နှင့် မြေပြင်ပေါ် ရောက်တော့သည်။
ပက်ထရစ်ရှာ အိုကွန်းနဲလ် သည် တစ်လမ်းလုံး နေရာကောင်းကို ယူ၍ တောင်ပေါ် မြို့ လေး၏ အလှကို တဝကြီး ကြည့် လာခဲ့ သည်။ ပင်လယ်ရေ မျက်နှာပြင် အထက် ပေကိုးထောင် မြင့်သော ဤ ဒေသတွင် လေသည် အေးစက် သန့်ရှင်း နေ၏။ အသက် ရှုရသည် ကတော့ အနည်းငယ် ကသိ ကအောက် နိုင်၏။ ပက် သည် လေဆိပ် အဆောက်အဦး ဆီသို့ ခပ်သုတ်သုတ် လျှောက်၏။ မှန်တံခါး ကို တွန်းဖွင့် လိုက်သည် နှင့် မုတ်ဆိပ် ဖားလျား နှင့် ဂတုံး ဂင်တို တစ်ယောက် သူမ ထံ လျှောက်လှမ်း လာသည်ကို တွေ့လိုက်သည်။
“ဒေါက်တာ အိုကွန်းနဲလ် လား ခင်ဗျာ”
“ဟုတ်ပါတယ်။ ကျွန်မကို ပက် လို့ပဲ ခေါ်ပါ။ ဒါနဲ့ ဆရာက ဒေါက်တာ အမ်ဘရိုစ် ဖြစ်လိမ့်မယ် ထင်တယ်”
“ကျွန်တော့်ကိုလည်း တွမ် လို့ပဲ ခေါ်ပါ။ ဒမ်ဗာကနေ ဒီ လာရတဲ့ လေယာဉ် ခရီး သာသာယာယာ ရှိရဲ့လားဗျာ”
နှစ်လိုဖွယ် အပြုံးကို ပြုံးရင်း မေးလိုက်သည့် အမေးကို-
“သာယာပါ့ရှင်၊ တောင်တန်းတွေပေါ် ဖြတ်လာရတာနဲ့ ကျွန်မဖြင့် အားလုံးကို မေ့သွားရော”
“အင်း၊ တယ်လူရိုက်ဒ် က နေချင်စရာ အတော် ကောင်းတယ်နော်။ ကျွန်တော်ဖြင့် ဒီမှာ အမြဲ နေချင် စိတ်တောင် ပေါ်မိ တယ်”
“ဒီနေရာမှာ ဆရာ့လို ရှေးဟောင်း သုတေသန ပညာရှင် အနေနဲ့ လုပ်စရာတော့ သိပ်ရှိမယ် မထင်ဘူး”
“ဟုတ်ပ၊ ဟုတ်ပ၊ ကျုပ်အလုပ်က ရှေးဟောင်း အင်ဒီးယန်း ယဉ်ကျေးမှု ရှာဖွေရေးလေ။ ဒီနေရာ ကသူတို့ အတွက် သိပ်မြင့်လွန်းတယ်”
ပက် ပြုံးလိုက်သည်။ ဥပဓိ ရုပ်အရ အထင်ကြီး လောက်စရာ မရှိသော်လည်း ဒေါက်တာ သောမတ် အမ်ဗရိုစ် သည် အလွန် ထင်ရှားသော မနုဿ ဗေဒ နှင့် ရှေးဟောင်း သုတေသန ပညာရှင်ကြီး တစ်ဦးဖြစ်သည်။ အရီဇိုနာ ပြည်နယ် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်သော ဤ ပုဂ္ဂိုလ်သည် အလွန် အလုပ် လုပ်နိုင်သူ တစ်ဦး ဖြစ်၏။ ရှေးဟောင်း လူသား နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးစံ တို့ကို နှစ် သုံးဆယ်ခန့် အချိန်ပေး၍ လေ့လာ ခဲ့သော ပညာရှင်ကြီး သည် အသက် ငါးဆယ်ကို အတော်လေး ကျော်ခဲ့ပြီ ဖြစ်သော်လည်း ရှိရင်း စွဲထက် ဆယ်နှစ်ခန့် နုပျို နေသည်။
“ဒေါက်တာ ကစ် ကတော့ အခု တွေ့ရှိမှု အတွက် သူ ဘာမှ အကြံ မပေးတတ် လောက်အောင် ဖြစ်နေတယ် လို့ ကျွန်မကို တယ်လီဖုန်း ဆက်တယ်ရှင့်”
“ကျုပ်လည်း ထိုနည်း လည်းကောင်း ပါပဲဗျာ။ ဟိုရောက်မှ ခင်ဗျားဘာသာ ကြည့်ပေတော့”
“ဒါနဲ့ ဆရာက ဘယ်လိုလုပ် ဒီကိစ္စ ကို ချက်ချင်းသိတာလဲ”
“ဟဲဟဲ လူမှန် နေရာမှန် ပေါ့ဗျာ၊ သူတော်ကောင်း နတ်ကောင်း မတယ်ပဲ ပြောရ မလား၊ ထန်းသီး ကြွေခိုက် ကျီးနင်းခိုက် လို့ပဲ ပြောရ မလားပဲ။ ကျုပ်က ဒီမှာ နှင်း လျှောစီးဖို့ မိတ်ဆွေ တစ်ယောက်နဲ့ ရောက်နေ တာလေ။ ကိုလိုရာဒို တက္ကသိုလ်က မိတ်ဆွေ က အကြောင်းကြားတော့ ကျုပ်အဲဒီ သတ္တုတွင်းကို သွားကြည့်တယ်။ ပစ္စည်းတွေကို တွေ့တွေ့ ချင်းပဲ ကျုပ် မနိုင်ဝန် ထမ်းမိပြီ ဆိုတာ သိလိုက် တယ်လေ”
ပက်ထရစ်ရှာ အံ့သြသွားသည်။
“ဆရာ့လို ပုဂ္ဂိုလ်မျိုးက …………………..”
“ဟုတ်တယ်ဗျ၊ တကယ်ပြောတာ၊ ရှေးဟောင်း လက်ရေး နဲ့ ပါတ်သက်လို့ ကျွန်တော် မကျွမ်းကျင်တာ အမှန်ပဲ။ ဒါနဲ့ပဲ စတန်းဖိုဒ် တက္ကသိုလ်က ဒေါက်တာ ဂျယ်ရီကစ် ကို အကူအညီ တောင်း၊ သူက တဆင့် အခုလို ခင်ဗျားဆီ ဒီကိစ္စ ရောက်လာ တာပေါ့”
သူတို့ နှစ်ယောက် ပြောပြော ဆိုဆို နှင့် ပစ္စည်း ရွေးသည့် နေရာသို့ ရောက်လာ ကြ၏။ ပက် ၏ အိတ်က ဧရာမ အကြီးကြီး၊ အကိုး အကား ပြုရန် ထိုးသိပ် ထည့်လာသော စာအုပ်များ ကြောင့် အနည်းဆုံး ပေါင် ငါးဆယ်ခန့် လေးနေသည်။ လေဆိပ် အပြင်မှာ ရပ်ထားသော ဒေါက်တာ အမ်ဗရိုစ် ၏ ချာရိုကီး ဂျစ်ကား ဆီသို့ လျှောက်လာ ကြသည်။ ပက် က ကားပေါ် မတက်သေးပဲ အံ့မခန်းသည့် ရှုခင်း အလှကို ရပ်တန့် ငေးမော နေသည်။ သည်တော့မှ အမ်ဗရိုစ် လည်း သူမကို အားမနာတမ်း အကဲခတ်ခွင့် ရ၏။ မီးလျှံ သဖွယ် ရဲရဲတောက် နေသည့် သူမ ၏ ဆံပင် များက ခါးအထိ ဝေ့ဝဲ ဖြာကြ နေသည်။ မျက်လုံး များက စိမ်းလဲ့လျှက်။ တကိုယ်လုံး အဆီ ဆို၍ တစ်စက်မှ မရှိ။ ကိုယ်ကာယ လေ့ကျင့် ခဏ်းများ အမြဲ လုပ်သည့် ပုံမျိုး။ ငါးပေ ရှစ်လက်မ ရှည်သည့် အရပ် ကို ၁၃၅ ပေါင် မျှသော ခန္ဓာကိုယ် အလေးချိန် ဖြင့် ကျားကန် ထိန်းသိမ်းရင်း ခပ်နွဲ့နွဲ့ ရပ်နေသည့် ထို မိန်းမ သည် မြင်ရုံ နှင့် ရင်တုန် ရမည့် ပြစ်မျိုး မှဲ့မထင် လှဧကရီ တစ်ပါး မဟုတ်သော် ငြားလည်း မိန်းမချော တစ်ဦး ဖြစ်သည် ကိုတော့ ငြင်း၍ မရ။ ခုကဲ့သို့ သားရေ ဂျာကင်၊ ဂျင်းဘောင်းဘီ တို့နှင့် မဟုတ်ပဲ မိန်းမ ဆန်ဆန် ဝတ်စား ထားလျှင် ဒီထက် ပိုလှ ဦးမည့် သဘော ရှိသည်။
ရှေးဟောင်း လက်ရေး စာနှင့် ပတ်သက်၍ သူမထက် ပို နားလည် တတ်ကျွမ်းသူ မရှိဟု ဒေါက်တာ ဂျယ်ရီကစ် ကတော့ ရဲရဲကြီး အာမခံ ထားသည်။ အသက်က သုံးဆယ့် ငါးနှစ်။ ရှေးဟောင်း ဘာသာ စကား အထူးပြု ဘာသာရပ် ဖြင့် စကော့တလန်၊ စိန့်အန်ဒရူး ကောလိပ် မှ ပီအိတ်ခ်ျဒီ ဘွဲ့ရ၊ ပင်ဆယ်လ် ဗေးနီးယား တက္ကသိုလ် တွင် စာပေ သင်ကြား ပို့ချ နေသူ၊ ကျောက်ထွင်း စာများ နှင့် ပါတ်သက်၍ ကမ္ဘာက အသိအမှတ် ပြုသော စာအုပ် သုံးအုပ် ထုတ်ဝေ ခဲ့ပြီး သူ၊ ရှေ့ နေ တစ်ဦး နှင့် အိမ်ထောင် ကျ၍ ဆယ့်လေးနှစ် အရွယ် သမီးလေး တစ်ယောက် ရပြီး ခုတော့ ကွာရှင်း ထားသူ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံ တို့သည် လူမျိုးစု တစ်ခု၏ မူပိုင် တီထွင် ဖန်တီးမှု ဟူ၍ သီးသီး ခြားခြား ရှိမနေပဲ လူမျိုး တစ်မျိုး မှ တစ်မျိုး ဆီသို့ ကူးလူး ရောယှက်လျှက် ရှိသည် ဆိုသော ယဉ်ကျေးမှု ပြန့်နှံ့ခြင်း သီအိုရီကို လက်ကိုင် ထား၍ ကိုလံဘတ်စ် မတိုင်မှီ နှစ် ရာပေါင်း များစွာ ကတည်းက အမေရိက သည် ပင်လယ်မှ လာသော ဧည့်သည်များ ရှိခဲ့သည်ဟု နက်နက် ရှိုင်းရှိုင်း ယုံကြည်သူ၊ သူမ၏ ကိုယ်ရေး ရာဇဝင်က အထင်ကြီး လောက်စရာ။
“ခင်ဗျား နားဦးမလား၊ နားချင်တယ် ဆိုရင် မြို့ ထဲက ဟိုတယ် ကောင်းကောင်း တစ်ခုမှာ ထားခဲ့ မယ်လေ၊ ခဏ နေမှ ပြန်လာ ခေါ်မယ်”
“ဟင့်အင်း၊ ဆရာ၊ ကျွန်မ ခုချက်ချင်းကို သွားချင် ပါတယ်”
အမ်ဗရိုစ် ခေါင်းညိတ် လိုက်သည်။ အိတ်ထဲမှ မိုဘိုင်းဖုန်းကို ထုတ်၍ နံပါတ် တစ်ခုကို ခေါ်သည်။
“မိုင်းတွင်း ပိုင်ရှင် မစ္စတာ မာကွီးကို ကျွန်တော်တို့ လာနေပြီလို့ အကြောင်းကြား ပေးပါ”
ကားသည် တယ်လူရိုက် မြို့ပြင်သို့ ရောက်လာ၏။ ကားလမ်း ဘေးတွင် ပျက်စီး နေသော အဆောက် အဦ ဟောင်းများကို တွေ့ရသည်။ အဆောက်အဦ တစ်ခု ရှေ့တွင်တော့ ဆေးအရောင် တောက်တောက် ဗင်ကား တစ်စီး နှင့် ဂျစ်ကား တစ်စီး ရပ်ထားသည်။ ရေငုတ် ဝတ်စုံ ကို ချွတ်နေ ကြသော လူနှစ်ယောက်ကို ကားနားတွင် တွေ့လိုက် ရတော့ ပက် အလွန် အံ့သြ သွား၏။
“ကိုလိုရာဒို တောင်တန်းတွေ ပေါ်မှာ ရေငုတ်သမား တွေ ဘာများ လုပ်နိုင်မှာ ပါလိမ့်” သိချင်စိတ် ကြောင့် တစ်ကိုယ်တည်း ပြောလိုက် မိသော်လည်း အမ်ဗရိုစ်က ကြားသွား၏။
“မနေ့က ကျွန်တော်လဲ ခင်ဗျား လိုပဲ သူတို့ကို တွေ့တော့ အံ့သြ သွားတယ်။ ဒါနဲ့ပဲ သူတို့ကို သွား မေးကြည့်တော့ အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီ အဖွဲ့ကလို့ ပြောကြတယ်”
“အဏ္ဏဝါဗေဒ အဖွဲ့က၊ ဒီ တောင်ပေါ်မှာ…………………”
“ဒီ တောင်ပေါ်မှာ မိုင်းတွင်းတွေ ရာချီ ရှိတယ်။ မိုင်းတွင်း လှိုဏ်ခေါင်း တွေထဲ ကနေ ဆန်ဂျူအမ် တောင် အနောက်ဖက် ခြမ်းထိ ဆက်သွယ် နေတဲ့ မြေအောက် ရေလမ်းကြောင်း တွေကို လေ့လာ နေကြတာ ဆိုပဲ”
နောက် မိုင်ဝက်ခန့် ခရီးဆက် ပြီးသည့် အခါ အသုံးမပြု တော့သည့် သတ္တုတွင်း ဟောင်းကြီး တစ်ခုကို သူတို့ တွေ့ရ၏။ ထို နေရာ တွင်လည်း ထရပ်ကား ကြီးငယ်တို့ စီတန်း ရပ်နား ထားပြီး ယာယီ တဲစခန်း လေးများ နှင့် လူများ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာ နေကြသည်။ ကားများတွင် ရေးထိုး ထားသော အရီဇိုးနားပြည်နယ် ပထဝီ မြေမျက်နှာပြင် လေ့လာရေး သိပ္ပံ ကော်ပိုရေးရှင်း ဆိုသည့် စာလုံးကြီး များကြောင့် သူတို့ မေးမြန်း စုံစမ်းရ သက်သာ သွားသည်။
“အဲဒါ ခေတ်ပေါ် သိုက်သမားများ အုပ်စုလေ” အမ်ဗရိုစ်က ထိုလူစုကို မေးငေါ့ရင်း ပြောသည်။
“ရွှေတူးသမား တွေ မျက်စိမှောက်ပြီး ကျန်ရစ်ခဲ့တဲ့ ရွှေကြောများ တွေ့မလားလို့ ရှာနေ ကြတာ။ ပစ္စည်း ကတော့ အပြည့် အစုံ ပါသဗျ”
“သူတို့အတွက် ရွှေရော ကျန်သေး လို့လား ဆရာရယ်”
“အဲဒါ ပြောတာ ပေါ့ဗျ။ ဒီတွင်း တွေက ကန်းသွားတာ ကြာ၊ ကြာလှပေါ့”
တောင်ပေါ်လမ်း အတိုင်း မိုင် အနည်းငယ် ဆက်သွား ကြပြီးနောက် ပန်းချီကား ထဲမှ အိမ်ကလေး နှင့် တူသည့် လှပပြီး ချစ်စရာ ကောင်းသော နေချင့်စဖွယ် အိမ်ငယ်လေး တစ်ခု ရှေရှိ ချီဗီ အမျိုးအစား ပစ်ကပ် ကားအိုကြီး ဘေးတွင် ကားထိုး ရပ်လိုက်သည်။ သူတို့လာမည်ကို ကြိုတင် အကြောင်းကြား ထားသဖြင့် အိမ်ရှေ့တွင် နိဗ္ဗာန် ဘုံ သတ္တုတွင်း ပိုင်ရှင် ဇနီး မောင်နှံက ထွက်၍ ကြိုဆို နေကြ၏။
“ကြည့်စမ်း၊ ဒီလောက် သာယာတဲ့ နေရာလေး မှာ နေခွင့် ရတဲ့ ရှင်တို့ကို ကျွန်မ မနာလိုတောင် ဖြစ်လာပြီရှင့်” ပက်၏ ပိုင်စိုးပိုင်နင်း၊ မလိုတမာ နှုတ်ခွန်းဆက် စကားကို-
“အမလေး- တစ်နှစ်လောက်ပဲ လာနေကြည့် စမ်းပါ၊ ရှင်ပျင်းတာနဲ့ သေသွား လိမ့်မယ်” မာကွီး ကတော် လီဇာ က အပြုံး ဖြင့်ချက်ချင်း တုံ့ပြန်သည်။
“တစ်နှစ် မပြောနဲ့ တစ်သက်လုံးနေတောင် ဒီတော၊ ဒီတောင်၊ ဒီအလှ ရဲ့ညှို့ ဓါတ်ကို ကျွန်မဖြင့် ရုန်းမထွက် နိုင်ပေါင်”
“ခုနေချင် အိပ်ယာပြင်ပေးပါ့မယ်ရှင်”
အမျိုးသမီး နှစ်ဦး၏ နှုတ်ခွန်းဆက် စကားတွေက မှတ်သားစရာ ကောင်းလှ ပါဘိ။ မြွေမြွေချင်း ခြေမြင် ကြသည်ထင့်။
“ခရီးပန်းလာ ကြပြီ ထင်တယ်။ ဆရာတို့ ဘာသောက် ကြမလဲ၊ ကော်ဖီလား၊ ဘီယာလား” နောက်ဆုံးတော့ အမျိုးသမီး တို့ စကား စစ်ထိုးပွဲ ကို မာကွီးက ဒိုင်ပွဲ ရပ်ဖြင့် ပွဲသိမ်းရန် ကြိုးစား နေသည်။
“ဟင့်အင်း၊ အဆင်ပြေရင် ကျွန်မတော့ ခုချက်ချင်းကို သွားချင်တယ်။”
“ရပါတယ်။ နေဝင်ဖို့ ငါးနာရီလောက် လိုသေးတယ်။ ကျွန်တော်တို့ ကောင်းကောင်း အချိန်ရ ပါတယ်”
“ညစာ အမှီတော့ ပြန်လာ ကြနော်၊ အသားကင် လုပ်ပြီး စောင့်နေမယ်”
“အို၊ ကောင်းတာပေါ့၊ ခုတောင် ဆာလာပြီ” ခုတော့လည်း အမျိုးသမီး နှစ်ဦးမှာ ငြိမ်းချမ်းရေး တေးသံတွေ တလွင်လွင် နှင့်။ အမ်ဗရိုစ် နှင့် မာကွီးမှာ ဣတ္ထိယ နှစ်ဦးကို ကြည့်၍ အချင်းချင်း မျက်စ ပစ်ရင်း နင်တို့ လုပ်တာ ငါတို့ သိပါတယ် ဟူသော အချိုးမျိုး နှင့် တိတ်တခိုး ပြုံးမိ ကြသည်။
“ကဲ ဒါဖြင့်လည်း သွားကြစို့၊ ဆရာ့ ကားနဲ့ သွားတာ ပို အဆင်ပြေ လိမ့်မယ်ဗျ” မာကွီးက စကားဝိုင်း ကို သိမ်းလိုက် တော့သည်။
နောက် (၁၅) မိနစ်ကြာတော့ သူတို့အားလုံး နိဗ္ဗာန်ဘုံ မိုင်းတွင်း ထဲက မြေအောက် ဆင်းသည့် ထရော်လီ ပေါ် ရောက်နေ ကြပြီ။ ခုတော့လည်း သာလိကာ မလေး ပက် တစ်ယောက် အာစေး ထည့်ခံ ထားရ သလို ငြိမ်ကုပ် နေ၏။ တစ်သက်နဲ့ တစ်ကိုယ် မိုင်းတွင်းထဲ တစ်ခါမှ မဆင်းဖူး၍ ကြက်သီး ထချင်ချင်။
“မြေအောက် ရောက်တော့ နည်းနည်း ပူလာ သလိုပဲ”
“ဒါ ထုံးစံပဲ ဒေါက်တာရဲ့၊ မြေအောက်ကို ပေတစ်ရာ ဆင်းတိုင်း အပူချိန် ငါးဒီကရီ တိုးတယ်လေ။ ဒါတောင် မိုင်းတွင်း ဟိုး အောက်ပိုင်းတွေ ရေမြုပ် နေလို့ နည်းနည်း ခံသာတာ။ နို့မို့ရင် အပူချိန် တစ်ရာ ဒီကရီ (ဖာရင်ဟိုက်) အသာလေး ကျော်တယ်” ပီအိတ်ခ်ျဒီ ဘွဲ့ရ ရှေးဘာသာဗေဒ ပညာရှင်ကို သိုက်သမား က ပညာပေး နေ၏။
ထရော်လီ ရပ်သွားပြီ။ မြေအောက် အနက် ပေပေါင်း ၁၂ဝဝ တိတိ မှာ သူတို့ ရှိနေကြ၏။ အမ်ဗရိုစ် နှင့် ပက် တို့ကို မာကွီးက သတ္တု ခေါင်းဆောင်း တစ်ယောက် တစ်ခုစီ ပေးသည်။
“ကျောက်တုံးတွေ ခေါင်းပေါ် ပြုတ်ကျ တတ်လို့လားဟင်”
ပက် ၏ အမေးကို မာကွီးက ရယ်ရင်း “တခါတလေ ပေါ့ဗျ၊ အဓိက ကတော့ ငယ်ထိပ် နဲ့ ဟောဟိုက သစ်သား ငြမ်း ထောက်ကြီး တွေနဲ့ မိတ်ဖွဲ့ မိမှာ စိုးလို့ဗျို့ ”
ငြမ်းထောက် များတွင် တပ်ဆင်ထားသော မီးလုံးများ ၏ ဝါဖြဲဖြဲ အလင်းရောင် မှိန်ဖျော့ဖျော့ ကို အားကိုး၍ မာကွီး က ဦးဆောင်ပြီး ရှေ့ ဆက် ခဲ့ကြ၏။
စကား ပြောလိုက်တိုင်း ပဲ့တင်သံ များက ဟိန်းနေ သဖြင့် ကိုယ့်အသံ ကိုယ်ပြန်လန့်ကာ စကား ကျယ်ကျယ် မပြော ရဲကြ။ ဒေါက်မြင့် ဖိနပ်များ မစီးခဲ့ဖို့ ဆုံးဖြတ် ခဲ့မိသည် ကို ပက် တစ်ယောက် ကိုယ့်ကိုယ်ကို ကျေးဇူးတင် မဆုံး။ ဆယ်မိနစ် ခန့်သော ခရီးကို သူမ စိတ်မှာ ဆယ်ကမ္ဘာလောက် ကြာနေသည်။ နောက်ဆုံးတော့ ပတ်ကြား အက်ကြီး ကျောက်နံရံ ကွဲကြောင်းကြီး တစ်ခု အတွင်း တွန့်လိန် တိုးဝင် ကြပြီးနောက် လိုရာခရီး ရောက်ကြ တော့သည်။

Jan 29, 2009 @ 22:50:50
စည်းစံနစ်ကျသူ ။ စာရေးကောင်းသူ ။ လျှို့ဝှက်တတ်သူ။ အတွေ့ အကြုံရင့်ကျက်သူ၊ စာဖတ်နာသူ တစ်ယောက်ကို တအံ့တသြလာတွေ့ နေရသလိုပဲဗျာ။အချိန်ယူပြီး စေ့စေ့ငုငု လာဖတ်ပါအုံးမယ်။ ဝေဖန် ဘို့ မဟုတ်ပါဘူးဗျာ။ အတုယူသင့်တာယူရအောင်ပါ ။
ခင်မင်လေးစားလျက် .
မင်းဒင်
Feb 01, 2009 @ 11:31:03
ဘလော့ဂ်ကို RSS နဲ့ ဆွဲဖတ်ပေမယ့် ဒီဝတ္ထုကို ကျော်ခဲ့မိတာ မှားတာပဲ။ အခုမှ သေသေချာချာဖတ်သွားတယ်ဗျို့။ ဆန့်တငင်ငင်နဲ့ စောင့်မျှော်နေပါတယ်….
Mar 11, 2009 @ 08:36:53
အကိုရေ …အပိုင်း(၁)ကနေ အပိုင်း (၄) အထိကဘယ်လိုရှာဖတ်ရလဲခင်ဗျ
ကျွန်တော် အခုအပိုင်း(၅) ကစဖတ်တာတောင်တော်တော်စွဲနေပြီ..
နောက်ပိုင်းအဆက်လေးများကိုလဲတင်ပေးပါဦးအကို ..
ကျွန်တော်ကတော့ အကို့ပရိသတ်အသစ်ဖြစ်နေပါပြီဗျာ
Feb 01, 2009 @ 12:14:33
ကိုသင်္ကြန်ကြီး မျှော်နေမယ် ဆိုလို့ ဒီနေ့ဘဲ အပိုင်း (၆)ကို တင်ပါ တော့မယ်။ ရေးတဲ့ လူက အချိန်မီ ရေးပေး ပေမယ့် မတင် ဖြစ်တာ ကျွန်တော့် အပြစ်ပါ။
Mar 11, 2009 @ 22:48:01
to နေသော်>>> ကိုနေသော်ရေ။ အလွယ်ဆုံး ကတော့ ညာဘက်က Popular Series ဆိုတဲ့ ခေါင်းစဉ် အောက်က အတ္တလန်တစ် ရှာပုံတော် ဆိုတဲ့ link ကို click လုပ်လိုက်ရင် အတ္တလန်တစ် ရှာပုံတော် series ရဲ့ နောက်ဆုံးပိုင်းကနေ အစဉ်အတိုင်း တွေ့ရမှာပါ။ အောက်က page navigation ကနေ အစကို ရောက်အောင် သွားလို့ ရပါတယ်။ အခုလို ရှာရ ခက်ခဲ နေရင် စာမျက်နှာကို ရိုးရိုး ရှင်းရှင်း ဖြစ်အောင် ပြန်ပြင်ပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။