အတ္တလန်တစ် ရှာပုံတော် (၆)

at-found-1ကျောက်တူးသမား မာကွီး အမှတ်မထင် တွေ့ရှိ ခဲ့သော ကျောက်နံရံ တွင်းမှ အခန်းငယ်လေး။ အပေါ်သို့ တက်ရန် လှေကား အသင့် ထောင်ထား၏။ တောက်ပ စူးရှသည့် မီးလုံး များလည်း ထိန်နေအောင် ထွန်းထားသည်။

“မနေ့က ဒေါက်တာ အမ်ဗရိုစ် လာကြည့်ပြီး ကတည်းက မီးလုံးတွေ ဆင်လိုက် တာလေ၊ သိပ် များများ မဆင်ရ ပါဘူး၊ ကျောက်နံရံ တွေက အလင်း ပြန်တော့ ဆရာတို့ မြင်မြင် ထင်ထင် လေ့လာလို့ ရပါတယ်၊ ဘာ တစ်ခုမှ ခြေရာ လက်ရာ မပျက်ပါဘူး” မာကွီးက ပက်ထရစ်ရှာ အပေါ်သို့ တက်နိုင်ရန် လှေကားကို ထိန်းကိုင် ထားရင်း တတွတ်တွတ် ပြောနေ သည်။

ဘာတွေများ တွေ့ရမှာ ပါလိမ့်။ ကျောက်သား နံရံ တွင်းမှ အခန်းကလေး ထဲသို့ လှေကားမှ တဆင့် တက်နေရင်း ပက် ရင်တွေ ခုန်လာသည်။ ကြမ်းပြင်ရှိ အပေါက်မှ တဆင့် အခန်းတွင်းသို့ သူမ ရောက်ပြီ။

အို…… ပက် ခေတ္တမျှ အသက်ရှု ရပ်သွားသည်။ ပြီးတော့ နှလုံးသားသည် ပေါက်ထွက် မတတ် ဗရမ်းဗတာ ခုန်လာ သည်။ ရုတ်တရက် ချက်ချင်း သူမကိုယ် သူမ အီဂျစ် မှ တွတ်ဘုရင် ၏ မံမီ ရုပ်အလောင်း ရှိရာ သင်္ချိုင်းဂူ ပစ်ရမစ် ကို စတင် တွေ့ရှိသည့် ဟိုးဝပ် ကာတာ ကဲ့သို့ ခံစား လိုက်ရသည်။ သူမ၏ မျက်ဝန်း အစုံက ကျောက်ကလပ် ပေါ်တွင် အလင်းရောင် ပြန်ဟပ်ကာ မဟူရာရောင် ဖိတ်ဖိတ် တောက်နေသည့် အရိုးခေါင်း ပေါ်မှ ခွာမရတော့။

“ဘုရား၊ ဘုရား၊ ကမ္ဘာပေါ်မှာ ဒီလို လက်ရာမျိုး ရှိပါ သေးလား” သူမ တစ်ကိုယ်တည်း ငြီးတွား ရေရွတ် မိနေစဉ် အမ်ဗရိုစ် အခန်းထဲသို့ ရောက်လာသည်။

“ပထမ တန်းစား လက်ရာမျိုး ပဲနော်၊ မေရန် ခေတ်က ကျောက်သလင်း အရိုးခေါင်း တစ်ခု ဘီးလစ်ဇ် မှာ ကျူပ် တွေ့ဖူး တယ်၊ အဲဒီ ခေါင်းက အလင်းရောင် ထွက်တယ်၊ အသံတွေ ထွက်တယ်၊ ဘာညာ နဲ့ လျှောက်သာ ပြောကြတာ ဒီ လက်ရာ နဲ့ ယှဉ်တော့ ကလေးတွေ လက်ဆော့ ထားသလောက်ပဲ ရှိတယ်”

“ဒီခေါင်းပုံကို သေချာ ကြည့် ပက်၊ အောပ့်ဆီဒီယမ် ကျောက်သားကို ထွင်းထားတာ၊ ခုခေတ်လို ကိရိယာ စုံစုံလင်လင် ရှိရင်တောင် ဒီလောက် ကြွတ်ဆတ်တဲ့ ကျောက်မျိုးကို ဒီလို လက်ရာ ဖြစ်အောင် လုပ်နိုင်တဲ့ ပန်းပု ပညာရှင် လက်ချိုး ရေလို့ ရလောက်တယ်၊ တူ သေးသေးလေး နဲ့ တစ်ချက်လောက် ထုလိုက်ရင် တစ်စစီ ကွဲကြေ သွားမဲ့ ကျောက်မျိုး၊ ကြက်ဥကို တူနဲ့ ထုရင်တောင် သူ့ထက် အကွဲ သက်သာလိမ့် ဦးမယ် ထင်တယ်”

“မျက်နှာပြင်က ချောမွတ် နေလိုက်တာ ပြစ်မျိုး မှဲ့မထင် ပါပဲလား” ပက် သည် အိမ်မက်ထဲ စကား ပြောသလို တစ်ယောက် တည်း တတွတ်တွတ် ပြောနေသည်။ အမ်ဗရိုစ် ကို သူမ သတိ မရတော့။ အရာခပ်သိမ်း သည် ရင်သပ် ရှုမော အံ့သြ ဖွယ်ရာ။

“တကယ်တော့ ဒီအခန်း ကိုက အံ့တစ်ပါးပဲ၊ နံရံ လေးဖက် နဲ့ အမိုး ပေါ်မှာ ထွင်းထားတဲ့ အက္ခရာ ပုံစံ တွေက လူငါး ယောက် တစ်သက်လုံး အချိန် ပေးပြီး ထွင်းရ လောက်အောင် အသေး စိတ်တယ်၊ ပြောင်မြောက်တယ်။ ဒါ ထားလိုက် ဦး၊ ဒီလောက် မာတဲ့ ကျောက်သား နံရံကြီးကို အခန်း လုပ်ထား ပုံကို ကြည့်ဦး၊ မနေ့က ကျုပ် အသေးစိတ် တိုင်းထွာ ကြည့်ပြီးပြီ၊ နံရံလေးဖက်၊ ကြမ်းပြင်နဲ့ အမိုးဟာ တကယ့် ရွှေစတုရန်း အတိုင်း အထွာပဲ၊ တစ်ခု နဲ့ တစ်ခု တစ် မီလီ မီတာ တောင် အပိုအလို မရှိ ကွက်တိဗျ၊ ပြူတင်းပေါက် မရှိ၊ တံခါးမရှိ ပကတိ ကျောက်သား ထုကြီး ထဲမှာ လေးထောင့် စက်စက် အခန်း တစ်ခု ရှိနေတာ ကို မာကွီး သာ ကြမ်းပြင်မှာ အပေါက် ဖြစ်အောင် မဖောက်ခွဲ မိဘူး ဆိုရင် ဒီလျှို့ဝှက်ချက် ကြီးဟာ ကမ္ဘာ တည်သရွေ့ လူမသိ သူမသိ နေသွား တော့မှာ”

“အင်း .. ဝင်ပေါက်လည်း မရှိ၊ ထွက်ပေါက်လည်း မရှိတဲ့ ကျောက်နံရံ ထဲက အခန်း၊ ဘာ ရည်ရွယ်ချက် နဲ့ လုပ်ခဲ့ ကြတာ လဲ”

“အဲဒီ အဖြေကို ရှာဖို့ ခင်ဗျား ခု ဒီမှာ ရပ်နေတာလေ ဒေါက်တာ အိုကွန်းနဲလ် ရယ်”

ပက် အလုပ် စပြီ။ သူမ၏ ခါးပါတ် အိတ်ထဲမှ မှတ်စု စာအုပ် တစ်အုပ်၊ စုတ်တံ အသေးတစ်ချောင်း နှင့် မှန်ဘီလူး တစ်ခုကို ထုတ်လိုက်သည်။ ပြီးတော့ နံရံ တစ်ဖက်မှ ရာစု နှစ်ပေါင်း များစွာ တင်နေသည့် ဖုန်များကို တယုတယ ခါထုတ် ရှင်းလင်း ရင်း နံရံ ပေါ်မှ အက္ခရာ အသွင်သဏ္ဍာန် များကို မှန်ဘီလူး နှင့် စတင် ကြည့်ရှု လေ့လာ တော့သည်။ တမေ့တမော ကြည့်ပြီး နောက် အမိုးကို အကြာကြီး မော့ကြည့် နေပြန်သည်။ ပြီးတော့ အမ်ဗရိုစ် ကို ဝေခွဲ မရသည့် အကြည့်ဖြင့် ကြည့်ရင်း–

“အမိုးက ကျောက်ထွင်း လက်ရာ တွေက မိုးကောင်းကင်က ကြယ်စု တွေနဲ့ တူနေတယ်၊ သတ္တုတွင်း တူးသမား တွေ လုပ်ခဲ့တာ များလား”

“ဘာဖြစ်လို့ ခင်ဗျား ဒီလို ကောက်ချက် ချတာလဲ၊ ဘယ်သူမှ ဒါကို မတွေ့ခဲ့ဖူး ဘူးလေ”

“ဒီ အမှတ်အသား တွေက ကျွန်မ လေ့လာ ခဲ့တဲ့ ဘယ် ရှေးဟောင်း ဘာသာစကား ပုံစံ နဲ့မှ နီးနီး စပ်စပ်တောင် မတူဖူး ရှင့်၊ ဒါမျိုး တစ်ခါမှ မမြင် ဖူးဘူး”

“တစ်ခု တစ်လေ တောင် ဘာသာပြန်လို့ မရဘူးလားဗျ”

“ခု လောလောဆယ် ပြောနိုင်တာ ကတော့ ဒါ အရုပ်စာ လုံးဝ မဟုတ်ဘူး ဆိုတာပဲ၊ အက္ခရာ တွေလို့တော့ ထင်မိတယ်၊ သမိုင်း မှတ်တမ်း တင်ခံ ထားရတဲ့ လူသား တို့ရဲ့ ဘာသာစကား တစ်မျိုးမျိုးထဲ မပါတာ ကတော့ သေချာတယ်”

“ဆိုတော…………..”

“ဒါတွေ အားလုံး ကူးယူ သွားပြီး ကျွန်မ တက္ကသိုလ်က ကွန်ပျူတာ သုတေသန ခန်းမှာ အသေးစိတ် စစ်ဆေး ကြည့်ပြီးရင် တော့ တစ်ခုခု ပြောနိုင် ပါလိမ့်မယ်။ ဒီလောက် ရှင်းလင်း ပြတ်သားတဲ့ ကျောက်ထွင်း အက္ခရာမျိုး ကျွန်မ မတွေ့ဖူး တာလဲ အမှန်ပဲ၊ ပြဿနာက ဘာနဲ့မှ နှိုင်းယှဉ် လေ့လာလို့မရတာပဲ”

“ဟေး ခင်ဗျားတို့ အပေါ်မှာ အဆင်ပြေ ရဲ့လား” အောက်မှ မာကွီး၏ အော်မေးသံကို ကြားရသည်။

“ခုထက် ထိတော့ အဆင်ပြေ နေသေးတယ်ရှင့်၊ ဒါနဲ့ မြို့ ထဲမှာ စာရေးကရိယာ ဆိုင်များ မရှိဘူးလား”

“ရှိပါ့၊ ရှိပါ့ နှစ်ဆိုင်တောင် ရှိတယ်၊ ဘာလိုချင်လို့လဲဗျ”

“ဆီစိမ် စက္ကူရယ်၊ တိတ် အကြည် တွေရယ် ရနိုင်သလောက် လိုချင်…” ပက် ပြောနေရင်း တဝက်တပျက် ဖြင့် ရပ်သွား ၏။ တော်လဲသံ ကဲ့သို့ အသံ အုပ်အုပ် တစ်ချက် ကြားလိုက် ရပြီး အခန်းကြမ်းပြင်သည် သိသိသာသာကြီး တုန်ခါ သွားသည် ကို သူမ ခံစား လိုက်ရသည်။

“ဘာဖြစ်တာလဲဟင်၊ ငလျှင် လှုပ်သွား သလိုပဲနော်” အောက်မှ မာကွီးကို အော်မေး လိုက်သည်။

“မဟုတ်လောက်ဖူး၊ ကျုပ်အထင်တော့ နှင်းတောင် ပြိုတာပဲ။ ခင်ဗျားတို့ လုပ်စရာ ရှိတာ ဆက်လုပ် ကြပါ၊ ကျွန်တော် တက်သွားပြီး ကြည့်လိုက် ဦးမယ်”

ဟော- နောက်တစ်ကြိမ် ထပ်ဖြစ် ပြန်ပြီ။ ဒီတစ်ခါတော့ ပိုပြီးတော့ သိသိသာသာကြီး ကို သွက်သွက်ခါ ယမ်းသွား၏။ ပက်ထရစ်ရှာ ချောက်ချား လာ၏။

“ကျွန်မတို့လည်း ရှင်နဲ့အတူ လိုက်ခဲ့မှ ဖြစ်မယ် ထင်တယ်”

“နေဦးဗျ၊ ဒီလှိုဏ်ခေါင်း ကို ထောက်ထားတဲ့ တိုင်တွေက အတော် ဆွေးနေပြီ၊ အရမ်း လှုပ်ရှား လိုက်ရင် အကုန် ပြုတ် ထွက်ပြီး အဲဒီကျမှ ဒုက္ခ အကြီးအကျယ် တွေ့လိမ့်မယ်။ ခင်ဗျားတို့ ဒီမှာပဲ နေခဲ့တာ ပို စိတ်ချရတယ်”

“သိပ်မကြာ နဲ့နော်၊ ကျွန်မ နည်းနည်း ကြောက်လာပြီ”

“စိတ်ချ၊ စိတ်ချ၊ ဆယ်မိနစ် အတွင်း ပြန်လာ ခဲ့မယ်” ပြောပြောဆိုဆို မာကွီး တစ်ယောက် မြင်ကွင်း ထဲမှ ပျောက်ကွယ် သွား၏။ မဖြစ်သေး၊ အလုပ်အပေါ် အာရုံစိုက် ထားမှ အကြောက် သက်သာမည်။ ဒေါက်တာ အမ်ဗရိုစ် ဖက်သို့ လှည့်၍ သူမ မေးလိုက်သည်။

“ခေါင်းခွံ နဲ့ ပါတ်သက်လို့ ဆရာ့ အမြင်ကို မပြောရ သေးဘူးနော်၊ ဆရာ ဘယ်လို ထင်သလဲ၊ ရှေးခေတ် လက်ရာလား၊ အဂုင်္လိ (ခုခေတ် လက်ရာ) လား”

“လက်နဲ့ လုပ်ထားသလား၊ စက်နဲ့ လုပ်ထားသလား ဆိုတာ သေသေချာချာ အသေးစိတ် သုတေသန မလုပ်ပဲ ဘယ်နည်း နဲ့မှ မပြောနိုင် ဘူးလေ” အမ်ဗရိုစ် က ခေါင်းခွံကို ငေးကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

“ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဒီအခန်း နဲ့ ဒီအရိုးခေါင်း ရုပ်ကို သတ္တုတွင်း တူးသမားတွေ လုပ်ခဲ့တာ လုံးဝ မဟုတ်ဘူး။ မာကွီး ဆီမှာ ဒီ သတ္တုတွင်း ရဲ့ ရှေး မြေပုံတွေ ရှိတယ်။ ဒီအခန်း နဲ့ ပါတ်သက်တာ ဘာမှ မတွေ့ရဘူး။ ဒါကြောင့် မို့လို့ ဒီ ကျောက်အခန်း နဲ့ ခေါင်းခွံဟာ ဒီ သတ္တုတွင်း ကို မတူးခင် ၁၈၅ဝ ခုနှစ် မတိုင်ခင် ကတည်းက ရှိနေတယ် လို့ ပြောနိုင် တယ်”

“ဒီထက် အများကြီး ရှေးကျ ချင်လည်း ကျမယ်ပေါ့” အမ်ဗရိုစ် ၏ စကားကို ပက် က ဖြည့်စွက် ပေးလိုက်သည်။

အမ်ဗရိုစ် က ပုခုံးနှစ်ဘက် ကို တွန့်လျှက်-

“၁၉၃၁ က စပြီး ဒီ သတ္တုတွင်းကို ပိတ်လိုက် တာပဲ။ ကဲ ကျုပ် ပညာ၊ ဂုဏ်သိက္ခာ ကို လောင်းကြေး ထပ်ပြီး မှန်းလိုက် မယ်။ ဒီကျောက်ဂူ နဲ့ အရိုးခေါင်း သက်တမ်းဟာ နှစ်တစ်ထောင် ထက် ပိုချင် ပိုမယ်၊ ဘယ်နည်း နဲ့မှ မလျော့ဘူး”

“ခေတ်ဦး အင်းဒီးယန်း လက်ရာ များလား”

အမ်ဗရိုစ် ခေါင်းခါ လိုက်သည်။ “မဖြစ်နိုင်ဘူး။ ခေတ်ဦး အင်းဒီးယန်း တွေ ကျောက်ထွင်း တတ်ပေမဲ့ ဘာသာစကား မရှိဘူး၊ သူတို့ ဒါမျိုး မလုပ်တတ်ဖူး၊ သေချာတယ်”

“ဒါတော့ ဟုတ်တယ်၊ ဒီ သင်္ကေတ တွေကို ကြည့်ရတာ အင်မတန် အသိဥာဏ် ရှိတဲ့ လူမျိုး ရဲ့ လက်ရာ လိုမျိုးပဲ”

ပက်ထရစ်ရှာ အလုပ်များ နေပြီ။ ကျောက်နံရံ ပေါ်မှ သင်္ကေတ များကို မှတ်စု စာအုပ်ငယ် ဖြင့် ရေးမှတ် ကူးယူသည်။ စုစုပေါင်း သင်္ကေတ လေးဆယ့်နှစ်ခု ရ၏။ ကျောက်အခန်း နှင့် အရိုးခေါင်း ကို ဓါတ်ပုံပေါင်း မရေမတွက် နိုင်အောင် ရိုက်သည်။ အမိုးတွင် ထွင်းထားသော ကြယ်သဏ္ဍာန် သင်္ကေတ များကို ဓါတ်ပုံ ရိုက်နေစဉ် ကြမ်းပြင် အပေါက်မှ မာကွီး ၏ ဦးခေါင်း ပေါ်လာသည်။

“ကိုင်း၊ ဆရာသမားတို့၊ ကြည့်ရတာ ကျုပ်တို့တော့ ဒီထဲမှာ ကြာကြာ နေရလိမ့် ဦးမယ်နဲ့ တူတယ်။ နှင်းတောင် တစ်ခု ပြိုကြပြီး မိုင်းတွင်း ဝင်ပေါက်ကို ပိတ်နေသဗျ။”

“အမလေး- ဘုရား၊ ဘုရားသခင် ကယ်တော်မူပါ” ပက်ထရစ်ရှာ တစ်ယောက် တကယ် ကြောက်ချေပြီ။ တစ်ကိုယ်လုံး လည်း တုန်လို့။

“နေကြပါဦး၊ သိပ်ကြီးလည်း မစိုးရိမ် ကြပါနဲ့၊ ကျုပ် မိန်းမက ခုလောက်ဆို ကယ်ဆယ်ရေး အဖွဲ့ကို ဖုန်းဆက် ထားပြီး ရောပေါ့၊ ကျုပ်တို့ လွတ်မှာပါ”

“ကျွန်တော်တို့ ဒီထဲမှာ ဘယ်လောက် ကြာကြာ နေရမယ် ထင်လဲဟင်” ဒေါက်တာ အမ်ဗရိုစ်က စိတ်အားငယ်ခြင်း ကြီးစွာဖြင့် မျက်နှာငယ် လေးဖြင့် မာကွီး ကို အားကိုးတကြီး မေးနေ ရှာသည်။

“ဒါကတော့ အပေါက်ဝမှာ ပိတ်နေတဲ့ နှင်းထု ဘယ်လောက် ထူသလဲ ဆိုတဲ့ အပေါ် မူတည်တယ်၊ တစ်နာရီ လည်း ဖြစ်နိုင်တယ်၊ တစ်ရက်လည်း ဖြစ်နိုင်တယ်။ သို့သော် ကယ်ဆယ်ရေး အဖွဲ့ ကတော့ အသကုန် အလုပ်လုပ် ကြမယ် ဆိုတာ ကျုပ်ယုံတယ်။ လောင်းမလား”

အရေးထဲ လောင်းကစား ဝါသနာရှင် နှင့် လာတွေ့ နေသေးသည်။ အေးလေ- ဘာပဲ ဖြစ်ဖြစ်၊ ဒီလို ရွှင်ရွှင် မြူးမြူး ရှိတော့ အားရှိ တာပေါ့။ အကောင်းဖက်မှ ပက် လှည့်တွေး လိုက်သည်။

“ကောင်းပြီလေ။ ဒါဆိုလည်း အချိန်ရှိခိုက် လုံ့လစိုက်လိုက် ကြတာပေါ့၊ ဆရာ”

ပြောသည့်စကားပင် မဆုံးသေး။ အင်မတန် ပြင်းထန်သည့် တော်လဲသံကြီး တစ်ခု ကို ကြားလိုက် ရ၏။ ထူးဆန်း သည်က ထိုအသံကြီး သည် အပေါ်မှ လာခြင်း မဟုတ်ပဲ၊ ဟိုး မြေအောက်မှ လာသည့် အသံမျိုး၊ လူသုံးယောက် ရပ်နေသည့် အခန်း ကလေး သည် သွက်သွက် ခါအောင် လှုပ်ယမ်း သွားသည်။ ကျောက်ခဲများ၊ မြေစိုင် မြေခဲများ တဝေါဝေါ ပြိုကျ နေသံ ကို ကြားနေ ကြရသည်။ ထို့နောက်တော့ မီးအားလုံး ငြိမ်း၍ သွားတော့သည်။

(ဆက်ရန်)

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

February 2009
M T W T F S S
« Jan   Mar »
 1
2345678
9101112131415
16171819202122
232425262728  
Follow

Get every new post delivered to your Inbox.