အတ္တလန်တစ် ရှာပုံတော် (၈)

(၄)

at-found-3ကြောက်ရွံ့ ထိတ်လန့်ခြင်းကြောင့်လည်းကောင်း၊ ရေခဲတမျှ အေးစက်သော ရေ၏ အထိအတွေ့ကြောင့်လည်းကောင်း ထိုမျက်လှည့်ပြသည့်နှယ် ထူးဆန်းအံ့သြဖွယ် လူတစ်ယောက်ရေထဲမှ ဘွားကနဲပေါ်လာခြင်းကို ကိုယ်ရောစိတ်ပါ ထုံထိုင်းနေသော ပက်ထရစ်ရှာ တစ်ယောက် အံ့သြနိုင်စွမ်းပင်မရှိတော့လောက်အောင် ကြောင်ငေးနေမိ၏။ အမ်ဗရိုစ် နှင့် မာကွီးသည်လည်း ပါးစပ်အဟောင်းသား။ ဘာစကားမှမပြောနိုင်ပဲ ရုတ်တရက် ဆွံ့အ နေကြသည်။ အတော်ကြာမှ ရေထဲမှ ဆိုင်းမဆင့်ဗုံမပါပေါ်လာသော ဤသတ္တဝါသည် မြေကမ္ဘာမှ လူသားတစ်ယောက်ဖြစ်ပြီး သူတို့ကို အန္တရာယ် တွင်းမှ ကယ်တင်ရန် အမှန်တကယ် ပေါ်ပေါက် လာခြင်းဆိုသည်ကို သူတို့၏ဦးဏှောက်များက တဖြည်းဖြည်း လက်ခံ နိုင် လာကြသည်။ သည်တော့လည်း အကြောက်အလန့်တွေ လွင့်ပါးပြီး ပျော်ရွင်စရာ မျှော်လင့်ချက်တွေ တဝေဝေနှင့် ဖြစ်လာကြ ပြန်သည်။

“ခင်ဗျားက ဘယ်လိုကနေဘယ်လို ဒီထဲရောက်အောင်ဝင်လာနိုင်တာလဲ” မာကွီးက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက် သည်။

“ခင်ဗျား နိဗ္ဗာန်ဘုံမိုင်းတွင်းနဲ့ ကပ်ရက်က ဘူကေးနီးယားမိုင်းတွင်းထဲကနေ ရေကူးလာတာပေါ့ဗျ”

သူစိမ်းက မိတ်ဆွေအိမ် အလည်လာသော ဧည့်သည် လေသံဖြင့် ပေါ့ပေါ့ပါးပါးဖြေလိုက်ရင်း သူ့ကိုယ်တွင်တပ်ဆင် ထားသော ရေငုတ်မီးသီးမှ မီးရောင်တန်းကြောင့်ထင်းထင်းကြီးပေါ်နေသည့် မဟူရာရောင် အောပ့်ဆီဒီယမ် ကျောက် အရိုးခေါင်းကိုမြင်သွား၏။

“ဒါဘာအခန်းလဲ၊ မြေအောက် ကရှေးဟောင်းပြတိုက်များလား”

“မဟုတ်ဘူးရှင့်၊ ဒဏ္ဍာရီထဲက အခန်းတစ်ခန်းပါ။ ခု-မရဏခန်းဖြစ်တော့မလို့ပဲ” ပက် ကဝင်ပြောလိုက်၏။ သူအတော် အကြောက်ပြေသွားပြီ။ အသံက ပုံမှန်အတိုင်း။

“နေဦးဗျ၊ ခင်ဗျားကို ကျွန်တော် မှတ်မိပြီ။ ဒီမနက်ပဲ ကျွန်တော်တို့ စကားပြောခဲ့ကြဖူးတယ်လေ။ ခင်ဗျားက အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီ အဖွဲ့ကမဟုတ်လား” အမ်ဗရိုစ်က သူစိမ်းကို မှတ်မိသွားသည်။

“ဒေါက်တာ အမ်ဗရိုစ် မဟုတ်လား။ တွေ့ရတာ နောက်ထပ်တစ်ခါ ဝမ်းသာပါသဗျာ” သူစိမ်းသည် မိုင်းတွင်းပိုင်ရှင်ဖက် သို့ လှည့်ပြီး-

“ခင်ဗျားက နိဗ္ဗာန်ဘုံ ပိုင်ရှင် သူဋ္ဌေးကြီး လူးဝစ် မာကွီးထင်တယ်။ စိတ်ချ ကျုပ်ခင်ဗျားအိမ်ကို ညစာ စားချိန် မတိုင်ခင် ရောက်အောင်ပြန်ပို့ပေးမယ်”

နောက်ဆုံး ပက်ကို စူးစူးရဲရဲ ကြည့်ပြန်၏။

“ဒီဖက်က အချောအလှ လေးကတော့ ဒေါက်တာ အိုကွန်းနဲလ်ထင်ပါ့”

“ရှင် ကျွန်မကို ဘယ်လိုလုပ်သိတာလဲ” ပက် အမှန်တကယ်ပင် အံ့သြသွား၏။

“မာကွီး ကတော်က ပြောပြလိုက်လို့ပါ”

“ရှင်ဒီထဲရောက်အောင် ဘယ်လိုဝင်လာတာလဲဟင်” ပက် က လူစိမ်းအား ငေးမောရင်း မေးလိုက်၏။

“တိုတိုပဲ ပြောမယ်။ နှင်းတောင်ပြိုလို့ ခင်ဗျားတို့ မိုင်းတွင်းဝင်ပေါက်ပိတ်သွားတာကို ရဲဋ္ဌာန ကနေသိသိခြင်း ကျုပ်တို့ အသုံးလုံး အဖွဲ့ (မျိုးသား ဏ္ဏဝါဗေဒ ဂျေင်စီ) ဘူကေးနီးယားမိုင်းမှာ အလုပ်လုပ်နေကြတာမို့ ခင်ဗျားတို့နဲ့ အနီးဆုံး ဖြစ်နေတယ်။နောက်တစ်ကြိမ် ပေါက်ကွဲသံ ကြားပြီး ရေတွေ ဒလဟောတက်လာတော့ ခင်ဗျားတို့ကို ကယ်ဖို့ဆိုရင် လှိုဏ်ဂူထဲကနေ ရေငုတ်လာဖို့ပဲ ရှိတော့တာပေါ့။ ဒါနဲ့ပဲ ကယ်မလား စဉ်းစားကြတယ်။ ကယ်မယ်လို့ အားလုံး သဘောတူ ဆုံးဖြတ်ချက်ချလိုက်ကြတော့ ကျုပ်မရောက်ရောက်အောင်လာရတော့တာပေါ့ဗျာ။”

“ဘူကေးနီးယားကနေ ဒီကို ဆိုတော့ ခင်ဗျား အနည်းဆုံးမိုင်ဝက်လောက် ရေကူးလာရတာပေါ့” မာကွီးက အံ့သြ တကြီး မေးပြန်သည်။

“အတော်ကြာကြာလမ်းလျှောက်လာပြီး နောက်ဆုံးရေမြုပ်တဲ့ အပိုင်းရောက်မှ ရေငုတ် လာတာပါ။ ဒါပေမဲ့ ရေက ကျွန်တော်ထင်တာထက်ပိုများတယ်။ အစားအသောက်နဲ့ ဆေးတွေ ထည့်ထားတဲ့အိတ်လည်း ရေထဲမျောသွားပြီ။”

“ဒဏ်ရာတွေ ဘာတွေများရသွားသေးလား” ကယ်တင်ရှင်ကြီးအား ပက်က စိုးရိမ်တကြီး မေးလိုက်သည်။ ဟုတ်သည် လေ၊ ဒီအချိန်မှာ ဒင်းဘေးမသီ ရန်မခ ရှိဖို့က အသက်တမျှ အရေးကြီး သည်ကိုး။

“နည်းနည်းပါးပါး ပွန်းပဲ့ရုံလောက်ပါပဲ”

“ဘာပဲ ပြောပြော၊ ခင်ဗျား ကျုပ်တို့ ရှိတဲ့နေရာကို တန်းတန်းမတ်မတ် ရောက်လာတာကတော့ အံ့တစ်ပါးပဲဗျာ” မာကွီးက ခုထိ မယုံနိုင်သေးသလို ပြောလိုက်၏။

လူစိမ်းက အစိမ်းရောင်အစက်အပြောက် ကလေးများ ခုန်ပေါက် မြူးတူး နေသော မော်နီတာ ဖန်သားပြင်ပါ ကိရိယာ လေးတစ်ခုကို ထုတ်ယူလိုက်၏။

“ဒီ တယ်လူရိုက် တောင်ကြောတစ်လျှောက်မှာရှိသမျှ မိုင်းတွင်း လှိုဏ်ခေါင်းမှန်သမျှ ကိုပရိုဂရမ် ထည့်ထားတဲ့ ရေအောက် ကွန်ပြူတာပါ။ ခင်ဗျားတို့ တွင်းက ပြိုကျပြီး ပိတ်သွားတော့ အောက်ကနေ ဝင်ပေါက်ကို လှည့်ပါတ်ရှာနေ တုန်း မီးအလင်းရောင်မြင်ရလို့ ခုလို တန်းတန်းမတ်မတ် ရောက်လာနိုင်တာပါ”

“ဆိုတော့ မြေပေါ်ကလူတွေ တစ်ယောက်မှ ကျုပ်တို့ တွင်းပြိုပြီး ပိတ်မိနေတာကို မသိကြဖူးပေါ့”

“သိတယ်ဗျ၊ ကျုပ်တို့ အသုံးလုံးက လူတွေအကြောင်းကြားထားပြီးပြီ”

မာကွီးနှင့် ပက်တို့ ကစိတ်ဓါတ်တက်ကြွနေသော်လည်း ဒေါက်တာအမ်ဗရိုစ်ကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေပုံရ၏။ သူ့မျက်နှာကလည်း အပြင်းအထန် နေမကောင်း ဖြစ်နေသူကဲ့သို့ ဖြူဖတ် ဖြူရော်ဖြစ်နေသည်။ သူအသံပင် သိပ်မထွက် နိုင်တော့။ လူစိမ်းကို ခပ်တိုးတိုးပင် မေးနိုင်သည်။

“ဒါနဲ့ ခင်ဗျားမှာ အဖော်ပါလာသေးလား”

လူစိမ်းက ခေါင်းခါပြသည်။ “ကျွန်တော်တို့မှာ ကျန်တဲ့ အောက်စီဂျင်က နှစ်ဗူးထဲရယ်။ အဖော်ခေါ်ဖို့ အခြေအနေမပေး ဘူး”

“ဒါဆို ခင်ဗျားအလကားအချိန်ဖြုန်းသလို ဖြစ်နေပြီပေါ့။ ခုကျွန်တော်တို့ သုံးယောက်ကို ကယ်နိုင်ဖို့ဆိုတာ————”

“ကယ်နိုင်ပါတယ်၊ စိတ်မပူပါနဲ့” အမ်ဗရိုစ်၏ စကားကို လူစိမ်းက ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။

“မဟုတ်သေးဘူးလေ။ ခင်ဗျားရဲ့ နှစ်လုံးတွဲ အောက်စီဂျင်ဘူးက ကျွန်တော်တို့ လေးယောက်စလုံး မြေပြင်ပေါ် ရောက်ဖို့ လေအလုံအလောက်ပေးနိုင်မှာလား၊ ပေးနိုင်တယ် ထားဦး၊ ပိုက်တစ်ခုထဲက လေကို လူလေးယောက်ဘယ် လိုရှုမလဲဗျ။ ရှုလို့ရတယ်ထားဦး၊ ရေအောက်မှာ ယက်ကန်ယက်ကန်နဲ့ ရေနစ်သေဖို့၊ ခန္ဓာကိုယ်အပူချိန်ကျပြီး ဟိုက်ပို သားမီးယားနဲ့ သေဖို့ရှိသေးတယ်”

“ဒေါက်တာ့ ခန့်မှန်းချက်တွေက ရေပက်မဝင်လောက်အောင်ပါပဲဗျာ။ ဟုတ်ပါတယ်၊ တစ်ခါတည်းနဲ့တော့ ခင်ဗျားတို့ သုံးယောက်စလုံး ကျွန်တော်ခေါ်မသွားနိုင်ပါဘူး။ တစ်ကြိမ်ကို တစ်ယောက်ပဲခေါ်နိုင်မယ်”

“သွားလိုက်၊ ပြန်လိုက်လုပ်ဖို့ခင်ဗျားမှာ အချိန်မရှိတော့ဘူးလေ။ နောက်တစ်နာရီ ကြာရင် ဒီအခန်း တစ်ခုလုံး ရေအောက် ရောက်လောက်ပြီ”

“ကျွန်တော် ရအောင်ခေါ်မှာပါ၊ ခင်ဗျားတို့အားလုံး အ-သက်-ရှင်-စေ-ရ-မယ်”

တစ်လုံးချင်းပြောလိုက်သော လူစိမ်း၏စကား မှာ မာန်ပါလှသဖြင့် သူတို့သုံးဦးစလုံး အားအင်တွေ ပြည့်ဖြိုး လာသလို ခံစားလိုက်ရသည်။ မြစိမ်းရောင် တဖျတ်ဖျတ် လက်နေသော သူ့မျက်လုံး များက အမှန်ကိုပြောနေကြောင်းအာမခံချက် ပေးနေသလိုထင်ရ၏။ အမ်ဗရိုစ် သက်ပြင်း ချလိုက်သည်။

“ဒါဆိုလည်း ပက်ထရစ်ရှာကို အရင်ခေါ်သွားပါ”

လူစိမ်းက နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကာပြုံးလိုက်သည်။ ပြီးတော့ ဦးခေါင်းကို ဟန်ပါပါ ညွှတ်၍ အမ်ဗရိုစ်အား အရို အသေပေးလိုက်သည်။ တကယ်လုပ်နေတာလား၊ လှောင်နေ တာလား ဝေခွဲ၍မရ။

“လူကြီးမင်း ရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်အတွက် ကျွန်တော်ဂုဏ်ယူပါတယ်ခင်ဗျား၊ ဒါပေမဲ့ ကျွန်တော်တို့ အခု တိုက်တန်းနစ် ပေါ်က အသက်ကယ်လှေတွေ မချရသေးဘူး”

“ကဲပါ၊ ကျုပ်တောင်းပန်ပါတယ်” မာကွီး အသည်းယားလာ၏။ ဒီအချိန်ကြီးမှာ နောက်ပြောင် နေနိုင် လောက်အောင် သွေးအေးလွန်းလှသည့် ထိုလူကိုလည်း အံ့အားသင့်မိသည်။ “ရေက တဖြည်းဖြည်း တက်လာပြီ၊ ဒေါက်တာ အိုကွန်းနဲလ် ကိုခေါ်သွားပါတော့”

“ဒီလိုလုပ်လို့ လူကြီးမင်းများ ဖရဏ ပီတိဂွမ်းဆီထိသလို ဟာဒယနှလုံးကို ရွှင်ပြုံးစေမယ်ဆိုရင် လူကြီးမင်းများရဲ့ အမှုတော်ကို ခုချိန်ကစပြီး ကျွန်တော်မျိုး ဦးလည်မသုန် ထမ်းဆောင် ပါတော့မယ်ခင်ဗျား”

လူစိမ်းသည် ပက်ထရစ်ရှာ၏ လက်ကလေးကို ကပွဲရင်ပြင်သို့ဆွဲယူတော့မည့်နှယ် ယုယ ယဉ်ကျေးစွာ လှမ်းကိုင်လိုက် သည်။ ခုထိ ပြဇာတ်က သလိုလုပ်နေသော ထိုသူ့ကို ကြည့်၍ ပက်တစ်ယောက် ငိုရမလို၊ ရယ်ရမလိုဖြစ်နေသည်။

“ခင်ဗျား ရေငုတ်ဖူးသလား” ချက်ချင်းဆိုသလို ပက်ထရစ်ရှာ ခေါင်းကို သွက်သွက် လက်လက်ကြီး ခါပြလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်ရော” အမျိုးသားနှစ်ယောက်ကို မေးပြန်သည်။

“ကျွန်တော် ကောင်းကောင်းငုတ်ဖူးတယ်” “ကျုပ်ကတော့ ရေကူးတတ်ရုံပဲ” အမ်ဗရိုစ်နှင့် မာကွီးက အဖြေမှန်မပေး လျှင် ဆရာရိုက်မည်ကို ကြောက်သည့် မူလတန်း ကျောင်းသားလေး နှစ်ယောက်ကဲ့သို့ ရှေ့ ဆင့် နောက်ဆင့် သွက်လက်စွာ အဖြေပေး ကြ၏။

လူစိမ်းသည် ကင်မရာနှင့် စာအုပ်ကို ရေလုံပလတ်စတစ်အိတ်ထဲသို့ထည့်နေသော ပက်ဖက်သို့ လှည့်၍-

“ရေထဲရောက်ရင် ခင်ဗျားက ကျွန်တော့်ဘေးက အလိုက်သင့် မျှောလိုက်ခဲ့ပါ။ လေရှုပိုက်ကို တစ်ယောက်တစ်လှည့် ရှုကြမယ်။ ဒီအခန်းထဲက ထွက်တာနဲ့ ကျွန်တော့် ခါးပါတ်ကို မြဲမြဲကိုင်ထား၊ အကြောက်လွန်ပြီး ရေအောက်လဲ ဆွဲမချ လိုက်နဲ့ဦး” ဟု မှာကြားပြန်သည်။

“ကဲ လူကြီးမင်းနှစ်ယောက်၊ ကျွန်တော်တို့သွားမယ်။ သေမယ်ဆိုတဲ့ အတွေးလေးတွေ ခေါင်းထဲကထုတ်ထားစမ်းပါ။ ကျွန်တော် ဆယ့်ငါးမိနစ်အတွင်းပြန်လာခဲ့မယ်။”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဒီထက် မြန်မြန်လေး ပြန်လာနိုင်ရင် ပိုကောင်းမယ်ဗျ၊ ရေက နောက်မိနစ် နှစ်ဆယ်အတွင်း ကျုပ်တို့ခေါင်းပေါ်ရောက်တော့မှာ” မာကွီး၏ စကားကို လူစိမ်းက-

“ဒါဆိုလည်း ခြေဖျားထောက်နေကြပေါ့ဗျာ” ဟုပြန်ပြောရင်း ပက်ထရစ်ရှာ၏ ကိုယ်လုံးလေးကို လက်တစ်ဖက်က ကိုင်လျှက် မဲနက်သော ရေပြင်အောက်သို့ လျှောဝင်နစ်မြုပ်သွားတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxx

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

February 2009
M T W T F S S
« Jan   Mar »
 1
2345678
9101112131415
16171819202122
232425262728  
Follow

Get every new post delivered to your Inbox.