အတ္တလန်တစ် ရှာပုံတော် (၉)
17 Feb 2009 4 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
လှိုဏ်ခေါင်းက မဲမှောင်ဘိခြင်း။ ဖွေးကနဲ ဖြာထွက် သွားသော မီးရောင် အောက်ဝယ် ရေက လှိုဏ်ခေါင်း အမိုးနားထိ တက်နေ သည်ကို တွေ့ကြ ရသည်။ လူစိမ်းက သူ့ကွန်ပြူတာ အသေးစားလေး၏ စကရင် ပေါ်ရှိ လှိုဏ်ခေါင်းများ တည်နေရာကို ပြသည့် အစိမ်းရောင် မျဉ်းကြောင်း များကို အသေအချာ ကြည့်ပြီး ခြေထောက် များကို လှိုဏ်ခေါင်း နံရံကို အားပြု တွန်းကန်ရင်း ရေအောက် မြုပ်နေသည့် လှိုဏ်ခေါင်းတစ်လျှောက် စတင် ကူးခတ် တော့သည်။ ပက်လည်း သူ့နောက်မှ ဖဝါးခြေထပ်၊ ထပ်ချပ်မကွာ။
အတော် ခရီးရောက်တော့ နောက်သို့ လှည့်ကြည့်မိသည်။ မီးအလင်းရောင် အောက်ဝယ် ပက် သည် သူမ၏ မျက်လုံးများ ကို စုန်းစုန်း ပိတ်၍ သူ့ခါးပါတ်ကို ဘိုးဘွားပိုင် ပစ္စည်းသဖွယ် အတင်း ဆုတ်ကိုင် ထားသည်။ လေရှုပိုက်ကို တစ်ယောက် တစ်လှည့် ပေးလိုက် ယူလိုက် ရှုနေကြ သော်လည်း မျက်လုံးများကား လုံးဝ မဖွင့်။
လူစိမ်းသည် သူသုံးနေကြ မာခ့်တူး အမျိုးအစား တစ်ခေါင်းလုံး စွပ်သော ခေါင်းစွပ် ပါသည့် အကောင်းစား ရေငုတ် ဝတ်စုံကို မသုံးပဲ ပေါ့ပါးပြီး လေရှုပိုက်ကို အလွယ်တကူ ချွတ်၍ တတ်၍ ရသော မျက်နှာ တစ်ဝက်သာ ဖုံးသည့် ယူအက်စ် ရေငုတ် ဝတ်စုံကို ဝတ်ရန် ဆုံးဖြတ် ခဲ့မိခြင်းကို အကျေနပ်ကြီး ကျေနပ် နေမိသည်။ မာခ့်တူး ရေငုတ်ဝတ်စုံ ဆိုပါက ခေါင်းစွပ်နှင့် လေရှုပိုက် တစ်ခါတည်း ဆက်ထား၍ တစ်ယောက်တစ်လှည့် ရှုဖို့ ဆိုသည်က ဝေးစွ ခြောက်ပါး။
ရေက သေလုအောင် အေးလှသည်။ ပက်ထရစ်ရှာ တစ်ကိုယ်လုံး တုန်နေ သည်ကို သနားစဖွယ် တွေ့ရသည်။ သူကတော့ ယူအက်စ် ရေငုတ်ဝတ်စုံ အောက်မှ ဒီယူအိုင် နော့စ်မန်း ကိုယ်ကျပ် ဝတ်စုံကြောင့် နွေးနွေးထွေးထွေး ရှိနေဆဲ။
ရေက နောက်ကျိ လွန်းလှသဖြင့် အင်မတန် အားကောင်းသော ဟေလိုဂျင် ရေအောက် မီးပင် အလင်း မပေါက်ချင်။ ရှေ့ကို ဆယ်ပေ ခန့်သာ မြင်ရ၏။ သူတို့ ဖြတ်သန်း လာခဲ့သည့် လမ်းတလျှောက်မှ ငြမ်းထောက်ကြီး များကို ရေတွက် မှတ်သား လာခဲ့သည်။
ရုတ်တရက် လှိုဏ်ခေါင်းသည် တစ်ဆစ်ချိုး ကွေ့သွား သည်ကို မြင်လိုက်သည်။ စဉ်းစားဖို့ အချိန်မရခင် မှာပင် ရေစီးက သူတို့ကို တရကြမ်း ဆွဲခေါ် သွားရာ ကမ္ဘာဦးက ရှိခဲ့သော ရေသတ္တဝါကြီး တစ်ကောင်ကောင်က ဆွဲစုပ် လိုက်သလို ဒရော သောပါး မျောပါ သွားကြပြီး အခန်းကျယ်ကြီး တစ်ခုတွင်း ရောက်သွား၏။ နောက် နှစ်မိနစ် ကြာသော် သူတို့ နှစ်ယောက်လုံး မြေပေါ်သို့ ရောက်ကြသည်။ နေရာအနှံ့ မှောင်မဲ အေးစက် တိတ်ဆိတ်လျှက်။ မီးကို အပေါ်သို့ မြှောက်၍ ထိုးကြည့်သည်။ ပေ လေးဆယ်ခန့် အမြင့်တွင် နိဗ္ဗာန်ဘုံ မိုင်းတွင်း၏ အထက်အဆင့်သို့ တက် သော လှိုဏ်ခေါင်းတစ်ခု။
ပက် သည် မျက်နှာပေါ် ဝဲကျနေသော ရေစို နေသည့် ဆံနွယ် တို့ကို လက်ဖြင့် သပ်၍ ရှင်းလင်းရင်း သူ့အား မျက်လုံး ပြူးကြည့် နေသည်။ သူမ မျက်လုံးတွေလည်း သူ့လိုပင် စိမ်းလဲ့ နေမှန်း သတိထား မိလိုက်သည်။
“အဟွတ်- အဟွတ်- ကျွန်မတို့ —–လွတ်ပြီလား” အသက်ကို မဟားတရား ရှုရင်း၊ ချောင်း တဟွတ်ဟွတ် ဆိုးရင်း၊ ရေတွေ ထွေးထုတ် ရင်းက ပလုံးပထွေး စကားပြော နေသည်။ “ဒါဘယ်နေရာတုန်း”
ကွန်ပြူတာကို ကြည့်ရင်း သူပြန်ဖြေ၏။
“ဟုတ်တယ်၊ ဒါ လမ်းကြောင်းမှန်ပဲ၊ ခင်ဗျား ဒီကနေတဆင့် အပေါ် ရောက်အောင် တက်သွား နိုင်ရင် မြေပေါ်ရောက်ပြီ” ပြောပြောဆိုဆို ပက်ထရစ်ရှာ၏ လက်ကို ဆွဲ၍ သံချေးတွေ အလိပ်လိပ် တက်နေသော လှေကားကို ကိုင်ခိုင်း လိုက်သည်။ သံလှေကားက ယိုင်နဲ့နဲ့။ ပေ လေးဆယ်ထိ ဒီလှေကားမှ တဆင့် တက်ရမည်မှာ သိပ်တော့ မလွယ်။
“ခင်ဗျား ကိုယ့်ဖာသာကိုယ် တက်နိုင်ပါ့မလား”
“အို၊ ဒါလေးများ” ပက် အူမြူးနေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ အသက်ရှင်ခွင့် ရဖို့ရန် အတော် သေချာ နေပြီ မဟုတ် လား။
“ဒါလေး မများနဲ့၊ လှေကားထစ်တွေက သံချေး တစ်ဝက်လောက် စားနေပြီ။ လှေကား အလယ်ကို မနင်းမိအောင် သတိထား၊ လက်အားကို သုံးပြီးတက်၊ ကြားလား”
“ရတယ်၊ ရတယ်၊ ဒီလောက်ထိ ရောက်လာ ပြီးမှတော့ ကျွန်မ မလုပ်နိုင်စရာ အကြောင်း မရှိဘူး၊ စိတ်သာချ”
“ကောင်းပြီ။ ဒါလေးယူသွားပါ” ဗျူတိန်း ဓါတ်ငွေ့မီးခြစ် သေးသေးလေး တစ်လုံး ကမ်းပေးလိုက်သည်။ “အပေါ်ရောက်ရင် သစ်သားတွေ ရှာပြီး မီးပုံကြီးကြီး ဖိုထားပါ။ ခင်ဗျား ရေထဲမှာ အကြာကြီး နေခဲ့ရတာ။ ကျုပ်ဟိုလူ နှစ်ယောက်ကို သွားခေါ် ပြီးရင် ပျော်ပျော် ပါးပါး မီးလှုံကြတာပေါ့”
ပြောပြောဆိုဆို သူက ရေငုတ်ဝတ်စုံကို ပြန်ဝတ်နေသည်။
“ရှင် ဟိုကို ပြန်သွားဦးမှာလား”
“ဒါပေါ့ဗျ၊ သူတို့နှစ်ယောက်လုံး ကျုပ်ကယ်ခဲ့မယ်၊ မပူပါနဲ့၊ အချိန်ရှိပါသေးတယ်”
“ရှင် ဘယ်သူဆိုတာ ကျွန်မ ခုထိ မသိရသေးဘူးနော်”
“မိတ်ဆက် နေကြဖို့ အချိန်မှ မရပဲကိုးဗျ၊ ကျုပ်နာမည် ဒတ်ပစ် ပါဗျာ”
ပက်ထရစ်ရှာကို လက်ဝှေ့ယမ်း နှုတ်ဆက်ပြီးနောက် ထို ဒတ်ပစ် ဆိုသော သကောင့်သားသည် မဲနက် နေသော ရေအောက်သို့ ဝင်ရောက် ပျောက်ကွယ် သွားပြန်တော့သည်။
ရေက အမ်ဗရိုစ် နှင့်မာကွီး တို့၏ ပခုံးစွန်းကို တိုက်နေပြီ ဖြစ်သည်။ ရေနှင့်အတူ ဘယာနက ရသ တွေက တွဲလျှက် ပါလာသည်က ဆိုးလှသည်။ ဒီနေရာမှာပဲ ခေါင်းချ ကြရတော့မည်လား။ သို့သော်လည်း လူနှစ်ကိုယ်၊ အမြင်ကနှစ်မျိုး၊ အမ်ဗရိုစ်က သူ့ကိုပွေ့ဖက်လာသော မရဏ သေမင်း၏ မေတ္တာတော် ရင်ငွေ့ လှုံရန် အသံတိတ် စဉ်းစား နေချိန်တွင် မာကွီး ကတော့ နောက်ဆုံး သူ့အဆုပ်တွေ ပေါက်ကွဲ ကုန်သည် အထိ တတ်နိုင် သလောက် ရေငုတ် သွားပြီး ထွက်ပေါက် ရှာရန် စဉ်းစား နေသည်။
“သူ ပြန်လာဦးမယ်လို့ ဆရာထင်လား” မာကွီးက အက်ကွဲကွဲ အသံဖြင့် မေးလိုက်သည်။
“မထင်ပါဘူးဗျာ၊ အချိန်မှ မရပဲ၊ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် တို့ကို မျှော်လင့်ချက်လေး ပေးသွားတာ ပိုကောင်းတယ်လို့ သူ ထင်နေပုံ ရတယ်။ ဒါကြောင့် ပြန်လာခဲ့မယ် ပြောတာပေါ့”
“အင်း ရီတော့ ရီစရာပဲ၊ ကျုပ် သူ့ကို စိတ်ထဲက ယုံနေမိတယ်။”
“အေးပေါ့ဗျာ၊ စောင့်ကြည့်ကြသေးတာပေါ့”
ထိုစဉ် ရေအောက်မှ ဟေလိုဂျင် ရေငုတ်မီးအလင်းရောင်ကိုမြင်လိုက်ကြရသည်။ နောက်တော့ ပစ် ၏ဦးခေါင်းပေါ်လာ သည်။
“ဘုရားသခင် ကျေးဇူးတော် ပါပဲ။ ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ” မာကွီး အသံက စိတ်လှုပ်ရှား မှုကြောင့် တုန်ရီလျှက်။
“ပက်ထရစ်ရှာ ရော” အမ်ဗရိုစ်က ဝင်မေး၏။
“ဘေးမသီ၊ ရန်မခ၊ ကျန်းမာ ပကတိ၊ ချမ်းသာ အတိ နဲ့ခုလောက်ဆို ခင်ဗျားတို့ဖို့ မီးမွှေး နေလောက်ပြီ”
မာကွီး အခြေအနေကြည့်ရသည်မှာ မဟန်၊ စကားတွေ ပလုံး ပထွေးနှင့် ငိုက်မြည်းစ ပြုလာသည်မှာ ခန္ဓာကိုယ် အပူချိန် လွန်ကဲစွာ ဆုံးရှုံးနေသည့် လက္ခဏာမျာြး ဖစ်သည်။ အမ်ဗရိုစ်က သူ့ထက် အများကြီး အခြေအနေ ကောင်းသေးသည်။
ပစ် ဆုံးဖြတ်ချက် အမြန်ချရသည်။ “မစ္စတာ မာကွီးကို အရင် ခေါ်သွားပါ့မယ်”
“ရေအောက် မြုပ်သွားရင် ကျုပ် အကြောက်လွန်ပြီး သေများ သွားမလားမသိဘူး”
“ဟေ့လူ၊ ဝီကီကီ ကမ်းခြေမှာ ရေလွှာ လျှောစီးနေတယ်လို့ သဘောထားလိုက်စမ်း” ပစ်က မာကွီး၏ လက်မောင်းကို ကိုင်ထားရင်း ရေထဲသို့စဆင်းသည်။
“ကဲ သွားကြ၊ သွားကြ၊ ကံကောင်းကြပါစေဗျာ” အမ်ဗရိုစ်က လှမ်းပြောလိုက်သည်။ သူ့လေသံက အံ့သြစရာ ကောင်း လောက်အောင် တည်ငြိမ်လျှက်။
သည်တစ်ကြိမ် ရေအောက် ခရီးသည် ပထမ အကြိမ် ကထက် ပိုမို အဆင်ပြေချောမွေ့လျှက် ရှိသည်။ ရေကြောက်သော မာကွီး၏ ခန္ဓာကိုယ်ကြီးကို တွဲလျှက် ဒတ်ပစ်သည် ရှိသမျှ ခွန်အားကုန် သုံး၍ ကူးခတ်လျှက်ရှိ၏။ မာကွီးသည် မကြာခင် မေ့မြော သွားတော့မည်။ ခုထိတော့ အသက်ရှုပိုက်ကို တစ်ယောက်တစ်လှည့် ရှု၍ ရေအောက် တွင် ကူးခတ်နိုင်ဆဲ။
ကံကောင်းထောက်မစွာဖြင့် သူတို့လိုရာ ခရီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ကြသည်။ တစ်ကိုယ်လုံး တုန်နေသော မာကွီးကို ပစ်က ရေထဲမှလျှင်မြန်စွာဆွဲတင်ရင်း လှေကားကို ညွှန်ပြ၍ အပေါ်တက်သွားခိုင်းသည်။ ပြီးတော့ ချက်ချင်းပဲ ရေအောက်သို့ ပြန်လည် ငုတ်လျှိုး၍ နောက်ဆုံး ခရီးသည် အမ်ဗရိုစ်ထံ အမြန်ဆုံး နှုန်းဖြင့် သွားနေသည်။ အချိန်သည် အသက်တစ်ချောင်း ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်၏။
အမ်ဗရိုစ်ကို ပစ်မြင်လိုက်ရချိန်တွင် အသက်မှ ရှိသေးရဲ့လားဟုထင်မိသည်။ တစ်ကိုယ်လုံး ပြာနှမ်း တောင့်တင်း နေသော ရှေးဟောင်း သုတေသန ပညာရှင်ကြီး သည် သတိတော့ ကောင်းစွာ ရသေးသည်။ သို့သော်လည်း သူ၏ ကိုယ်အပူချိန်မှာ လွန်စွာ ကျဆင်းလျှက် ရှိသည်။ ရေကလည်း အမိုးနှင့် ထိရန် လက်မအနည်းငယ်သာလိုတော့၍ တစ်ကိုယ်လုံး ရေအောက်တွင်မြုပ်၍ နှာခေါင်းလေးသာ ဖော်ထားနိုင်၏။ သူနှင့် အလ္လာပ၊ သလ္လာပ ပြောဖို့ အချိန် မရှိ တော့။ အောက်စီဂျင် ပိုက်ကို ပါးစပ်ထဲ တေ့ပေး လိုက်ပြီး ရေအောက်သို့ ခေါ်ဆောင် ခဲ့တော့သည်။
xxxxxxxxxxxxxxxxxx
နောက် ဆယ့်ငါးမိနစ် အကြာ မှာတော့ သူတို့ အားလုံး မီးပုံ ဘေးတွင် နွေးနွေးထွေးထွေး ဝိုင်းဖွဲ့ ထိုင်နေ ကြသည်ကို တွေ့ရသည်။ မာကွီးသည် ထူထူထောင်ထောင် ဖြစ်လာပြီ။ ပက်ထရစ်ရှာ ကတော့ မြူးတူး သွက်လက်နေ၏။ အမ်ဗရိုစ် ကတော့ အနည်းငယ် ထိုင်းမှိုင်း နေဟန်တူသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံး အခြေအနေ ကောင်းကြသည်။ ဒတ်ပစ် ကတော့ ကွန်ပြူတာဖြင့် အလုပ်ရှုပ် နေသည်။ တယ်လူရိုက် တောင်ကြောတစ်လျှောက် ပျားအုံကွက် သဖွယ် ရှုပ်ထွေး ပြွတ်သိပ်နေသော လှိုဏ်ခေါင်းများ အနက် သူတို့ ရောက်ရှိနေသော လှိုဏ်ခေါင်း၏ တည်နေရာ နှင့် မြေပြင်နှင့် အကွာအဝေး တို့ကို ချိန်ဆ တွက်ချက် နေရသည်။ နောက် တစ်နာရီ ခန့် ကြာသော် ကိုယ့်အိမ် ကိုယ့်ယာသို့ ပြန်ရောက်၍ အိပ်ယာထဲလှဲပြီး ဆက်ရက်မင်း စည်းစိမ် ခံစားနေသည့်နှယ် ဇိမ်ကျ နေကြသော လူသုံးဦးအား သတိ လှမ်းပေးရသည်။
“ဆရာတို့ ဆရာမတို့ ခင်ဗျား၊ ကျွန်တော်တို့ ကောင်းကင် ပြာပြာကြီးကို ပြန်လည် မြင်တွေ့ဖို့ဆန္ဒ ရှိဦးမယ် ဆိုရင်တော့ ဒီကထွက်ပြီး လွတ်လမ်းကို ရှာဖို့ အချိန်တန် ပါပြီ။ ထွက်တော်မူ နန်းက ခွာဖို့ ပြင်ဆင်ကြပါတော့”
“ခင်ဗျားကလဲ၊ ဘာတွေလောနေတာလဲ။ ကျုပ်တို့ ဒီလှိုဏ်ခေါင်းအတိုင်း လမ်းလျှောက်သွား၊ အပေါက်ဝမှာ ငုတ်တုပ် ကလေးတွေ ထိုင်စောင့် နေကြ၊ ပိတ်နေတဲ့ နှင်းခဲတွေကို ကယ်ဆယ်ရေး အဖွဲ့က ရှင်းလင်းပြီးရင် အပြင် ရောက်ကရော မဟုတ်လား” မာကွီးက ပြန်ပြော၏။
“အဲသလို ဖြစ်ရင် ကောင်းတာပေါ့ဗျာ။ ကျွန်တော်လည်း သတင်းဆိုးတွေ ပြောမပြချင် ပါဘူး။ ဒါပေမဲ့ အခု အပေါက်ဝ မှာ ပိတ်နေတဲ့ နှင်းထုက ပေနှစ်ဆယ် ရှိတယ်။ နိဗ္ဗာန်ဘုံ မိုင်းတွင်းကို လာတဲ့ ကားတစ်စီးဝင်သာရုံ လမ်းကျဉ်းကျဉ်း လေးကနေ နှင်းခွဲဖို့ စက်ကိရိယာ တွေကို ဘယ်လိုနည်း နဲ့မှ ယူလာလို့ မရဘူးဗျ။ နောက်ပြီး ခင်ဗျားတို့ဆီ မလာခင် ကြားရတဲ့ သတင်းအရ နောက်ထပ် နှင်းတောင်ပြိုမဲ့ အခြေအနေ ရှိနေလို့ ကယ်ဆယ်ရေးတွေ အားလုံး ပြန်သွား ကြပြီ။ သူတို့ ပြန်လာပြီး နေ့မီး ညမီးဆက် အလုပ် လုပ်ကြ ရင်တောင် ဒီမိုင်းတွင်း ဝင်ပေါက်ကို ရှင်းနိုင်ဖို့ ဘယ်နှစ်ရက် ဘယ်နှစ်ပါတ် ဘယ်နှစ်လလောက် ကြာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ကဲ ရှင်းကြပြီလား”
အားလုံးငြိမ်သွားကြသည်။ မာကွီးက မီးပုံကို ငူငူကြီးစိုက်ကြည့်နေပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဘုရားသခင်ရော မာရ်နတ်ပါ ခုကျုပ်တို့ဖက်မှာ မရှိကြတော့ဖူးပေါ့လေ”
ပက်ထရစ်ရှာ ကတော့ ခုထိ အကောင်းမြင်ဆဲ။
“ဘာဖြစ်တုန်း။ ကျွန်မတို့မှာ ခုမီးလည်းရှိပြီ။ သောက်ဖို့ရေလည်း ရှိတယ်။ နည်းနည်းတော့ ငန်တာ ပေါ့လေ။ ကျွန်မတို့ ထွက်ပေါက်တွေ့မှာ အသေအချာပဲ။ အဲ- အစားအသောက်တော့ မရှိဖူးပေါ့လေ”
အမ်ဗရိုစ်က ခပ်ယဲ့ယဲ့ ပြုံး၏။ အအေးဒဏ်ကို အပြင်းထန်ဆုံးနှင့် အရှည်ကြာဆုံး ခံစား ခဲ့ရသဖြင့် ရှေးဟောင်း သုတေသန ပညာရှင်ကြီး သည် အားနည်း ဖျော့တော့ နေဆဲ။
“ကျွန်တော်တို့ အစာငတ်ပြီးသေဖို့ဆိုရင် နောက် ဆယ့်ခြောက်ရက်၊ ဆယ့်ခုနှစ်ရက် လောက် နေမှ သေမှာပါဗျာ။ ဒီကြားထဲ လမ်းရှာ တွေ့ချင်လည်း တွေ့လိမ့်မပေါ့”
သူ့အဆိုကို ဒတ်ပစ်က ခေါင်းညိတ်ပြီး မာကွီးက ခေါင်းခါ ပြခြင်း အားဖြင့် တပြိုင်နက်တည်း တုန့်ပြန်ကြ၏။ မာကွီးက ပစ်ကိုကြည့်ရင်း-
“ကျုပ်တို့ အတွက် ထွက်ပေါက်ဟာ နိဗ္ဗာန်ဘုံ မိုင်းတွင်းနဲ့ ဘူကေးနီးယား မိုင်းတွင်း ဆက်ထားတဲ့ လှိုဏ်ခေါင်း မဟုတ်လား။ ခင်ဗျား ရေငုတ် လာခဲ့တာလေ။ ခုအဲဒါကို ဖြတ်ပြီး ဘူကေးနီးယား မိုင်းတွင်း ရောက်အောင်ကျုပ်တို့ သွားနိုင် သလား။”
“ရေငုတ် ဝတ်စုံ နဲ့ အောက်စီဂျင်ဘူး မပါ ပဲတော့ ဘယ်နည်းနဲ့မှ မသွားနိုင်ဘူး” အမ်ဗရိုစ်က ဖြည့်စွက်ပြောလိုက်၏။
ဒတ်ပစ် ခေါင်းညိတ်သည်။
“အဲဒါ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော့် ကွန်ပြူတာမြေပုံမှာ ခုထိ ရေမလွှမ်းသေးတဲ့ လှိုဏ်ခေါင်း နှစ်ဒါဇင် လောက် ရှိသေးတယ် လို့ပြနေတယ်။ ကျွန်တော်တို့ ဒီလှိုဏ်ခေါင်းတွေက တဆင့် မြေပေါ်ရောက်နိုင်သေးတာပေါ့”
“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ လှိုဏ်ခေါင်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးဆယ်လောက် ထဲက တွင်း ပြိုပြီးသား တွေဗျ”
“ဘာပဲဖြစ်ဖြစ် ထိုင်နေ လို့တော့ အကျိုးမထူးဘူး မဟုတ်လား”
ပက်ထရစ်ရှာ ၏ နောက်ဆုံးစကားက ပစ်အတွက် တွန်းအားတစ်ခုသဖွယ်ဖြစ်ခဲ့သလားမသိ၊ ဒတ်ပစ်သည် မီးပုံထဲမှ ထင်းတစ်စ ကိုကိုင်ပြီး အောက်သို့ပစ်ချလိုက်သည်။ မီးရောင်ဖြင့် တွေ့လိုက်ရ သည်က ရေသည် သူတို့ထိုင်နေရာနေရာ နှင့်သုံးပေသာ ကွာတော့သည်။
“ကဲ သွားကြစို့၊ ကျွန်တော်တို့မှာ ရွေးဖို့လမ်းမရှိဘူး။ နောက်မိနစ် နှစ်ဆယ်ဆို ဒီနေရာ ရေရောက်ပြီ”
မာကွီးက မဲမှောင်နောက်ကျိနေသော ရေပြင်ကို ဓါတ်မီးဖြင့်ထိုးကြည့်ရင်း–
“ကျုပ်ရဲ့ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတော့ နိဂုံးချုပ်ပြီ ပေါ့ဗျာ” ဟုဆွေးဆွေး မြည့်မြည့် ပြောနေ သေးသည်။ ဘယ်သူမှ သူ့ကို နှစ်သိမ့်ပေးမည့်သူ မရှိ။
“ငလျှင် ဒဏ်ကြောင့် မြေအောက်ရေကြောတစ်ခု ပေါက်ထွက်သွားတယ်ထင်တယ်။ ဒါကြောင့် ဒီလောက်ရေတက်လာ တာ”
ဒတ်ပစ်၏ မှတ်ချက်ကို မာကွီးက ဒေါသတကြီးတုံ့ပြန်၏။
“ဘာငလျှင်မှ မဟုတ်ဘူး။ အဲဒါ ဒိုင်းနမိုက်နဲ့ တမင် ဖောက်ခွဲလို့ ဖြစ်တာဗျ၊ သိရဲ့လား”
ပစ် တကယ်မသိပါ။ ကြားရသည့် စကားကြောင့် အတော်အံ့သြသွားသည်။
“ခင်ဗျား သေချာရဲ့လား မာကွီး”
“သိပ်သေချာတာပေါ့ဗျ။ ဖောက်ခွဲသံ ကိုကျုပ်နားက ကောင်းကောင်းသိတယ်။ တစ်ယောက်ယောက်တော့ မိုင်းတွင်း ထဲမှာ ရှိလိမ့် ဦးမယ်လို့ ကျုပ် အတပ်ပြောနိုင်တယ်”
ပစ်သည် ရေပြင်ကို အတန်ကြာအောင် စိုက်ကြည့်နေ၏။ မြစိမ်းရောင်သူ့မျက်လုံးများက တဖျတ်ဖျတ်လက်နေသည်။ ပြီးမှ လေးလေးပင်ပင် ပြောလိုက်၏။
“တကယ်လို့များ ဒီအတိုင်းသာ ဟုတ်ရိုးမှန်ရင် ခင်ဗျားတို့အားလုံး လုပ်ကြံခံရတာပဲ။ လူသတ်သမားဟာ ခင်ဗျားတို့သုံး ယောက်ကို မသေသေအောင်လုပ်လိုက်တာပဲ”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Feb 18, 2009 @ 01:45:15
ဘာသာပြန်ဆို ကြိုက်ပြီးသားဘဲ။
မူရင်းစာရေးဆရာနဲ့ ၀တ္ထုအမည်လေး သိချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Feb 22, 2009 @ 02:13:07
စာအုပ်အဖြစ်နဲ့ ဖတ်ချင်ပါသေးတယ်။ ကျနော်ကတော့  ဖန်သားပြင်ကို စာရွက်လောက် အာသာမပြေဘူးဗျာ။ ကွန်ဆားဗေးတစ် အညာသားလေ။ တလေးတစား အားပေးလျက်ပါဗျ ။
မင်းဒင်
Feb 18, 2009 @ 12:46:26
မူရင်း စာရေးဆရာနဲ့ ဝတ္ထု အမည်ကို အစကတည်းက တင်မလို့ ပါဘဲ။ ဒါပေမယ့် စာရေးသူက ဇာတ်လိုက်ကျော် Dirk Pitt ပေါ်လာမှ မူရင်းကို ဖော်ပြလိုတဲ့ ဆန္ဒ ရှိတဲ့ အတွက်ကြောင့် မဖော်ပြ ဖြစ်တာပါ။ မူရင်းစာရေးဆရာဟာ Clive Cussler ပါ။ ဝတ္ထုကတော့ Atlantis Found ပါ။ မူရင်းကို ဖတ်ချင်ရင် http://www.freebookspot.org/ မှာ သွားပြီး download ချလို့ ရပါတယ်။ အဲဒီမှာ နာမည်ကျော် စာရေးဆရာ များရဲ့ ဝတ္ထုတွေ အများကြီး ရှိပါတယ်။ နောက်မှ မူရင်း ဝတ္ထုတွေ အကြောင်း Post အနေနဲ့ ရေးပါဦးမယ်။ အခုလို လာအားပေးတာကို စာရေးသူများ ကိုယ်စား ကျေးဇူး အထူး တင်ပါကြောင်း ပြောပါရစေ။
Kopoehut
Feb 22, 2009 @ 09:06:23
လောလောဆယ် တော့ စာအုပ် အနေနဲ့ မဖြစ်နိုင်သေး ပါဘူး။ PDF အနေနဲ့တော့ ပေးနိုင်အောင် ကြိုးစားပါ့မယ်။ ဦးမင်းဒင်ရဲ့ စာတွေကို PDF နဲ့ ပေးသလိုမျိုးပေါ့။