အတ္တလန်တစ် ရှာပုံတော် (၁၀)
at-found-1“ခင်ဗျား ရှေ့ က သွားပါ။ ဦးထုပ်က မီးအလင်းရောင်နဲ့ သွား၊ ကျွန်တော်တို့ နောက်က လိုက်မယ်။ ဘက်ထရီ ကုန်သွားရင် ကျွန်တော့် ဟေလိုဂျင် ရေငုတ် မီးကိုသုံးမယ်” ပစ်က မာကွီးကို ပြောလိုက်သည်။ မာကွီးက အားလုံးကို လှည့်ပြော လိုက်သည်။
“ခုချိန်က စပြီး ကျုပ်တို့ အခက်အခဲ ကြီးတွေနဲ့ ကြုံရ တော့မယ်။ အပေါ် အဆင့်တွေကို တက်ဖို့ လှေကားတွေ အကောင်း ပကတိ ရှိနေ ပါစေ လို့သာ ဆုတောင်း ထားကြ ပေတော့ဗျို့ ”
ပစ် ပြုံးလိုက်သည်။
“ပူမနေပါနဲ့၊ ဒီကွေ့မှာ ဒီတက်နဲ့ လှော်ခဲ့ ပြီးပြီပဲ။ ဟိုကွေ့ ရောက်တော့လည်း ဟိုတက်နဲ့ လှော်ကြရုံပေါ့။”  ရှင်းလိုက်သည့် သဘောထား။
ဒတ်ပစ် ၏ ရေအောက် သံလိုက် အိမ်မြှောင်မှ အနောက် စူးစူးသို့ ညွှန်ပြ နေသော အရပ်သို့ ဦးတည်၍ ညနေ ငါးနာရီ တိတိတွင် သူတို့ ထွက်ခွာ ခဲ့ကြသည်။ ကွန်ပြူတာ၊ သံလိုက်အိမ်မြှောင်၊ ဟေလိုဂျင်မီး နှင့် ဓါးတစ်ချောင်းမှ လွဲ၍ တန်ဖိုး ကြီးလှသော ရေငုတ်ပစ္စည်း အားလုံးကို ဒတ်ပစ် ကစွန့်ပစ်ခဲ့သည်။
ပထမ ဂိုက်တစ်ရာ နှစ်ရာ အထိ ကတော့ သူတို့၏ ခရီးစဉ်သည် ပန်းခင်းသော လမ်းအလား အဆင်ပြေ ချောမွေ့ လျှက် ရှိသည်။ မာကွီးက ရှေ့ ကင်း၊ ပစ်က နောက်ကင်း၊ အလယ်တွင် ပက်နှင့် အမ်ဗရိုစ် ကို ထား၍ ကင်းလှည့် လာသည့် တပ်စုလေး သဖွယ် သတိ ကြီးစွာ လျှောက်လာ ခဲ့ကြသည်။ လိုဏ်ခေါင်း၏ ကျောက်သား နံရံနှင့် ရွှေသယ်သည့် ထရော်လီ များအတွက် မီးရထားလမ်း တို့အကြားမှ ကပ်ကပ် သပ်သပ် လမ်းလျှောက် ကြရသည်။ လှေကား တွေ့လျှင် တက်ကြသည်။ မြင့်မြင့် တက်နိုင်လေ၊ လွတ်မြောက်ဖို့ ပိုမို နီးကပ်လေ ဖြစ်သည်ကိုး။ နောက်တော့ သူတို့ အခန်းကျယ် တစ်ခု အတွင်း ရောက်ရှိ လာကြသည်။ မဲမှောင် နေသော ဥမင် လိုဏ်ခေါင်း သုံးခုက ထိုအခန်း အတွင်းမှ ခွဲဖြာ ထွက်သွား၏။
“ကဲ- ဘယ်လမ်းကို လိုက်ကြမလဲ” ပက်၏ အမေးကို-
မာကွီးက ဘယ်ဘက် လိုဏ်ခေါင်း၊ ပစ်က ညာဘက် လိုဏ်ခေါင်း ဟုအသီးသီး ဖြေကြသည်။ ဒီလူနှစ်ယောက်က အမြဲတမ်း လူနှစ်ကိုယ် အဖြေနှစ်မျိုး၊ သူက အဖြူဆို၊ ကိုယ်က အမည်း ဖြစ်နေ ကြ၏။ အမ်ဗရိုစ်က အလယ် လိုဏ်ခေါင်း ဟု ဝင်မပြော၍ တော်သေးသည်။
“ကျုပ်က ကျုပ်မှတ်မိတဲ့ မိုင်းတွင်းမြေပုံအရ ပြောတာ” မာကွီး၏ အထွန့်တက် စကားကို ပစ်က ကွန်ပြူတာ ထောင်ပြရင်း
“ကျုပ်က ဒါအရပြောတာ” ဟုတုံ့ပြန် လိုက်သဖြင့် ကိစ္စ ပြတ်သွား တော့သည်။
ညာဖက်လိုဏ်ခေါင်း အတွင်း ဂိုက်ငါးဆယ်မျှ လျှောက်ခဲ့ ကြပြီး ချိန်မှာတော့ ပြိုကြနေသည့် ကျောက်တုံး များကိုတွေ့ကြရ သည်။ လမ်းလည်း ပိတ်နေ၏။ ပိတ်ဆို့ နေသည့် ကျောက်ပုံက သိပ် မများ သဖြင့် ယောက်ျား သုံးယောက် ရှင်းလင်းရေး အစီအစဉ် စကြ၏။ တစ်နာရီခန့် ပြင်းပြင်း ထန်ထန် အလုပ်လုပ် ကြပြီး၊ ချွေးစက်ပေါင်း တစ်ကွာတားခန့် ထွက်အပြီး မှာတော့ တွားသွား ရနိုင်အောင် ကျယ်သည့် လမ်း ဖြစ်လာသည်။
တစ်ဖက်က လိုဏ်ခေါင်းသည် အတော်ကျယ်၏။ ကျောက်သား သယ်သည့် ရှေးခေတ် ဓါတ်လှေကား တစ်ခုကို ကြိုးများ တန်းလန်းနှင့် တွေ့ရသည်။ ပစ်က သူ၏ ရေငုတ် မီးကို ဖွင့်၍ ဓါတ်လှေကား လမ်းတစ်လျှောက် အပေါ်သို့ ထိုးကြည့် လိုက်သည်။ ဟေလိုဂျင်မီး အလင်းရောင်ကြောင့် ဓါတ်လှေကားကို လည်းကောင်း၊ ဆိုင်းကြိုး များကို လည်းကောင်း၊ နံရံတွင် ကပ်လျှက် မြှုပ်ထားသော အရေးပေါ်သုံးသည့် သံလှေကား ကို လည်းကောင်း ကောင်းစွာ တွေ့မြင် ကြရသည်။ လျှပ်စစ် ဓါတ်အား မရှိ၍ ဓါတ်လှေကား သုံးပြီး အပေါ် တက်ရန်တော့ မဖြစ်နိုင်။ ထို့ကြောင့် သံလှေကားကို သုံးရန် အများ သဘော တူကြသည်။
“ကျွန်တော် အရင်ဆုံး တက်မယ်” ပြောပြောဆိုဆို ဒတ်ပစ်သည် ဟေလိုဂျင်မီးကို ခါးတွင် ချည်လျှက် စတင် လှုပ်ရှားမှု ပြုတော့သည်။
“ပထမဆုံး အဆင့်ကို သတိထားတက်နော်” ပက် ကအပြုံးလဲ့လဲ့ဖြင့် သတိပေးစကားဆို၏။
သူမ၏ မျက်ဝန်း စိမ်းများ အတွင်း တစုံတရာကို တွေ့လိုက်ရသလို ဒတ်ပစ် ခံစားမိသည်။
“ကျွန်တော်က ပထမဆုံး ခြေလှမ်းကို မကြောက်တတ်ဖူးဗျ၊ နောက်ဆုံးခြေလှမ်းကို ကြောက်တာ”
လှေကားထစ် များကို သူစတက်သည်။ တစ်ထစ်၊ နှစ်ထစ်၊ အထစ်ပေါင်းများစွာ။ လှေကားက အနည်းငယ် လှုပ်ယမ်း နေသည်။ စိတ် သိပ်မချ ရသဖြင့် သူနှင့် လက်တကမ်း အကွာက ဓါတ်လှေကား ဆိုင်းကြိုး များကို မျက်စပစ်ထားရသည်။ လှေကားကို တထစ်ချင်းတက်သည်။ ကိုယ်အလေးချိန်ကို ခံနိုင်ခြင်း ရှိမရှိ အထစ်တိုင်းတွင် ခြေစုံ ရပ်၍ စမ်းသပ်သည်။ နောက်မှာ လိုက်တက်မယ့်သူ သုံးယောက်အတွက် တင်းပြည့် ကျပ်ပြည့် စိတ်ချရဖို့ အရေးကြီးသည်။
ပေ ငါးဆယ်ခန့် တက်ပြီး သောအခါ အပေါ်သို့ ဓါတ်မီးနှင့် ထိုးကြည့် လိုက်မိ၏။ သူ့အထက် ခြောက်ပေ ခန့်မှာ လှေကားသည် ပြတ်ထွက် နေ၏။ အပေါ်ဆင့်သို့ ရောက်ရန် ဆယ့်နှစ် ပေခန့် လိုသေးသည်။ တက်တော့ ကျိုးချေပြီ။ လက်ထိုး လှော်ဖို့သာ ရှိတော့ သည်မို့ နောက်ထပ် အဆင့် နှစ်ဆင့် တက်ပြီးနောက် ဓါတ်လှေကား ဆိုင်းကြိုး ဆီသို့ လက်လှမ်း လိုက်ရ၏။ ဆိုင်းကြိုး များက တစ်လက်မ သာသာ တုတ်သည်။ ဆွဲဖို့ ကိုင်ဖို့ အလွန်ကောင်းသည့် အနေ အထား။ ပစ်သည် ကြိုးကိုတွယ်ပြီး တက်သည်။ အပေါ်ဆင့်သို့ ရောက်တော့ ကြိုးကိုလွဲပြီး ခုန်ချလိုက်သည်။
“ဘယ်လိုလဲဗျ၊ အဆင်ပြေရဲ့လား” မာကွီး၏ အော်မေးလိုက်သံကို ကြားလိုက်ရသည်။
“အပေါ် ရောက်ခါနီး မှာလှေကား ပြုတ်ထွက် နေတယ်။ ခင်ဗျားတို့ ကြိုးနဲ့ တွယ်တက် ရလိမ့်မယ်။ စိတ်မပူပါနဲ့။ ကျွန်တော် ဆွဲတင်မယ်။ ဒေါက်တာ အိုကွန်းနဲလ် အရင် တက်ပါစေ”
နောက်မိနစ် အနည်းငယ် အကြာတွင် လေးယောက် စလုံး အပေါ်ဆင့်သို့ ဘေးမသီ ရန်မခ ရောက်ရှိသွားကြ၏။ မာကွီး က ပါတ်ဝန်းကျင် အခြေအနေကို လှည့်ပါတ် ကြည့်ရှုရင်း ဝမ်းသာအားရ ပြောသည်။
“ကျုပ် မှတ်မိပြီ။ ဒီကနေ တည့်တည့် ထွက်သွားရင် မိုင်းတွင်း အဝင်ဝ ကို ရောက်တယ်ဗျ”
“ဒါပေမဲ့ အပေါက်ဝက ပိတ်နေတယ် ဆိုဗျ၊ ကျွန်တော်တို့ ဒီအတိုင်း သွားလို့ ဘယ် ဖြစ်မလဲ” ဒေါက်တာ အမ်ဗရိုစ် ၏ စကားကို ပစ်က ကွန်ပြူတာ မော်နီတာ ကြည့်ရင်း-
“ဟုတ်တယ်။ ကျွန်တော်တို့ ဒီအတိုင်း သွားလို့မရဘူး။ လိုဏ်ဂူ ဖြတ်လမ်း တစ်ခု ရှိတယ်။ အဲဒါကို တွေ့အောင်ရှာပြီး ဂိုက် တစ်ရာ့ငါးဆယ် ဆက်သွားရင်း ဓူဝံကြယ် မိုင်းတွင်းကို ရောက်သွားလိမ့်မယ်။ ဒါဆို လွတ်လမ်း တွေ့ပြီပေါ့”
“လိုဏ်ဂူ ဖြတ်လမ်း ဆိုတာ ဘာလဲဟင်” ပက်၏ အမေးကို မာကွီးက ကြားဝင် ဖြေသည်။
“လေဝင် လေထွက် ကောင်းဖို့နဲ့ အခုလို အရေးပေါ် ကိစ္စ တွေ အတွက် မိုင်းတွင်း တစ်ခုနဲ့ တစ်ခု ကြားမှာ ဖောက်ထားတဲ့ လမ်းကလေး တွေကို ခေါ်တာပါ။” ပြောရင်း မျက်မှောင် ကြုတ်၍ ပစ်ကို ကြည့်၏။
“ကျုပ်တော့ အဲဒီ ဖြတ်လမ်းကို တစ်ခါမှ မမြင်ဖူး ဘူးဗျ၊ မရှိဘူးလို့ ပြောတာ မဟုတ်ဖူးနော်။ တွင်းပြိုပြီး ပိတ်များပိတ် နေပြီလား မသိဘူး”
ပစ်က အားလုံးကို ခြုံကြည့်ပြီး-
“ခင်ဗျားတို့ရဲ့ ဘယ်ဖက်က ကျောက်သား နံရံ ကိုမျက်စိ ရှင်ရှင် ထားပြီး ကြည့်ကြပါ” ဟု အကြံပေး သလို၊ အမိန့်ပေး သလို လုပ်ပြီး ဆက်လျှောက် သွားလေ၏။
ဟေလိုဂျင် ရေငုတ်မီးရော၊ သတ္တုတွင်းသုံး ဦးထုတ်မှ ခေါင်းဆောင်း မီးရော ရှိသမျှ အလင်းရောင် အကုန် သုံး၍ နံရံ ဘယ်ဖက် ကို တစ်လက်မ မကျန် ကြည့်ရင်း လေးယောက်သား လျှောက်လာ ခဲ့ကြသည်။ တစ်နေရာ အရောက်တွင် ကျောက်သား နံရံမှ ကွဲကြောင်း တစ်ခုကို မာကွီးက တွေ့ရှိပြီး ပစ်ကို လက်ညှိုး ထိုးပြသည်။ ပိတ်ဆို့ နေသော ကျောက်တုံး နှစ်တုံးကို ဖယ်ရှား လိုက်တော့ ဝင်ပေါက် ပေါ်လာသည်။ ၄င်းမှာ သူတို့ရှာနေသော လှိုဏ်ဂူ ဖြတ်လမ်းပင် ဖြစ်တော့သည်။
အချိန် အတော် ကြာအောင် ရှင်းကြ လင်းကြ ပြီးနောက် လှိုဏ်ဂူ ဖြတ်လမ်း တစ်လျှောက် ကုန်းကုန်းကွကွ လမ်းလျှောက် သွား၍ ရနိုင် လောက်သည့် အခြေ အနေ ဖြစ်လာသည်။ ကွန်ပြူတာ ကိုရော၊ သံလိုက်အိမ်မြှောင် ကိုပါ အသေ အချာလေ့လာ ပြီးနောက် ထိုလမ်းသည် လမ်းမှန် ဖြစ်ကြောင်း ကောင်းသတင်းကို ပရိသတ်သိအောင် ပစ် ကြေငြာလိုက် သည်။
လမ်းက ကျဉ်းလှသဖြင့် အစ ပထမတော့ ကျဉ်းကျဉ်း ကျူတ်ကျူတ် ကုတ်ကပ် လမ်းလျှောက်ကြ။ နောက်တော့ မိကျောင်းသွား တွား၍သာ သွားနိုင် ကြတော့သည်။ တန်းစီ သွားနေ ကြရ၍ တစ်ယောက် ဖိနပ်ကို တစ်ယောက် နမ်းမိ သည်မှာလည်း အကြိမ်ကြိမ်။
လက်တွေ ပေါက်ပြဲလျှက်၊ ခြေထောက်တွေ ဖူးယောင်လျှက်၊ နံရံနှင့် ဆောင့်မိ ထားသော ဦးခေါင်းတွေ အာလူးသီး ထလျှက် ထို ခရီးလမ်းကို နှစ်နာရီ ကျော်မျှ ဝဋ်ဒုက္ခ ကြီးစွာ ဖြတ်သန်း ခဲ့ကြရာ နောက်ဆုံးတော့ ရထားသံလမ်းတွေ သွယ်တန်းထားသည့် အခန်းကျယ်ကြီး တစ်ခုထဲ ပုံပျက် ပန်းပျက် ရောက်ရှိ သွားခဲ့ကြသည်။
ဖြစ်ခဲ့သမျှ ကာယနှင့် စိတ္တဒုက္ခ တို့၏ ဒဏ်ရာ ဒဏ်ချက်တို့ကို ခံစားနေရသည့် လက္ခဏာများ မာကွီးတွင် ကိုယ်ထင်ပြ စပြုပြီ။ သူ့အသက်အရွယ်နှင့် စာလျှင် ကျန်းမာရေး ကောင်းသော်လည်း နာရီပေါင်း များစွာ မရပ်မနား ပင်ပန်း ဆင်းရဲခြင်း ကို ခံနိုင်စွမ်းမရှိ၊ လျှာ အလျားလိုက် ထွက်ပြီး ခွေးကြီးပမာ ဟန်မဆောင်နိုင် လောက်အောင် အမောကြီး မောနေရှာသည်။ ပက်ထရစ်ရှာ လည်း ဟန်မလုပ်နိုင် ပဲမများနိုင် အလှအပတွေ ဂရုမစိုက်နိုင်။ ဖုန်တွေ သဲတွေ ဗရပွနှင့် လူရုပ်ပင် မပေါ်ချင်။ အရပ် ခြောက်ပေ သုံးလက်မ မြင့်သည့် ဒတ်ပစ်မှာ ပက်ထရစ်ရှာ ၏ သတ္တု ခေါင်းဆောင်း ကို ဆောင်းထား သော် လည်း ထုတ်တန်း များဖြင့် ခဏခဏ ဆောင့်မိသည့် အတွက် ခေါင်းထဲက ရီဝေဝေ ဖြစ်နေသည်။ ထူးခြားသည်က ဒေါက်တာ အမ်ဗရိုစ်၊ တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးအဖို့ သူက သန်စွမ်း မာကျော လွန်းနေသည်။ ဤ၍ ဤမျှသော ခရီးကို လျှောက်လှမ်း လာခဲ့ သော်လည်း ပန်းခြံထဲ လမ်းလျှောက်ရသည့် နှယ်အေးအေး ဆေးဆေး။
ပစ်က ဦးဆောင် လျှောက်လှမ်း လာရင်း မာကွီးနှင့် ပက်ထရစ်ရှာ အခြေအနေ မဟန်ကြောင်း တွေ့ရသည်။ နားကြရ အောင်ဟု တစ်ခွန်းမှ မပြောကြ။ နောက်ဆုံး ဗုန်းဗုန်း လဲသွားသည့်တိုင် ခရီးဆက် ကြမည့် အာဂ ခေါင်းအမာစားများ ပါပေ။ သူ့အနေနှင့် လန်းလန်း ဆန်းဆန်း ရှိနေသေး သော်လည်း ခဏနားဖို့ အကြံအဖန် လုပ်ရတော့သည်။
ချက်ချင်း အမောဖောက် လာသလို အသက်ကို ပါးစပ်ဖြင့် ရှူ၏၊ ပြီးတော့ မောသံကြီးဖြင့်-
“ကျွန်တော် မ ရ တော့ ဘူး၊ ခဏ နားကြရအောင်” သူ့အဆိုပြုချက်သည် မာကွီးနှင့် ပက်တို့၏ ထောက်ခံမဲ နှစ်မဲ၊ အမ်ဗရိုစ် ၏ ကန့်ကွက်မဲ တစ်မဲ ဖြင့်အနိုင်ရ အကောင်အထည် ဖော်နိုင်၏။ ကျောက်တုံး များ ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ကြ၏။ ယောင်ကိုင်း နေသော ခြေချောင်းလေးများ၊ ဒူးများကို ဆုတ်နယ် နေကြ၏။
ပစ်က သူ့လက်စွဲတော် ကွန်ပြူတာကို စူးစိုက်ကြည့်ရင်း-
“နောက် နှစ်ဆင့်လောက် ကျွန်တော်တို့ တက်ပြီးရင်၊ တွင်းပြို တာတွေ မရှိဘူးဆိုရင် နောက်တစ်နာရီ အတွင်းကျွန်တော်တို့ မြေပေါ် ရောက်မယ်” ဟု ဟောကိန်း ထုတ်လိုက်၏။ တကယ်တော့ သူလည်း သိပ် သေချာ လှသည် မဟုတ်။
“ကျုပ်တို့ ဘယ်နေရာလောက်က ထွက်ရမယ်ထင်လဲ” မာကွီးက လှမ်းမေး လိုက်သည်။
“အင်း– ဓူဝံကြယ် မိုင်းတွင်း ထွက်ပေါက် ကတော့ မဖြစ်နိုင် ဘူးဗျ။ နေစမ်းပါဦး၊ အိုရယ်လီ လမ်းမြှောင် ဆိုတာက ထွက်ရင် ကျွန်တော်တို့ တယ်လူရိုဒ် မြို့ ထဲ ရောက်သွားမယ် ထင်တယ်။”
မာကွီး မဲ့ပြုံးကြီး ပြုံးလိုက် သည်ကို ပစ်က မြင်ဖြစ်အောင် မြင်သည်။ “ဘာလဲ၊ ပြဿနာ ရှိလို့လား”
“ခင်ဗျားပြောတဲ့ အိုရယ်လီ ထွက်ပေါက် အပေါ်တည့်တည့် မှာ ခု နယူးရှယ်ရီဒန် ဟိုတယ် ရှိသဗျ၊ ခင်ဗျား ပြောသလို ဆိုရင် ကျုပ်တို့ ဟိုတယ် မြေအောက်ခန်းထဲ ရောက်သွားမယ်”
“ဒါဆို အပေါ်တက်ပြီး ညစာ အားရပါးရ စားလိုက်ကြရုံပေါ့ ဘော်ဒါကြီးရယ်”
နှစ်မိနစ်မျှ စကားမပြော ဖြစ်ကြပဲ အတွေးကိုယ်စီ ဖြင့် ငြိမ်သက် နေကြသည်။ လွတ်လမ်းကို တွေ့မှာလား၊ မတွေ့ဖူးလား၊ နေရမှာလား၊ သေကြမှာလား။ မရေရာခြင်းနှင့် ဧကန်မဲ့ခြင်း များက သူတို့ကို စိုးမိုး ထား၏။ အသက်ရှု သံများမှ တပါး အရာအားလုံးသည် တိတ်ဆိတ် ငြိမ်သက်။
ထိုအချိန်တွင် ပက်ထရစ်ရှာ ခေါင်းထောင်ထလာသည်။ တစုံတခုကို နားစွင့် နေဟန်ဖြင့် ခေါင်းလေးကို တစ်ဖက်သို့ စောင်းထားသည်။ ပြီးတော့ တိုးတိုးလေး ပြော၏။
“ကျွန်မ မော်တော် ဆိုင်ကယ်သံတွေ ကြားနေရတယ်”
xxxxxxxxxxxxxxxxxxxxxxxxxxx
7 Comments (+add yours?)
  1. မင်းဒင်
    Feb 22, 2009 @ 10:07:11
    ဘာသာပြန်သူဟာ နှစ်ဘာသာလုံးကို အကျွမ်းတဝင် ရှိတယ်။ စံနစ်တကျလုပ်တတ်တယ်။ ယုံကြည်ရာ ကို စွဲစွဲမြဲမြဲ လုပ်တယ်။ သေသေသပ်သပ်လုပ်တတ်တယ်။ ….
    ဒါကြောင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်ဗျ။
    .. လိုဏ်ဂူ ၊ ပါးစပ်ဖြင့် ရှူ .. ဆိုတာရယ် နည်းနည်းပြန်ကြည့်ပေးပါ။
    အားပေးတယ်ဗျ။ လူမသိမှာမပူပါနဲ့ ဗျာ။ ဖြေးဖြေးမှန်မှန် အောင်ပွဲခံ သတဲ့။
    စာရေးရတဲ့ ဒုက္ခကို တကယ့်စာတွေ ရေးနေသူသာ အသိဆုံးဗျ။ လက်သီးထိုးခန်း ရေးချင်တာနဲ့ ရာဇာဓိရာဇ် အရေးတော်ပုံကို ပြန်လှန်ရတယ်လို့ နာဘူးတယ် ။စာမှာ အသံပါတယ်။ အခု အဲဒီ အသံကို ကြားရတယ်။ အောင်မြင်ဘို့ သေချာတယ်။
    မင်းဒင်
    Reply
  2. မိုးတိမ်ညို
    Feb 23, 2009 @ 10:42:08
    အစက မသိတော့ ဘာသာပြန်ဆရာတစ်ယောက်ရဲ့ ၀တ္ထုကို တင်ထားတယ်မှတ်နေတာ။ ကိုယ်တိုင်ရေး တာချီးကျူးတယ်။ တော်တော်လည်းကောင်းပါတယ်။ ကျွန်တော်လင့်ထား လိုက်ဦးမယ်။
    Reply
  3. မင်းဒင်
    Feb 24, 2009 @ 00:30:39
    ထိုင်းနိုင်ငံ ။ ဖူးခက်ကို လာလည်ဖြစ်အောင် လာလည်စေချင်ပါတယ် ။
    လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် ။ လာမယ်ဆို အကြောင်းကြားလိုက်ပါ ဗျ ။
    လေးစားလျက်
    မင်းဒင်
    Reply
  4. zargyi
    Feb 25, 2009 @ 05:35:23
    တခုအကြံပးချင်တာက အခုဘာသာပြန်ဝတ္ထဟာ အ၇င်ကကျော်ကြားလူကြိုက်များခဲ့တဲ့ရွှေဥဒေါင်း၊ဒဂုံရွှေမျှားတို့၇ဲ့ ၀တ္ထုနီးနီး ဆွဲဆောင်နိုင်ပါတယ်. ဒါကြောင့် ၀တ္ထု၇ဲ့လေးနက်မှုပိုအောင် ဟာသဆန်တဲ့၊ဇာတ်လမ်းပေါ့စေတဲ့ အသုံးအနှုန်းလေးတွေ လျှော့စေချင်ပါတယ်.. ဥပမာဆို၇၇င် နှပ်ချေးတွေေ၇ာ။….ေ၇ာ၊ ……တွေေ၇ာ..ဟာ . ဟာသဆန်သွားတော့
    ဇာတ်လမ်း၇ဲ့ ၇င်ထိတ်သဲဖိုအ၇သာက ပေါ့သွားစေလို့ပါ။
    လေးနက်စေလိုတဲ့စေတနာနဲ့ အကြံပြုတာပါနော်။ ဆက်၇န် ကို ဖတ်၇န် မျှော်လျက်….
    Reply
  5. သင့်လူ
    Feb 23, 2009 @ 22:36:04
    ဟုတ်ကဲ့ပါ ကိုမင်းဒင်၊ စာလုံးပေါင်း သတ်ပုံ ကတော့ typing error ပါ။ ပြန်ပြင်လိုက်ပါ့မယ်။ အများကြီး ချီးကျူးတာကို အတိုင်းမသိ ဝမ်းမြောက်ပါတယ်။
    Reply
  6. သင့်လူ
    Feb 23, 2009 @ 22:39:16
    အခုလို comment ရေးပြီး အားပေးတာကိုက အတိုင်းမသိ ကျေးဇူးတင်ဖို့ ကောင်းပါပြီ။ ခင်ရာခင်ကြောင်း မိတ်ဆွေများ ဖြစ်ရအောင် လာလည်ပါဦးမယ်။
    Reply
  7. Kopoehut
    Feb 25, 2009 @ 21:17:56
    To ဦးမင်ဒင်>> ဒီက စာရေးသူတွေ အားလုံက လာလည်ချင်ပါတယ် ဦးမင်းဒင်၊ သို့ပေမယ့် သူတို့ ကိုယ်တိုင် အလုပ်မအားတဲ့ ကြားက ကုတ်ကပ် ရေးနေ ကြတာ ဆိုတော့ ဖူးခက်ကို လာလည် ဖြစ်ဖို့ မလွယ်ပါ။ သင့်လူ ကိုယ်တိုင်ကလည်း ဒွါရာဝတီက ရွှေပြည်တော် ပြန်ရောက်သွားပြီ ဆိုတော့ လောလောဆယ် ဦးမင်းဒင်ရဲ့ blog ကိုသာ လာလည် နိုင်တော့မှာ ဖြစ်ပါတယ်။
    To Zargyi>> အခုလို အကြံပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။ စာဖတ်သူရဲ့ သဘောထားကို သိရလိုပါ။ လောလောဆယ် စာရေးသူ အပြောအရ မူရင်း ဝတ္ထုရဲ့ ၁/၆ ပဲပြီးသေးပါတယ်။ ၁/၄ လောက် ရောက်ရင် သေချာ edit လုပ်ပြီး pdf အနေနဲ့ ပေးပါ့မယ်။ လောလောဆယ် သူ လက်တွေ့သလို ရေးနေတုန်းမို့ စာမူကြမ်း လို သဘောထားပြီး အဲဒီ နောက်တီးနောက်တောက် အသုံးအနှုန်းတွေကို သည်းခံပါ ခင်ဗျာ။ PDF version ကျတော့မှ ပြန်ပြီး တည်းဖြတ် ပါရစေ။
    Reply
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
Calender
February 2009
M T W T F S S
« Jan   Mar »
 1
2345678
9101112131415
16171819202122
232425262728  
Follow
Get every new post delivered to your Inbox.