အတ္တလန်တစ် ရှာပုံတော် (၁၁)
25 Feb 2009 2 Comments
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မိန်းမ များသည် သောတ အာရုံနှင့် ပါတ်သက်လျှင် ယောက်ျား များထက် ပိုမို ထက်မြက် ကြသည်ဟု ပစ် ထင်မိ၏။ ပက်ထရစ်ရှာ ဒီလို ပြောလိုက်သော အခါ သူ့ တိုက်ခန်းသို့ ရိုးရိုးရော၊ ဆန်းဆန်းပါ လာရောက် လည်ပါတ်လေ့ ရှိသည့် အမျိုးသမီးတိုင်းက သူ့နားထဲမှာ အနေတော် ဖြစ်နေသည့် တီဗွီမှ အသံသည် သိပ် ကျယ်လွန်းသည် ဟု စောဒက တက်ကြ သည်ကို ပစ် အမှတ် ရမိ၏။
မာကွီး ကတော့ လာပြန်ပြီ နောက်တစ်မျိုး ဟု တွေး၏။ ရေထဲမှာ အလင်းရောင် တွေ့တယ် ဆိုတုန်း ကလဲ သူပဲ။ ခု အသံ ကြားရ ပြန်ပြီ။ ကြားတာမှ ပေ ၁ဝဝဝ လောက် နက်တဲ့ မြေအောက် လှိုဏ်ခေါင်း ထဲမှာ မော်တော် ဆိုင်ကယ်သံ တဲ့ဗျား။ တွေးရင်း ရယ်ချင် ပက်ကျိ ဖြစ်လာသည်။ ထို့ကြောင့် ပြုံးပြုံးကြီး လုပ်၍ ပက်ထရစ်ရှာ ကို မေးလိုက်သည်။
“ဟာလီ ဒေဗစ်ဆန် သံလား၊ ဟွန်ဒါသံလား ဒေါက်တာ”
ပက်ထရစ်ရှာ ကျွဲမြီးတို သွား၏။ ထို့ကြောင့် ခပ်ထန်ထန် ပြန်ပြော လိုက်သည်။
“ရီစရာ ပြောတာ မဟုတ်ဘူး၊ ကျွန်မ တကယ်ကို ကြားနေ ရတာ။ ဘုရားစူးရပါစေရဲ့”
ထို့နောက် မှာတော့ ပစ် လည်း ထိုအသံကို ကြားလေပြီ။ လက်နှစ်ဖက်ကို ကတော့သဖွယ် လုပ်၍ နားတွင် ကပ်ရင်း အသံလာရာ ဖက်သို့ အာရုံ ပြုသည်။ လွန်စွာ အင်ဂျင်စက် အားကောင်းသော မော်တော်ဆိုင်ကယ် ၏ အိတ်ဇောသံ ဆိုသည်မှာ မြေကြီး လက်ခတ် မလွဲ။ ပစ် က မာကွီး ကို မေးလိုက်သည်။
“ဒီနား ပါတ်ဝန်းကျင်က ချာတိတ်တွေ မိုင်းတွင်း ထဲမှာ လူကြီးတွေ မသိအောင် လောင်းကြေးနဲ့ ဆိုင်ကယ် ပြိုင်ပွဲတွေ ဘာတွေ လုပ်လေ့ ရှိသလားဗျ”
“ဘယ်တော့မှ မလုပ်ဖူးဗျ၊ သူတို့ လုပ်ချင်တောင် လုပ်လို့ မရဘူး။ ဒီလောက် အကွေ့အကောက် များတဲ့ ဝင်္ကပါ လို လိုဏ်ခေါင်း တွေထဲ ဆိုင်ကယ် လာစီးလို့ ကတော့ အိတ်ဇောသံ တွေကြောင့် မြေပြိုပြီး သဂြိုလ်ပြီးသား ဖြစ်သွား မှာကိုး။ နယ်ခံ ချာတိတ်တွေ ဒါကို ကောင်းကောင်း နားလည်တယ်”
“ဒါဆို ဒီဆိုင်ကယ်တွေ ဘယ်က ရောက်လာ နိုင်သလဲ”
“ဒါတော့ ဘုရားမှ သိမှာပဲ။ အခြား ဝင်လို့ ရတဲ့ မိုင်းတွင်း တစ်ခုခုထဲ က လာကြပြီး ကျွန်တော် တို့နဲ့ တိုက်တိုက် ဆိုင်ဆိုင် လာဆုံတာ ဖြစ်မှာပေါ့” ဒေါက်တာ အမ်ဗရိုစ် က ဝင်ပြော၏။
“တိုက်-တိုက်ဆိုင် နိုင်လွန်းတယ်ဗျာ။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်း လိုပဲ” ပစ် သည် စိတ်မ သက်မသာနှင့် အီလည်လည်ကြီး ခံစားနေရ၏။ ဘာကြောင့် ဒီလို ဖြစ်နေမှန်း သူလည်း သေချာ မသိပါ။ ခန္ဓာကိုယ် မှ အမွေး တစ်မျှင်ပင် မလှုပ်ရှား စေပဲ ငြိမ်၍ အသံကို နားစွင့်သည်။ အန္တရာယ် အငွေ့အသက်……….
လိုဏ်ခေါင်း အဝမှာ မီးရောင် ကို မြင်ရပြီ။ မော်တော်ဆိုင်ကယ်။ သေချာသည်။ ပစ် တစ်ကိုယ်လုံး အကြောအခြင် တွေ တင်းသွားသည်။ နောင်ခါလာ နောင်ခါဈေး။ ဘယ်သူ ဖြစ်ဖြစ် ရန်သူလို ဆက်ဆံ တာက နောက်မှ နောင်တတွေ ရနေတာ ထက် အများကြီး စိတ်ချ ရသည်။
ငူငူကြီး ရပ်နေ ကြသော အမ်ဗရိုစ် နှင့် မာကွီး တို့ သတိမထား မိခင်မှာ သူ မှောင်ရိပ်ကို ပြေးကပ် လိုက်သည်။ ပြီးတော့ လိုဏ်ဂူကို ထောက်ထားသော ငြမ်း ဒေါက်တိုင်တွေ ကြားမှာ တစ္ဆေ တစ်ကောင်လို ပျောက်ကွယ် သွား၏။ ပက်ထရစ်ရှာ ကတော့ သူ လှစ်ကနဲ ပျောက်သွားမှန်း သိလိုက်သည်။ ဘာမှတော့ မပြော။
ဆိုင်ကယ် သမားက သုံးယောက် ဖြစ်၏။ ဆိုင်ကယ် သုံးစီးမှ မီးရောင် များက မျက်စိကန်း မတတ် လင်းလက် လှသည်။ ဆိုင်ကယ်သမား နှစ်ယောက် သူတို့ထံ လာနေ၏။ မီးရောင် အောင်တွင် သူတို့၏ အရိပ် များက ရှည်မျောမျော။ အမည်းရောင် သားရေ ဝတ်စုံ၊ ဒူးဖုံးသည့် လည်ရှည်ဖိနပ်၊ ဟဲလ်မက်၊ ရာဘာလက်အိတ် များနှင့် ထိုလူများကို ကြည့်ရ သည်မှာ တခြားကမ္ဘာက ဂြိုလ်သားများနှင့် တူနေ၏။ တတိယမြောက် ဆိုင်ကယ်သမား ကတော့ ဆိုင်ကယ် ပေါ်တွင် ကားရား ခွလျှက်။
“အမလေး- ရှင်တို့ကို တွေ့ရတာ ကျွန်မတို့ ဘယ်လို ဝမ်းသာမှန်း မသိတော့ ပါဘူး ရှင်” ပက်ထရစ်ရှာ က စိတ် လှုပ်ရှားစွာ ဖြင့် ဆီးကြို နှုတ်ဆက်၏။ လူစိမ်း နှစ်ဦး ကတော့ တုံဏိဘာဝေ။
“ဟုတ်ပ၊ ဟုတ်ပ၊ ခင်ဗျားတို့ကို တွေ့ရတာ သိပ် ဝမ်းသာတယ်” အမ်ဗရိုစ် ကလည်း အားပါးတရ ဝင်ပြော၏။
လူစိမ်းနှစ်ဦး အနက် ညာဖက်မှ လူက နက်ကျောကျော အသံဖြင့် စတင် စကားပြောသည်။
“ကျုပ်တို့ အတွက်တော့ အလုပ်ပိုလို့ သိပ် ဝမ်းမသာ နိုင်ဘူး။ ခင်ဗျားတို့ အားလုံး အာမီးနီးစ် အခန်းထဲမှာ ရေနစ်သေ ကုန်ကြပြီ လို့ တွက်ထားတာ”
“ဘယ်လို၊ အာမီးနီးစ် အခန်း၊ ဟုတ်လား” ပက်ထရစ်ရှာက ဝေခွဲ မရသည့် အသံဖြင့် ပြန်မေး၏။
မာကွီး သိပ် မသင်္ကာ ချင်တော့။ ဒီလူတွေ မူမမှန်ဟု ခံစားမိလာသည်။
“ခင်ဗျားတို့ ဘယ်က လာကြ တာလဲ”
“ဘယ်က လာလာ၊ အရေး မကြီးပါဘူး” လူစိမ်းက မာကွီး ၏မေးခွန်းကို ခပ်ပြတ်ပြတ် ဖြေ၏။ မဟုတ်သေး၊ ထပ်မေး ဦးမည်-
“ဒါဆို ကျုပ်တို့ တွင်းပြိုပြီး အခန်းထဲမှာ ရေမွန်း နေတာကို ခင်ဗျားတို့ သိတယ်ပေါ့”
“သိတယ်” ဆိုင်ကယ်သမားက အေးစက်စက် ဖြေ၏။
“သိတယ်၊ ဟုတ်လား၊ သိရဲ့သားနဲ့ တောင်၊ ကယ်ဖို့ ကူဖို့ မကြိုးစား ကြဘူးလား”
“မကြိုးစားဘူး”
ဟုတ်တော့ နေပြီ။ ကျောက်နံရံတွင် ကပ်ပြီး မှောင်ရိပ် ခိုလျှက် ဆိုင်ကယ်များ၏ နောက်သို့ တရွေ့ရွေ့ သွားနေသော ပစ် က စကား အသွားအလာ ကို နားထောင်၍ အခြေအနေ မလှကြောင်း သိလိုက်သည်။ ဒီလူတွေဟာ မာကွီးတို့ လူစု အခန်း ထဲမှာ ရေနစ် မသေလို့၊ မသေ,သေအောင် သတ်ဖို့ လာတဲ့ လူသတ်သမား တွေပဲ။ မိုင်းတွင်း အပြင်ဖက်ကို အသက် ရှင်လျှက် ထွက်ခွင့်ကို တားဆီးဖို့ လာကြတဲ့ သေမင်း ကိုယ်စားလှယ်တော် တွေပဲ။ ဒတ်ပစ် ရှိတာကို သူတို့ မသိကြခြင်း သည် အကောင်းဆုံး အခွင့်အရေး၊ ခု လှုပ်ရှားရမည်၊ ခါးကြားမှ တစ်ခုတည်းသော လက်နက် ဖြစ်သည့် ဓါးမြှောင်ကို ထုတ်၍ တင်းကျပ်စွာ ဆုပ်ကိုင် ထား၏။
“ကျွန်မတို့ အခန်းထဲ ရောက်ပြီး သိပ်မကြာဘူး၊ တွင်းပြို ကျပြီး ရေတွေ ဝင်လာတယ်” ပက်ထရစ်ရှာ လည်း ရိပ်မိပြီ။ သူမက စကားတွေ ရှာကြံ ပြောရင်း အချိန်ဆွဲဖို့ ကြိုးစား နေ၏။ ပစ် ဘာလုပ်နေပါလိမ့်။ ထွက်များ ပြေးသွားပြီလား။
“အဲဒါ ကျုပ်တို့ လုပ်တာ” လူစိမ်းက အေးစက်စွာ ပြန်ပြော၏။
“ဘာရှင့်၊ ဘယ်လို”
“ခင်ဗျားတို့ အားလုံး အဲဒီ အခန်းထဲမှာ သေဖို့ အားလုံး အစီအစဉ် ချထား ပြီးသား။ ခုလို လွတ်လာတော့ ကျုပ်တို့ အလုပ်ရှုပ် တာပေါ့။ ကိစ္စတော့ မရှိပါဘူး၊ ခဏနေ ပြီးသွားမှာပါ”
မာကွီး ရှော့ခ်ရသွားသည်။
“ဒါ— ဒါဆို ဒိုင်းနမိုက်နဲ့ မိုင်းတွင်းကို ခွဲတာ ခင်ဗျားတို့ပေါ့”
မာကွီး ၏ တုန်တုန်ရင်ရင် အမေးကို လူစိမ်းက အေးစက်စွာ၊ တိကျစွာ၊ စိတ်လှုပ်ရှားခြင်း ကင်းစွာ ဖြေ၏။
“ဟုတ်တယ်။ အဲဒါ ကျုပ်တို့လုပ်တာပဲ”
ပက်ထရစ်ရှာ သည် ကားလမ်းကို ဖြတ်ကူးစဉ် ကုန်တင်ကားကြီး ၏ မီးရောင် အောက်တွင် အထိတ်တလန့် ဖြစ်နေရှာ သော သမင်မလေး သဖွယ် မျက်လုံးလေးတွေ ဝိုင်းဝိုင်း လည်လျှက် ရှိ၏။ ဆိုင်ကယ်သမား များသည် ဒတ်ပစ် ရှိနေမှန်း မသိကြ သေးသည်မှာ သေချာသည်။ မာကွီးနှင့် အမ်ဗရိုစ် တို့ကလည်း ဒတ်ပစ်ကို သူတို့ နောက်တွင် ရပ်လျှက်သား ရှိနေသည် ဟု ထင်နေ ကြသည်။ သူမ အချိန်ဆွဲဖို့ ကြိုးစား ရမည်။ ဟုတ်သည်။
“ရှင်တို့နဲ့ ကျွန်မတို့ တစ်ခါမှလည်း မတွေ့ဖူးပါဘူး၊ ဒါနဲ့များ ကျွန်မ တို့ကို ဘာလို့ သေစေချင် ကြတာလဲရှင်”
“ခင်ဗျားတို့က မဟူရာ အရိုးခေါင်းနဲ့ ကျောက်နံရံက စာတွေကို တွေ့သွား ကြတာကိုး”
“အဲဒီတော့ ဘာဖြစ်လဲ” မာကွီး က ဒေါသတစ်ဝက်၊ သောကတစ်ဝက် လေသံဖြင့် မေးလိုက်သည်။
“ခင်ဗျားတို့ရဲ့ တွေ့ရှိချက်ကို အပြင်က လူတွေ သိဖို့ ခွင့်မပြု နိုင်ဘူး။ ဆိုတော့ ခင်ဗျားတို့ သေမှ ဖြစ်မယ်” ရှင်းလိုက် ပါဘိ။ ဘာမှကို စောဒက တက်စရာ မရှိ။
“ကျွန်တော်တို့က သုတေသန ပညာရှင်တွေပါ။ ရတနာသိုက် ရှာတာလည်း မဟုတ်ဘူး။ ရှေးဟောင်း သုတေသန လုပ်မိတာနဲ့ သတ်မယ် ဆိုတော့ ခင်ဗျားတို့ သောက်ရူး တွေပဲ” ဒေါက်တာ အမ်ဗရိုစ် သည် အံ့သြဖွယ် ကောင်းလောက်အောင် တည်ငြိမ် နေ၏။ လူသတ်သမားများ ကို စာသင်ခန်း ထဲမှ သူ့ ကျောင်းသား တွေကို မာန်မဲသလို ဆူပူ ၍ပင် နေလိုက် သေးသည်။ လူပုကြီး၏ သတ္တိကတော့ သြချ ထိုက်သည်။
ဆိုင်ကယ်သမား က ပုခုံးကို တွန့်ပြ လိုက်သည်။
“ခင်ဗျားတို့က ကိုယ့်အရာ မဟုတ်တာကို ဝင်ရှုပ် ချင်တာကိုးဗျ”
မာကွီး မကျေနပ်သေး။ ထပ်မေးလိုက်သည်။
“ဒါဆို ကျုပ်တို့ မိုင်းတွင်းထဲ ဆင်းသွားပြီ ဆိုတာ ဘယ်လိုလုပ် သိသလဲ”
“ကျုပ်တို့ကို သတင်းပေးတဲ့လူ ရှိတယ်။ ကဲ– မေးစရာတွေ ကုန်ပလား”
သုံးယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထိုစကားက သူတို့ကို သေမိန့်ချမည့် စကား ဖြစ်သည်မှာ မြေကြီး လက်ခတ် မလွဲ။ စကားတစ်လုံး မှ မပြောသေးသည့် ဒုတိယ ဆိုင်ကယ်သမားက ဝင်ပြော ပြန်၏။
“အချိန်လင့်နေပြီ။ ဒို့အလုပ်လေး လတ်စသတ်လိုက် ကြစို့” သူပြောပုံက အေးအေး ဆေးဆေး၊ တိုးတိုးသက်သာ ကလေး။ သူ့အချိုးက ထမင်းစားပွဲမှ ထကြ ရအောင်ဟု ပြောနေ ပုံမျိုး။ တကယ့် ဝါရင့် လူသတ်သမားမှန်း သိသာ လွန်းလှသည်။
=========================
ဒတ်ပစ်သည် အမြန်ဆုံး လှုပ်ရှား နေသည်။ ခပ်တိုးတိုး ထွက်လာနိုင်သည့် သူ့ခြေသံ များက တဖုတ်ဖုတ် မြည်နေသည့် ဆိုင်ကယ် အိတ်ဇောသံ ကြောင့် ပျောက်နေ၏။ ခုထိ ဆိုင်ကယ်ပေါ် ကားရား ခွထိုင် နေသည့် တတိယမြောက် ဆိုင်ကယ် သမား၏ နောက်သို့ သူ ရောက်နေပြီ။ သတ်ခြင်း၊ ဖြတ်ခြင်းသည် သူ့အတွက် အစိမ်းသက်သက် တော့ မဟုတ်ပါ။ သို့သော် လူတစ်ယောက် ၏ နောက်မှ ပုန်းလျှိုး ကွယ်လျှိုး ဓါးနှင့် ထိုးရမည့် အလုပ်မျိုး တော့ မလုပ်ဖူး သည်မှာ အမှန်။ သို့သော် အရိုးများ သလေး၊ ချေးခါးသလေး ရွေးနေ ရမည့် အချိန် မဟုတ်။ တော်တည့် ဖြောင့်မတ် ကောင်းမွန် နေခြင်း အားဖြင့် ဟိုသုံးယောက် ကိစ္စ ချောသွားလျှင် ပိုဆိုးမည်။ တတိယ ဆိုင်ကယ်သမား နောက်သို့ သူ ကပ်သွားသည်။ ဟဲမက် အောက်မှ လွတ်နေသည့် လည်ပင်း ကို ဓါးနှောင့် ဖြင့် ဆတ်ကနဲ ထုထည့် လိုက်သည်။ ဆိုင်ကယ်သမား သည် အသံ မထွက် နိုင်ပဲ ဒတ်ပစ် ၏ ရင်ခွင်ထဲ ပျော့ခွေ ကျလာသည်။ ပစ် သည် ဆိုင်ကယ်သမား ၏ ခန္ဓာကိုယ် ကို ခဏမျှ ထိန်းကိုင် ထားလိုက်သည်။ သူတို့ ဖြစ်ပျက် နေသည်ကို ဘယ်သူမှ သတိမထား မိမှန်း သေချာသော အခါ အမှောင်ရိပ်ရှိ ကျောက်သယ် ထရော်လီ တစ်ခု နောက်သို့ ဆွဲယူ သွား၏။ ပခုံးသိုင်း အိတ်ထဲက ပွိုင့်လေးဆယ့်ငါး ပီ-၁ဝ အမျိုးအစား အော်တိုမစ်တစ် ပစ္စတို ကို ဆွဲထုတ် လိုက်၏။ ပီ-၁၀ သေနတ်ကို သူ တစ်ခါမှ မသုံးဖူးပါ။ သို့သော်လည်း လက်မှာ ခံစားရသော စေးစေးပိုင်ပိုင် အတွေ့အထိ အရ ကျည်အပြည့် ထည့်ထားမှန်း သူသိ၏။ ဝါရှင်တန်မှ ကိုလိုရာဒါ သို့ လာခဲ့သည့် သူတို့အဖွဲ့ပိုင် ကားပေါ်တွင် ထားခဲ့ မိသည့် လက်စွဲတော် ကို့လ် ပစ္စတိုကို သတိရလိုက် မိသေးသည်။
ပစ် သည် မာကွီးတို့ သုံးဦးကို လုပ်ကြံ သတ်ဖြတ်ရန် ဟန်ရေး ပြနေသည့် လူသတ်သမား နှစ်ဦးထံ တိတ်တဆိတ် ချဉ်းကပ် လာ၏။ အတော် နီးကပ် လာသောအခါ သူ့ကို အမ်ဗရိုစ် က မြင်သွား၏။
“ခင်ဗျား အဲဒီကို ဘယ်လို ရောက်နေတာလဲ” အမ်ဗရိုစ် သည် သူ့အား လက်ညှိုး ထိုး၍ အကျယ်ကြီး အော်မေး လိုက်သည်။ သူ့ပုံစံက လူသတ်သမားများကို ရန်သူ ရောက်လာကြောင်း အသိပေးသလို ဖြစ်နေ၏။ ဤမျှ မိုက်မဲစရာ အကြောင်း ရှိသလော။
ပီ-၁၀ ကိုမောင်းတင်၍ လူသတ်သမားနှစ်ဦး ကို အသင့်ချိန်ထား လိုက်၏။
“ခင်ဗျား ဘယ်သူ့ကို ပြောနေ တာလဲ” လူသတ်သမား တစ်ယောက် က အမ်ဗရိုစ်ကို ဇဝေဇဝါ လှမ်းမေးသည်။
“ငါလေကွာ၊ ငါ့ကို ပြောတာပေါ့ကွ”
သူတို့နောက်မှ အသံကျယ်ကြီး တစ်ခု ထွက်လာ သည်ကို ကြားလိုက် ရသည်နှင့် တပြိုင်နက် လူသတ်သမား နှစ်ဦး သေနတ်များ ဆွဲထုတ်၍ တပြိုင်နက် နောက်သို့ လှည့်လိုက်ကြပုံမှာ ဒိတ်ဒိတ်ကြဲ ကြေးစား တွေမှန်း သံသယ ဖြစ်စရာ မရှိ လောက်အောင် မြန်ဆန် သွက်လက် လွန်းလှသည်။ သို့သော် သူတို့မျက်နှာများ ဒတ်ပစ် နှင့် မျက်နှာချင်း မဆိုင်မိခင် မှာပင် ပီ-၁၀ ပစ္စတိုမှ ကျည်ဆန် နှစ်တောင့် ရှေ့ နောက် ဆင့်၍ ထွက်သွား ကြ၏။
ပထမကျည်ဆန်သည် ညာဖက်မှ ဆိုင်ကယ်သမား၏ ဟဲလ်မက် လေကာမှန် ကို အစိတ်စိတ် အမွှာမွှာ ကွဲကြေ စေပြီး နှာယောင်မှ တဆင့် ဦးဏှောက်ထဲ ရောက်သွား၏။ ဒုတိယ ကျည်ဆန်သည် သေနတ် ဆွဲထုတ်၍ ပစ်အံ့ ဆဲဆဲ ဘယ်ဖက် မှ ဆိုင်ကယ်သမား ၏ လည်မျိုကို ဖောက်၍ အသက်ရှုပြွန်နှင့် အစာမျိုပြွန် နှစ်ခုလုံးကို ချိုးဖဲ့ ဖျက်ဆီးပြီး လည်ပင်ရိုး များကို ချေမွှ ပစ်လိုက်သည်။
စက္ကန့် နှစ်ဆယ်မျှ ပက်၊ အမ်ဗရိုစ် နှင့် မာကွီး တို့ မှင်တက် မိနေ ကြသည်။ သူတို့ ခြေထောက် နားသို့ ရုတ်ချည်း လဲကျလာ သော အသက်မဲ့ ခန္ဓာကိုယ် များကို မျက်လုံး အပြူးသား၊ ပါးစပ် အဟောင်းသား ဖြင့် ငေးကြည့် နေကြသည်။
“ရှင်- သူတို့ကို သတ်လိုက်ပြီ” ပက်ထရစ်ရှာ ထံမှ အသံ တိုးတိုးကလေး ထွက်လာသည်။ အလောင်းတွေကို တစ်လှည့်၊ ပစ် ကို တစ်လှည့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြင့် ကြည့်နေ၏။
“သူတို့ကို သတ်လိုက်တာ ခင်ဗျား တို့ကို သတ်လိုက် တာထက် ပိုကောင်း တာပေါ့ဗျ၊ ကဲ အိမ်မက်ဆိုး ထဲက နိုးချိန် တန်ပြီ ရဲဘော်တို့”
မာကွီး နှင့် အမ်ဗရိုစ် တို့ ထိုအခါ မှပင် လက်ရှိ ပစ္စက္ခ အခြေအနေသို့ ပြန်လည် ရောက်ရှိ လာကြသည်။ အမ်ဗရိုစ် က ပစ် ကို လက်ဆွဲနှုတ်ဆက်ရင်း- “ခင်ဗျား ကျေးဇူးတွေ ကျုပ်တို့အပေါ် များလှပြီ မစ္စတာ……..”
“ဒတ်ပစ် ပါ၊ ပစ် လို့ပဲ ခေါ်ပါ”
“ကောင်းပါပြီ မစ္စတာပစ်၊ ဒီအကြွေးကို ကျုပ်ဘယ်တော့မှ မမေ့ပါဘူး”
လက်ဆွဲ နှုတ်ဆက် နေသော အမ်ဗရိုစ် မျက်နှာမှာ တင်းလွန်း လှသည်။ စိတ်သက်သာရာ ရခြင်းထက် စိတ်အနှောက် အယှက် ပိုဖြစ် နေပုံ ရသည်။ သူ့ မျက်စိရှေ့မှာ အရှင်လတ်လတ် သတ်ပွဲကြီးကို မြင်လိုက် ရသည် မဟုတ်လား။ ဆင်စွယ် နန်းတော် ထဲက ပညာရှင်ကြီး ကြောက်ရှာ ပေမပေါ့။
“ကျုပ်လည်း တူတူပဲဗျို့” မာကွီး ကတော့ ဝမ်းသာအားရ ပစ် ကို ကျောသပ် ရင်သပ် လုပ်နေ၏။ ပစ် က မာကွီး ဖက် လှည့် ကြည့်လိုက်ပြီး-
“မာကွီး၊ ဒီလူတွေ ဘယ်ကနေ ဝင်လာ ကြတယ်လို့ ထင်လဲ” မာကွီး ခဏ စဉ်းစား၏။ ပြီးတော့-
“ဒီ နိဗ္ဗာန်ဘုံ မိုင်းတွင်း အပေါက်ဝက နေပဲ ဝင်လာ ကြတာ ဖြစ်ဖို့များတယ်”
“ဒါဆို ဒိုင်းနမိုက် ခွဲလိုက်ပြီး သူတို့ပါ ပိတ်မိ နေအောင် တမင်သက်သက် လုပ်တာပေါ့” အမ်ဗရိုစ်က ဝင်ထောက်၏။
ပစ် ခေါင်းခါသည်။
“အဲသလိုတော့ မဟုတ်လောက် ဖူးဗျ။ သူတို့ ပြန်ထွက် သွားကြဖို့ စီစဉ် ထားကြ ပုံပဲ။ ဒါပေမဲ့ ပေါက်ကွဲမှု က သိပ် ပြင်းထန် လွန်းတော့ ငလျှင် လှုပ်သလို ဖြစ်ပြီး တွင်းပြို ရေကြီး ကုန်တော့ သူတို့လည်း ပိတ်မိ ကုန်တာပေါ့”
“ရူးနေကြပြီ။ အားလုံး ရူးနေကြပြီ။ ကျွန်မ တို့ကို သတ်ဖို့ ဒီလောက် အပင်ပန်းခံ စီစဉ်တဲ့ သူတွေ အားလုံး ရူးလို့ပဲ” ပက်ထရစ်ရှာ က အလောင်းကောင်း များကို ရွံရှာစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဒါနဲ့ ခုနက သူတို့ ပြောတဲ့ ခင်ဗျားတို့က ကိုယ့်အရာ မဟုတ်တာကို ဝင်ရှုပ် ချင်တာကိုးဗျ ဆိုတာ ဘာကို ဆိုလိုတာလို့ ထင်လဲ”
ပစ် ပခုံးတွန့်ပြလိုက်သည်။
“ဘယ်သိမလဲဗျ၊ ကျွန်တော် သိချင်တာက သူတို့ကို ဘယ်သူ လွှတ်တာလဲ။ ဒီကိစ္စမှာ နောက်ကွယ်က ဘယ်သူကြိုး ကိုင် တာလဲ ဆိုတာပဲ။ ကျွန်တော့်လို အဏ္ဏဝါဗေဒ အင်ဂျင်နီယာ တစ်ယောက် အနေနဲ့တော့ စဉ်းစားလို့ မရပါဘူး”
အမ်ဗရိုစ် က ခပ်ထေ့ထေ့ ပြုံးရင်း-
“အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ ခင်ဗျားဟာ မွေးကတည်းက သေနတ်ကိုင် မွေးလာသလို သေနတ်ပစ် ကျွမ်းကျင် လွန်းလှ တယ်ဗျာ”
“လူကို နောက်က ပစ်တာပဲဗျာ၊ မခက်လှပါဘူး”
“ကဲ ဟိုတစ်ယောက်ကို ဘယ်လို လုပ်မလဲ” မာကွီးက ပစ် လက်ချက်ဖြင့် မေ့မျော နေသည့် လူကို မေးငေါ့၍ ပြော၏။
“ကျွန်တော်တို့ သူ့ကို ချည်စရာ ကြိုးလဲမရှိဘူး၊ သူ့ဖိနပ် ချွတ်ပြီး အောက် ပစ်ချလိုက်။ သူ သတိ ပြန်ရလို့ ကျောက်ချွန်တွေ ကို နင်းပြီး ခြေဗလာနဲ့ သွားနိုင်ရင် သွားပစေပေါ့။ ဒါနဲ့ ခင်ဗျားတို့ ဆိုင်ကယ်စီးတတ် ကြသလား”
“ကျုပ်က ဆယ်နှစ်နီးပါး ဟာလီ စီးခဲ့တာဗျ” မာကွီးက ဂုဏ်ယူ ဝံ့ကြွားစွာ ပြော၏။
“ကျွန်မက အဖေရဲ့ ဟွန်ဒါ အစုတ်ကြီးကို အရင်က အမြဲတမ်း တက်ခွနေကျ” ပက်ထရစ်ရှာ ကလည်း အားကျမခံ ပြော၏။
“ဒေါက်တာ ကရော”
“ကျွန်တော့် တစ်သက် မော်တော်ဆိုင်ကယ် ပေါ်တစ်ခါမှ တက်မထိုင်ဖူးဘူးဗျ၊ ဒါနဲ့ ခင်ဗျားဘာလုပ်မလို့လဲ”
“အင်မတန်ကောင်းတဲ့ လမ်းကြမ်းစီး ဆူဇူကီး သုံးစီး ရှိမှတော့ဗျာ၊ ဟိုကောင်တွေတောင် မြေပေါ်ကနေ ဒီကို လာနိုင် သေးရင် ကျွန်တော် တို့လည်း ဒါကြီး စီးပြီး မြေပေါ် ပြန်တက်ဖို့ လမ်းရှာ ရမှာပေါ့ဗျ၊ လမ်းလျှောက် ရတာ ပင်ပန်း ပါတယ်”
ပစ်ကို မာကွီး နှင့် ပက်ထရစ်ရှာ အတော် သဘောကျသွားသည်။ ဒီလူ အတော် မိုက်ကန်းတဲ့ လူပဲ။ ကောင်းတယ်။ ဆိုင်ကယ် ပြိုင်ပွဲလေး ကျင်းပ ရသေးတာပေါ့။ စိတ်ကူး ဖြင့်ပင် အူမြူး လာကြ၍ မျက်နှာတွေ စပ်ဖြဲဖြဲ ဖြစ်လာ ကြသည်။
“ဒေါက်တာ အမ်ဗရိုစ် က ကျွန်တော့် နောက်က လိုက်ခဲ့ပေါ့” ပစ်၏ ဖိတ်ခေါ်ချက် ကို ဒေါက်တာ က ခေါင်းခါ ပြရင်း-
“ခင်ဗျားတို့ပဲ သွားကြပါ၊ ကျွန်တော် ဒီမှာပဲ နေရစ် ခဲ့မယ်။ ဆိုင်ကယ် နောက်က လိုက်ရင် လမ်းမှာတင် ပြုတ်ကျ ခဲ့ဖို့ များတယ်”
ပစ်သည် ပီ-၁၀ သေနတ်နှစ်လက် ကို လူသေများ ထံမှ သိမ်းဆည်းပြီး သူ့မှာ ရှိသော တစ်လက်ကို ဒေါက်တာ အမ်ဗရိုစ် ထံ ကမ်းပေး လိုက်သည်။
“ဟို အကောင်နဲ့ ပေနှစ်ဆယ်လောက် ခွာနေပါ။ တကယ်လို့ သတိရ လာပြီး အခြေအနေ မဟန်ရင် ပစ်သာ သတ်ပစ် လိုက်”
“ကောင်းပါပြီ။ ဒါပေမဲ့ သေနတ် မသုံးရ ပါစေနဲ့လို့ ကျွန်တော် ဆုတောင်း ပါတယ်”
ဆူဇူကီး ဆိုင်ကယ် များက အလွန် ကောင်းလှသည်။ စက်သံက တဝေါဝေါ၊ လီဗာဆွဲလျှင် ဆွဲသလောက် ပြေးသည့် ၁၂၅ အင်ဂျင် ပါဝါများ တပ်ထား၏။ ဒတ်ပစ်၊ မာကွီး နှင့် ပက်ထရစ်ရှာ တို့သည် ဆိုင်ကယ်သုံးစီး ကို တန်းစီ၍ ရှင်လောင်းလှည့် သလို စီးလာ ကြသည်။ လိုဏ်ခေါင်းများထဲ ဟိုကွေ့ဒီကွေ့ ဖြင့်လမ်းပြ ကွန်ပြူတာ လမ်းညွှန်ချက် အတိုင်း လိုက်လာကြရာ ကျောက်လိုဏ် လမ်းများ ဆုံးသွားပြီး အုတ်အင်္ဂတေ တို့ဖြင့် ပိတ်ထားသော နေရာ တစ်ခုထဲ ရောက်သွား ကြ၏။
“ကဲ- မာကွီး ရေ၊ ခင်ဗျား ပြောတဲ့ နယူး ရှယ်ရီဒန် ဟော်တယ် မြေအောက်ခန်းထဲ ကျုပ်တို့ ရောက်ပြီဗျ”
“ရောက်တာတော့ ဟုတ်ပြီ။ ခု ထွက်ပေါက် မရှိတော့ ဘယ်လို လုပ်ကြမလဲ။ မစ္စတာပစ်ရဲ့၊ အခြား ထွက်ပေါက် ရှာရ ဦးမှာပေါ့”
မာကွီး ၏ စကားကို ပစ် ကြားပုံမပေါ်။ နံရံ တွေကို အသေအချာ ကြည့်ပြီး မျက်ခုံးမွှေး နှစ်ခု ထိလု မတတ် မျက်မှောင်ကြုတ် ထား၏။ ပက်ထရစ်ရှာ ကတော့ မျက်လုံးလေး ကလယ်ကလယ်။ တကယ်တော့လည်း သူမ ပင်ပန်း လှပါပြီ။
“ဒီနေရာပဲ။ ခင်ဗျားတို့ ဆိုင်ကယ်တွေ ကျွန်တော့် ရှေ့က ဖယ်ကြ” ပစ်သည် ရုတ်တရက် စိတ် ဖောက်ပြန် သွားသည့်နှယ် မာကွီး နှင့် ပက်ထရစ်ရှာ ကို သူ့ရှေ့ မှ ဖယ်ခိုင်း နေသည်။ ပြီးတော့ ဆိုင်ကယ်ကို လီဗာ ကစားနေ၏။ အိတ်ဇောမှ ထွက်လာသည့် အသံက မုန်တိုင်း ဗဟိုချက်မ ရောက်နေ သည့်နှယ် ကျယ်လောင် လွန်းလှသည်။ ပြီးတော့ အလွန့် အလွန် လျှင်မြန်သည့် အရှိန်ဖြင့် နံရံကို ဦးတည်ပြီး ဆိုင်ကယ်ကို ဝက်ခေါင်းထိုး စီးသွား တော့သည်။
ဆူဇူကီးသည် နှစ်ပရိစေတ္တ ကြာ၍ ဆွေးမြေ့စ ပြုနေသော အုတ်နံရံကို ဖုန်းကနဲ ပစ်တိုက် ပစ်လိုက်သည်။ ဝုန်းကနဲ အသံကျယ်ကြီး တစ်ခု ကြားလိုက် ရပြီး အုတ်နံရံတွင် အပေါက်ကြီး တစ်ခု ဖြစ်သွားသည်။ ပစ်ကို မလှမ်းမကမ်း တွင် ခွေခွေလေး လဲနေ သည်ကို တွေ့ရ၍ မာကွီး နှင့် ပက် အပြေးတစ်ပိုင်း သူ့နား သွားကြသည်။ သူ့မေးစေ့တွင် သွေးများ ပေ နေ၏။ စိုးရိမ်တကြီး ပြေးလာသော သူတို့ကို ပစ် က ပြုံးပြ၏။ မျက်လုံးစိမ်းများ က သရော်တော်တော်။
“တခြားထွက်ပေါက် ရှာနေရင် ညစာစားချိန်နောက်ကျသွားမှာပေါ့ဗျ”
“ဘုရားရေ၊ ရှင် နောက်နေနိုင် သေးတယ်နော်၊ ဘာမှ မဖြစ်ဘူးလား”
“နံရိုးတွေတော့ နည်းနည်း နိမ့်သွားတယ် ထင်တာပဲ”
မာကွီး က စုတ်တသပ်သပ်၊ ခေါင်းတယမ်းယမ်း- ပစ် ဆိုသည့် ငနဲသည် အတော် မိုက်ကန်းသည့် သူ ဆိုသည်မှာ သွေးထွက် အောင် မှန်လှသည်။ ပြီးတော့ အုတ်နံရံ အပေါက်မှ ခေါင်းပြူ ကြည့်၏။ ချက်ချင်းပင် ခေါင်းပြန်လှည့် လာသည်။ ပစ်ကို မျက်လုံးကြီး ပြူးကြည့်ရင်း-
“ဟုတ်တယ်ဗျ၊ ထွက်ပေါက်မှ ထွက်ပေါက်အစစ်၊ အတော့်ကို သောက်ကျိုး နည်းအောင် ဈေးကြီးတဲ့ ထွက်ပေါက်ဗျ”
ဒီတစ်ခါ မျက်မှောင် ကြုတ်ရသူက ဒတ်ပစ်၊ ဘာဖြစ်လို့လဲ၊
“ခင်ဗျား ဆိုင်ကယ်နဲ့ တိုက်ခွဲ ပစ်လိုက်တာ အုတ်နံရံတင် မကဘူးဗျ၊ နယူးရှယ်ရီဒန် ဟိုတယ်က မြေအောက် နှစ်ချို့ ဝိုင် ထားတဲ့ အခန်းထဲက ဝိုင်ပုလင်း တစ်ရာလောက် ကွဲကုန်ပြီဗျ၊ လျော်ရ တော့မယ်။ ဒီထွက်ပေါက်မှ ဈေးမကြီး ဘယ်ဟာက ဈေးကြီး လိမ့်မလဲ။”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Feb 26, 2009 @ 23:48:58
အရေးအသားကတော့ ဆွဲဆောင်မှုရှိတယ်ဗျာ … ကျောင်းမသွားခင်တစ်ခါ၊ ကျောင်းပြန်လာရင်တစ်ခါ ၀င်ဝင်ပြီး အသစ်တင်လားစောင့်ကြည့်ပြီးတော့ကို ဖတ်နေတာဗျ … အဲလောက်ကို ဆွဲဆောင်မှုကောင်းတာ ။
Feb 27, 2009 @ 22:09:44
To သောကြာ>>> ကိုသောကြာရေ၊ တစ်နေ့ နှစ်ခေါက် လာလာ ဖတ်နေ တာတောင် အသစ် မတင်နိုင်သေးတာ အားနာပါတယ်။ ဒီ တနင်္ဂနွေ ကျရင် အပိုင်း (၁၂)ကို တင်ဖြစ်အောင် တင်ပါ့မယ်ဗျာ။