အတ္တလန်တစ် ရှာပုံတော် (၁၂)
01 Mar 2009 Leave a Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
ရဲအရာရှိ ဂျိမ်းအီဂမ် ဂျူနီယာ သည် နိဗ္ဗာန်ဘုံ မိုင်းတွင်း ပြိုကျမှု အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက်ရန် အသွား နယူးရှယ်ရီဒန် ဟိုတယ် မြေအောက်ခန်း ကို ဖောက်ခွဲ ဝင်ရောက်မှုဖြင့် လူးဝစ်မာကွီး နှင့် အပေါင်းအပါ တစ်စု ကို ဖမ်းဆီး ထားကြောင်း သတင်း ဝင်လာ သဖြင့် အလျှင်အမြန် ပြန်လာ ခဲ့သည်။ အီဂမ် သည် စိတ် ရှုပ်ထွေး နေ၏။ မကြာသေး မီကပင် မစ္စမာကွီး ထံမှ သူ့ယောက်ျား နှင့် အခြားသူ နှစ်ဦး မိုင်းတွင်း ပြိုကျ၍ အထဲတွင် ပိတ်မိ နေကြောင်း တိုင်ကြားချက် ရရှိ ထားသည်။ အခု မစ္စတာ မာကွီးက ဟိုတယ် မြေအောက်ခန်း ကို ဖောက်ခွဲ ထွက်ပေါ် လာသည်။ ဟိုတယ် မြေအောက်ခန်း ကို ဆိုင်ကယ်ဖြင့် ပစ်တိုက် လိုက်ရာ သိုလှောင် ထားသည့် နှစ်ချို့ဝိုင် ပုလင်းတွေ ဒါဇင်နဲ့ ချီပြီး ပျက်စီး သွား၍ ဟိုတယ်ပိုင်ရှင်က အကြီးအကျယ် စိတ်ဆိုး နေသတဲ့။ ဘာတွေလဲ။ စိတ်ညစ်ညစ်ဖြင့် နယူးရှယ်ရီဒန် ဟိုတယ် ရှိရာသို့ ကားမောင်း လာခဲ့၏။
ဟိုတယ် ကွန်ဖရန့်စ် ခန်းထဲ ဝင်ဝင်ချင်းပင် အခန်း အလယ်မှာ ရပ်နေသော မဲမှောင်၊ ညစ်ထပ်၊ စုတ်ပြတ် နေသည့် ယောက်ျား နှစ်ဦး နှင့် မိန်းမ တစ်ဦးက သူ့အာရုံကို ချက်ချင်း ဆွဲဆောင် နိုင်ခဲ့သည်။ အားလုံးကို လက်ထိပ် ခတ်ထား၍ ထိုအထဲမှ ယောက်ျား တစ်ယောက်က မထော်မနန်း ရေငုတ် ဝတ်စုံကြီး ဖြင့်။ သူတို့ဘေးတွင် ရဲနှစ်ယောက်က အူကြောင်ကြောင် မျက်နှာပေး များဖြင့် ရပ်နေ ကြ၏။ အီဂမ် ရောက်လာသော အခါ ရဲတစ်ယောက်က ပစ်ကို မေးငေါ့ ပြရင်း-
“ဟိုတယ် မြေအောက်ခန်းကို အမြောက်နဲ့ ပစ်ခွဲတာ သူပေါ့ ဆရာ” ဟု ပြောလိုက်သည်။
“သူတို့ဆီက လက်နက်တွေ သိမ်းပြီး ပြီလား”
ရဲက ခေါင်းညိတ် ပြပြီး အော်တိုမစ်တစ် ပီ-၁ဝ ပစ္စတို နှစ်လက်ကို ထုတ်ပေး၏။
အီဂမ် ကျေနပ်သွားသည်။ မြို့ငယ် ကလေးက ရဲဆိုပြီး အထင်မသေး ကြနဲ့ကွ ဆိုသည့် မျက်နှာထား မျိုးဖြင့် မာကွီး ဖက် လှည့်ပြီး-
“ခင်ဗျားတို့က ဘယ်လို ကနေ ဘယ်လို မိုင်းတွင်းထဲ ကနေ ဟော်တယ်ထဲ ရောက်လာ တာတုန်း” ဟု စတင် မေးမြန်း လိုက်သည်။ မာကွီးက သူ့အမေးကို များစွာ ဂရုမစိုက် ဟန်ဖြင့်-
“နောက်မှ ဇာတ်စုံ ခင်းပြမယ်။ အခု လောလောဆယ် ခင်ဗျားတို့ မိုင်းတွင်းထဲ ဆင်းပြီး ဒေါက်တာ အမ်ဗရိုစ် ကို ကယ်ဖို့ အရေးကြီး တယ်။ အထဲမှာ လူသေ နှစ်လောင်းနဲ့ လူသတ်သမား တစ်ယောက်လည်း ရှိသေးတယ်”
အီဂမ်သည် ဘုရားသခင် တရားစီရင်သော နေ့ ရောက်ပြီ ဖြစ်သောကြောင့် သချိုင်းကုန်း မှ လူသေ တွေတောင် ထလာ ကြပြီ ဆိုသော စကားမျိုး ကြားလိုက် ရသလို တွန့်သွား၏။ မိုင်းတွင်း၊ ဒေါက်တာအမ်ဗရိုစ်၊ လူသတ်သမားများ။ သူ ထိုင်လိုက်၏။ အင်္ကျီအိတ် ထဲမှ မှတ်စု စာအုပ်လေး ကို ထုတ်လိုက်၏။ ပြီးတော့မှ ဖြစ်ကြောင်းရယ် ကုန်စင်ကို မာကွီး အား အသေးစိတ် မေးတော့သည်။
မာကွီးလည်း အဆမတန် မောဟိုက် ပင်ပန်း နေသည့် ကြားမှ တတ်နိုင်သမျှ ပြည့်ပြည့် စုံစုံ ဖြေရှာပါသည်။ တွင်းပြိုပုံ၊ ရေကြီးပုံ၊ ပစ်၏ ထူးထူးဆန်းဆန်း ရောက်ရှိ ကယ်တင်ပုံ၊ ဇာတ်စုံ ခင်းပါသည်။ သူက ပြောလိုက်၊ အီဂမ်က ပြန်ပြန်မေး လိုက် လုပ်နေတော့ တဖြည်းဖြည်း ဒေါထလာပြီး-
“ငါလခွေးတဲ့မှ၊ အရေးပေါ် လူကယ်စရာ ရှိပါတယ်လို့ ပြောနေကာမှ ထပ်တလဲလဲ ချေးခြောက် ရေနှူး နေတယ်။ ဒီမယ် ဂျိမ်း။ သိချင်ရင် ကိုယ့်ဖာသာ မိုင်းတွင်းထဲ ဆင်းပါ တော့လားကွ”
အီဂမ် နှင့် မာကွီး သည် ပြောမနာ၊ ဆိုမနာ မိတ်ဟောင်း ဆွေဟောင်းများ မို့ သူပြော သည်ကို အီဂမ် စိတ်မဆိုး မိပါ။ သို့သော်လည်း သူ့ဇာတ်လမ်းက ယုံဖို့ ခဲယဉ်း လွန်းလှသည်။ မဟူရာ အော့ဆီဒီယမ် အရိုးခေါင်း၊ ရှေးဟောင်း သုတေသန၊ မြေကြီးအောက် ပေတစ်ထောင် မှ ရှေးစာများ ထွင်းထားသည့် အခန်း၊ ဆိုင်ကယ် နှင့် လာကြသော လူသတ်သမား များ။ ဟား- လျှို့ ဝှက်သည်းဖို ရုပ်ရှင်လား။
“ဒီမယ် မာကွီး၊ ခု ခင်ဗျား ပြောတာ တွေဟာ အမှန်တွေပါလို့ အာမခံ သလား”
“မစ္စတာ မာကွီး ပြောတာတွေ အားလုံး အမှန်တွေ ချည်းပဲ၊ ရှင်က ဘာလို့ မယုံရ တာလဲ” တစ်ချိန်လုံး ငြိမ်နေသည် ပက်ထရစ်ရှာ က ဝင်ပြောသည်။ အီဂမ် သူ့ဖက် လှည့်လိုက်သည်။
“ခင်ဗျားက……………”
“ကျွန်မက ပက်ထရစ်ရှာ အိုကွန်းနဲလ်၊ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်ကပါ”
“မြေအောက် မိုင်းတွင်းထဲ ဘာဝင် လုပ်တာလဲ၊ စာသင်ခန်း အသစ် ဆောက်ဖို့လား”
“မစ္စတာ မာကွီး တွေ့ခဲ့တဲ့ ရှေးဟောင်းစာတွေကို အဓိပ္ပါယ် ဖော်ဖို့၊ ကျွန်မက ရှေးဟောင်းလက်ရေး ပါရဂူပါ”
အီဂမ်သည် အမျိုးသမီးအား ငေးကြည့်နေမိသည်။ အတော်လေး လှသည့် မိန်းမပဲ။ ရှေးဟောင်း လက်ရေး ပါရဂူ ဆိုပဲ။ ခုတော့ ရွံ့ အလိမ်းလိမ်း ဖြင့် လမ်းဘေးမှ ဝဲစားရုပ် ထွက်နေ၏။
“ဘာပဲပြောပြော ကျုပ် သိတာ ကတော့ ခင်ဗျားတို့ ဆိုင်ကယ်တွေ ခိုးလာတယ်။ ဟိုတယ် မြေအောက်ခန်း ကို ဖောက် တယ်။ ဝိုင်ပုလင်းတွေ ဖျက်ဆီးတယ်” အီဂမ်က ခေါင်းမာစွာ ပြောလိုက်သည်။
မာကြီး စိတ္ညစ္လာ၏။ သူကြမ်းကြမ်းတမ်းတမ်း ပင်ပြောလိုက်သည်။
“ခင်ဗျားရဲ့ အရစ်ရှည်တဲ့ ရဲသောက်ကျင့်ကို အသာ မေ့ထားစမ်း၊ ဒေါက်တာ အမ်ဗရိုစ်ကို ခုချက်ချင်း ကယ်မလား၊ မကယ်ဘူးလား။ သူသေသွားရင် ခင်ဗျား တာဝန်ယူမလား”
“ဒါကတော့ ကျုပ်လူတွေ မိုင်းတွင်းထဲ လွှတ်ပြီး လူကယ်ဖို့ အတွက် ယုံကြည်ရ လောက်တဲ့ အထောက်အထား ရှိမှ ဖြစ်မှာ ပေါ့ဗျ”
“ကျွန်တော် တစ်ခုလောက် ပြောလို့ ရမလား” အုတ်နံရံကို အမြောက်နဲ့ ပစ်ခွဲခဲ့သည် ဆိုသည့် ရေငုတ်ဝတ်စုံ နှင့် ငနဲ က စကား စပြောသည်။ အီဂမ် သူ့ဖက် လှည့်လိုက် ပြန်၏။ အရပ်က ခြောက်ပေ သုံးလက်မ၊ အလေးချိန်က ပေါင် ၁၈ဝ- ၁၉ဝ လောက် ရှိပြီး နေလောင် ထားသော မျက်နှာနှင့် နဖူးပေါ် ဝဲကျ နေသော ဆံပင် နက်နက် တွန့်တွန့် များ နှင့် နားထင် စပ်မှ ဖြူစ ပြုနေသော ဆံစများ။ နက်မှောင် သန်စွမ်းသည့် မျက်ခုံးမွှေး ထူများ အောက်မှ မြစိမ်းရောင် မျက်လုံးများ။ ဖြောင့်စင်း သောနှာတံနှင့် ပိပိရိရိ နှုတ်ခမ်းများ ပိုင်ဆိုင်သည့် အသက်သုံးဆယ့်ငါးနှစ် မှ လေးဆယ့်ငါးနှစ် အတွင်း ယောက်ျား တစ်ယောက်။
“ခင်ဗျားက ဘယ်သူပါလိမ့်” အီဂမ် ကဘောလ်ပန် ကို မှတ်စုစာအုပ်တွင် ထောက်လျှက်သား အလုပ်ရှုပ် ချင်ယောင် ဆောင်ပြီး မေးလိုက်သည်။
“ကျွန်တော့် နာမည် ဒတ်ပစ် ပါ”
“ဒီကိစ္စ မှာ ခင်ဗျားက ဘယ်နေရာကနေ ဘယ်လိုပါလာတာလဲ”
“ကျွန်တော်က အမျိုးသား အဏ္ဏဝါ ဗေဒ အေဂျင်စီက အထူးပရောဂျက်များ ဆိုင်ရာ ဒါရိုက်တာ အလုပ် လုပ်ပါတယ်။ ဒီလိုပဲ မိုင်းတွင်း တွေထဲမှာ ရွှေလေးဘာလေး ရမလားလို့ လျှောက်ရှာရင်း ဆွမ်းခံရင်း ဌက်သင့် ဆိုသလို ဒီကိစ္စထဲ ပါလာ ပါတယ်”
အီဂမ် နည်းနည်း တင်းသွား၏။ သူဖြေပုံက ဆရာ စာမေးသည် ကို ဖြေသော ကျောင်းသား ကဲ့သို့ မေးခွန်း အထအန ကို ကောက်၍ လျှောက်ဖြေခြင်း ဖြစ်သည်။
“ဒီမှာ ခင်ဗျား ကျွန်တော့် ကိုနောက်နေ တာလား။ ခင်ဗျားပြောတိုင်း ကျွန်တော်က ယုံရမှာလား”
“မနောက်ပါဘူး။ ခင်ဗျားကို ကျွန်တော် ဖုန်းနံပါတ် တစ်ခု ပေးမယ်။ ကျေးဇူးပြုပြီး ခေါ်ပေးပါလား”
“ခင်ဗျား ရှေ့ နေဆီကို ဖုန်းခေါ်ချင်လို့လား”
“မဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူလဲ ဆိုတာ သေချာအောင် အတည်ပြုပေး နိုင်တဲ့ သူဆီကို ဖုန်းခေါ် ချင်လို့ပါ။ ခင်ဗျားတို့ အတွက် အထောက်အကူ ရတာပေါ့”
အီဂမ် ခေါင်းညိတ် လိုက်သည်။ ပစ်ကို မှတ်စု စာအုပ် ထိုးပေး လိုက်၏။ ပစ်က တစ်စုံတစ်ရာကို ရေးခြစ်ပြီး အီဂမ်ကို ပြန်ပေးပြီး-
“အဝေးဖုန်း ခေါ်ရမှာနော်” ဟုပြောလိုက်သည်။
“ရပါတယ်။ ဟိုတယ် ကနေ ခေါ်မှာပဲ။ ကျသင့်ငွေကို ဟော်တယ်ကို ရှင်းပေါ့ဗျ”
“ကောင်းပြီ။ ခုခင်ဗျား စကားပြော ရမယ့် သူက ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ဆန်ဒက်ကာ လို့ ခေါ်တယ်။ ဒါသူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက် နံပါတ်ပဲ။ ကျွန်တော် ဘယ်သူလဲ ဆိုတာ သူ့ကိုမေးပါ”
အနီးရှိ စားပွဲပေါ်မှ ဖုန်းတစ်လုံး ကို အီဂမ် ဆွဲယူ လိုက်ပြီး နံပါတ်တွေ နှိပ်လိုက်သည်။ ခဏနေတော့—
“ဟုတ်ကဲ့။ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာလား ခင်ဗျာ၊ ကျွန်တော်က ကိုလိုရာဒို က ဆန်မီဂယ်လ် ခရိုင်ရဲမှူး ဂျိမ်း အီဂမ်ပါ။ ဒီမှာ ဗိုလ်ချုပ်ကြီးတို့ ဆီမှာ အလုပ်လုပ်တဲ့ ဒတ်ပစ် ဆိုတဲ့ လူတစ်ယောက် ရှိနေ ပါတယ်။ အဲဒါကို အတည်ပြုချက် ရချင် လို့ပါ”
ဖုန်းကိုင်ထားရင်း အီဂမ်က ဒတ်ပစ် ကို ပေစောင်း ကြည့်လိုက်သည်။ ဟိုတယ်ကို အမြောက်နဲ့ ထုပြီး သူနှင့် မဆိုင် သလို မထုံတက်တေး နေနေသော ဤငနဲကို အီဂမ် ကြည့်မရ။ သူပြောသည့် အတိုင်း မဟုတ်လို့ ကတော့ သူ့ကို အကြမ်းဖက်မှု၊ လူသတ်မှု၊ ခိုးမှု၊ ဖျက်ဆီးမှု တွေနှင့် တသီတတန်းကြီး တရားစွဲ ပစ်ပြီး ဆွေမျိုး မေ့သွားအောင် ထောင်ချ ပစ်လိုက်မည် ဟု တေးထား၏။
ထို့နောက် တွင်တော့ တစ်ဖက်နှင့် ဆယ်မိနစ်ခန့် စကားပြော ကြသည်။ သူ့မျက်နှာသည် ဖြူဖတ် ဖြူရော ဖြစ်လာပြီး ချွေးစေးတွေ ပြန်လာသည်။ အီဂမ်သည် ဘုရားသခင် နှင့် စကားပြော နေရသည့်နှယ် ဟုတ်ကဲ့ခင်ဗျာ၊ ဟုတ်တာပေါ့ ခင်ဗျား၊ ဟုတ်ကဲ့ပါ စသည့် ယဉ်ကျေး သိမ်မွေ့လှသော စကားလုံး တွေကို ထပ်ကာတလဲလဲ သုံးပြီး နောက်ဆုံးတော့ ဖုန်းချလိုက် သည်။ ထို့နောက် ပစ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ခင်ဗျား အထက်လူကြီးက သောက်ကျိုးနည်း စိတ်တိုတတ်တဲ့ ငနဲကြီးပဲဗျ”
ပစ် ရယ်လိုက်သည်။
“သူက အမြဲတမ်း လူတွေကို ဒီလိုပဲ နှိပ်ကွပ်နေကြဗျ။ ဒီက အပျက်အစီးတွေ အတွက် ကုန်ကျ စရိတ်ကို သူပေးမယ် ပြောသေးလား”
အီဂမ် ကပြုံးလိုက်ပြီး-
“အဲ- အပျက်အစီး အတွက်ကတော့ ခင်ဗျားလခထဲက ဖြတ်မယ်လို့ပြောတယ်ဗျ”
ပက်ထရစ်ရှာ ၏ စပ်စုချင်သော စိတ်ကလေးက ကြွလာ၏။
“ဟို ဗိုလ်ချုပ်ကြီးက ရှင့်ကို ဘာတွေများ ပြောလိုက်တုန်း၊ မစ္စတာ အီဂမ်”
အီဂမ်က ခပ်တိုးတိုးဖြေသည်။
“ဗိုလ်ချုပ်ကြီးက ကျွန်တော့်ကို ပြောတဲ့ အထဲမှာ မစ္စတာပစ် က အမေရိကန် ပြည်တွင်းစစ်မှာ တောင်ပိုင်းက နိုင်သွား တယ်လို့ ပြောခဲ့ ရင်တောင် သူ့စကားကို ကျွန်တော် ယုံရမယ်တဲ့ဗျ”
xxxxxxxxxxxxxxxxxxxxxxxxxxxxx

Recent Comments