အတ္တလန်တစ် ရှာပုံတော် (၁၃)
04 Mar 2009 Comments Off
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
နယူးရှယ်ရီဒန် ဟိုတယ်၏ မြေအောက် ဝိုင်သိုလှောင်ခန်း သည် ဒတ်ပစ် လက်ချက်ဖြင့် အင်္ဂတေ နံရံတွင် ဟောင်းလောင်း ပေါက်ကြီး ဖြစ်နေပြီး ဝိုင်ပုလင်း ကွဲများ၊ အုတ်ကျိုး အစအနများ ဖြင့် ဓမ္မာသောက ဒီဇိုင်း ဖြစ်နေ၏။ ထိုအပေါက်ကြီးမှ တဆင့် ဒတ်ပစ်၊ မာကွီး၊ အီဂမ် နှင့် လက်ထောက် ရဲမှူး တစ်ဦး တို့သည် မိုင်းတွင်း လှိုဏ်ခေါင်း အတွင်းသို့ တန်းစီ၍ ဝင်ကြ၏။ ဆူဇူကီး ဆိုင်ကယ် သုံးစီး ကို ပိုးလိုး ပက်လက် လန်လျှက် တွေ့ကြ ရသည်။ သို့သော် စီး၍မဖြစ်၊ မကြာသေး ခင်က ဖြစ်ပျက် ခဲ့သော ရုန်းရင်း ဆန်ခတ် မှုများနှင့် အင်ဂျင်စက်မှ ဆူညံသံများ ကြောင့် မိုင်းတွင်း လိုဏ်ဂူ များသည် အဆမတန် တုန်ခါ ခဲ့ပြီးပြီ။ ထို့ကြောင့် သူတို့ အပြေးတပိုင်း ခပ်သွက်သွက် လမ်းလျှောက် လာကြ၏။ သံလမ်းများ၊ ထရော်လီများ၊ လမ်းမြှောင် လမ်းခွဲများ, များလှ၏။
ဒတ်ပစ် အဖို့ ဒေါက်တာ အမ်ဗရိုစ် နှင့် လူသတ်သမားများ ရှိရာ နေရာသို့ ပြန်သွားရန် လမ်းကို ဦးဆောင် လမ်းပြ ရသည့် အလုပ်မှာ မလွယ် လှချေ။ လိုဏ်ခေါင်း တည်နေရာပြ ကွန်ပြူတာ သည်လည်း လွှတ်လမ်း ကိုသာ ပြနိုင်သည် ဖြစ်ရာ အခုအခါ အားကိုး၍ မရတော့။ အနီးစပ်ဆုံး ခန့်မှန်းချက် အရ ဟိုတယ်နှင့် ထိုနေရာ သည် တစ်မိုင် နီးပါးခန့် ကွာဝေးသည် ကတော့ သေချာ၏။ ပစ်သည် လက်နှိပ် ဓါတ်မီးကို ဖွင့်ချည် ပိတ်ချည် လုပ်ရင်း ခပ်သွက်သွက် လျှောက်လာ၏။ သူ အမ်ဗရိုစ် ကို ပေးခဲ့သော ရေငုတ် ဟေလိုဂျင်မီး အလင်းရောင်ကို တွေ့လို တွေ့ငြား မှောင်ထဲသို့ အားစိုက်ပြီး ကြည့်ရှု၏။
ဒတ်ပစ် သည် တစ်နေရာ အရောက်တွင် ရပ်တန့် လိုက်ပြီး လှိုဏ်ဂူ ပါတ်လည်ကို မီးဖြင့် ထိုးကြည့်သည်။ ပြီးတော့ မာကွီး ကို လှည့်ပြော လိုက်သည်။
“ကျွန်တော်တို့ ရောက်ပြီဗျ”
မိုင်းတွင်းပိုင်ရှင်သည် ပစ် စကားကို မယုံ နိုင်အောင် ဖြစ်နေ၏။
“မဖြစ်နိုင်ဘူး ထင်တယ်။ မစ္စတာပစ်။ ကျုပ်တို့ အသံတွေရယ် မီးအလင်းရောင်ရယ်ကို ဒေါက်တာအမ်ဗရိုစ်က ဧကန် မုချ မြင်မှာပဲ။ ဒါဆိုရင် သူ အသံ ပေးရင်ပေး၊ အချက် ပြရင်ပြ တစ်ခုခုတော့ လုပ်မှာပဲ။ ခုတော့ ဘယ်သူမှ မရှိပါလား”
ပစ် ခေါင်းညိတ် လိုက်၏။ နံရံများကို ဓါတ်မီးဖြင့် လျှောက်ထိုးကြည့်ရင်း-
“ဟုတ်တယ်။ တစ်ခုခု မှားနေတာတော့ သေချာတယ်။ ဒီမှာ တွေ့လား။ ဆိုင်ကယ်သမားတွေ လာတော့ ကျွန်တော် ဒီနေရာမှာ ပုန်းနေတာဗျ။ နေရာကတော့သေချာတယ်။ ဒါဆို…………….”
အီဂမ်က သူတို့နောက်က ရပ်ပြီး-
“ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ရပ်နေတာလဲ” ဟုမေး၏။ ပစ်က ပြုံးပြလိုက်ပြီး-
“ဒီနေရာပဲဗျ။ လူတွေကတော့ အငွေ့များ ပျံသွားပြီလား မပြောတတ်ဖူး။ အစအန ပျောက်သွားပြီ”
ရဲမှူးသည် ပစ် မျက်နှာကို ဓါတ်မီးဖြင့် ထိုးရင်း မျက်နှာပေါ်မှ၊ မျက်လုံးထဲမှ တစုံတရာ ကို ရှာဖွေနေသည်။
“ဒီမှာ။ ခင်ဗျား ကျုပ်တို့ကို အရူးလုပ်နေ တာတော့ မဟုတ်ပါဘူးနော်။ ဒီလူတွေ တကယ် ရှိခဲ့တယ် ဆိုတာ သေချာလား”
မာကွီးက စုပ်သတ် လိုက်၏။
“ဒီမယ် အီဂမ်၊ ကျုပ်ကျိန်ဆိုလည်း ကျိန်ပြောမယ်ဗျာ။ ကျုပ်တို့ ဟာ ဒီနေရာမှာ အလောင်း နှစ်လောင်းရယ်။ သတိမေ့ နေတဲ့ လူသတ်သမားရယ်၊ သေနတ်တစ်လက်နဲ့ ဒေါက်တာ အမ်ဗရိုစ်ရယ် ကို ချန်ထား ခဲ့တာ နေအရှေ့ဖက်က ထွက်ပြီး အနောက်ဖက် ဝင်သလိုကို သေချာတယ်ဗျ”
ပစ်သည် ဒူးထောက် ထိုင်ချလိုက်၏။ မြေပြင်ကို ဓါတ်မီးဖြင့် ထိုးပြီး တစ်လက်မ မကျန် စေ့စေ့စပ်စပ် ကြည့်နေ၏။ တစ်စုံ တစ်ရာကို ရှာဖွေ နေသလို။ အကယ်၍သာ အမ်ဗရိုစ်နှင့် လူသတ်သမား တို့ ပျောက်ကွယ် သွားခဲ့သည် ဆိုလျှင် သူတို့ ဤနေရာတွင် ရှိခဲ့ကြောင်း သဲလွန်စ တစ်ခုခုတော့ ချန်ထား ခဲ့ပေမည်။ မူလ ရည်ရွယ်သည် ကတော့ လူသတ်သမား နှစ်ဦးကို ရှင်းလင်းရာတွင် သူ ပစ်လိုက်သည် ပီ-၁ဝ သေနတ်မှ ကျည်ခွံ များကို ရှာဖွေရန် ဖြစ်သည်။ သို့သော် မည်သည့် ကျည်ခွံမှ ပစ် ရှာမတွေ့ချေ။ ထိုအစား သူ တွေ့လိုက် ရသည်က အနက်ရောင် ဝါယာကြိုးမျှင်ကလေး တစ်ခု။ သူနှင့် တစ်ပေခွဲ အကွာခန့်ရှိ မြေကြီး ပေါ်တွင် ရှိသော ထိုဝါယာကြိုးကလေး နောက်သို့ ဓါတ်မီးဖြင့် လိုက်ထိုး ကြည့်သည်။ ကြိုး သည် ကျောက်သယ် ရထားလမ်း ကို ဖြတ်၍ နံရံကို ထောက်ထားသည့် ငြမ်းထောက် တစ်ခုပေါ် တက်သွားသည်။ ငြမ်းထောက် ပေါ်မှာတော့ အထုတ် တစ်ထုတ်။ ဝါယာကြိုး သည် ထိုအထုတ် နှင့် ဆက်ထား၏။
ပစ် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ လည်တိုင် တလျှောက် တင်းရင်း ကိုက်ခဲလာသည်။
အ န္တ ရာယ် ထောင် ချောက်
“ရဲမှူးကြီး၊ ခင်ဗျား မှာဗုံး ရှင်းလင်းရေး အတွေ့အကြုံ ရှိလား”
သွားကြားမှ ထွက်လာသော လေသံဖြင့် မေးလိုက်သည့် ဒတ်ပစ် ၏ အမေးကြောင့် ရဲမှူး အီဂမ် မျက်မှောင် ကြုတ်သွား ၏။
“ကျွန်တော်က တပ်ထဲမှာ တုန်းကတော့ မြေမြှပ်ဗုံး အိတ်စပတ် လုပ်ခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲ”
ဒတ်ပစ်က ဝါယာကြိုးကို လက်ညှိုး ထိုးပြ လိုက်သည်။
“ကျွန်တော့် အထင် မှားပါစေလို့ ဆုတောင်းတယ်ဗျ။ ကျွန်တော်တို့ နောက်ဘဝကို အစိတ်စိတ် အမွှာမွှာ ဖြစ်ပြီး ရောက် သွားအောင် ဗုံးထောင် ခံခဲ့ရပြီလို ထင်တယ်”
အီဂမ်သည် ဝါယာကြိုးကို အသေးစိတ် စစ်ဆေးသည်။ ထို့နောက် ပစ် ဖက်သို့ ပြန်လှည့်လာသည်။
“ခင်ဗျား မှန်တယ် မစ္စတာပစ်။ ရန်သူ ရှိနေပြီ”
“ကျွန်တော်တို့ ဒေါက်တာအမ်ဗရိုစ်ကို ပြန်လာ ခေါ်မယ် ဆိုတာ သိလို့ အသေအချာ အကွက်ချ စီမံ သွားတာဗျ”
မာကွီးသည် အံ့သြလွန်း သဖြင့် ပါးစပ် အဟောင်းသား ဖြစ်နေ၏။ အတန်ကြာမှ-
“ဒါဆို ဒေါက်တာနဲ့ ဟိုလူသတ်သမား တွေ ဘယ်ရောက် သွားသလဲ။ ကျုပ်တော့ ဘာမှ စဉ်းစားလို့ မရဖူး ဖြစ်နေတယ်”
“ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်ဗျ။ ပထမ တစ်ခုက လူသတ်သမား ဟာ မေ့နေရာက သတိပြန်ရ၊ ဒေါက်တာအမ်ဗရိုစ် ကို အနိုင်ယူ၊ သတ်ပြီး အောက်ပစ်ချ၊ ပြီးတော့ ဗုံးတွေ ဆင်ပြီး အခြားလမ်း ကနေ အပြင် ထွက်သွားတာ”
အီဂမ်က ပခုံးတွန့်လိုက်သည်။
“ခင်ဗျား ပထမ ဖြစ်နိုင်ချေ က မဖြစ်နိုင်ဖူးဗျာ။ ကျုပ်တော့ လက်မခံဘူး။ နတ်သမီးပုံပြင် ကျနေတာပဲ”
“ဒါဆို ဗုံးတွေက ဘယ်သူ ဆင်တာ ဖြစ်မလဲ၊ မိုးပေါ်က ကျလာတာလား”
“ဘယ်ပြောနိုင်မလဲဗျ၊ ခင်ဗျားဆင်ထားတာ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့” အီဂမ်သည် ငါ့စကားနွားရ ပြောလေပြီ။
“ကျွန်တော်က ဒီမိုင်းတွင်းထဲမှာ ဗုံးဆင် ရလောက်တဲ့ အကြောင်းလေးများ ပြောပြစမ်းပါဦး”
အီဂမ် နှင့် ဒတ်ပစ် အခြေအနေ ကို အကဲခတ်၍ မာကွီး ဝင်ပြောရသည်။
“အီဂမ်ရေ။ မစ္စတာပစ်က ကျုပ်မြင်ကွင်းထဲမှာ ပြီးခဲ့တဲ့ ငါးနာရီလုံးလုံး တစက္ကန့်တောင် မပျောက်ပဲ ကျုပ်တို့နဲ့ အတူရှိ နေခဲ့တာဗျ။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပါ။ ဗုံးထောင်စရာ အကြောင်းမရှိပါဘူး”
အီဂမ်က အလျှော့မပေးသေး။ ခေါင်းမာစွာ ပြောပြန်၏။
“ဒါဆိုလည်း ဒါဗုံးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ တခြားဟာ ဖြစ်ချင်ဖြစ်မှာပေါ့”
ပစ် ပြုံးလိုက်သည်။
“အဲသလိုဆိုရင် ဝါယာကြိုးကို ဆွဲနှုတ် ကြည့်ပါလားဗျ။ နေဦး၊ နေဦး၊ ကျွန်တော်တို့ အပြင်ထွက်လိုက်ဦးမယ်။ ခင်ဗျား တစ်ယောက်တည်းကျန်တော့မှ အားရပါးရ ဆွဲကြည့်လေ”
“ခင်ဗျား မပြောလည်း ကျုပ်အဲဒါလုပ်မလို့ပဲ။ ဗုံးဖြစ်လည်း ကိစ္စမရှိပါဘူး၊ ကျုပ်ရှင်းတတ်ပါတယ်” အီဂမ်က ပြောပြောဆိုဆို ဝါယာကို လက်လှမ်းလိုက်သည်။
ပစ် မျက်နှာ သွေးဆုတ်ဖြူရော်သွား၏။
“ကျွန်တော်သာ ဆိုရင်တော့ ဒီလို မလုပ်ဖူး ရဲမှူးကြီး၊ ဒီဗုံးက အပျော်တမ်းသမား လက်ရာ မဟုတ်ဖူးဗျ၊ ထိပ်တန်း ကြေးစားတွေ လက်ရာမျိုး၊ လက်ညှိုးလေးနဲ့ ထိလိုက် တာနဲ့ ကွဲမှာအသေအချာပဲ”
အီဂမ် က ပစ်ကို စောင်းငဲ့ကြည့်လိုက်သည်။
“ခင်ဗျားမှာ အကြံဥာဏ် ကောင်းတွေ ရှိရင်ပေးစမ်းပါဦးဗျာ”
ဒတ်ပစ်က တစ်နေရာသို့ လက်ညှိုး ထိုးပြ လိုက်သည်။
“ဟိုမှာ ကျောက်သယ်တဲ့ ထရော်လီ၊ တွေ့လား။ ဒီနေရာနဲ့ဆို ဂိုက်နှစ်ရာလောက်ဝေးမယ်။ အဲဒီ ထရော်လီကို ကျွန်တော်တို့ ဒီနေရာရောက်အောင် တွန်းချလိုက်မယ်။ ဒါဆို ဗုံးတွေပေါက်ကွဲကုန်လိမ့်မယ်။ ကျွန်တော်တို့လည်း ဘေးကင်း တာပေါ့။ ဘယ်လို သဘောရလဲ”
“အဲသလို လုပ်လိုက်ရင် လိုဏ်ခေါင်း ပြိုကြပြီး ရာသက်ပန် ပိတ်သွားတော့ မှာနော်” မာကွီးက သတိပေး လိုက်၏။
ပစ် ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နောက်မျိုးဆက်တွေ ဒီ မိုင်းတွင်းထဲ မဝင်နိုင်အောင် တမင်သက်သက် စိတ်ယုတ်မာ မွေးပြီး လုပ်တာမှ မဟုတ်ပဲဗျာ။ နောက်ပြီး တော့လည်း ဒီလိုဏ်ခေါင်းကို ၁၉၃၀ ခုနှစ်ကစပြီး ခုထိ ကျွန်တော်တို့အပြင် ဘယ်သူမှ ဝင်မလာဖူးဘူး မဟုတ်လား”
“ကောင်းပြီ။ ကျုပ်သဘောကျတယ်” နောက်ဆုံးတော့ အီဂမ်သည် ပစ်၏အကြံကို လက်ခံလိုက်၏။ “နောင်လာနောက် သားတွေ ဒီမိုင်းတွင်းကို ရောက်လာခဲ့သည်ရှိသော် ဒီအတိုင်း ဗုံးတွေနဲ့ဆို မဖြစ်ဘူး၊ ခင်ဗျားပြောတဲ့ အတိုင်း လုပ်ကြတာပေါ့”
နောက် ဆယ့်ငါးမိနစ်ခန့်ကြာသော် ဒတ်ပစ်၊ မာကွီး၊ အီဂမ်နှင့် လက်ထောက်ရဲမှူး တို့သည် ကျောက်သယ်သည့် ထရော်လီ အဟောင်းကြီးကို ဗုံးနှင့်ဆက်ထားသည့် ဝါယာကြိုး နှင့် ကိုက်ငါးဆယ် အကွာသို့ ချွေးဒီးဒီး ကျအောင် တွန်းရွေ့ လာခဲ့ ကြသည်။ အစမှာတော့ သံချေး ကိုက်နေသော ဘီးများသည် လွယ်လွယ်နှင့်မရွေ့ ။ နောက်ပိုင်းတော့ မြန်ဆန် လွယ်ကူ လာခဲ့သည်။
“ကဲ လူကြီးမင်းတို့ ဒီနေရာကနေ တွန်းချ ကြစို့” ဒတ်ပစ်က ဆော်သြ လိုက်ပြီး လူလေးယောက် ညာသံပေး၍ ထရော်လီ ကြီးကို တွန်းချ လိုက်တော့သည်။
ထရော်လီသည် ဒယိမ်းဒယိုင်နှင့် မြေသားလမ်း အတိုင်း ပြေးဆင်း သွား၏။ ယောက်ျား လေးယောက်ကား ကျောက်နံရံ အကွယ်သို့ ကမန်းကတန်း ပြေးဝင် နေရာယူ ကြ၏။ တစ်မိနစ် မျှအကြာတွင် နားကွဲလုခမန်း ကြောက်စရာ ပေါက်ကွဲသံ ကြီးကို ကြားလိုက်ကြရသည်။ ဗုံးကား ပေါက်ကွဲချေပြီ။
တလိပ်လိပ်ထ လာသောဖုန်မှုန့်များကြောင့် မြင်ကွင်းသည် မသဲကွဲ။ နားထဲက လေတွေ ထွက်ပြီး အူလျှက် အသံ ကောင်းကောင်း မကြားကြရ။ အီဂမ်သည် မျက်စိကို ပိတ်လျှက် အော်ပြောလိုက်သည်။
“ကိစ္စတော့ ပြီးပြီ မစ္စတာပစ်ရေ။ ဒါပေမဲ့ ခင်ဗျားတစ်ခု လိုသွားသဗျ”
“ဘာများပါလိမ့် ရဲမှူးကြီး”
“ခင်ဗျားတို့ရဲ့ ဒေါက်တာ အမ်ဗရိုစ်လေ။ တကယ်လို့ သူ သေသွားပြီ ဆိုရင်တောင် ခုလိုဏ်ဂူ ပြိုကျ သွားပြီ ဆိုတော့ သူ့ အလောင်းကို ဘယ်တော့မှ ဘယ်သူမှ မတွေ့နိုင် တော့ဘူးပေါ့”
ပစ် သက်ပြင်းချလိုက်သည်။
“သူ့ ကိုရှာလို့ အချိန်ကုန်ရုံပဲ ရှိမှာပါဗျာ”
အီဂမ်က တစုံတခုကို သတိရသွားသည်။
“နေဦးဗျ၊ ခင်ဗျားခုနက ကျုပ်တို့ကို ဖြစ်နိုင်ချေ နှစ်ခုလို့ ပြောခဲ့တယ် မဟုတ်လား။ ဒုတိယ ဖြစ်နိုင်ချေက ဘာလဲ”
“ဒုတိယ ဖြစ်နိုင်ချေကတော့………….” ပစ်အားလုံးကို ခြုံကြည့်လိုက်ပြီး တစ်လုံးချင်းပြောလိုက်သည်။
“ဒေါက်တာ အမ်ဗရိုစ် မ-သေ-ဘူး-ဗျ”
မာကွီး ခေါင်းရှုပ်သွားသည်။ ဖုန်တွေကပ်နေသော ဆံပင်များကို တဗျင်းဗျင်းကုတ်ရင်း မေးလိုက်သည်။
“တတိယ လူသတ်သမားက အမ်ဗရိုစ်ကို မသတ်ဘူးလို့ ဆိုလိုတာလားဗျ”
“ဟုတ်တယ်။ သူ့ဘော့စ် သူဘယ်ပြန်သတ်လိမ့်မလဲ”
“ဘယ်လို– ဘော့စ်၊ ဟုတ်လား”
ဒတ်ပစ်က အားလုံးကို ပြုံးပြလိုက်ပြန်သည်။ ပြီးတော့ ပြတ်သားစွာပြောလိုက်သည်။
“ဒေါက်တာ အမ်ဗရိုစ်ဟာ လူသတ်သမား တွေထဲက တစ်ယောက်၊ ရှင်းရှင်းပြောရရင် ခေါင်းဆောင်ပဲဗျ”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Recent Comments