အတ္တလန်တစ် ရှာပုံတော် (၁၅)
07 Mar 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
“ကျုပ်ကတော့ အဲဒီ လေယာဉ် ပျက်ကျသွားတဲ့ တောင်တက် အဖွဲ့တွေနဲ့၊ တွင်းပိ သေသွားတဲ့ အရီဇိုးနား က သုတေသန အဖွဲ့ တွေ့ခဲ့တာဟာ မဟူရာ သလင်း အရိုးခေါင်းပဲလို့ ထင်နေတယ်ဗျာ”
မာကွီးက တွေးတွေးဆဆ ပြောလိုက်၏။
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဘယ်သူမှ အတိအကျတော့ မသိခဲ့ကြဘူး” ပက်ထရစ်ရှာ ရင်မောလာ၏။ ဒီအတိုင်းသာ ဆိုလျှင် သူမတို့ ဓါးခုတ်ရာ လက်ဝင် လျှိုမိ ချေပြီ။
“နေဦးဗျ၊ ခင်ဗျား ဟိုအခန်းထဲမှာ တုန်းက နံရံပေါ်က စာတွေ ကူးလာ ခဲ့တယ် မဟုတ်လား”
“ဟုတ်တယ်လေ။ ရေတွေ စိုနေလို့ ဆံပင်အခြောက်ခံစက်နဲ့ မှုတ်ထား ရတယ်။ ဖတ်လို့တော့ ရသေးတယ်ရှင့်။ ဒါပေမဲ့ ခုထိတော့ ဘာမှ အဓိပ္ပါယ် မဖော်နိုင် သေးဘူး။ ကျွန်မလည်း ဒီလို သင်္ကေတမျိုးတွေ တစ်ခါမှ မတွေ့ဖူးဘူးလေ”
ပစ်က စဉ်းစဉ်း စားစားပြောလိုက်သည်။
“ကျွန်တော်ကတော့ ရှေးခေတ်ကပဲ ဖြစ်ဖြစ်၊ ခုခေတ်ပဲ ဖြစ်ဖြစ်၊ အက္ခရာ သင်္ကေတတွေမှာ တူညီတာလေးတွေ ရှိနိုင်တယ်လို့ ထင်တယ်”
“မထင်နဲ့ရှင်၊ ဘယ်လိုမှ အဓိပ္ပါယ် ဖော်မရတဲ့ ရှေး လက်ရေး မူတွေ အများကြီးပဲ။ ဒါပေမဲ့ မဟူရာ သလင်း အရိုးခေါင်းနဲ့ နံရံမှာ ရေးထားတဲ့ သင်္ကေတတွေ ကတော့ တော်တော်ကြီး တူတယ်။ အသေးစိတ် အချိန်ပေးပြီး မလေ့လာရ သေးခင် တော့ ဘာမှ မပြောနိုင် သေးဘူးလေ”
မာကွီးသည် မခံချိမခံသာဖြစ်နေ၏။
“အေးဗျာ။ ဒီအခန်းလေး ခေါင်းပေါ်မှာ ရှိမှန်း မသိပဲနဲ့ နေ့တိုင်း အဲဒီမှာ အလုပ် သွားလုပ် နေမိတာ တွေးကြည့်ရင် အသည်းတောင် ယားတယ်”
ဒတ်ပစ်က သူတို့နှစ်ယောက်ကို မေးလိုက်၏။
“အဲဒီအခန်းကို ဘယ်သူ တွေက ဘယ်တုန်းက ဘာရည်ရွယ်ချက်နဲ့ တည်ဆောက် ခဲ့ပြီး လူသတ်သမား တွေနဲ့ ဘယ်လို ပါတ်သက် နိုင်သလဲ။ စဉ်းစားကြည့်ကြ စမ်းပါ”
ရုတ်တရက် လေအေးတစ်ချက် နော့သွားသဖြင့် ကျောထဲ စိမ့်သွားကြ၏။ ပက်က-
“အတော်အေးလာပြီ။ ကျွန်မ ကုတ်အင်္ကျီ သွားယူ လိုက်ဦးမယ်”
မာကွီးက မီးဖိုဖက်သို့ ကြည့်ရင်း-
“လီဇာ ကော်ဖီနဲ့ ကိတ်မုန့်သွားယူတာ ကြာလှ……………..”
ရုတ်တရက် မာကွီးအသံ သည် ရပ်သွား၏။ ဒတ်ပစ်သည် ကြောင်ရိုင်း တစ်ကောင်လို လျှင်မြန်စွာ ထိုင်ရာမှ ထပြီး မာကွီးပါးစပ် ကို လက်ဝါးဖြင့် ပိတ်၍ စားပွဲအောက် လှဲချ လိုက်သည်။ ပြီးနောက် ပက်ကို ကြမ်းပြင်ပေါ် ဆွဲချပြီး သူ့ ကိုယ်လုံး ကြီးဖြင့် ဖိထား လိုက်သည်။ ပုံမှန် မဟုတ်သော အရိပ် မည်းမည်းများ၏ လှုပ်ရှားမှုကို သူ့မျက်လုံး ထောင့်မှာ ရိပ်ကနဲမြင် လိုက်ရပြီးနောက် ကျင့်သားရနေသောသူ၏ ဆဌမအာရုံ လှုံ့ဆော်မှု များကြောင့် အလွန် လျှင်မြန်စွာ သူ လှုပ်ရှား လိုက်နိုင် ၏။
စက္ကန့်ပိုင်း အတွင်း ဆင့်ကာဆင့်ကာ ပစ်လိုက်သော သေနတ်သံ နှစ်ချက်ကို အလွန် နီးကပ်စွာ ကြားလိုက် ရ၏။ အပြင်မှာ အရိပ်မည်းမည်း များ ဝရုံးသုန်းကား လှုပ်ရှား နေသည်။ ဒတ်ပစ်သည် ပက်ထရစ်ရှာ ၏ ခန္ဓာကိုယ် လေးကို ဖိထားရာမှ တစ်ဖက်သို့ လှိမ့်လိုက်ပြီး အားယူ ထဖို့ ကြိုးစား လိုက်စဉ် မှာပင် သူ့နားထဲ၌ အလွန် အင်မတန် ရင်းနှီး ကျွမ်းဝင်လှသော အသံတစ်ခုကို ကြားလိုက်ရ၏။
“စိတ်မပူနဲ့ဟေ့။ သူ့ကိုမိပြီကွ”
မာကွီးနှင့် ပက်ထရစ်ရှာသည် သူတို့ကိုယ် သူတို့ ဘာဖြစ်သွားမှန်း မသိလိုက်ကြပဲ လူးလဲ ထလာကြ၏။
“ဟို သေနတ်သံတွေနဲ့ ဘာ— ဘာတွေ လဲ” မာကွီးက တုန်လှုပ်ချောက်ချားနေ၏။
“ဘာမှ မပူနဲ့တော့ဗျ၊ ကျွန်တော်တို့ လူတွေရောက်လာပြီ” ပစ်က အားပါးတရ ပြောလိုက်၏။ သူ့လေသံတွင် စိတ်ချ ယုံကြည်ခြင်း များစွာ ပါသွား၏။
မာကွီး သည် အိမ်ဖက်သို့ လှမ်းကြည့်ရင်း-
“ကျုပ်မိန်းမနဲ့ ကလေးတွေရော….”
“ရေချိုးခန်းထဲမှာ နဘယံ၊ ဘေးမရှိ ပါခင်ဗျာ”
“ဘယ်လို- ဘယ်လို”
“ကျွန်တော် အစကတည်းက သူတို့ကို ပုန်းခိုင်းထားတာ”
အာတိတ် သားမွှေးဝတ်စုံနှင့် ကျွဲပေါက်ကြီး တစ်ကောင်လို တုတ်ခိုင်သော လူပုပု တစ်ယောက်သည် တစ်ကိုယ်လုံး အနက်ရောင် နင်ဂျာဝတ်စုံ ဝတ်ဆင်ပြီး စကိတ်စီး မျက်နှာဖုံး စွပ်ထားသော လူတစ်ယောက်ကို ဂုတ်မှ ကိုင်ဆွဲကာ ဒတ်ပစ် တို့ထံ ဝင်လာသည်ကို တွေ့လိုက်ကြရ၏။ ဆံပင်က နက်နက် ကောက်ကောက်။ မျက်လုံး အနက်နှင့် သွားကြီးများ ဖြဲ၍ လာသော ထိုလူပုသည် နင်ဂျာ ဝတ်စုံနှင့် လူကို ဆယ်ပေါင် အာလူးအိတ် ဆွဲသလို ပေါ့ပေါ့ ပါးပါး တရွတ်တိုက် ဆွဲလာ၏။
ပစ်က ဆီးနှင်းများ ဖုံးလွှမ်း နေသော ခြံဝင်းကို စိုက်ကြည့်ရင်း-
“အေးဆေးပဲလား” ဟုလူစိမ်းကို မေးလိုက်သည်။
“အေးဆေးသမှ မျက်မမြင်ကို နောက်ကချောင်းပြီး တုတ်နဲ့ ဆော်ရသလိုပဲ၊ လွယ်လိုက်တာကွာ၊ ဒီကောင် အကြံကြီး ကြံလာပေမဲ့ အီဖေကို ရဲ့ ခြုံခို တိုက်ခိုက်မှုကြောင့် ကားကနဲပဲ။ ဟီးဟီး” လူပုက တဟီဟီး ရယ်ရင်း ထမင်းစား ရေသောက် လေသံဖြင့် ပစ်ကို ပြောနေ၏။
“ကြေးစား လူသတ်သမား တစ်ယောက် အတွက်တော့ ရန်သူကို လျှော့တွက်တာ သူ့ရဲ့ မဟာအမှား ပေါ့ကွာ”
ပက်က ပစ်အား ငေးစိုက်ကြည့်နေသည်။
“ဒါတွေအတွက် ရှင်အစထဲက အကွက်ချ စီမံထားတာလား”
“ဟုတ်တယ်ဗျ။ ကျွန်တော် စဉ်းစား ကြည့်တော့ ဒီကိစ္စဟာ ဒီမှာတင် ပြီးသွားမှာ မဟုတ်ဖူးလို့ တွက်လိုက်တယ်။ ဒီကောင်တွေဟာ” ကြမ်းပေါ်လဲလျှက် ရှိသော နင်ဂျာဝတ်စုံ နှင့် လူသတ်သမား ကို ငေးစိုက် ကြည့်ရင်း-
“တော်ရုံနဲ့ လက်လျှော့မဲ့ ကောင်တွေ မဟုတ်ဖူး၊ ကျွန်တော်တို့ကို ရေဆုံး မြေဆုံး ကိစ္စတုံးအောင် လုပ်မှာပဲ။ အစ ကတော့ သူတို့ဘာလို့ ဒီလောက် အသည်းအမည်း ဖြစ်နေမှန်း စဉ်းစားလို့ မရခဲ့ဖူး။ အခုအချိန်မှာ သူတို့ရဲ့ ပစ်မှတ်နံပါတ် တစ်ဟာ ကျွန်တော်ပဲ။ ကျွန်တော်က သူတို့ရဲ့ မဟာ အကြံအစည် ကြီးကို သပ်လျှို ပစ်ခဲ့တာကိုး။ ကျွန်တော် ဟို အားမီးနီးစ် အခန်းထဲ ပြန်သွားပြီး မဟူရာသလင်း အရိုးခေါင်းကို ရသွားမှာရယ်။ ပက်က သင်္ကေတ တွေကို အဓိပ္ပါယ် ဖော်လိုက် နိုင်မှာရယ်ကို သူတို့ သေမတတ် ကြောက်နေ လိမ့်မယ်။ ဆိုတော့ ကျွန်တော်တို့ လွတ်ပြီ ဆိုတာနဲ့ သူတို့ အဖွဲ့အစည်း ထဲက တစ်ယောက်ယောက်က အခွင့်ကောင်း စောင့်ပြီး အမြန်ဆုံး လုပ်ကြံ မှာပဲလို့ တွက်မိတယ်။ သူတို့ လုပ်ငန်းစဉ်မှာ မျက်မြင် သက်သေကို အသက်ရှင်ခွင့် ပေးရိုး ထုံးစံ မရှိဘူး။ ဒါနဲ့ပဲ ကျွန်တော် သူတို့ကို ငါးစာလေး ချလိုက် တယ်။ တန်းတန်းမတ်မတ် လာဟပ် တော့တာပဲ”
မာကွီး မျက်နှာစူပုပ်သွား၏။
“သြ- ဒီတော့ကျုပ်တို့က ငါးစာပေါ့လေ။ ခင်ဗျားလုပ်တာ ကျုပ်တို့ သေတော့မလို့ဗျ၊ သိရဲ့လား။ ပြီးတော့ ကျုပ်အိမ်မှာ မှ——”
“အခွင့် အရေးက နှစ်ခါပြန်မရဘူး လူးဝစ်ရဲ့”
“ရဲမှူး အီဂမ်ရော ဒါကိုသိလား”
“အခုလောက်ဆို ပက်ထရစ်ရှာ အိပ်ခန်းထဲက လူသတ်သမားကို သူဆော်ပလော်တီး ပြီးရောပေါ့”
“ဘယ်လို- ဘယ်လို၊ ကျွန်မ အခန်းထဲမှာ လူသတ်သမားရှိတယ်။ ဘုရား-ဘုရား” ပက် မျက်နှာ ဇီးရွက်ခန့်ငယ် သွားသည်။ ရေချိုးနေတုန်းများဝင်လာလို့ကတော့——။
“ခင်ဗျားနဲ့ ကျွန်တော် မာကွီးအိမ် သွားတော့မှ လူသတ်သမားက ခင်ဗျားအခန်းထဲ ဝင်တာဗျ၊ ရဲမှူးကို ကျွန်တော်က ဟိုတယ် ဘေးပါတ်လည်မှာ ကင်းပုန်း ဝပ်ခိုင်းခဲ့တာ။ လူသတ်သမား တွေရဲ့ အကြံက မာကွီးအိမ်မှာ ကျွန်တော်တို့ အားလုံးကို သတ်ပြီး ခင်ဗျားအခန်း ထဲက ကင်မရာနဲ့ မှတ်စုစာအုပ်ကို ယူဖို့လေ။”
မာကွီးက ဗလ တောင့်တင်းဟန် ရှိသော လူသတ်သမား ကို လက်ညှိုးထိုး၍-
“ဒီကောင့် ကြည့်ရတာ ဒေသခံ လူဆိုးတော့ ဟုတ်ပုံမရဖူး။ သူ့လို အဆက်အပေါက်မျိုး အီဂမ်ရဲ့ အချုပ်ခန်းထဲမှာ တစ်ခါမှ မမြင်ဖူးဘူးဗျ”
ပစ်သည် သူ့နားမှာ ရပ်နေသော အာတိတ်သားမွှေးဝတ်စုံနှင့် လူပုအားဖက်၍-
“ကဲ အားလုံးကို ကျွန်တော့် သူငယ်ချင်းကြီး အဲလ်ဗတ် ဂျီယိုဒီနို နဲ့ မိတ်ဆက် ပေးပါရစေ။ အယ်လ် က ကျွန်တော်တို့ အ သုံးလုံးမှာ လက်ထောက် ပရောဂျက် ဒါရိုက်တာပေါ့။ ကျွန်တော်နဲ့ နှစ်ကိုယ့်တစ်စိတ် ဆိုလည်း မမှားဘူး”
မာကွီးနှင့် ပက် ဘာလုပ်ရမှန်းမသိကြ၊ ကြောင်ငေးငေးကြီးတွေ ရပ်နေကြပြီး အယ်လ်ကို မိုက်ခရိုစကုတ် အောက်မှ ဗက်တီးရီးယားကို ကြည့်နေသော သိပ္ပံပညာရှင်များ ကဲ့သို့ တွေတွေကြီး ဝိုင်းကြည့် နေကြသည်။ အယ်လ်က ခုထိဆွဲ ထားသော လူသတ်သမား၏ အင်္ကျီစကို လွှတ်၍ သူတို့နှင့် လက်ဆွဲနှုတ်ဆက်ရင်း-
“မာကြရဲ့နော်။ တွေ့ရတာ နှစ်ထောင်းအားရ ရှိလှသဗျ၊ ခင်ဗျားတို့ရဲ့ အမှုတော်ကို ထမ်းရလို့ ကျွန်တော်မျိုးကြီး ဝမ်းမြောက် မိပါတယ်” ခပ်မြူးမြူး ပြောလိုက်၏။
“လူသတ်သမားကို ကြည့်ကြစို့” မျက်နှာဖုံး တပ်ထားသည့် လူသတ်သမားကို ဘယ်သူ ဘယ်ဝါမှန်း သိအောင် ကြည့်ဖို့ ပစ် စိတ်စောနေသည်။
“နေပါဦးကွ၊ ငါ့ရဲ့ စွန့်စားခန်းလေး ပြောစမ်း ပါရစေဦး၊ ဒီကောင် သွက်တာတော့ အရမ်းပဲကွ၊ သိလား၊ သူနဲ့ငါ တစ်ပြိုင် တည်း သေနတ်မောင်း ဆွဲညှစ်ကြတာပဲ။ သူ့ကျည်ဆန်ကြီးက ငါ့ပေါင်ကိုပွတ်သွားပြီး ငါ့ကျည်ဆန်လေးက သူ့ညာဖက် အဆုတ်ထဲ ဝင်သွားရှာတယ်”
“သေပြီလား”
“ဟင့်အင်း၊ မသေပါဘူး၊ ဒါပေမဲ့ နောက်ကို မာရသွန်ပွဲတော့ မနွှဲနိုင် တော့ဘူး ပေါ့ကွာ”
ပစ်က လူသတ်သမား၏ မျက်နှာဖုံးစွပ်ကို ဆွဲခွာချလိုက်၏။
ပက်သည် ကြောက်ရွံ့ မှု၊ မယုံကြည်နိုင်မှု၊ အံ့အားသင့်မှု များကြောင့် ခေတ္တဆွံ့အသွားသည်။ မာကွီးသည်လည်း ပါးစပ် အဟောင်းသား။
“ဘုရားရေ၊ ဒါ–ဒါ– ဒေါက်တာ အမ်ဗရိုစ်ပဲ”
“မဟုတ်ဖူးဗျ၊ တကယ့်ဒေါက်တာ အမ်ဗရိုစ် အစစ်က တနေရာရာမှာ သေနေ လောက်ပြီ။ ဒီကောင်က ကျွန်တော်တို့ ခင်ဗျားတို့ကို သတ်ဖို့သက်သက် အယောင်ဆောင်ထားတာပါ”
ပက်သည် လူသတ်သမား၏ မပွင့်တပွင့် မျက်လုံးအစုံကို စိုက်ကြည့်ရင်း ဒေါသတွေ အလိပ်လိုက် ထွက်လာသည်။ သူမ နှုတ်မှ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေ ထွက်လာသည်။
“ဟဲ့ အောက်တန်းစား အကောင်ရဲ့၊ နင်က ဘာမို့လို့ ဒေါက်တာအမ်ဗရိုစ် လို ပညာရှင်ကြီးကို သတ်ရတာလဲ။ နင် €€€€€€€$$$$$$$”
လူသတ်သမားသည် စိတ်လှုပ်ရှားပုံ အလျှဉ်းမရှိ၊ သူ့ပါးစပ်မှ စကားလုံးအချို့ တိုးတိုးလေး ထွက်ပေါ် လာသည်။
“သတ်တာမဟုတ်ဖူး။ သူ့ကို စီရင်ချက်ချလိုက်တာ။ ခင်ဗျားတို့ အားလုံးလည်း စီရင်ချက် ချပြီးသားပဲ။ သေကို သေကြ ရမယ်”
“ခင်ဗျားအခု ကိုယ့်ကိုယ်ကို ဘာလုပ်နေမှန်းရော သိရဲ့လား” ပစ်၏ အသံသည် ရေခဲတမျှ အေးစက်လှ၏။ လူသတ် သမားသည် ဒတ်ပစ်ကို မျက်လုံး လှန်ကြည့် လိုက်သည်။ ပြီးတော့မှ တိုးတိုးလေးပြော၏။
“သိစရာမလိုပါဘူး၊ အနာဂါတ်ကံကြမ္မာသစ် အတွက်တာဝန်မှန်သမျှ လုပ်ဖို့ပဲလိုတယ်။ သိဖို့မလိုဖူး”
“ဘယ်လို- အနာဂါတ် ကံကြမ္မာသစ်၊ ဟုတ်လား”
လူသတ်သမားက ပြုံးလိုက်၏။ ချောင်းအနည်းငယ်ဆိုး၏။ သွေးစကလေးများပါလာ၏။ အဆုတ်ကို ကျည်ဝင်ထား သည်ကိုး။
“အနာဂါတ် ကံကြမ္မာသစ်၊ စတုတ္တ နိုင်ငံတော်ကြီးကို မမြင်ရခင် ခင်ဗျားတို့သေမှာပဲ” သူ့လေသံတွင် ဒေါသ နှင့် မုန်းတီးမှုများ မပါ။ သာမန် စကား ပြောသလိုပင် အေးအေးသက်သာ ပြောနေခြင်း ဖြစ်၏။ အာရုံစိုက် နားထောင်သော အခါ သူ့လေသံသည် ဥရောပ တိုက်သားများ ပြောသည့် လေသံမျိုး ဖြစ်သည်ကို တွေ့ကြရသည်။
“အာမီးနီးစ် အခန်းရယ်၊ မဟူရာသလင်း အရိုးခေါင်းရယ်က ဘာတွေလဲ”
“အတိတ်ကာလ ရဲ့ အကြောင်းကြားစာတွေပေါ့၊ ကမ္ဘာ့အကြီးဆုံး လျှို့ ဝှက်ချက်ပေါ့”
“ခင်ဗျား လူသတ်မှုနဲ့ထောင်နန်းစံရရင်တော့ ကျွန်တော်တို့ ခုထက်ပိုပြီး သိလာရမှာပါ၊ ခုမပြောချင်လည်းနေပေါ့ဗျာ”
လူသတ်သမားက ခေါင်းယမ်း၏။
“ကျွန်တော်တို့ဟာ ဘယ်တော့မှ ထောင်မကျဘူး၊ တရားရုံးမရောက်ဖူးဗျ၊”
ပစ်ဘာမှ မလုပ်နိုင်မှီ လူသတ်သမားသည် တစုံတရာကို ပါးစပ်ထဲသို့ အလွန် လျှင်မြန်စွာ ပစ်ထည့် လိုက်ပြီး-
“လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ် တုန်းက ဟာမန်းဂိုရင်း သုံးခဲ့တဲ့ ဆိုင်ယာနိုက် အဆိပ် ဆေးတောင့်လေ၊ မစ္စတာပစ် ရဲ့၊ ခုထိ အစွမ်း ထက်တုန်း၊ အသုံးဝင် တုန်းဗျ၊ ကဲ နှုတ်ဆက်ပါတယ် မစ္စတာပစ်ရေ” လူသတ်သမား သည် ဆေးတောင့်ကို သွားဖြင့် ကြိတ်ခွဲ လိုက်သည်။
ပစ်သည် လူသတ်သမား၏ နားနားတွင်သူ့ပါးစပ်ကို တေ့လိုက်ပြီး နှစ်ကိုယ်ကြား လေသံဖြင့် သေအံ့ မူးမူး အမ်ဗရိုစ် အယောင်ဆောင်ကို-
“ကျုပ်ခင်ဗျားကို သနားတယ်ဗျ၊ ခင်ဗျားတို့ရဲ့ သောက်သုံး မကျတဲ့ စတုတ္တအင်ပါယာ အကြောင်း ကျုပ်တို့ အစောကြီး ထဲက သိပြီး သားဗျ” ဟုပြောလိုက်လေသည်။
လူသတ်သမား သည် မျက်လုံးကြီး ပြူး၍ ပစ် ကိုစိုက်ကြည့်ရင်း ဆန့်ငင် ဆန့်ငင် အကြောဆွဲ၍ အသက်ထွက် သွား၏။ တကယ်တော့ ပစ်ဘာမှမသိပါ။ သို့သော် လူသတ်သမားကို စိတ်မချမ်းသာစွာ အသက်ထွက်သွား စေ၍ သူ ကျေနပ် နေလေသည်။
+++++++++++++++++++++++++

Mar 07, 2009 @ 18:25:28
ဘာသာပြန်ထဲမှာ တကယ့်မြန်မာစကား အသုံးနှုံးတွေ ထည့်သုံးနိုင်တာကိုတော့ ကြိုက်တယ်ဗျာ … နဘယံ ဘေးမရှိတို့ ၊ ငါ့စကားနွားရ ပြောတာတို့ စသဖြင့်……… ဘာသာပြန်သူ ဝေါဟာရ ကြွယ်ဝပါပေတယ် !