အတ္တလန်တစ် ရှာပုံတော် (၁၆)

မီးဖိုခန်းထဲမှ ဖုန်းသည် အဆက်မပြတ် မြည်နေ၏။ လူးဝစ်မာကွီး သည် အပြေးအလွှား သွား၍ ဖုန်းကိုင်သည်။ တစ်မိနစ် ခန့် စကား ပြောပြီးနောက် ဖုန်းခွက်ကို ပြန်ချ၍ ဒတ်ပစ်တို့ ရှိသည့် မှန်လုံ အိမ်လေး ထဲသို့ ပြန်လာသည်။

“ရဲမှူး အီဂမ်ဆက်တာ။ ပက်ရဲ့ အခန်းထဲမှာ သေနတ်ပစ်ပွဲ ဖြစ်သွား သတဲ့။ သူ့လူနှစ်ယောက် ဒဏ်ရာ အပြင်းအထန် ရသွားပြီး လူသတ်သမား ကိုတော့ အသေ ဖမ်းမိတယ်တဲ့။ ဘာသတင်း မှတော့ မရလိုက်ဖူး”

ဒတ်ပစ်သည် ဒေါက်တာအမ်ဗရိုစ် အယောင်ဆောင် လူသတ်သမား၏ အသက်မဲ့ ခန္ဓာကိုယ်ကို အတော်ကြာ စိုက်ကြည့် နေရင်းက-

“လူသေတွေ ဆီက ဘာသတင်းမှ မရနိုင်ဘူးလို့ ဘယ်သူ ပြောနိုင် မှာလဲဗျာ” ဟု ပြောလိုက် လေသည်။

ထိုအခိုက် မီးဖိုခန်း တံခါး ဖွင့်သံ ကြားလိုက် ရပြီး လီဇာမာကွီး ၏ မျက်နှာ ပေါ်လာသည်။

“အခု ထွက်လာလို့ ရပြီလားရှင်” ကြောက်ရွံမှု ကြောင့် သူမ အသံက လေသံလေး မျှသာ။ ကြမ်းပေါ် လဲကျ နေသော အလောင်းကောင်းကို မျက်လုံးကြီး ပြူး၍ ကြည့်နေ၏။

ပစ်က သူမလက်ကို တွဲခေါ် လာရင်း-

“အားလုံး ပြီးသွားပြီ လီဇာ၊ မကြောက်နဲ့တော့၊ ခုဘာအန္တရာယ်မှ မရှိ တော့ဘူး” ဟု တတွတ်တွတ် နှစ်သိမ့်နေသည်။

မာကွီးက သူ့ချစ်ဇနီးကို ဖက်လိုက်ရင်း-

“ကလေးတွေရော” ဟုမေးလိုက်သည်။

“ကျွန်မ အိပ်ဆေး နည်းနည်း တိုက်ထားလို့ သမီးလေးတွေ အစောကြီး ထဲက အိပ်ပျော် နေကြတယ်။ လုံးဝ မနိုးဘူး”

“အေး” မာကွီးသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“တို့ မိုင်းတွင်း လုပ်ငန်းကြီး တော့ နိဌိတံသွားပြီ လီဇာရေ”

လီဇာက သူ့ယောက်ျားကို မျက်စောင်းထိုး လိုက်သည်။

“ကျွန်မတော့ အဲသလိုဖြစ်တာ ဝမ်းတောင်သာသေး။ ရှင်လည်း အတော် ချမ်းသာ နေပါပြီ ကျောက်သူဌေးကြီး လူးဝစ် မာကွီးရယ်၊ ကျွန်မတို့ အပြောင်းအလဲ လုပ်ကြဖို့ အချိန်တန်ပြီလို့ မှတ်ပေါ့”

“လီဇာပြောတာ သိပ်မှန်တယ်” ပစ်က ထောက်ခံလိုက်သည်။

“အပြောင်းအလဲက လုပ်ကို လုပ်ရမယ် လူးဝစ်ရေ။ ကျွန်တော်တို့ ဒီလူသတ်သမားတွေ အကြောင်း မဖော်ထုတ်နိုင် မချင်း ခင်ဗျားတို့ ဒီပါတ်ဝန်းကျင်မှာ မနေကြရင် ကောင်းမယ်”

ရဲကားများနှင့် လူနာတင်ယာဉ်သည် ဥသြသံ တညံညံနှင့် မာကွီး၏ အိမ်ရှိရာ တောင်ပေါ်လမ်း အတိုင်း မောင်းတက်လာ နေကြသည်။

လီဇာက လူးဝစ် ကို စိုက်ကြည့်ရင်း-

“ရှင် မှတ်မိသေးလား။ ကာဘိုဆန်လူးကပ်စ် ကမ်းခြေက ဇီးပင်လေးတွေ ဝိုင်းနေတဲ့ ဟိုတယ်လေးလေ။ ကျွန်မတို့ လိုချင်လွန်းလို့ အရူးတစ်ပိုင်း ဖြစ်ခဲ့ကြတာ”

လူးဝစ်မာကွီး ၏မျက်နှာကြီး ပြုံးလာသည်။ သူက အားရပါးရ ခေါင်းညိတ် လိုက်ပြီး-

“ဟုတ်တယ် အချစ်ရေ၊ အခု ဟိုတယ်ပိုင်ရှင် လုပ်ဖို့အချိန်ကျပြီ” ဟု ပြောလိုက် တော့သည်။

ပက်ထရစ်ရှာ က ဒတ်ပစ်၏ လက်မောင်းကို လာတွဲ၏။ ပစ်က သူမကိုလှည့်ကြည့်သောအခါ-

“ကျွန်မကရော ဘယ်မှာ ပုန်းရမှာလဲ ဒတ်ရယ်။ တသက်လုံး ပညာရေးနဲ့ပဲ အသက်မွေး လာတာ တခြားအလုပ် ကျွန်မ မလုပ်တတ်ဖူးရှင့်” ဟု သနားစဖွယ် ပြောရှာသည်။

“ပက်ရေ၊ ရှင်းရှင်း ပြောရရင် ခင်ဗျား တက္ကသိုလ် ပြန်သွားတာနဲ့ ခင်ဗျားအသက်ဟာ ဖက်နဲ့ ထုပ်ထား ရလိမ့်မယ်။ အခု လောလောဆယ်တော့ ခင်ဗျား ပြန်လို့မဖြစ်ဘူး”

“ဒတ်၊ ရှင်က အဏ္ဏဝါ အင်ဂျင်နီယာ၊ ကျွန်မက မနုဿ ဗေဒပညာရှင်၊ လူသတ်သမားတွေကို ခြေရာခံဖို့ ဆိုတာ ကျွန်မ တို့နဲ့ အလှမ်း ကွာလွန်းတယ်နော်”

ပက်ထရစ်ရှာ့ စကားက သွေးထွက်အောင် မှန်သည်။ ဒတ်ပစ် ခေါင်းညိတ်လိုက်၏။

“အစိုးရ နဲ့သက်ဆိုင်ရာ အေဂျင်စီတွေက ဒီကိစ္စကို လက်လွှဲ ကိုင်တွယ် ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ကျွမ်းကျင်တဲ့ ပညာ ကို ဒီ အမယ်ဘုတ် ချည်ခင်ကြီး ဖြည်နိုင်အောင် သုံးရလိမ့်ဦးမယ်။ ခင်ဗျားဟာ အခုဒီပြဿနာကြီးမှာ တန်ဖိုး မဖြတ်နိုင် တဲ့ အဓိကလူ ဖြစ်နေပြီ ပက်ရဲ့”

“ဒါဆို ဒီကိစ္စက မပြီးသေးဘူးပေါ့နော်”

“အခုမှ ရေရေ လည်လည် စတာဗျ”

ရဲမှူးအီဂမ် ကအယ်လ် ဂျီယိုဒီနို ကို မေးမြန်း စုံစမ်းမှုများ ပြုလုပ်နေ၏။ ဒတ်ပစ်သည် ငြီးစီစီ ဖြစ်လာ သောကြောင့် အိမ် အပြင်သို့ ထွက်လာခဲ့သည်။ စိမ်းလန်းသော မြက်ခင်း၊ နှင်းမှုန်နှင်းစ ဖြူလွလွများ၊ မဟူရာအဆင်း နှင့် ကတ္တီပါ ကောင်းကင်ပြင် တွင် ဟိုတစ်ခု ဒီတစ်ခု တလက်လက် တောက်ပနေသော မစ်ကီးဝေးလ် ကြယ်စင်စုများ။ သူ ကောင်းကင်ပြင် ကြီးကို ငေးကြည့် နေသည်။ စိတ်ထဲမှ ညကို ကျိန်ဆဲ နေ၏။ သူ့ကိုယ်သူ ကျိန်ဆဲ နေ၏။ ကူကယ်ရာ မဲ့သည့် ပစ္စက္ခ အခြေအနေ ကိုလည်း အကြိမ်ပေါင်း များစွာ ကျိန်ဆဲ မိနေ၏။ အနာဂါတ် ကံကြမ္မာသစ် ဆိုသည့် အဖွဲ့မှ သောက်ရူးများကို ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲနေ၏။ သူ့စိတ်ထဲတွင် ရှုပ်ထွေး နေသည်။ ည၏ အမှောင် နှင့်အတူ ပြဿနာ၏ အဖြေတို့က ပျောက်ဆုံး နေ၏။ သေချာတာ တစ်ခုတော့ ရှိသည်။ တစ်ယောက်ယောက် ကတော့ အကြီးအကျယ် ပေးဆပ် ရတော့မည်။ အသက် ပြင်းပြင်း ရှုသွင်း လိုက်၏။ အမြင့်ပေ တစ်သောင်း နီးပါး ရှိသော တောင်တန်းပေါ်ရှိ လေမှာ အေးမြ လတ်ဆတ် သန့်စင် နေ၏။ သူနေလို့ ထိုင်လို့ ကောင်းလာသည်။ ယုံကြည်မှု ရှိလာသည်။ ဆုံးဖြတ်ချက် ချလိုက်သည်။

နံနက်လင်းလျှင် လင်းချင်း မိုင်းတွင်းသို့ ပြန်ဝင်ပြီး မဟူရာသလင်း အရိုးခေါင်းကို မရရအောင်ယူမည်။

Advertisement

One Comment (+add yours?)

  1. zargyi
    Mar 12, 2009 @ 01:26:17

    အတ္တလန်တစ်ကို တင်နိုးနိုးနဲ့ ခဏ ခဏ လာကြည့်ပါကြောင်း၊ ဘာသာပြန်သူရဲ့ ဇွဲဝိရိယကိုလဲ စာနာမိပါကြောင်း၊ ၀တ္ထုကအတော်ရှည်တော့၊ တော်တော်အချိန်ပေးဘာသာပြန်ရမှာဘဲလို့။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

March 2009
M T W T F S S
« Feb   Apr »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.