အတ္တလန်တစ် ရှာပုံတော် (၁၇)

ဒတ်ပစ်၊ အဲလ်ဂျီယိုဒီနို၊ အီဂမ်၊ မာကွီးနှင့် လက်ထောက် ရဲမှူး နှစ်ဦး ပေါင်း ခြောက်ဦးပါ အဖွဲ့သည် ဘူကေးနီးယား  မိုင်းတွင်းသို့ချီတက်လာကြသည်။ ပစ်တို့လွတ်မြောက်ခဲ့ကြသည့် နယူးရှယ်ရီဒန် မြေအောက်ခန်းဝင်ပေါက်မှာ ပေါက်ကွဲ မှုကြောင့် တွင်းပြို ပိတ်ဆို့ သွားပြီ ဖြစ်သည့် အတွက် အာမီးနီးစ်အခန်းသို့ရောက်ရန် ရေအောက်လမ်းကိုသာသုံးရတော့ မည်။ ပစ်၏ ရေအောက် ကွန်ပြူတာ လမ်းညွှန် ကြောင့် ဘူကေးနီးယားနှင့် နိဗ္ဗာန်ဘုံ မိုင်းတွင်းကို ဆက်ထားသော ရေမြုပ် နေသည့်လှိုဏ်ခေါင်းအထိ လွယ်ကူချောမွေ့စွာ ရောက်လာခဲ့ကြ၏။

ဒတ်ပစ်သည် မည်းနက်နေသော ရေပြင်ကိုစိုက်ကြည့်ရင်း စဉ်းစားခန်းဝင်နေ၏။ ရေအောက်လမ်းသည် မနေ့ကထက်ပို ၍ ရေတက်နေပြီဖြစ်၍ ရေဖိအားဒဏ်ကို ခံနိုင်ရည်ရှိမရှိ ချိန်ဆကြည့်နေသည်။

အယ်လ်ဂျီယိုဒီနို မှလွဲ၍ အခြားသူများကမူ ဒတ်ပစ်တစ်ယောက် ရူးသွားချေပြီဟု အောက်မေ့ နေကြသည်။ ငရဲတွင်းမှ သေကံမရောက်သက်မပျောက်ပဲ ကံကြီးစွာလွတ်လာခဲ့ပြီးမှ ငရဲတွင်းထဲ တစ်ခေါက်ပြန်ဆင်းဦးမည်ဆိုခြင်းမှာ ရူး၍သာ ဖြစ်ချေမည်။ အယ်လ်ကတော့ ပစ်ဘာလုပ်လုပ် သေအတူ ရှင်မကွာလက်တွဲခဲ့သည့် ရဲဘော်ရဲဘက်မို့ ငရဲတွင်းမကလို့ အဝီစိဆင်းဆင်း မမှုပါချေ။

မာကွီး၊ အီဂမ်နှင့် အခြားလူများသည် မိုင်းတွင်းအရေးပေါ်ထွက်ပေါက်များ၌ ကြိုးလှေကားများ ချရင်း အလုပ်များနေကြ သည်။ ပစ်နှင့် အယ်လ်တို့သည် အဝတ်အစားများကိုချွတ်ရင်း အတွင်းခံ နိုင်လွန်နှင့် ပေါ်လီအက်စတာကိုယ်ကျပ်ဝတ် စုံများလဲဝတ်နေကြသည်။ ပြီးနောက် ဗိုက်ကင်းအမျိုးအစား ရေငုတ်ဝတ်စုံများကို ထပ်ဝတ်ကြသည်။ လိုအပ်သော ပစ္စည်းကိရိယာများ စုံမစုံစစ်ဆေးကြသည်။ ပစ်က အယ်လ်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူတစ်ခါမှ မကြုံဖူးသေး သည့် အန္တရာယ်တွင်းသို့ဆင်းရမည်ကို ဤအီတာလျှံ လူပုလေး၏ ပုံစံမှာ ရှစ်ပေသာသာနက်သည့် ရေကူးကန် ထဲဆင်း သလို အေးအေးဆေးဆေးရှိလှသည်။

“အယ်လ်ရေ၊ ငါက လမ်းပြကွန်ပြူတာ ကိုင်မယ်၊ မင်းက ရေကြောင်းပြ ကွန်ပြူတာကိုင်ကွာ”

အယ်လ်သည် သူ့ဘယ်ဖက်လက်ဖြင့်ကိုင်ထားသော ရေကြောင်းပြကွန်ပြူတာကို တစ်ချက် ကြည့်ရင်း-

“ပင်လယ်ရေ မျက်နှာပြင် အထက်ပေတစ်သောင်း၊ ရေအနက် ပေ တစ်ရာ့တစ်ဆယ်မှာ ငါတို့မိနစ်သုံးဆယ် ရေငုတ်ရ မယ်။ ပျော်စရာကြီးပါကွာ” ဟု နောက်တောက်တောက် ပြောလိုက်သည်။

တစ်ခေါင်းလုံး စွပ်သည့် မတ်တူးခေါင်းစွပ်ကို စွပ်လိုက်ကြပြီးနောက် အသံလှိုင်း ဆက်သွယ်ရေး ကောင်းမကောင်း စမ်းကြ ပြန်သည်။

“အယ်လ် ငါပြောတာကြားရလား”

“ဟဲ့ သောက်ရူး၊ တိုးတိုးအော်ကွ၊ မင်းအသံက ငါ့ခေါင်းထဲဝင်ပြောတဲ့အတိုင်းပဲ”

အောက်စီဂျင်ဘူးများကို ကျောမှာလွယ်ပြီးနောက်မှာတော့ သူတို့ခရီးစဉ်စရန် အသင့် ဖြစ်နေကြပြီ။ ဓါးမြှောင်ကိုယ်စီမှ အပ အခြားလက်နက်များတော့ ယူမလာခဲ့ကြချေ။

ပစ်သည် ရေငုတ် ဟေလိုဂျင်မီးကိုဖွင့်၍ ရေထဲသို့ ညင်သာစွာလျှောဆင်းသွား၏။ အယ်လ် ကလည်း သူ့ဘေးက ကပ်၍ ပါလာ၏။ သူတို့ ရေအောက်သို့နက်သည်ထက်နက်အောင် ငုတ်ဆင်းလာကြသည်။ ရေဖိအားကြောင့်နားများအူလာကြ သည်။

မနေ့က ဖြစ်ခဲ့သောပေါက်ကွဲမှုက အပေါ်ရံကြောမှ ရေများကို နောက်ကျိ ညစ်ထေး စေသော်လည်းအောက်နက်လာ သောအခါ ရေကတဖြည်းဖြည်းကြည်လာသည်။ အရှေ့ ကို ပေငါးဆယ်ခန့် မြင်သာထင်သာရှိလာသည်။ အနက်ပေပြ ကိရိယာကို ပစ်ကြည့်လိုက်တော့ ရေအနက် ၁၈၆ ပေကိုညွှန်ပြနေ၏။ သူက အယ်လ်ကိုခဏစောင့်နေလိုက်သည်။

“ဘယ်လောက်ဝေးသေးလဲကွ” ပစ်အနားသို့ ရောက်လာသောအယ်လ်က ဆက်သွယ်ရေး ကိရိယာမှ တဆင့်မေးလိုက် သည်။

“ကိုက်တစ်ရာလောက်ပဲလိုတော့တယ်။ ဟိုအကွေ့လေးကျော်ရင်ရောက်ပြီ”

ရေယက်များကို ယက်ခါ လှုပ်ခါ ကူးခတ်သွားကြပြီး ကျောက်နံရံကွေ့ အနားသို့ ရောက်လာကြသည်။ ရုတ်တရက် ပစ်က လက်ပြပြီးရပ်ခိုင်းလိုက်သည်။

“အယ်လ်၊ မီးပိတ်လိုက်စမ်း” ရေငုတ်မီး များငြိမ်းသွားကြ၏။ သို့သော် လုံးဝ မှောင်မဲ သွားခြင်း မဟုတ်ပဲ သူတို့ရှေ့ ခပ်လှမ်း လှမ်းတွင် အလင်းရောင်မှိန်မှိန်လေးမြင်လိုက်ကြရသည်။

“ပစ်ရေ၊ ငါတို့တော့ အဖော်တွေ တွေ့နေပြီဟ” အယ်လ်၏စကားကို ပစ်ကခေါင်းညိတ်ပြလိုက်သည်။

အားမီးနီးစ်အခန်းထဲတွင် လူနှစ်ယောက်ရောက်နှင့်နေပြီ။ နှစ်ယောက်လုံး ရေငုတ်ဝတ်စုံ ကိုယ်စီနှင့်၊ သူတို့ကို သတိမ ထားမိကြပဲ အခန်းနံရံများကို သဲကြီးမဲကြီး ဓါတ်ပုံရိုက်ရင်း အလုပ်များနေကြသည်။ ရေအောက်မီးများကို ထွန်းထားသ ဖြင့် ရေမြုပ်နေသော ကျောက်သားအခန်းမှာ ဟောလီးဝုဒ်စတူဒီယိုခန်းသဖွယ်ဖြစ်နေ၏။ အသက်ရှုရာမှ ထွက်ပေါ်လာ သော လေပူစီဖောင်းလေးများက ပလုံစီလျှက်။ ပစ်နှင့် အယ်လ်တို့သည် သတိကြီးစွာထား၍ အသက်ရှုနေရသည်။ သူတို့ထံမှ လေ ပူစီဖောင်းများ အခန်းတွင်း ဝင်သွားလျှင် ချက်ချင်း ရိပ်မိ သွားနိုင်သည် မဟုတ်လား။

“ဒီကောင်တွေ ဇွဲတော့အင်မတန်ကောင်းကြတာပဲ။ ဘာမှန်းမသိတဲ့ သင်္ကေတတွေအတွက် သတ်လည်းသတ်ဝံ့၊ သေလည်းသေဝံ့ကြတယ်”

“သူတို့ဆက်သွယ်ရေးစနစ်နဲ့ ဒို့ဆက်သွယ်ရေးစနစ် ကြိမ်နှုန်းမတူတာ ကံကောင်းတယ်ကွ။ ဒို့ပြောသမျှ သူတို့ဘာမှ မကြားရဘူး”

“ငါတို့ကို ထောင်ချောက်ဆင်ချင်လို့ မသိချင်ယောင်ဆောင်နေတာလည်း ထည့်တွက်ဦး အယ်လ်”

“အခု သူခိုးလက်က သူဝှက်လု ကြမလား၊ လုပ်လိုက်လေ၊ ကြာသလားလို့”

အယ်လ်ဂျီယိုဒီနို နှင့်ဒတ်ပစ် တို့သည် တကယ့်နှစ်ကိုယ့်တစ်စိတ်အတွဲ ဖြစ်၏။ ချက်ဆို နားခွက်က မီးတောက် နိုင်စွမ်း အလွန်မတန် မြင့်မားကြသူများဖြစ်၍ စကားများများ ပြောပြီး ညှိနှိုင်းနေဖို့မလို၊ သူတို့၏ စွန့်စားခဏ်းများက အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီတွင် ဒဏ္ဍာရီ ပမာလူသိများလှသည်။

“အဲဒီတော့ နှစ်ယောက်လုံး အခန်းထဲ ဝင်ပြီး ဒီနှစ်ကောင် ဗိုက်ထဲ ဓါးထည့်ကြမလား” အယ်လ်၏ လေသံလေးဖြင့်မေး သည့်အမေးကို ပစ်က-

“အခန်းထဲကို နှစ်ယောက်လုံးတစ်ပြိုင်နက် ဝင်လို့မရဘူးကွ” ဟု အခန်းအနေအထားနှင့် ဝင်ပေါက်ကို စိုက်ကြည့်ရင်း ဖြေ၏။

“ပြီးတော့ ဒီနှစ်ကောင်ကို အရှင်လိုချင်တာ”

“ဟ- အဲဒါတော့ မလွယ်ဘူးကွ”

“နေဦး၊ ငါသိပြီ” ပစ်သည် ပြောပြောဆိုဆို အခန်းနားကပ်သွားသည်။

“ဟေ့ကောင်၊ ငါ့ကို ပြောဦး၊ ဇွတ်မလုပ်နဲ့” အယ်လ်သည် လက်အိပ်များကို ဆွဲချွတ်လိုက်ပြီး အသင့်အနေအထားဖြင့် ပစ်နားကပ်သွား၏။

“ကြည့်စမ်း အယ်လ်၊ ဒီကောင်တွေ ဓါးကို ခြေသလုံးနားထိုးထားတာကွ”

“ဆိုတော့—”

သူတို့ ပြောဆိုနေစဉ်မှာပင် ဓါတ်ပုံရိုက်နေသူနှစ်ဦးသည် အလုပ်များပြီးစီးသွားပုံပေါ်သည်။ တစ်ယောက်က ကင်မရာ ကိုရေလုံအိတ်ထဲထည့်ပြီး နောက်တစ်ယောက်က အခန်းထောင့်တွင် တစ်စုံတစ်ရာကို တပ်ဆင်နေသည်။ မီးရောင် အောက်တွင် ထိုသူတပ်ဆင်နေသောအရာမှာ ဒိုင်းနမိုက်များဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့လိုက်ရချိန်မှာတော့——

အယ်လ်သည် အခန်းထဲသို့ တဟုန်ထိုးဝင်ပြီး ကင်မရာအိတ်ထဲထည့်နေသူ၏ ပါးစပ်တွင်တပ်ထားသော အောက်စီဂျင် ပိုက်ကို ဓါးဖြင့်ဖြတ်ချလိုက်၏။ ပြီးတော့ ထိုသူ၏ လည်ပင်းကို ဆင်နှာမောင်းလောက်တုတ်သော သူ့ လက်မောင်းကြီးဖြင့် ညှစ်ထားလိုက်ရာ စက္ကန့်ပိုင်းအတွင်းပျော့ခွေကျသွား၏။ ပစ်သည် ဒိုင်းနမိုက်တပ်ဆင်နေသော သူထံသို့ ကူးခတ်သွားပြီး အယ်လ်လုပ်သလို ထိုသူ့ လည်ပင်းကို လက်မောင်းဖြင့်ဆွဲညှစ်လိုက်ချိန်မှာပင် သူ့သားကောင်မှာ ဘီလူးတစ်ကောင်လို ကြီးထွားတုတ်ခိုင်ကြောင်း အံ့သြဖွယ် သိလိုက်ရသည်။ ရုန်းကန်မှု နှင့်တန်ပြန် တိုက်ခိုက်မှုက အင်အားကြီးလွန်းလှသဖြင့် ပစ်မှာ ဒဏ်ရာရနေသည့် ဝက်ဝံကြီး တစ်ကောင်၏ ဂုတ်ပေါ်ခွစီးမိသော မြေခွေးကဲ့သို့ဖြစ်နေသည်။

ပစ်လက်မောင်းဖြင့် ဆွဲညှစ်ထားခြင်းခံရသူသည် သူ၏ကြီးမားလှသော လက်ကြီးများဖြင့် ပစ်လည်ပင်းကိုပြန်ညှစ်နေ ၏။ ပစ်၏ ဦးခေါင်းမှာ တစ်ရာ့ရှစ်စိတ်မျှ ကွဲကြေသွားသလို နာကျင်လာ၏။ ထိုသူ၏အင်အားက တိရိစ္ဆာန်ကြီး တစ် ကောင်အလား အံ့မခန်းဖြစ်၏။

လူ့ဘီလူးပါးစပ်တွင်တပ်ထားသော အောက်စီဂျင်ပိုက်ကို ဆွဲဖြုတ်ပစ်လိုက်သည်။ ထိုအခါတွင်မှ ပစ်လည်ပင်းကို ညှစ်ထားသောလက်ကြီးများ ပြေလျှော့သွားပြီး ထိုလက်ကြီးများသည် အသက်ရှုပိုက်ကို အငမ်းမရလိုက်စမ်းနေသည်။ ပစ်သည် လူ့ဘီလူးကြီး၏ လည်မျိုကို ညှစ်ထားသော လက်ကို လက်သီးဆုပ်ထားရာမှ ဖြေလိုက်၏။ အပေါ်သို့ လက်ကို ရွှေ့ လာပြီးနောက် ဖွင့်ထားသော မျက်လုံးတစ်ဖက် ထဲသို့ လက်ညှိုးဖြင့် ဆတ်ကနဲ ထိုးသွင်း လိုက် တော့ သည်။

လူ့ဘီလူးကြီးသည် ခဏတာ မမြင်မစမ်းဖြစ်သွားသော်လည်း နှစ်ရှစ်ဆယ် ကျွန်းပင်ကြီးအလား မားမားမတ်မတ်ကြီး ရှိနေဆဲ။ သူ့မျက်လုံးကို လက်ဖြင့် ထိုးသော ပစ်အား အုန်းသီးလုံးခန့်ရှိသော လက်သီးဆုတ်ကြီးဖြင့် နောက်ပြန်ထိုးလိုက်ရာ နားထင်သို့ တည့်တည့်မှန်သဖြင့် ပစ်မျက်လုံးထဲ ကြယ်တွေ လတွေမြင်သွား၏။ နာကြင်မှုသည် ပြောမပြတတ်လောက်အောင် ဆိုးရွားပြင်းထန်လှသည်။ နောက်ဆုံးတော့ လူ့ဘီလူးကြီးသည် လည်မျိုညှစ်ခံရမှု၊ အောက်စီဂျင်ပြတ်လပ်မှု၊ မျက်လုံးထဲ လက်ထိုးခံရမှု ဆိုသည့်နှိပ်စက်ခြင်းကြီးသုံးမျိုး၏ ဒဏ်ကြောင့် အသက်အောင့် ရန်မေ့လျှော့သွားပြီး ပါးစပ်ကြီးဖြင့် အငမ်းမရ အသက်ရှုလိုက်ရာ မဲနက်သောရေများ သူ့ဗိုက်ကြီးထဲသို့ ဒလဟောဝင် သွားပြီး ဝူးဝူးဝါးဝါးဖြစ်သွားသည်။ သူ့မျက်နှာတွင် အကြောက်တရားကို ပထမဆုံးအကြိမ်အဖြစ် ဒတ်ပစ်တွေ့လိုက်ရ ပြီးနောက် ထိုလူလွန်မသားကြီးသည် ငြိမ်သက်မေ့မြောသွားတော့သည်။ သူမေ့မြောသွားတာ သေချာအောင် စက္ကန့် အနည်းငယ်စောင့်ပြီးမှ အသက်ရှုပိုက်ကို သူ့နှာခေါင်းနှင့် ပါးစပ်မှာ ပြန်တပ်ဆင်ပေးခဲ့သည်။

“ဟေ့ ကြာလှချည်လားကွ” အယ်လ်က ပစ်ကို လှမ်းမေးလိုက်သည်။

“အေးကွာ၊ မဲခွဲထား မှားသွားတယ်ဟေ့” ပစ်က မချိတင်ကဲပြန်ပြောလိုက်သည်။

“မုန့်ဝေတော့ မကြုံ၊ ဒုတ်ဝေမှ ကြုံတယ်ဆိုတာ ငါမှအစစ်၊ မင်းကောင်ရော ဘယ်လိုလဲ”

“တီကောင်ကြိုးနဲ့ပါတ်သလို ငါဒီကောင့်ကို ဝါယာကြိုးတွေနဲ့ ချည်ထားတယ်။ ဟိုမှာလေ”

အယ်လ်ဂျီယိုဒီနိုသည် အခန်းကြမ်းပြင်တွင် ပိုးလိုးပက်လက်လန်လျှက်ရှိသော ဒတ်ပစ်နှင့် သတ်ပုတ်ခဲ့သည့် လူ၏ အလုံးအထည်ကို ကြည့်ရင်း ရေငုတ်ခေါင်းစွပ်နောက်ကွယ်မှ မျက်လုံးများပြူးသွား၏။ ပစ်ကိုလည်း လေးစားဟန်ဖြင့် လက်တစ်ဖက်မြှောက်၍ အလေးပြုသလိုလုပ်ရင်း-

“ဒီကောင်ကြီးက ဘာလဲ၊ ဂေါ်ဇီလာ ဘောလုံးအသင်းက စင်တာဘက် နောက်တန်းသမားလားကွ” ဟုမေးလိုက်သည်။

“ကဲ- မြန်မြန်လုပ်အယ်လ်။  သူတို့လက်နက်တွေသိမ်း။  ပြီးရင်မင်းပြောတဲ့ ဂေါ်ဇီလာကို မီးကြိုးတွေနဲ့ချည်၊ အောက်စီ ဂျင်ပိုက်တွေ တပ်ပေး၊ ခေါင်းစွပ်တော့စွပ်မပေးနဲ့၊ ဒါမှ ဒီကောင်တွေရေထဲမှာ မမြင်မစမ်းနဲ့ မျက်လုံးတွေဝါးနေမှာ”

အယ်လ်သည် မေ့မြောနေဆဲ လူထွားကြီးကို ဝါယာကြိုးများဖြင့် အထပ်ထပ်ပါတ်သည်။ ပြီးတော့လက်နက်တွေရှာ သည်။ ဓါးမြှောင်နှစ်လက်၊ ကင်မရာသမားထံမှ အသံတိတ်ကိရိယာတပ် သေနတ်အသေးလေးတစ်လက်ရသည်။

အကျဉ်းသားနှစ်ဦးနှင့် အယ်လ်အလုပ်များနေစဉ် ပစ်သည် သူယူဆောင်လာသော နိုင်လွန်အိတ်ကြီးတစ်လုံးကို ထုတ် လိုက်သည်။ ပြီးတော့ သူ့ကို စူးစိုက်ကြည့်နေဟန်ရှိသော ဧရာမမျက်ကွင်းကြီးများနှင့် မှော်ဆန်လှသော မဟူရာ သလင်း အရိုးခေါင်းဆီသို့ လက်လှမ်းလိုက်သည်။ အယုံအကြည်မရှိသော်လည်း သလင်းအရိုးခေါင်းကို လှမ်းယူနေစဉ် ရုပ်ထုမှ ကျိန်စာကြောင့် သူတစ်ခုခုများဖြစ်တော့မည်လားဟု တွေးရင် ကျောထဲစိမ့်ကနဲ ဖြစ်သွားသေးသည်။ ဘယ်လို လျှို့ ဝှက်ချက်တွေများခိုအောင်းနေပါလိမ့်။

ပစ်၏ ရောက်တတ်ရာရာတွေးနေသော အဇတ္တ စိတ်အာရုံနောက်သို့ ကျင့်သားရနေသည့် ဗဟိဒ္ဓိ လှုပ်ရှားမှုများက မလိုက် ပါချေ။ ဒဏ္ဍာရီလာဖြစ်ရပ်များကို လွမ်းမောနေဖို့ရန်လည်း ရေအနက် ၁၈၆ ပေကခွင့်မပြုနိုင်ပါ။ သူ အရိုးခေါင်း အားတိုးတိုးလေး ပြောလိုက်သည်။

“ခင်ဗျားရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို နှောက်ယှက်ရတဲ့ အတွက်စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ပြင်ပ ကမ္ဘာမှာ ခင်ဗျား ကိုယ်ထင်ပြဖို့ အချိန်တန်ပြီဗျာ”

ပစ်သည် သလင်းခေါင်းခွံကို အသာမလိုက်သည်။ ပြီးတော့ နိုင်လွန်အိတ်ထဲသို့ထည့်လိုက်သည်။ ရေထဲတွင်တော့ သလင်းခေါင်းခွံက အလေးချိန်မရှိသောပစ္စည်းပမာ ပေါ့ပေါ့လေးဖြစ်နေသည်။ သို့သော်လက်အဆ အရ အတော် အလေးချိန်စီးမည့်ပစ္စည်းဖြစ်ကြောင်းပစ် သိလိုက်သည်။ အနည်းဆုံး ပေါင်လေးဆယ်ခန့်လေးလိမ့်မည်။ ဂျီယိုဒီနို က အကျဉ်းသားနှစ်ဦးကို ဆွဲထုတ်သွားခဲ့ပြီ။ ဒတ်ပစ်သည် အားမီးနီးစ်ဟု လူသတ်သမားများမှ တဆင့်သိခဲ့ရသော အခန်း လေးကို နောက်ဆုံးအကြိမ် သမင်လည်ပြန်ကြည့်လိုက်သည်။ ပြီးတော့မှ အသာအယာ ထွက်ခွာလာခဲ့တော့သည်။

ကြိုးတုတ်ခံရသော အကျဉ်းသားနှစ်ဦးအနက် လူ့ဘီလူးသည် သတိပြန်လည်စပြုလာပြီ။ တစ်ကိုယ်လုံးကြိုးများဖြင့် တုပ်နှောင်ခံရသဖြင့် ဒေါသတကြီးရုန်းကန်နေ၏။

“ဟေ့ အယ်လ် ဖြစ်ရဲ့လားကွ”

“မင်း ကင်မရာနဲ့ သလင်းခေါင်းကို သာဂရုစိုက်ကွ၊ ငါဒီကောင်တွေကို အပေါ်ပို့လိုက်မယ်”

အပြန်ခရီးကား နှေးကွေးလှဘိတောင်း။ ဂျီယိုဒီနိုသည် အကျဉ်းသားနှစ်ဦးကို တွန်းကာထိုးကာဖြင့် ရေမြုပ်နေသော ကျောက်သားလမ်းမှ လမ်းလျှောက်လာရသည့်အတွက် အချိန်ဖင့်လှသည်။ သူတို့ ရေငုတ်စဉ်က ရေအောက်ရန်ပွဲကို ထည့်မတွက်မိသဖြင့် လက်ကျန် အောက်စီဂျင်ပမာဏ မှာအခြေအနေသိပ်မကောင်းလှ။ အယ်လ်နှင့် ပစ်တို့၏ အောက်စီဂျင်ဘူးထဲမှာ အောက်စီဂျင် ပေါင်သုံးရာသာသာ ခန့်သာရှိတော့သည်။ အကျဉ်းသားနှစ်ဦးကတော့ အောက်စီဂျင် ပေါင်ခုနှစ်ရာခန့် ရှိကြသေး၍ပူစရာမလို။

ဒီလိုနှင့် တစ်နှစ်ခန့်ကြာသည်ဟု သူတို့ထင်မိကြသော ရေအောက်ခရီးကို ခက်ခဲပင်ပန်းစွာလျှောက်လှမ်းပြီးနောက် အီဂမ် နှင့်မာကွီးတို့ ချထားပေးသောအောက်စီဂျင်ဘူးအပို များကိုတွေ့လိုက်ကြရမှ စိတ်သက်သာသွားကြသည်။ အကျဉ်းသား နှစ်ဦးမှာ ခုခံလျှင် သေဖို့ သေချာသဖြင့် ပါးပါးနပ်နပ်နှင့် လိမ်လိမ်မာမာ ထားရာနေ၊ စေရာသွား နေကြရှာသည်။ သို့သော်လည်း အလွတ်မပေးရဲ၊ မျက်စိဒေါက်ထောက် ကြည့်နေရသည်။

“ကဲ- ရောက်ပြီဟေ့” အယ်လ် ကဝမ်းသာအားရပြောလိုက်သည်။

ချထားသည့် ကြိုးလှေကား မှ ပစ်အရင်တက်သည်။ အပြင်ရောက်ရောက်ချင်း အေးမြလတ်ဆတ်သည့်လေကို အငမ်း မရရှု၏။

“ပြန်လာတာ ကြိုဆိုပါတယ် မစ္စတာပစ်၊ ဘာလို့ ဒီလောက်ကြာနေတာလဲ” ရဲမှူးအီဂမ် ကဆီးကြိုနှုတ်ဆက်လိုက်သည်။

“ခင်ဗျား အတွက်ထောင်သားနှစ်ယောက် ခေါ်ခဲ့ရလို့ဗျို့ ”

ဂျီယိုဒီနိုသည် အကျဉ်းသားနှစ်ဦးအနက် ခန္ဓာကိုယ်သေးကွေးသည့် လူကိုတပါတည်းဆွဲခေါ်လာရင်း အပေါ်သို့ရောက် လာသည်။

“အကူအညီ၊ အကူအညီ လိုတယ်ဗျို့ ။ အောက်မှာ နွားသိုးလောက်လေးတဲ့ လူတစ်ယောက်ကို ဆွဲခေါ်ရဦးမယ်” အပေါ်ရောက်သည်နှင့် အယ်လ်သည် သူ့ဝသီအတိုင်း ဟောင်ဖွာ ဟောင်ဖွာလုပ်နေသည်။

နောက်သုံးမိနစ်အကြာမှာတော့ ရဲမှူးအီဂမ်သည် ကျူးကျော်သူ သူစိမ်းနှစ်ဦးကို မေးခွန်းများစတင်မေးမြန်းလျှက်ရှိ သည်။ အမေးရှိလျှင် အဖြေရှိရမည် ဆိုသည့်စကားအခုအချိန်တွင် သွက်သွက်ခါမှားတော့သည်။ အီဂမ် ဘာမေးမေး ထိုနှစ်ဦးမှာ ဘာမှမဖြေ၊ မျက်လုံးကြီးများပြူး၍ အီဂမ်အား သရဲ၊ သဘက် သဖွယ်စိုက်ကြည့်နေကြသည် မှာ ကြောက်စ ရာပင်ကောင်းသေးတော့။

ပစ်သည် ထိုလူနှစ်ယောက်အား စိုက်ကြည့်နေရင်း ခပ်ညှက်ညှက်လူအနားသို့ကပ်သွားပြီး-

“ငါက ဘယ်သူများလဲလို့၊ ငါဓါးနှောင့်နဲ့ လည်မျိုကို ပိတ်ထုခဲ့တဲ့ ဆိုင်ကယ်သမားကိုးကွ၊ မင်းလည်ပင်း ဘယ်နှယ့် နေ သေးလဲကွ” ဟုမေးလိုက်သည်။

ထိုသူသည် ပစ်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ပါးစပ်ကစကားတစ်ခွန်းမှ မပြော။ သို့ သော် ဓါးသွားလို စူးရှ ချွန်ထက်သည့် အကြည့်များဖြစ်သည်။ ပစ်ကဆက်၍ ကလိ၏။

“မင်းတို့က တည်အံ့ဆဲဆဲ စတုတ္တ နိုင်ငံတော် ကဖြစ်အံ့ဆဲဆဲ နိုင်ငံသားကြီးတွေကိုးကွ။ ထောင်ထဲရောက်ရင် ဆက်ပြီး အိပ်မက် မက်ကြဦးပေါ့ကွာ”

အီဂမ်သည် ပစ်၏ပုခုံးကို အသာအယာကိုင်လိုက်ပြီး-

“ကျွန်တော် သူတို့ကို လွှတ်ပေးရလိမ့်မယ် မစ္စတာပစ်ရေ”

ပစ် မျက်လုံးစိမ်းများ မီးဝင်းဝင်းတောက်သွား၏။ အီဂမ်ကို နားမလည်စွာကြည့်လိုက်သည်။

“သူတို့ ပြစ်မှု ကျူးလွန်ပါတယ်ဆိုတာ သက်သေ သက္ကာယမရှိပဲ ကျွန်တော်ဖမ်းလို့ မရဘူးဗျ” ဟု ဥပဒေ ဘက်တော် သား စာအုပ်ကြီးသမား အီဂမ်က ပြော၏။

“ဟုတ်လား၊ ဒါဆို ဒီကောင်တွေကို ကျုပ်စွဲချက်တင်မယ်ဗျာ” မာကွီးက ဒေါသဖြင့်ဝင်ပြော၏။

“ဘာမှုနဲ့လဲ မာကွီး”

“အခွင့်မရှိ ပိုင်နက်ကျူးကျော်မှု၊ ပိုင်ရှင်ရှိတဲ့ ပစ္စည်းတွေ ဖျက်လိုဖျက်ဆီးလုပ်မှု၊ ခိုးမှု၊ ပါတ်ဝန်းကျင် ညစ်ညမ်းဆူညံ စေမှု တွေနဲ့ စွဲချက်တင်တယ်ဗျာ”

“သူတို့က ခင်ဗျား ရဲ့ ဘာပစ္စည်းတွေများခိုးသွားလို့လဲ”

“ကျုပ် မီးကြိုးတွေ၊ မီးမောင်းတွေခိုးတယ်လေ၊ သူတို့ကိုယ်မှာ တုပ်ထားတဲ့ မီးကြိုးတွေက ကျုပ်ဟာတွေ”

ပစ်သည် အီဂမ်ကို ဖျောင်းဖျနေ၏။

“ရဲမှူးကြီး၊ ဒီနှစ်ကောင် လူသတ်ဖို့ကြိုးစား ကြံစည်မှု ဖြစ်ဖြစ် အခြားဘာမှုနဲ့ ဖြစ်ဖြစ် တရားရုံးတင်နိုင်အောင်သာ ကြိုးစားဗျာ။ ပဏာမစုံစမ်းစစ်ဆေးမှု လုပ်ရင်ကို အနည်းဆုံးတော့ သူတို့ အကြံအစည်ဘာလဲဆိုတာ သိရမှာပဲ”

“လုပ်စမ်းပါ အီဂမ်ရာ၊ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေကို အချုပ်ထဲသာ ထည့်ထားလိုက်ဗျာ”

အီဂမ်သည် တွေဝေနေဆဲ။

“ကျွန်တော် ဒီလိုလုပ်လို့ ဖြစ်ပါ့မလား”

“ဒီလိုလုပ်လေဗျာ” အယ်လ်က ကွေးကောက်နေသော ဆံပင်နက်များကို ဘီးသေးသေးလေးတစ်ချောင်းဖြင့် ဖြီးရင်း ဝင်ပြော၏။

“ခင်ဗျား ကိုလိုရာဒို ရဲတပ်ဖွဲ့ကို ဒီအမှု လွှဲလိုက်လေ။ ခင်ဗျားကိုလည်း မထိခိုက်တော့ဘူးပေါ့”

အီဂမ် သဘောကျသွားသည်။ ဒီအကြံမဆိုးဘူးပဲ၊ သူလက်ခံလိုက်သည်။

ထိုအခိုက် လှိုဏ်ခေါင်းအတွင်းမှ အထိတ်တလန့်အော်ဟစ်လိုက်သော အသံနက်ကြီးတစ်သံကို ကြားလိုက်ရသည်။ စက္ကန့် အနည်းငယ်အကြာတွင် အီဂမ်၏ လက်ထောက်ရဲမှူးသည် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောက်ပြေး လာသည်ကိုတွေ့လိုက်ရသည်။

“ဟေ့ ချာလီ၊ ဘာဖြစ်လာတာလဲ” အီဂမ်က သူ့တပည့်အား လှမ်းငေါက်လိုက်သည်။

ချာလီသည် ဟောဟဲလိုက်နေသည်။ ခဏနေမှ မောသံကြီးဖြင့်-

“ရေခဲတိုက်က ဖုန်းဆက်တယ်ဆရာ၊ အလောင်းတွေ ပျောက်သွားပြီတဲ့”

“နင့်မေကလိန်းတဲ့မှ၊ ဘာတွေပြောနေတာလဲ၊ ရှင်းရှင်းပြောစမ်း”

“မစ္စတာ မာကွီးအိမ်နဲ့ ဒေါက်တာ ပက်ထရစ်ရှာ အခန်းက အသေမိခဲ့တဲ့ လူသတ်သမားတွေလေ။ ရေခဲတိုက်မှာ အလောင်းတွေထားတာ၊ အခုပျောက်သွားပြီတဲ့၊ ဖုန်းဆက်တာ။ ကျွန်တော်လည်း မှောင်ကြီးမည်းကြီးထဲ ဒီသတင်း ကြားလိုက်တော့ ကြက်သီးတွေထလာပြီး စိမ့်ကြောက်လာလို့ အော်မိတာပါဆရာရယ်”

ခေတ္တမျှ စကားမပြောနိုင်ကြပဲ ငြိမ်နေကြသည်။ အတန်ကြာမှ ပစ်သည် အီဂမ်ကို ပြောလိုက်၏။ သူ့လေသံက အလေး အနက်ပြောနေကြောင်း ထင်ရှားလှ၏။

“ခင်ဗျားနေရာမှာ ကျွန်တော်သာဆိုရင် ရီပို့ကို အက်ဖ်ဘီအိုင်နဲ့ တရားရေးဌာနကို ပို့ထားတော့မယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စဟာ ကျွန်တော်တို့ မျှော်မှန်းထားတာထက် အများကြီးနက်နဲတယ်ဆိုတာ ထင်ရှားသထက် ထင်ရှား လာလို့ပဲ”

Advertisement

4 Comments (+add yours?)

  1. မင်းဒင်
    Mar 16, 2009 @ 00:27:43

    ဆက်၍ ကလိ၏။…

    ဟောဟဲလိုက်နေသည်။ ခဏနေမှ မောသံကြီးဖြင့်-..၊

    နင့်မေကလိန်းတဲ့မှ၊ .. တဲ့ .. အဲဒီအသုံးအနှုံးလေးတွေကိုက တကယ်အတုယူထိုက်နေတယ် ဗျာ။

    ခင်မင်သော

    မင်းဒင်

    Reply

  2. လီယိုဒေါက်တာ
    Jun 30, 2009 @ 01:46:10

    “စက္ကန့်ပိုင်းအတွင်းပျော့ခွေကြသွား၏” ဆိုတဲ့စကားစုလေးမှာ ကြသွားဆိုတာလေး ပြန်စစ်ဆေး ပေးစေလိုပါတယ်ဗျာ… ဆရာလုပ်တာမဟုတ်ပါဘူးနော်… အကြံပေးတာပါ.. ရုတ်တရက်ဖတ်လိုက်ရင် ကြနဲ့ကျ လွဲနေတော့ လူနှစ်ယောက်လုံးတစ်ပြိုင်တည်း ပျော့ခွေသွားသလိုဖြစ်နေလို့ပါ…

    စာရေးသူကိုလေးစားစွာဖြင့်

    လီယိုဒေါက်တာ

    Reply

    • admin
      Jun 30, 2009 @ 08:08:37

      လာလည်တာ ကျေးဇူးတင်ပါတယ် ဆရာ။ စာလုံးပေါင်း အသုံးအနှုံးတွေက လွဲနေ၊ လိုနေတာတွေ တပုံကြီးရှိပါတယ်။ အခုလို ပြင်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းတော့ စာကို စစ်ပြီးမှ တင်ဖို့ ကြိုးစားပါမယ်။ လာလည်ကြတဲ့ မိတ်ဆွေတွေ (ဦးမင်းဒင်) တို့ကလဲ မကြာခဏ ပြင်ပေးပါတယ်။ တကယ်က စာရေးတဲ့ ဆရာက အချိန်လုပြီး လက်တန်းရေးထားတာကို မပြုပြင်ဘဲ (ပျင်းတာကလဲ တကြောင်း၊ အချိန်မရတာကလဲ တကြောင်း) တင်လိုက်တဲ့ အတွက် စာဖတ်သူတွေ စိတ်အနှောက်အယှက် ဖြစ်ရတာပါ။ အခု လာမယ့် အပိုင်း ၃၃ ကိုတော့ စာနဲနဲ စစ်ပြီးမှ တင်ပါ့မယ်။
      admin

      Reply

  3. Kopoehut
    Mar 18, 2009 @ 00:29:18

    ဦးမင်းဒင်ကြီး၊ အတုတော့ မယူပါနဲ့ဗျာ၊ အစစ်ပဲ ယူပါ။ သင့်လူကို ပြောလိုက်ပါ့မယ်၊ အဲဒီ နောက်တီးနောက်တောက် အသုံးအနှုံးတွေကို လျှော့ပါလို့၊ အရင် စာဖတ်သူ တစ်ယောက် (zargyi) ကလည်း အဲဒီ အသုံးအနှုံး မျိုးကြောင့် ဇတ်လမ်းက ဖတ်ရတာ အရသာ ပျက်သွားတယ်လို့ ဆိုတယ်။ လောလောဆယ် သူ လက်တန်းရေးတာကို မတည်းမဖြတ် တင်ပေးပြီး နောက်မှ ဦးမင်ဒင် လုပ်သလို စာချော တစ်ခေါက် ပြန်တင် ပါ့မယ်။ မတင်ဖြစ်ရင်တောင် စာချောကို pdf နဲ့ ထုတ်ဝေ ပါ့မယ်။
    ဦးမင်းဒင်ကို လေးစားသော
    ပိုးဟပ်

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

March 2009
M T W T F S S
« Feb   Apr »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.