အတ္တလန်တစ် ရှာပုံတော် (၁၈)

ဒုတိယပိုင်း
အတိတ်ခြေရာ ရှာသောခါဝယ်
မတ်လ ၂၇ ရက်၊ ၂ဝဝ၁ ခုနှစ်
အိုကူမာ ကမ်းခြေ၊ အန္တာတိက

(၉)

ဝင်ရိုးစွန်းမုန်တိုင်း ဟု အမည်ရသော တန်ရှစ်ထောင် ရေခဲခွဲ သင်္ဘောကြီး ၏ မှန်လုံ ပဲ့ခန်း ထဲတွင် ရပ်ရင်း ကပ္ပတိန် ဒင်နီယယ် ဂီလက်စပီး သည် မှန်ပြောင်း တစ်လက် ဖြင့် ရေခဲပြင် ၏ အခြေအနေ ကို လေ့လာနေ၏။

ဆောင်းဦး ရာသီသည် ပင်လယ်ပြင် အတွင်း ရေခဲထုကို လျှင်မြန်စွာ ပေါ်ထွန်း စေသည်။ အချို့ နေရာ များတွင် ရေခဲထု က နှစ်ပေကျော် သုံးပေ နီးပါး ရှိနေပြီ ဖြစ်၏။ စက်ကုန် ရွက်စုံဖွင့် အလုပ်လုပ် နေရသဖြင့် သင်္ဘော တစ်စီးလုံး တသိမ့်သိမ့် တုန်ခါလျှက် ရှိသည်။ ဦးချွန်သော သင်္ဘောရှေ့ပိုင်း သည် ရေခဲပြင် ကြီးကို စန္ဒယား အရွယ်ခန့် ရေခဲတုံးများ အဖြစ် ကြိတ်ခွဲ ပြီး ထို ရေခဲတုံး များကို ဝင်ရိုးစွန်းမုန်တိုင်း ၏ ဆယ့်နှစ်ပေ ရှိသော ရေယက်ကြီး နှစ်ခုက တဂျွမ်းဂျွမ်း ကြိတ်ဝါးရင်း သင်္ဘောကို တရွေ့ ရွေ့ ခရီးဆက်စေသည်။

ဝင်ရိုးစွန်း မုန်တိုင်းသည် ရေခဲခွဲ သင်္ဘော အဖြစ် သာမက အဏ္ဏဝါ သုတေသန သင်္ဘော အဖြစ်ပါ သုံးနိုင်အောင် တည်ဆောက် ထားသော သင်္ဘော တစ်စီး ဖြစ်၏။ ၁၉၈၁ က တည်ဆောက် ခဲ့ပြီး သက်တမ်း နှစ် (၂ဝ) ရှိပြီ ဖြစ်သဖြင့် အဏ္ဏဝါ စံနှုန်း အရ ဇရာထောင်းသည့် ဖွားကြီးအို ဖြစ်နေ ပေပြီ။ ရေခဲခွဲ သင်္ဘော အနေဖြင့် တန် ၈ဝဝဝ၊ အလျှား ၁၄၅ ပေ ရှိသော ဝင်ရိုးစွန်းမုန်တိုင်း သည် သေးငယ်သည် ဟု ဆိုနိုင်၏။ သို့သော်လည်း သုံးပေထု ရှိသော ရေခဲပြင်ကို ကောင်းစွာ ခွဲနိုင်ယုံမျှ မက အဏ္ဏဝါ သုတေသန အမျိုးမျိုးကို ပေမီဒေါက်မီ စွမ်းဆောင်နိုင်စွမ်း ရှိနေသေးသည်။

ဝင်ရိုးစွန်းမုန်တိုင်း ပေါ်သို့ ဥရုဂွေး နိုင်ငံ မွန်တီဗီးဒီးယိုး မှ တဆင့် တက်လာ ခဲ့သော အမျိုးသား သိပ္ပံမဂ္ဂဇင်း မှ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ စာရေးသူ လည်းဖြစ်၊ ဓါတ်ပုံပညာရှင် လည်း ဖြစ်သော အီဗီတန် သည် ကုလားထိုင် တစ်လုံးတွင် ထိုင်ပြီး ကွန်ပျူတာ တစ်လုံးဖြင့် စာရေးလျှက် ရှိသည်။ ပိုးသားလို နူးညံ့ မည်းနက် ရှည်လျှား လှသော ဆံနွယ်များ ပိုင်ရှင် အီဗီတန် သည် ဖိလစ်ပိုင် ကျွန်းစု များတွင် မွေးဖွား ကြီးပြင်း ခဲ့သော ရေမရောသည့် အာရှတိုက်သူ စစ်စစ် ဖြစ်၏။ သူမက စာရေး နေရာမှ ကပ္ပတိန် ဂီလက်စပီး ကို မော့ကြည့်ရင်း အင်တာဗျူးကို စတင် လိုက်သည်။

“ကပ္ပတိန် တို့ အနေနဲ့ ရေခဲပြင် သုတေသီ တွေကို ဒီလိုပဲ သင်္ဘောနဲ့ အမြဲ တင်ခေါ် သွားရသလား”

ကပ္ပတိန်က သူ့မျက်နှာကို မှန်ပြောင်းမှ ခွာ၍ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်ဗျ၊ ဒါကျွန်တော်တို့ရဲ့  ပုံမှန်အလုပ်ပဲလေ။ တခါတလေ တရက်တည်း သုံးကြိမ် လောက်တောင် လုပ်ရသေး တယ်။ ရေခဲပြင် သုတေသီ တွေဟာ ရေခဲအပိုင်းအစ နမူနာတွေ ယူပြီး သင်္ဘောပေါ်က ဓါတ်ခွဲခန်းမှာပဲ စမ်းသပ်လေ့ လာကြတယ်”

“သူတို့ လိုချင်တာက ဘာလဲ ကပ္ပတိန်”

“ဒီမေးခွန်းကိုတော့ ကျွန်တော့်ထက် သုတေသီအဖွဲ့ခေါင်းဆောင် ဂျိုရယ် ရော်ဂျား ကပိုပြီး ပြည့်ပြည့်စုံစုံ ဖြေနိုင်ပါလိမ့် မယ်။ အကြမ်းဖျင်း ပြောရရင်တော့ ကမ္ဘာကြီး ပူနွေးမှု ကြောင့် ရေခဲပြင် ပမာဏ ပြောင်းလဲမှုကို တိုက်ကြီးများ အလိုက် တိုင်းတာ တွက်ချက် တာပါ”

“ရေခဲပြင်တွေ ယုတ်လျှော့ သွားတာကို သိပ္ပံနည်းကျ တိုင်းတာ-တာပေါ့”

“အဲသလို သဘောပေါ့ဗျာ။ အန္တာတိကရဲ့ ဆောင်းရာသီ ဖြစ်တဲ့ မတ်လ ကနေ မေလအထိ ပင်လယ်ပြင်ဟာ ဒီဒေသမှာ အလုံးစုံ ရေခဲလေ့ ရှိတယ်။ အရင်တုံးက ဆိုရင် ရေခဲလွှာ တွေဟာ တစ်ထပ်ပြီး တစ်ထပ် တစ်လွှာပြီး တစ်လွှာ ခဲရင်း သြစတေးလီးယား တိုက်လောက် ကျယ်ပြန့်တဲ့ ရေခဲပြင်ကြီး ကို မျက်စိ တစ်ဆုံး တွေ့ကြ ရတယ်။ အခုတော့ ရေခဲပြင် ဟာ အရင် ကလောက် လည်း မထူ၊ အရင်လောက်လည်း မကျယ်ပြန့်တော့တာ တွေ့ရတယ်။ ဆောင်းတွင်း ကာလ တွေဟာ ၁၉၅၀၊ ၆၀ လောက်တုန်း ကထက် သိသိသာသာ အအေး ပေါ့လာတယ်။ တိုတို ပြောရရင်တော့ ကမ္ဘာကြီး ပူနွေးလာမှု ဟာ အန္တာတိကရဲ့ အဏ္ဏဝါ ဂေဟစနစ်ကို ထိခိုက်စေတာ အမှန်ပဲ”

“ရေခဲမှာ တွယ်ကပ်နေတဲ့ ဆဲလ်တစ်လုံး သတ္တဝါ အဲလ်ဂျေး တွေက စပြီး ထိခိုက်မှာ ပေါ့နော်” အီဗီးက ပါးနပ်လိမ္မာစွာ စကား ထောက်ပေးလိုက်သည်။

ကပ္ပတိန်ပြုံးလိုက်သည်။

“ခင်ဗျား အတော် လေ့လာထားတာပဲဗျ၊ ဟုတ်ပါတယ်၊ အဲလ်ဂျေးတွေ မရှိတော့ သူတို့ကို စားသောက် အသက်ရှင် ရတဲ့ ပုဇွန်လို ဂဏန်းလို ရေသတ္တဝါ လေးတွေ သေကြ၊ ဒါတွေ မရှိပြန်တော့ သူတို့ကို အာဟာရအဖြစ် မှီခိုနေတဲ့ ရေသတ္တဝါကြီး တွေ ဒုက္ခရောက်ကြနဲ့ ဒီ ဂျာအေး သူ့အမေရိုက် ဇာတ်လမ်းဟာ ပင်ဂွင်းနဲ့ ဝေလငါးတွေ အထိ မျိုးတုန်း ပျောက်ကွယ်မဲ့ အန္တရာယ် နဲ့ ရင်ဆိုင် ကြရတာပေါ့”

အီဗီးသည် အိုကူးမား ကမ်းခြေ တစ်လျှောက်တွင် မားမားမတ်မတ် တည်ရှိနေသည့် နှင်းဖုံး နေသော တောင်တန်းကြီး များကို ငေးကြည့် နေရင်း-

“ဒီတောင်တန်းတွေမှာ နာမည် ရှိလားဟင်” ဟု ကပ္ပတိန်ကို မေးလိုက်သည်။

ကပ္ပတိန် ကခေါင်းညိတ်ပြရင်း-

“ရော့ကီဖဲလား တောင်တန်း တွေလို့ ခေါ်တယ်ဗျ။ ဒီတောင်တန်းတွေဟာ ဒီဖက်မှာ ဖရေဇီယာတောင်၊ ဟိုးတောင်ဖက်မှာ နီလ်ဆင်တောင် တွေနဲ့ ဆက်နေတယ်”

“လှလိုက်တာနော်၊ ရှင့်မှန်ပြောင်း ခဏငှား ပါလား ကပ္ပတိန်”

မှန်ပြောင်းထဲမှ အီဗီး၏ မြင်ကွင်း ထဲဝယ် အိုကူးမား ကမ်းခြေမှ နှစ်မိုင်ခန့် အကွာရှိ အဆောက်အဦ ကြီးများနှင့် ကုန်တင် သင်္ဘောကြီး တစ်စီးကို ထင်ထင်ရှားရှား တွေ့နေ ရသဖြင့် ကပ္ပတိန်အား လက်ညှိုးထိုးပြရင်း-

“ဖရေဇီယာတောင်ခြေရင်းက ဟိုအဆောက်အဦးတွေကရော သုတေသန ဌာနပဲလား” ဟုမေးလိုက်သည်။

ကပ္ပတိန်က လက်ညှိုးညွှန်ရာကို လိုက်ကြည့်ရင်း-

“သြော် အဲဒါက အာဂျင်တီးနား အခြေစိုက် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီး တစ်ခု ပိုင်တဲ့ မိုင်းတွင်း ကုမ္ပဏီလေ၊ ပင်လယ် ကနေ သတ္တု တူးဖော် ထုတ်လုပ် နေကြတာ။”

အီဗီးသည် ကပ္ပတိန်ကို နားမလည်သလို ကြည့်လိုက်သည်။

“စီးပွားရေး အရ တွက်ခြေ ကိုက်ပါ့မလား၊ ကျွန်မတော့ သိပ်မထင်ဘူး၊”

“ခင်ဗျားကသာ မထင်နေ၊ ကျွန်တော်တို့ ဘူမိပညာရှင် ဘော့မောရစ်ရဲ့ အပြောအရ ဒီလူတွေ ရွှေတောင် ရှာတွေ့ နေပြီ ဆိုပဲ။ သူတို့က သိပ် လျှို့ ဝှက်တယ်။ သူတို့ ရှိတဲ့ နေရာကို ဒီထက် နီးအောင် ကပ်သွားလို့ ကတော့ လုံခြုံရေး မော်တော် တစ်စီး ထွက်လာပြီး သတိပေး လိမ့်မယ်။ တစ်ချို့ ကတော့ နာနိုနည်းပညာ သုတေသန လုပ်နေတယ် လို့လည်း ပြောကြ တယ်ဗျ”

“နာနို နည်းပညာကို အန္တာတိက လာပြီး ဒုက္ခခံ လုပ်စရာတော့ မလိုဘူး ထင်တယ်နော်”

“မသိပါဘူးဗျာ၊ သူတို့ အကြောင်းနဲ့ သူတို့ ရှိမှာပေါ့” ကပ္ပတိန်သည် စကားပြောနေရင်း တန်းလန်း အသံ တိတ်သွားပြီး သင်္ဘောရှေ့ ရှိ ရေခဲပြင်ကြီးကို စိုက်ကြည့် နေလေ၏။ အတန်ကြာမှ အီဗီး ဖက် ပြန်လှည့် လာရင်း-

“ကျွန်တော် လုပ်စရာ လေးတွေ ရှိနေလို့ ခွင့်ပြုပါဦး မစ္စတန်” ဟုယဉ်ကျေးစွာ ခွင့်တောင်း လေ၏။

အီဗီးသည် ကပ္ပတိန်ကြည့်နေသည့် ရေခဲပြင်ကြီးကို လိုက်၍ ကြည့်မိ၏။ ဘုရားရေ—-

ကန္တာရ တမျှ ကျယ်ပြော လှသည့် မဟာ ရေခဲပြင်ကြီး ပေါ်တွင် ရေခဲတောင်ကြီး တစ်ခုက ထိုးထွက် နေ၏။ ရေခဲတောင် နံရံ များသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ရာပေါင်းများစွာ မြင့်တက် လျှက်ရှိသည်။ ပြာလဲ့သော ကောင်းကင်နှင့် ဝင်းလက်သော နေခြည် တို့၏ အောက်တွင် မျက်စိ ကျိန်းလောက်အောင် ဖြူဖွေး နေသော သဘာဝ၏ လက်ဆောင် ပစ္စည်းကြီး။ ဝင်ရိုးစွန်းမုန်တိုင်း သည် ထို ရေခဲတောင်ကြီး၏ အနောက်ဖက်မှ နေ၍ တဖြည်းဖြည်း ချဉ်းကပ် လာနေပုံမှာ ဆန္ဒန် ဆင်မင်းကို လေးဖြင့် ပစ်ရန် ချောင်းမြောင်း နေသော သောနုတ္တမုဆိုး သဖွယ်။

ကပ္ပတိန် ဂယ်လက်စပီး သည် သင်္ဘောသား များအား အော်ဟစ် ညွှန်ကြားရင်း အလွန် အလုပ်များ လျှက်ရှိ၏။ ကုန်းပါတ် ခန်းထဲတွင် တည်ရှိသည့် သင်္ဘောထိန်းချုပ်စနစ် ကို မျက်တောင် မခတ်စတမ်း ကြည့်ရှုရင်း ကပ္ပတိန်နှင့် သင်္ဘောသား တစ်သိုက်သည် ဝင်ရိုးစွန်းမုန်တိုင်း အား ရေခဲတောင်နှင့် ဝင်မဆောင့် မိစေရန် အစွမ်းကုန် ကြိုးပမ်းလျှက် ရှိသည်။ ရေခဲတောင်၏ ခန့်မှန်းလုံးပါတ်၊ တည်နေရာနှင့် ရေအောက်မှ ရေခဲအတက်အလက် များကို ကွန်ပျူတာ၊ ပဲ့တင်သံ၊ ဆိုနာ ခေတ်မှီ ကိရိယာများ သုံး၍ ရှာဖွေလျှက် ရှိကြ၏။

ကပ္ပတိန်သည် ရေခဲတောင်ကြီးကို ကွေ့ပါတ်၍ ၄င်းနှင့် ဂိုက်သုံးရာ အကွာမှ သင်္ဘောကို မောင်းရန် အမိန့် ပေးလိုက် သည်။ အင်မတန်လှပသော မြင်ကွင်းမို့ အားလုံးက ရေခဲတောင်ကြီးကို ငေးမော ကြည့်ရှု နေကြသည်။ ဝင်ရိုးစွန်းမုန်တိုင်း သည် ရေခဲတောင်ကြီးကို ကွေ့ပါတ်၍ ဘေးလွတ်ရာ ရေခဲပြင် ဆီသို့ ဦးတည် လိုက်စဉ် မှာပင် ရုတ်တရက် ရေခဲတောင် အကွယ်မှ အရာဝတ္တု တစ်ခု အားလုံး၏ မြင်ကွင်း ထဲတွင် ဘွားကနဲ ပေါ်လာသည်။

ထိုအရာမှာ သင်္ဘောတစ်စီး။ ကပ္ပတိန်သည် အလွန် လျှင်မြန်စွာ ရွေ့ လျားပြီး ဝင်ရိုးစွန် မုန်တိုင်း ဆီသို့ ဦးတည် လာသည့် ထိုအရာသည် ရေငုတ်သင်္ဘော တစ်စီးဖြစ်ကြောင်း သေချာစွာ သိလိုက်ရသည်။ ဝင်ရိုးစွန်းမုန်တိုင်း ၏ သင်္ဘောဦးချွန်ကို တည့်တည့်ကြီး ဦးတည်၍ လာနေသည်။

ကပ္ပတိန်ထံမှ အမိန့် တစ်စုံတစ်ရာ မပေးလိုက် နိုင်ခင် မှာပင် သင်္ဘောသား များသည် သူတို့ လုပ်စရာ ရှိသည် များကို သွက်လက် မြန်ဆန်စွာ လုပ်ကိုင် ကြတော့သည်။ သင်္ဘော စက်မောင်းသူသည် ဝင်ရိုးစွန်းမုန်တိုင်း ၏ ကြီးမား လှသော ဒီဇယ် အင်ဂျင်ကြီးကို နောက်ပြန် လည်စေရန် စက်ကုန် ဖွင့်လိုက်သည်။ ထိုသို့သော အာရုံသိ တုန့်ပြန်မှုမျိုးကို သင်္ဘော သားတိုင်း မြန်ဆန် တိကျစွာ လုပ်နိုင်ရန် ခဲယဉ်းလှသည်။ ထို တုန့်ပြန်မှုမျိုး ဖြင့်သာ အချိန်မီ လှုပ်ရှား နိုင်ခဲ့ ပါလျှင် ဝှိုက် စတား သင်္ဘောလိုင်းမှ တိုက်တန်းနစ် သင်္ဘောကြီးပင် အဖြစ်ဆိုး ကြီးမှ လွတ်မြောက် နိုင်စရာ အကြောင်း ရှိသည်။

ဝင်ရိုးစွန်းမုန်တိုင်း ၏ တစ်ဆယ့်နှစ်ပေ ရှည်သော ယက်မကြီး နှစ်ခုသည် တစ်ခုက ရှေ့ တိုး တစ်ခုက နောက်ငင် ဖြင့် အပြင်းအထန် လှုပ်ရှား လျှက်ရှိသည်။ များမကြာမီ သင်္ဘောဦးသည် တဖြည်းဖြည်း ရွေ့ လျား လာပြီး ရေငုတ်သင်္ဘော ဦး တည်ရာ လမ်းကြောင်းမှ စတင် ဖယ်ခွာ လျှက်ရှိ၏။

သင်္ဘောနှစ်စီးသည် တစ်စီးနှင့်တစ်စီး သတိပေးဖို့ သော်လည်းကောင်း၊ ဆက်သွယ်ဖို့ သော်လည်းကောင်း အချိန်မရှိ သည့်အတွက် ကပ္ပတိန် ဂယ်လက်စပီး သည် အစွမ်းကုန် အားထုတ်မှု အဖြစ် ဝင်ရိုးစွန်းမုန်တိုင်း ၏ ကျယ်လောင် ပြင်းထန် လှသော အချက်ပေး ဥသြသံကြီး ထွက်ပေါ် လာရန် ခလုတ် နှိပ်လိုက်သည်။ ဥသြသံကြီး နားကွဲမတတ် ဆူညံစွာ ထွက်ပေါ် လာသည်။

“ငါ့ သမီးကြီးက လိမ္မာလိုက်တာ။ ကွေ့လိုက်၊ ကွေ့လိုက် စမ်းပါကွယ်” စက်မောင်းသည် သင်္ဘောကြီးကို တတွတ်တွတ် ချော့မော့ နေ၏။

အခြေအနေက ဝရုန်းသုန်းကား ရှုပ်ရှက် ခတ်နေစဉ် အီဗီးသည် သူမ၏ အသက်မွေးဝမ်းကြောင်း အလုပ်က အထပ်ထပ် အခါခါ လေ့ကျင့်ခဲ့သော ကျင့်သားရ တုန့်ပြန် စေ့ဆော်မှု အရ ကင်မရာကို ထုတ်လိုက်ပြီး ရေငုတ်သင်္ဘောကို ဘက်စုံ ထောင့်စုံက ဓါတ်ပုံများ အားပါးတရ ရိုက်တော့သည်။ ရေငုတ်သင်္ဘော ၏ ပဲ့ထိန်း စင်ပေါ်တွင် မည်သူ တစ်ဦးတစ်ယောက် ကိုမှ မတွေ့ရပါ။ ကင်မရာ၏ အားကောင်းလှသော မှန်ဘီလူး၏ မြင်ကွင်းထဲဝယ် သင်္ဘောသည် ဦးစိုက်လျှက် ရေအောက် သို့ နစ်ဝင် ငုတ်လျှိုး တော့မည့် အသွင်ကို တွေ့လိုက် ရသည်။

သင်္ဘောနှစ်စီးသည် အလွန် နီးကပ်လာ၏။ ကပ္ပတိန် ဂယ်လက်စပီး တစ်ယောက် ဘုရားတ နေသည်။ သူ့အတွေ့အကြုံ အရ ဝင်ရိုးစွန်းမုန်တိုင်း ၏ ကြီးမား လေးလံလှသည့် ရေခဲခွဲ ဦးချွန်ကြီး နှင့် ထိပ်တိုက် ထိတွေ့ခြင်း မရှိသည့် တိုင်အောင် ဖိအား သက်ရောက်မှု များက ရေငုတ်သင်္ဘောကို လေပူဖောင်း ပေါက်လိုက် သလို တစစီ ကွဲကြေ စုတ်ပြတ်သွားနိုင် ကြောင်းတွက်ဆမိ၏။

သို့ရာတွင် ရေငုတ်သင်္ဘော၏ ချက်ချင်း မြှင့်တင် လိုက်သော စက်ရှိန် နှင့်ဝင်ရိုးစွန်းမုန်တိုင်း မှ စက်မောင်း၏ ကျွမ်းကျင် လိမ္မာမှု နှစ်ခုပေါင်းက စိုးရွံ့ ထိတ်လန့်ဖွယ် အဖြစ်ဆိုးကြီး နှင့် လက်တစ်လုံးခြား ရှောင်လွှဲ လိုက်နိုင်သည်။ သင်္ဘောနှစ်စီး ထိတွေ့ရန် ထမင်းစား စာပွဲ တစ်လုံး အကျယ်ခန့် သာ လိုချိန်တွင် ရေငုတ်သင်္ဘော သည် ရေထဲသို့ လုံးဝ ငုတ်လျှိုး ပျောက်ကွယ် သွား၏။ ဝင်ရိုးစွန်းမုန်တိုင်း ပေါ်မှ လူအားလုံးသည် ထို ကံဖယ်မှုကြီးကို မယုံနိုင် လောက်အောင် ဖြစ်နေကြ သည်။ ခုတော့လည်း ရေငုတ်သင်္ဘောသည် မိုးပေါ်မှ ကျလာသလို ရုတ်တရက် ပေါ်လာပြီး မြေမျိုသွားသလို ရုတ်တရက် ပျောက်ကွယ် သွားချေပြီ။

“ကံကောင်းပေလို့ပေါ့ ကပ္ပတိန်၊ တိုက်မိတော့မလို နည်းနည်းလေး လိုတာဗျ” စက်မောင်းက မျက်နှာမှ စီးကျလာသော ဇောချွေးများကို သုတ်ရင်း၊သက်ပြင်းမောကြီး ချလိုက်ရင်း ဂယ်လက်စပီးကို လှမ်းပြောလိုက်၏။

အီဗီးသည် ကင်မရာကို လွယ်လျှက်-

“အဲဒီ ရေငုတ်သင်္ဘောက ဘယ်ကလာတာလဲ။ ဘယ်နိုင်ငံကလဲ။” ဟုမေးခွန်းများ တရစပ် မေးလျှက်ရှိ၏။

“ကျွန်တော်လည်း ဘာအမှတ်အသားမှ မတွေ့လိုက် ဖူးဗျ၊ ရေငုတ်သင်္ဘောတွေ ထဲမှာ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး” စက်မောင်းက အီဗီး၏ မေးခွန်းများကို ဝင်ဖြေ၏။

ထိုအခိုက် သင်္ဘောပထမ အရာရှိ ဂျိတ်ဘွတ်ရှလေ သည် ကုန်းပါတ်ပေါ်သို့ ပျာယီးပျာယာ ပြေးတက် လာ၏။ သူဘာမှ သိလိုက်ပုံမရ၊ ကပ္ပတိန်အား အဖြစ်အပျက်ကို မေးနေလေ၏။

“ကျွန်တော်တို့ ရေငုတ်သင်္ဘော တစ်စီးနဲ့ တိုက်မိတော့မလို့ဗျ”

“မနောက်ပါနဲ့ ကပ္ပတိန်ရယ်၊ ဒီလိုဒေသမှာ နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘော က ဘယ်က ရောက်လာ မှာလဲဗျ”

“ကပ္ပတိန်ပြောတာ အမှန်ပဲရှင့်၊ ကျွန်မမှာ ဓါတ်ပုံသက်သေ ရှိတယ်” အီဗီးက ဝင်ပြောလိုက်သည်။

ကပ္ပတိန်သည် ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ-

“နျူစွမ်းအင်သုံး ရေငုတ်သင်္ဘော မဟုတ်ဖူးဗျ” ဟုခပ်တိုးတိုးပြောလိုက်သည်။

“ဟုတ်တယ်။ ပုံစံဟောင်းကြီးပဲ” စက်မောင်းက ဝင်ပြော၏။

“မစ္စတာ ဘွတ်ရှလေ။ ရှေ့ တစ်မိုင်လောက် ရောက်ရင် သင်္ဘောကို ရပ်ပါ။ သိပ္ပံပညာရှင် တွေကို အဲဒီမှာ ချပေး ရမယ်။ ကျွန်တော် အခန်းခဏ ပြန်လိုက် ဦးမယ်”

အီဗီးနှင့် ဘွတ်ရှလေသည် ချက်ချင်း ပြောင်းလဲ သွားသော ကပ္ပတိန်၏ မျက်နှာ အမူအရာကြောင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက် ကြ၏။ ကပ္ပတိန်သည် ကုန်းပါတ်ပေါ်မှ ဆင်းသွားပြီး သူ့အခန်းထဲ ဝင်သွား၏။

ဂယ်လက်စပီးသည် ရေသရဲကြီးဟု ခေါ်ရ လောက်အောက် ပင်လယ်ပျော်၊ ဝါရင့် သဗ္ဘာရင့် သင်္ဘောသားကြီး ဖြစ်၏။ သူ့အခန်း တစ်ခုလုံး မှာလည်း ပင်လယ်အကြောင်း စာအုပ်စာတမ်း တွေ တင်းကြမ်း ပြည့်နေ၏။ သူသည် စာအုပ်စာရင်း ကိုကြည့်လိုက်ပြီး စာအုပ် တစ်အုပ်ကို ဆွဲထုတ်ရင်း ကုလားထိုင်ပေါ် ထိုင်ချ လိုက်သည်။ ထို စာအုပ်၏ အလယ်လောက်မှ ဓါတ်ပုံတစ်ပုံ ကို ငေးစိုက် ကြည့်နေ မိသည်။ ထိုဓါတ်ပုံသည် ခုနက တစ္ဆေတစ်ကောင် အလား ဘွားကနဲ ပေါ်လာသော ရေငုတ်သင်္ဘောနှင့် ချွတ်စွတ်တူ၏။ အောက်မှစာကို ဖတ်ကြည့်လိုက်သည်။

“ဒုတိယ ကမ္ဘာစစ်အတွင်း လျှို့ ဝှက်စွာတည်ဆောက်ခဲ့သော လျှပ်စစ်စွမ်းအင်သုံး ယူ ၂ဝ၁၅ ၏ ဓါတ်ပုံမှတ်တမ်း”

ယူ ၂၀၁၅

နာဇီ ဂျာမနီ ၏နောက်ဆုံးလက်နက်အဖြစ် အလွန်လျှို့ ဝှက်စွာ တည်ဆောက်ခဲ့သည် ယူဘုတ် ရေငုတ်သင်္ဘောနှစ်စီး အနက် တစ်စီးဖြစ်သည်။ ရေအောက်တွင် အချိန်အကန့်အသတ်မရှိ နေနိုင်ပြီး လောင်စာဆီတစ်ခါထည့်ထားလျှင် ကမ္ဘာ တစ်ဝက်လောက်အထိ မောင်းနှင်နိုင်စွမ်းရှိသော စွမ်းအားမြှင့် ရေငုတ်သင်္ဘော၊ နောက်ဆုံးမှတ်တမ်းများ အရ ဒိန်းမိတ်ကမ်းခြေမှ ခရီးထွက်ခွာခဲ့ပြီးနောက် အတ္တလန်တစ် သမုဒ္ဒရာအတွင်းပျောက်ဆုံးခဲ့သည်။ နောက်ဆက်တွဲ သတင်းမှတ်တမ်း မရှိ။

ကပ္ပတိန် ဂယ်လက်စပီးသည် ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဖြစ်နေသည်။ ဘယ်လောက်ပင် ဆင်ခြင်တုံတရား က မဖြစ်နိုင်ကြောင်း ငြင်းဆန် နေသော်လည်း အဟုတ်တကယ် အမှန် ဖြစ်ကြောင်း သူ့အာရုံက သိနေသည်။ လတ်စသတ်တော့ ခုနက ဝင်ရိုးစွန်းမုန်တိုင်းနှင့် တိုက်လုတိုက်ခင် သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရသော သင်္ဘောမှာ လွန်ခဲ့သည့် ငါးဆယ့် ခြောက်နှစ် က ပျောက်ဆုံး ခဲ့သော နာဇီ ရေငုတ်သင်္ဘော ယူ- ၂ဝ၁၅ ပါကလား။

@@@@@@@@@@@@@@@@@@@@

One Comment (+add yours?)

  1. သင်ကာ
    Jan 15, 2010 @ 16:28:29

    ၁ ကနေစပြီး ဖတ်နေပါတယ်ဗျာ။ ဘာသာပြန်တဲ့သူက အတော် ဘဝင်ကျနေဟန်ရှိတယ်။ စာဖတ်နာတဲ့သူတွေ အင်္ဂလိပ်လို တစ်ကြောင်းဖတ်လိုက်ရင် မြန်မာလို ချောကနဲပြန်ဖို့ စကားလုံးအသင့်ထွက်တာ တွေ့ဖူးကြုံဖူးခဲ့ပါတယ်ဗျာ။

    ဒါကြောင့်လည်း ဆဒ္ဒန်တို့ သောနုတ္တရတို့ ပါလာတာ ထင်ရဲ့ … :)

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

March 2009
M T W T F S S
« Feb   Apr »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.