အတ္တလန်တစ် ရှာပုံတော် (၁၉)

အမျိုးသားအဏ္ဏဝါဗေဒ အေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာ၊ အက်ဖ်ဘီအိုင် ညွှန်ကြား ရေးမှူး ဖရန်စစ်ရပ်ဒေးလ် တို့နှင့် နာရီပေါင်း များစွာ တယ်လီဖုန်း အမေးအဖြေ လုပ်ပြီးနောက် နိဗ္ဗာန်ဘုံမိုင်းတွင်းမှ အဖြစ်အပျက်များအတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ပဏာမအဆင့်အဖြစ် အစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် အတွက် ဒတ်ပစ်၊ အယ်လ်ဂျီယိုဒီနိုနှင့် ဒေါက်တာ ပက်ထရစ်ရှာ အိုကွန်းနယ်လ်တို့သည် ဝါရှင်တန်သို့ သွားရောက်ရန် အကြောင်းဖန်လာ၏။

အက်ဖ်ဘီအိုင် အဖွဲ့ဝင်များသည် ဖယ်လဒယ်လ်ဖီးယားပြည်နယ် ပန်ဆယ်ဗေးနီးယား တက္ကသိုလ် အနီးရှိ နေအိမ် မှ ပက်ထရစ်ရှာ၏ သမီးလေးအား လျှို့ ဝှက်စွာခေါ်ဆောင်၍ ဝါရှင်တန်ဆင်ခြေဖုံးရှိ လုံခြုံစိတ်ချရသည့် အိမ်တစ်လုံးသို့ ပို့ဆောင်နေချိန်ဝယ် အခြားအဖွဲ့ဝင်များသည် လူးဝစ်မာကွီးတို့မိသားစုအား တယ်လူရိုက်မှ ခေါ်ဆောင်ပြီး ဟာဝိုင်ယီ ကျွန်းရှိ လျှို့ ဝှက်ဒေသတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ပစ်၊ အယ်လ်နှင့် ပက်တို့သည် ဒေသခံရဲအဖွဲ့၏ စောင့်ရှောက်မှုကိုခံယူလျှက် အသုံးလုံးအဖွဲ့ပိုင် ဆက်စနာဆိုင်တေးရှင်း အာထရာ ဖိုက်ဂျက်လေယာဉ်ဖြင့် တယ်လူရိုက်မှ ဝါရှင်တန်သို့တိုက်ရိုက်ပျံသန်းခဲ့ကြသည်။ ဂျက်လေယာဉ်သည် နှင်း များဖုံးနေသည့် ဘော်ငွေရောင် ဆန်ဂျူအမ်တောင်တန်းများပေါ်မှ အရှေ့ မြောက်အရပ်ဆီသို့ ဦးတည် ပျံသန်းနေစဉ် ပက်သည် သားရေဆိုဖာထိုင်ခုံတွင် ကိုယ်လုံးမြုပ်အောင်ထိုင်ရင်း ဒတ်ပစ်၏လက်ကို သူမလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင် ထား၏။

“ကျွန်မ သမီးလေးရဲ့ လုံခြုံရေးအတွက် စိတ်ပူမိတယ် ဒတ်ရယ်”

ဒတ်ပစ်က နွေးထွေးစွာပြုံးပြလိုက်ရင်း သူမလက်ကလေးကို အသာဖျစ်ညှစ်လိုက်သည်။

“အက်ဖ်ဘီအိုင် အဖွဲ့ဝင်တွေက ကလေးကို ယင်တောင်မဝင်နိုင်အောင်စောင့်ကြည့်နေပါတယ် ဆိုတဲ့အကြောင်း မမ ဘုရားကို ကျွန်တော်မျိုးကြီး ဒဿမ အကြိမ်မြောက် သံတော်ဦးတင်ပါတယ်ဘုရား၊ များမကြာခင် မမဘုရားကိုယ်တိုင် သမီးတော်လေးကို ရွှေလက်တော်နဲ့ ထွေးပွေ့ခွင့် ရတော့မည်မှာ မလွဲဧကန် ဖြစ်ကြောင်း ဒီငမိုက်သားက အရဲကိုးပြီး လျှောက်တင်ဝံ့ပါတယ်ဘုရား”

ပစ်၏ အပြောကြောင့် ပက်ထရစ်ရှာက မျက်စောင်းကလေးတစ်ချက် ဝင့်လိုက်ပြီး-

“လုပ်ပြီ။ သူကတော့နောက်ဖို့ပဲ သိတယ်။ ကျွန်မက ဘဝတစ်လျှောက်လုံး အမဲလိုက်သလို အလိုက်ခံရပြီး စားကောင်း ခြင်းမစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေမှာကို စိုးရိမ်လို့ပြောတာပါ ဒတ်ရယ်”

ပစ် သူမကို သနားသွားသည်။ သူမ၏ လက်ကလေးကို ဆွဲယူလိုက်ပြီး-

“ဒီလိုမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူး ပက်ရယ်။ ကျွန်တော်တို့ ဟို စတုတ္တအင်ပါယာ ဆိုတဲ့ အဆံချောင်ကောင် တွေကို အမြစ်ကဆွဲနှုတ်ပြီးရင် ပုံမှန်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေသွားလို့ရပါပြီ”

ပက်က လေယာဉ်ဘီးစရွေ့ ကတည်းက ထိုင်ခုံနှစ်လုံးပေါ်တွင် ခြေကားယား၊ လက်ကားယားဖြင့် သိုးနေအောင်အိပ် ပျော်နေသော အယ်လ်ကို လှမ်းကြည့်ရင်း-

“သူကတော့ ကောင်းလိုက်တာနော်” ဟုပြောလိုက်သည်။

“အယ်လ်က ကြောင်လိုကောင် ပက်ရဲ့၊ နေရာမရွေး၊ အချိန်မရွေး အိပ်တတ်တယ်။ ပက်လည်း ခဏအိပ်လိုက်နော်၊ ပင်ပန်းလှပြီ” ပြောပြောဆိုဆိုဖြင့် ဒတ်ပစ်သည် ပက်ထရစ်ရှာ၏ လက်ကလေးများကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွလေးနမ်း လိုက်၏။ စတွေ့ချိန်မှစ၍ သူမအပေါ် ကြင်နာယုယသည့် ပထမဆုံးထိုအပြုအမူကြောင့် ပက်ထရစ်ရှာ ရင်ထဲလှိုင်းထ သွားသည်။ မဖြစ်စလောက် အနမ်းလေးတစ်ချက်က ကျွန်မကို ရင်မောစေပါလား ရှင်ရယ်။ ပက်ထရစ်ရှာ စကား လမ်းကြောင်းလွှဲလိုက်၏။

“အနားယူလို့ မဖြစ်သေးဘူးရှင့်၊ လုပ်စရာတွေအများကြီး၊ မှတ်စုစာအုပ်ထဲမှာ ကူးထားခဲ့တဲ့ အားမီးနီးစ် အခန်းထဲက သင်္ကေတတွေကို စကင်ဖတ်ရဦးမယ်၊ လေ့လာရဦးမယ်”

“နောက်ခန်းထဲမှာ ကွန်ပြူတာ၊ စကင်နာ၊ ပရင်တာ အားလုံးအပြည့်အစုံ ရှိတယ်”

ပက်မျက်နှာလေး ညှိုးသွား၏။

“ဓါတ်ပုံတွေ မရတော့တာ သိပ်ဆိုးတာပဲ၊ ကင်မရာက ရေစိုသွားလို့ အကုန်ပျက်ကုန်တယ်”

ဒတ်ပစ်သည် တစုံတခုကို ဘောင်းဘီအိတ်ထဲက နှိုက်ပြီး ပက်ကို လှမ်းပေးလိုက်သည်။

“ဒါ အားမီးနီးစ် အခန်းရဲ့ ဓါတ်ပုံမှတ်တမ်း အပြည့်အစုံပဲ။ ခင်ဗျားယူလိုက်တော့”

ပက် နှုတ်ခမ်းလွှာလေး နှစ်လွှာပွင့်အာသွားလောက်အောင် အံ့အားသင့်သွား၏။ ရေစိမ်ခံ ကင်မရာဖလင်များကို ကြည့်ရင်း-

“ဘုရားရေ၊ ဒါတွေရှင်ဘယ်က ရလာတာလဲ”

“စတုတ္တနိုင်ငံတော် ရဲ့ ပံ့ပိုးကူညီမှုတွေပေါ့ဗျာ။ သူခိုးလက်က သူဝှက်လုလာတာလေ”

“ကျေးဇူးတင်လိုက်တာ ဒတ်ရယ်” ဒတ်ပစ် ၏ပါးပေါ်သို့ သူမနှုတ်ခမ်း အစုံရောက်သွား၏။ ပူနွေးချိုမြသော အကြင် နာ အနမ်း။ ပြီးတော့ ဂျက်လေယာဉ်နောက်ရှိ ကွန်ပြူတာခန်းထဲသို့ သုတ်ကနဲထပြေးသွား၏။

ဒတ်ပစ် သည်သူ၏ နေရာအနှံ့ ညောင်းညာကိုက်ခဲနေသော ခန္ဓာကိုယ်ကြီးကို ထိုင်ခုံပေါ်မှ အားယူထလိုက်ပြီး ရေခဲ သေတ္တာထဲမှ အချိုရည်တစ်ပုလင်းယူသောက်နေ၏။ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာက သူ့အဖွဲ့အစည်းပိုင် သင်္ဘောများနှင့် လေယာဉ်ပျံများတွင် အဖျော်ယမကာတင်ဆောင်ခြင်းကို ခွင့်ပြုလေ့မရှိသဖြင့် အချိုရည်ဖြင့်သာ နှစ်ပါးသွားရတော့ သည်။ ပစ်သည် ထိုင်ခုံလွတ်တစ်လုံးပေါ်တွင် မြဲမြံစွာကြိုးဖြင့် ချည်နှောင်ထားသည် သစ်သားသေတ္တာကို စိုက်ကြည့် နေသည်။ မမြင်ရသော်လည်း အထဲမှ မဟူရာသလင်း အရိုးခေါင်းက မျက်လုံးကြီးဖြဲ၍ သူ့အားကြည့်နေသလို ခံစားမိ သည်။

ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး ဂလိုဘယ်စတား ဂြိုလ်တုဆက်သွယ်ရေးဖုန်းကို အန်တီနာတိုင်ဆွဲထုတ်ပြီး နံပါတ်တစ်ခု ကိုနှိပ်လိုက်သည်။ ဆယ်ကြိမ်မြောက် ဖုန်းခေါ်သံအဆုံးတွင် အသံနက်ကျောကျောတစ်ခုကို သူ့နားထဲကြားလိုက်ရ ၏။

“ပြောပါခင်ဗျာ”

“ဟယ်လို စိန့်ဂျူလီယန်——-”

“ဟေး- ဒတ်”

စိန့်ဂျူလီယန် ပါးလ်မတ္တာ သည်ဒတ်ပစ်၏ အသံကိုချက်ချင်းမှတ်မိ၏။

“ခွေးသူခိုးလေး၊ ငါမင်းမှန်းသိရင် ဖုန်းမကိုင်ပါဘူးကွာ”

ဒတ်ပစ် ပြုံးလိုက်၏။ သူ့အာရုံထဲမှာ ပါးလ်မတ္တာ၏ အသွင်သဏ္ဍာန်သည် ထင်ထင်ရှားရှားပေါ်လာသည်။ သူ့ဖာသာသူ “အိမ်” ဟုအမည်ပေးထားသော စာအုပ်တွေတောင်လိုပုံနေသည့် အခန်းငယ်လေးအတွင်း ပိုးသားပဂျားမား ဝတ်စုံကြီး ဘိုသီ ဘတ်သီဖြင့်ထိုင်နေမည့် ပေါင်လေးရာကျော်ရှိသော ဧရာမလူဝကြီး။ ပင်လယ်ပြင်နှင့် ပါတ်သက်သည့် အရှားတ ကာ့ အရှားဆုံးစာအုပ်တွေကို စုဆောင်းပိုင်ဆိုင်သည့် အဏ္ဏဝါဗေဒ ဆိုင်ရာ သက်ရှိ လူသားအဘိဓါန်စာအုပ်ကြီး။

“မင်းဘယ်က ဆက်နေတာလဲ ကောင်ကလေး”

“ရော့ကီးတောင်တန်းတွေ ရဲ့အထက်၊ အမြင့်ပေ သုံးထောင့်ငါးရာက ဆက်နေတာဗျ”

ပါးလ်မတ္တာက ဒတ်ပစ်၏အဖြေကို သဘောကျ၍ တခစ်ခစ်ရယ်လေသည်။

“ခွေးကလေး၊ ငါ့ဆီဖုန်းဆက်ဖို့ ဝါရှင်တန်ရောက်အောင်တောင် မစောင့်နိုင်တော့ဘူး။ ဘာတွေဖုတ်ပူမီးတိုက် ဖြစ်ရပြန် တာတုံး”

“ကျွန်တော်တို့ သုတေသနလုပ်ငန်းကြီးတစ်ခု လုပ်ကြရတော့မယ်”

“ဆိုတော့ ငါကဘယ်လို ကူညီရမလဲ”

ဒတ်ပစ်သည် အားမီးနီးစ်အခန်း နှင့် နံရံပေါ်မှ သင်္ကေတများအကြောင်းကို ပါးလ်မတ္တားအား အကျဉ်းချုပ် ရှင်းပြလိုက် သည်။ ပါးလ်မတ္တားက ငြိမ်သက်စွာနားထောင်နေ၏။ ပြီးတော့ မေးခွန်းတွေမေး၏။

“မင်းစိတ်ထဲမှာ ဘာတွေရှိနေလဲ ဒတ်”

“ကိုလံဘတ်စ် မတိုင်ခင် ခေတ်ဦးအမေရိက အကြောင်းခင်ဗျားစုဆောင်းထားတာတွေ ရှိတယ်မဟုတ်လား”

“ရှိပါ့ကွာ၊ အချက်အလက်တွေ အခန်းတစ်ခန်းအပြည့်ရှိတယ်။ ကိုလံဘတ်စ် မတိုင်ခင် အမေရိက မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့ကို ပင်လယ်ကနေဝင်လာကြသူများနဲ့ ပါတ်သက်တဲ့ အထောက်အထားတွေရော၊ သီအိုရီ တွေပါ ငါ့မှာအပြည့်ပါမောင်”

“အဲဒီထဲမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီး လျှို့ ဝှက်အခန်းဖွဲ့ခဲ့ကြတဲ့ ရှေးလူတွေအကြောင်းမပါဘူးလား”

“ငါမှတ်မိသလောက်တော့ မပါဘူးကွ။ ဒါပေမဲ့ မရှိဘူးလို့တော့မပြောနိုင်ဘူး။ ရှေးခေတ်ဦး အမေရိကနဲ့ ဥရောပ၊ အာဖရိက ကုန်သွယ်ရေးလမ်းကြောင်းတွေထဲ ပြန်ရှာကြည့်ရမှာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ဝန်းကျင်လောက်က ကြေးနီ ရောင်းဝယ်ရေးအတွက် မိုင်းတွင်းတွေအများကြီးတူးခဲ့ကြတယ်လို့တော့ ယူဆချက်ရှိတယ်”

“ဘယ်နေရာတွေမှာလဲ”

“မင်နီဆိုတာရယ်၊ မီချီဂန်ရယ်၊ ဝင်ကွန်ဆင်ရယ်”

“အဲဒါ တကယ်ရောမှန်လို့လား စိန့်ဂျူလီယန်”

“ငါ့အမြင်အရ ဆိုရင်တော့ မှန်လောက်တယ်ကွ။ ကန်တာကီမှာ ခဲသတ္တုတူးဖော်တဲ့အထောက်အထားတွေ၊ ပင်ဆယ် ဗေးနီးယားမှာ ဆာပင်တိုင်း၊ မြောက်ပိုင်းကယ်ရိုလိုင်းနားမှာ မီကာ သတ္တုတူးဖော်တဲ့ အထောက်အထားတွေဟာ ခရစ်တော်မပေါ်ခင် ရာစုနှစ်များစွာထဲက လုပ်ခဲ့ကြတာ သေချာတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒီ သတ္တုတူး သမားတွေဟာ သူတို့လက်နက် ကိရိယာတွေကို ဒီအတိုင်းထားခဲ့ကြတယ်။ အဲဒါက ခုထိဖြေရှင်းမရတဲ့ ပြဿနာတစ်ခုပေါ့”

“ဌာနေ အင်ဒီးယန်းတွေ လုပ်တာရောမဖြစ်နိုင်ဘူးလား”

“နင့်အဘ အင်ဒီးယန်းက ဘယ်တုန်းကမှ ကျောက်မတူးဘူးကွ။ အမဲပဲလိုက်တာ”

“အဲဒီ မိုင်းတွင်းတွေမှာရော ထူးဆန်းတဲ့ သင်္ကေတ တွေရှိတဲ့ လျှို့ ဝှက်မြေအောက်ခန်း မရှိဘူးလား”

“ငါသိသလောက်တော့ မရှိဘူးမောင်။ မသိသေးတာလည်း ဖြစ်ချင်ဖြစ်မပေါ့လေ။ တို့ဆီက ရှေးဟောင်းသုတေသန ပညာရှင်ဆိုတဲ့ ငနဲတွေကလည်း ကိုလံဘတ်စ်ကို အဖေလိုကိုးကွယ်ကြတာဆိုတော့ ဒီကိစ္စတွေကို သိပ်စိတ်အားမ ထက်သန်ကြဘူးကွ။ ယဉ်ကျေးမှု ပြန့်နှံ့ခြင်း သီအိုရီဆိုတာကို နားခါးကြတယ်”

“ကိုလံဘတ်စ် မတိုင်မှီ နှစ်ရာ ပေါင်းများစွာကတည်းက အမေရိကသည် ပင်လယ်မှလာသော ဧည့်သည်များရှိခဲ့သည်။ ထိုဧည့်သည်များနှင့် ကူးလူးဆက်ဆံထိတွေ့ရာမှ အမေရိက ယဉ်ကျေးမှုကြီး ပျံ့ နှံ့ဖြစ်ထွန်းလာသည် ဆိုတဲ့ သီအိုရီ လား”

ဒတ်ပစ်က ဆရာရှေ့ တွင်စာပြန်သော ကလေးငယ်ကဲ့သို့ ရွတ်ပြလိုက်သည်။

“အေးဟုတ်တယ်။ မင်းရွတ်တဲ့ အတိုင်းအတိအကျပဲ”

“ဒါလောက် အထောက်အထားတွေ ရှိနေတာကို သူတို့က ဘာလို့လက်မခံချင်တာတဲ့လဲ”

“ရှေးဟောင်း သုတေသီဆိုတဲ့ သတ္တဝါတွေက ခေါင်းအမာစားတွေကွ။ လုံလောက်တဲ့ သက်သေမရှိသ၍ လက်မခံနိုင် ဘူးတဲ့လေ။ ငါလည်း သေချာတော့မပြောတတ်ဘူး။ ငါက အဏ္ဏဝါ သမိုင်းသုတေသီပဲလေ”

“ဒါပေမဲ့ အဲဒီမြေအောက် လျှို့ ဝှက်ခန်းအကြောင်းလေး ခင်ဗျား စာကြည့်တိုက်မှာ ရှာပေးပါဦးစိန့်ဂျူလီယန်ရယ်”

“စိတ်ချ၊ စိတ်ချ၊ ငါတတ်နိုင်သလောက်လုပ်ပေးမယ်”

“ကျေးဇူး ကမ္ဘာပါ၊ အဘိုးကြီးရယ်” ဒတ်ပစ်သည် သူကလေးဘဝက ပေါင်လုံးတုတ်တုတ်ကြီးများပေါ်တွင်ထိုင်စေ၍ ပင်လယ်စွန့်စားခန်းများ၊ ပုံပြင်များကို ပြောပြလေ့ရှိသည့် စိန့်ဂျူလီယန်၏ ရုပ်ပုံလွှာကို ပြန်လည်မြင်ယောင်လာ၏။

“ဟဲ့ နေဦးကွ ကောင်လေးရ၊ ခုနက မင်းရဲ့ ဘာအခန်းဆိုလဲ၊ အဲဒီအခန်းထဲက ပစ္စည်းတစ်ခုတွေ့တယ်ဆို၊ အဲဒါဘာလဲ”

“မဟူရာရောင် အော့ဆီဒီယန် သလင်းကျောက်နဲ့ ထုထားတဲ့ ခေါင်းခွံကြီးဗျ”

ပါးလ်မတ္တားသည် အတန်ကြာအောင်ငြိမ်သက်နေ၏။ အတော်ကြီးကြာမှ-

“အဲဒီ အရုပ်မှာ ဘာတွေထူးခြားတာရှိလဲ”

“ဘာမှတော့ ထူးထူးခြားခြားမတွေ့မိဘူး။ ကျွန်တော်ပြောနိုင်တာကတော့ တကယ်လို့သာ ခေတ်မှီပစ္စည်းကရိယာ တွေမသုံးပဲနဲ့ ရှေးခေတ်ဦးလူတွေရဲ့ လက်ရာအမှန်ဆိုရင် ဒီလောက်လက်ရာမြောက်ပြီး သေသပ်တဲ့ ပန်းပုလက်ရာ တစ်ခုရဖို့ မျိုးဆက် ဆယ်ဆက်လောက်လုပ်ယူရမယ်ဆိုတာပဲဗျ”

“ကောင်လေး တော်လာပြီ။ အော့ဆီဒီယန်ကျောက်က မီးတောင်ချော်ရည်တွေ စုခဲပြီးမာလာရာက ဖြစ်တဲ့ကျောက် မျိုးကွ၊ ရှေးခေတ်က မြှားခေါင်းတို့၊ လှံချွန်တို့ လုပ်တဲ့နေရာမှာတစ်ခါတစ်လေ သုံးတယ်။ ဒါပေမဲ့ သိပ်ကြွပ်ဆတ်လွန်း တော့ ပန်းပုထုဖို့ဆိုတာ အင်မတန်ခက်တဲ့ကိစ္စပဲ”

“ခင်ဗျား ဒီမှာရှိမနေတာ စိတ်မကောင်းဘူးဗျာ၊ ကျွန်တော် ခင်ဗျားကို အဲဒီခေါင်းခွံကို မြင်စေချင်လိုက်တာ”

“အဲဒါ ဘယ်လိုပုံစံဆိုတာ ငါသိပါတယ် ကောင်လေးရ”

ဒတ်ပစ် ပြုံးလိုက်သည်။ စိန့်ဂျူလီယန်က သူ့ကိုထောင်ချောက်ဆင်ချေပြီ။ ထိုလူဝကြီးသည် ကြောင်က ကြွက်ကိုကစား သည့်နှယ် သူ့ကိုမကြာခဏ ပညာပြလေ့ရှိသည်။

“ကျွန်တော်ပြောတာက ခင်ဗျားမျက်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ ကြည့်စေချင်တာကိုပြောတာ”

ပါးလ်မတ္တားက ပြန်ပြောလိုက်သည်။ သူ့လေသံက ပီတိ အပြစ်ကင်းသည့် ကလေးငယ်ကဲ့သို့ နူးညံ့ပျော့ပြောင်းလျှက်။

“ခုနက ငါမင်းကို တစ်ခုပြောဖို့ မေ့သွားတယ်သားရဲ့၊ အဲဒီ မဟူရာ သလင်းခေါင်းခွံနောက်တစ်ခု ဘယ်မှာရှိတယ်ဆို တာငါသိထားတယ်”

@@@@@@@@@@@@@@@@@@@@@@@@

Advertisement

2 Comments (+add yours?)

  1. မင်းဒင်
    Apr 03, 2009 @ 13:08:43

    တွံတေးသိန်းတန် အသံလေးနဲ့ .. မရောက်တာ အတော်ကြာလို့ တခေါက်တခါများတော့ အရောက်လာစမ်းတော့တယ် .. ကြိုလှည့်နော်ကွယ် အခါခါပြောရတယ် စကားသာ အဖတ်တင်တယ် ..

    လို့ သီချင်းလေးတောင် ညည်းမိသဗျာ။ဘာလိုလိုနဲ့ အပိုင်း(၁၉)တောင် ရောက်ပါပေါ့လား ။ ဆက်ပါအုံးဗျာ။
    အော် .. ပရိယေဿန ဝမ်းစာမချမ်းသာလို့ ခြေကြောင်းမစိပ်နိုင်တာ ခပ်စိမ်းစိမ်းနေတယ် မထင်လိုက်ပါနဲ့ ။ ။

    ခင်မင်သော ..

    မင်းဒင်

    Reply

  2. မသက်ဇင်
    Apr 05, 2009 @ 01:00:26

    ဖတ်မှတ်သွားပါတယ်ရှင်—
    အလွန်ကောင်းပါတယ်–

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

March 2009
M T W T F S S
« Feb   Apr »
 1
2345678
9101112131415
16171819202122
23242526272829
3031  
Follow

Get every new post delivered to your Inbox.