အတ္တလန်တစ် ရှာပုံတော် (၂ဝ)

ဆက်စနာဆိုင်တေးရှင်း အာထရာ ဖိုက်ဂျက်လေယာဉ်သည် လေတပ်ပိုင် အင်ဒရူးလေယာဉ်ကွင်း၏ အရှေ့ ဖက်ပြေး လမ်းတွင် ဆင်းသက်လျှက်ရှိသည်။ ပုံမှန်အားဖြင့် အရေးပေါ်အစိုးရကိစ္စများ တွင်သာဤပြေးလမ်းကိုသုံးလေ့ရှိ၏။ အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီပိုင်လေယာဉ်များနှင့် အဆောက်အဦးများသည် လေယာဉ်ကွင်း၏ အရှေ့ မြောက် ဖက်တွင် တည်ရှိ၏။ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးသည် အဖွဲ့ပိုင်ဗင်ကားတစ်စီးဖြင့် အယ်လ်ဂျီယိုဒီနိုအား ဗာဂျီးနီးယားပြည် နယ်၊ အလက်ဇန်ဒရီးယားရှိ သူပိုင်ကွန်ဒိုတိုက်ခန်းသို့လည်းကောင်း၊ ပက်အား သူမ၏သမီးလေးရှိရာ နေအိမ်သို့လည်း ကောင်း ပို့ဆောင်ပေးရန် ထွက်ခွာသွားကြပြီဖြစ်သည်။

ဒတ်ပစ်သည် သူတို့နှင့်မလိုက်ပဲ မဟူရာသလင်းခေါင်းခွံထည့်ထားသော သစ်သားသေတ္တာကြီး ကို ထမ်းလျှက် သားရွှေအိုးထမ်းလာသည့် သုဝဏ္ဏသာမ ဂိုက်ဖမ်းနေ၏။ လေယာဉ်ပေါ်မှဆင်းလာရင်း စောစောက ပက်ထိုးသွားသော စကားနာလေးများကို ကြားယောင်၍ ပြုံးမိသေးသည်။

ပက်က “ရှင် ကျွန်မတို့နဲ့ မလိုက်ဖူးလား” ဟုမျှော်တလင့်လင့် မျက်ဝန်းလေးချီ၍ မေးသည်ကို သူက “ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်လာကြိုလိမ့်မယ်” ဟုဖြေခဲ့၏။ မယ်မင်းကြီးမက သူ့ကိုစူးစူးရဲရဲ ကြည့်ရင်း-

“ရည်းစားလာကြိုမှာလားဟင်” ဟုတိုးတိုးလေးမေးခဲ့သည်။ သူမပြောလိုက်သည့် စကားခုနှစ်လုံးသည် တစ်လုံးချင်းစီ မှာ ရင်လှိုင်းခတ်သံများပါနေသည်ကို သူသိသည်ပေါ့။

“မဟုတ်ရပါဘူးဗျာ။ မွေးစားအဖေကြီး လာခေါ်မှာပါ”

“မသိနိုင်ဘူးလေ၊ အဖေကြီးလား ရည်းစားလားဆိုတာ” သူမက မလိုတမာအသံဖြင့် ပေါ်ပေါ်တင်တင်ပြောရင်း သူ့ကို-

“ကျွန်မတို့ ပြန်တွေ့ကြဦးမယ်မဟုတ်လား၊ ဘယ်တော့တွေ့ကြမလဲဟင်” ဟုနောက်ဆုံးမေးခဲ့သည်။

“စောနိုင်သမျှ စောစောတွေ့ကြတာပေါ့” နဖူးလေးကို နမ်းရင်း သူဖြေလိုက်တော့ ဖရဏပီတိ ဂွမ်းဆီထိသွားသည့် ပက် တစ်ယောက် အပြုံးပန်းတွေဝေပြီး ကားပေါ်ပါသွားခဲ့သည်။ သြော်-မိန်းမ၊ မိန်းမ။

ဒတ်ပစ်သည် ထွက်ခွာသွားသောဗင်ကားကို မျက်စိတဆုံးလိုက်ကြည့်ပြီး လေယာဉ်ဘီးကို သက်တောင့် သက်သာ မှီ၍ နေလိုက်၏။ ဝါရှင်တန်၏ ဆောင်းဦးက ထင်သလောက်မအေးသည့်တိုင် အေးမြလတ်ဆတ်သောလေကြောင့် လူကို ကြည်လင်လန်းဆန်းစေ၏။ ဆယ်မိနစ်ခန့်အကြာတွင် အစိမ်းရောင်နှင့်ငွေရောင် စပ်ထားသောဧရာမ ဆလွန်းကားကြီး တစ်စီးလေယာဉ်ဘေးတွင် လာရပ်၏။

အနုစိတ် ပြုပြင်မွန်းမံထားသော ၁၉၅၅ ထုတ် ရိုးရွိုက်စ်ဆေးလ်ဗားအမျိုးအစား ခြောက်လုံးထိုးကားကြီးသည် အင်ဂျင်ပါဝါကြီးလှသော်လည်း စက်သံမကြားရလောက်အောင်ညက်လွန်းသည်။ တာယာနှင့်နိုင်လွန်ကတ္တရာ ပွတ် တိုက်သံမှတပါး အခြားအသံမထွက်။

စိန့်ဂျူလီယန် ပါးလ်မတ္တား၏ သစ္စာရှိလူယုံတော်ကြီး ဟူဂို မူလ်ဟော်လန် သည်ကားဒရိုင်ဘာခန်းမှ ထွက်လာပြီး ဒတ်ပစ်ကို လက်ဆွဲနှုတ်ဆက်၏။

“ခုလို ပြန်လည်ဆုံတွေ့ရတာ ကျွန်တော့် အနေနဲ့ အလွန်အင်မတန်မှ နှစ်ထောင်းအားရ ရှိလှပါတယ် မစ္စတာပစ်”

ဟော်လန်သည် အက်တိကက်ခေါ် ယဉ်ကျေးပျူဌာ ဓလေ့ထုံးစံများကို ဘိုးဘွားပိုင်ပစ္စည်းသဖွယ် တန်ဖိုးထား အသုံးပြုတတ်သူဖြစ်၏။ ဒတ်ပစ်နှင့် သိကျွမ်းခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ဆုံတွေ့လေတိုင်း ဤသို့ ဤနှယ်နှုတ်ဆက်မြဲဖြစ်၏။ ပါးလ်မတ္တားအပေါ်တွင် သစ္စာရှိလှသော ဤလူယုံတော်ကြီးကို ဒတ်ပစ်က အလွန် သဘောကျ၏။ အနှစ်နှစ်ဆယ်အတွင်း သူပြုံးရယ်သည်ကို တခါမှ မမြင်ဘူးချေ။ ပါးစပ်က ချိုသာယဉ်ကျေးသည့် စကားများအမြဲပြောဆိုတတ်သောလည်း သူ့မျက်နှာက အမေသေလည်းဒီမျက်နှာ၊ သန်းဆုကြီးပေါက်လည်း ဒီမျက်နှာ ဆိုသလို မျက်နှာသေကြီးဖြစ်၏။ သူပြုံးသည့်နေ့တွင် တောင်ထိပ်မှာ ကြာပေါက်ပြီး အနောက်မှ နေထွက်လိမ့်မည်လား အောက်မေ့ရသည်။

ဟော်လန်သည် ပစ်၏ပစ္စည်းများကို ကားနောက်ခန်းတွင်ထည့်နေ၏။ ဒတ်ပစ်က သူ၏ အရိုးခေါင်းသေတ္တာကြီးကို အဝတ်အိတ်များကြားတွင် သူကိုယ်တိုင်အသေအချာ နေရာချသည်။ ပြီးနောက် ဟော်လန်ကနောက်တံခါးကို ဖွင့်ပေး၍ ဒတ်ပစ်ကားတွင်းသို့ ဝင်လိုက်သည်။

ကြီးမားလှသော ဆိုဖာထိုင်ခုံကြီး၏ သုံးပုံနှစ်ပုံခန့်ကို ပါးလ်မတ္တား၏ မဟာတင်ပါးကြီးက နေရာယူထား၏။ ဒတ်ပစ် ရယ်ချင်သွားသည်။

“စိန့်ဂျူလီယန် ခင်ဗျားကြည့်ရတာလည်း သံစုံတီးဝိုင်းက ဘေ့စ်တယောကြီးနဲ့ တူလိုက်တာဗျာ”

ပါးလ်မတ္တားက ပစ်၏ခေါင်းကို သူ့လက်ကြီးနှစ်ဖက်ဖြင့် ကိုင်ရင်း ပါးကို တရွှတ်ရွှတ်ဖြင့် ဘယ်ပြန်ညာပြန်နမ်းနေသည်။ ကြီးမားသောနှာခေါင်းပွကြီး၊ နီရဲနေသော ပါးစုံ့ကြီးများ၊ မိုးပြာရောင်မျက်လုံးကြီးများပိုင်ရှင် ဧရာမလူဝကြီးသည် ပနား မားဦးထုပ်ကြီးကို ဆောင်းလျှက်စတိုင်ထွားနေ၏။

“ဟို လူဝင်မှုကြီးကြပ်ရေးက အာရှသူ အဝါမလေးနဲ့ အတူမင်းတိုက်ခန်းမှာ ညစာစားပြီးကတည်းက တို့မတွေ့ကြတော့ တာဆိုတော့ မင်းနဲ့ငါမတွေ့တာ တစ်ကမ္ဘာလောက်ကြာသွားပြီထင်တယ်”

“အင်း-အင်း။ ဂျူလီယာ မာရီလီး နဲ့ညစာစားကြတာ။ အဲဒါ မနှစ်က ဒီအချိန်ပဲလေ”

“အဲဒီကောင်မလေး ဘယ်ရောက်သွားပြီလဲ”

“ကျွန်တော် နောက်ဆုံးကြားတာတော့ ဟောင်ကောင်မှာ တာဝန်ကျနေတယ်တဲ့”

“မင်းနဲ့ အဲဒီကောင်မလေးနဲ့ ဇာတ်လမ်းပြီးသွားပြီလား”

“ပြီးပြီလို့ပဲ ပြောရမလား။ ကျွန်တော်လိုကောင်မျိုးက ကောင်မလေးတွေ သူတို့အိမ်ခေါ်ပြီး မိဘနဲ့မိတ်ဆက်ပေးလို့ ရတာမျိုးမှ မဟုတ်ပဲ။ ခင်ဗျားလည်းသိသားနဲ့”

“တော်စမ်းပါ ငါ့သားရယ်။ မင်းဟာမင်း ကမြင်းချင်တိုင်း——–”

တော်ပြီ၊ တော်ပြီ။ ဒီစကားဒီတင် ရပ်မှဖြစ်မည်။ ဒတ်ပစ်က စကားလမ်းကြောင်းပြောင်းလိုက်၏။ သူ့နှာခေါင်းကို ရှုံ့ ပွ၊  ရှုံ့ ပွလုပ်ရင်း-

“ဟင်းနံ့ရတယ် စိန့်ဂျူလီယန်၊ ကျွန်တော်ဗိုက်ဆာလာပြီ”

လူဝကြီးက တဟင်းဟင်း၊ တမျှင်းမျှင်းရယ်ရင်း-

“မင်း ဘယ်ကမ္ဘာကလာတဲ့ အစုတ်အပြတ် အငတ်တုန်းကွ” ဟုပြောရင်း ပစ်ကို ကျီစယ်နေ၏။

အမှန်တော့ နောက်ပြောင်ပြောချင်းမဟုတ်။ ဗိုက်ထဲမှာ သံစုံတီးဝိုင်းတီးသလို အသံပေါင်းစုံမြည်ပြီး ပစ် အမှန်တကယ် ဆာလောင်မွတ်သိပ်လျှက် ရှိသည်။

“မနက်စာက ကော်ဖီဗျာ၊ နေ့လည်စာက အချိုရည်ဗျာ၊ ဒီနေ့တစ်နေ့လုံး ဗိုက်ထဲမှာ ရေတွေပဲရှိတယ်”

ပါးလ်မတ္တားက ကားကြမ်းပြင်မှာချထားသော ပျော်ပွဲစားခြင်းတောင်းကြီးကို ဆွဲယူရင်း-

“မင်းဒီလို နားပူနားဆာလုပ်မယ်ဆိုတာ ငါသိတယ်ပစ်။ ဒါကြောင့် ဖရစ်ဒရစ်စ်ဘက်ခ် ကိုသွားရမဲ့ခရီးအတွက် စားကောင်း သောက်ဖွယ်လေးတွေ စီမံလာခဲ့တယ်”

အစားအသောက်ခြင်းတောင်းကို မျှော်လင့်ချက်ကြီးစွာဖြင့် စိုက်ကြည့်နေသောပစ်က

“ကျွန်တော်တို့ သွားရမှာ အဲဒီနေရာလား” ဟုမေးလိုက်သည်။

ပါးလ်မတ္တားက ခေါင်းညိတ်ပြလိုက်ပြီး ခြင်းတောင်းထဲမှ ပွန်ဆာဒင်ဗရု အဝါရောင်တံဆိပ် ကပ်ထားသော ရှန်ပိန်ပုလင်း ကြီးကိုဆွဲထုတ်လိုက်သည်။

“ဘယ့်နှယ်လဲ”

“ကောင်းလိုက်တာ၊ ကျွန်တော့် အကြိုက်ပေါ့”

မူလ်ဟော်လန် သည်လေဆိပ် ပင်မတံခါးပေါက်ကြီးမှ ကားကိုမောင်းနှင်လာခဲ့ပြီး ဘယ်ဖက်သို့ချိုးကွေ့၍ မြို့ ပါတ်လမ်း မကြီးပေါ်သို့တက်လိုက်သည်။ ထိုမှတဆင့် အရှေ့ စူးစူးကိုမောင်းနှင်ကာ ပိုတိုမက်မြစ်ကိုဖြတ်ကျော်ပြီး စပရင်းဖီးလ် အထိတောက်လျှောက်မောင်း၏။ စပရင်းဖီးလ်သို့ရောက်သော် တောင်ဖက်သို့ဦးတည်ပြီး ဖရစ်ဒရစ်စ်ဘက်ခ် သို့သွား သည့် ဟိုင်းဝေးလမ်းမကြီးအတိုင်းမောင်းတော့သည်။

ကားနောက်ခန်းတွင်တော့ ဒတ်ပစ်နှင့် ပါးလ်မတ္တားတို့နှစ်ဦး စားပွဲကြီးကျင်းပနေကြသည်။ ပါးလ်မတ္တားသည် လူကောင် ကြီးသလောက် အစားကြီးသူဖြစ်ရကား စားကောင်းသောက်ဖွယ်တို့ကိုတစ်ပွဲပြီးတစ်ပွဲ ခြင်းတောင်းထဲမှဆွဲထုတ်လျှက် ရှိသည်။ မှိုဂဏန်းပေါင်း၊ ရေဘဝဲကြော်၊ အာလူးနှင့် ချိစ်များ၊ ဝိုင်နီဖြင့်နှပ်ထားသော အမဲသားလွှာများ။ အရသာရှိလိုက် သည့်ဖြစ်ခြင်း။ ဒတ်ပစ်သည် ဗိုက်ပေါက်ထွက်မတတ် အငမ်းမရ၊ ပလုတ်ပလောင်းစားသောက်နေ၏။

“ကျေးဇူးကြီးလိုက်တာ စိန့်ဂျူလီယန်၊ ကျွန်တော်ဒါမျိုးတွေ စားရခဲတယ်ဗျ”

“ငါကတော့ ဒါမျိုးတွေအမြဲတမ်းစားနေတာ ကောင်လေးရ။ အဲဒါကြောင့် မင်းကမင်း၊ ငါကငါ ဖြစ်နေတာပေါ့ကွ” ပါးလ်မတ္တားက မိုးပျံဘောလုံး သဖွယ်ပူဖောင်းနေသော သူ့ဗိုက်ကြီးကိုပွတ်ရင်းပြော၏။

စားသောက်ဝိုင်းကို သာမိုဓါတ်ဘူးထဲမှ အက်စ်ပရက်ဇိုကော်ဖီပူပူ ဖြင့်ပိတ်ကြသည်။

“ကောညက်လေးများ မပါဘူးလား” ဒတ်ပစ်သည် ရလေလိုလေ အိုတစ္ဆေ ဖြစ်ကာပါးလ်မတ္တားကို အထွန့်တက်နေ၏။

“အသက် ခြောက်ဆယ်ကျော်အဖိုးကြီးတစ်ယောက်အဖို့ မနက်ခင်းမှာ အရက်များများသောက်ဖို့မကောင်းဖူးကွ” ပါးလ်မတ္တားက ပိတ်ပြောလိုက်သည်။ အဖိုးကြီးမသောက်တော့၊ လူရွယ်လေးလည်း မသောက်ရတော့။ ဒတ်ပစ် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ခင်ဗျားပြောတဲ့ ဒုတိယ အော့ဆီဒီယန် သလင်းခေါင်းခွံက ဖရစ်ဒရစ်ဘက်ခ် မှာလား”

“အေးလေကွာ၊ ငါတို့အခုသွားနေကြပြီလေ”

“ဘယ်သူ့ဆီမှာလဲ”

“ပိုင်ရှင်က အင်မတန်သဘောမနောကောင်းတဲ့ အဖွားကြီး၊ နာမည်က ခရစ်တင်း မန်ဒါ ဟက်စ်တက် တဲ့ကွ။ သူ့ ဘွားအေကြီးက ရိုဆန်နာ မန်ဒါတဲ့၊ ဘိုးအေကြီးက ဝေလငါးဖမ်းသင်္ဘော ပါလိုဗါဒီရဲ့ ကပ္ပတိန် ဘရက်ဖို့ဒ် မန်ဒါတဲ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တရာ့ငါးဆယ်လောက်က သူတို့ လင်မယားဟာ အန္တာတိကတိုက်မှာ ရေခဲပြင်ထဲ သင်္ဘော ပိတ်မိ နေတုန်း ရိုဆန်နာမန်ဒါက ရေခဲပြင်ပေါ်လမ်းလျှောက်သတဲ့။ မုန်တိုင်းကျလို့ သူပျောက်သွားတယ်။ သူ့ယောင်္ကျားနဲ့ သင်္ဘောသားတွေ ရိုဆန်နာကို လိုက်ရှာရင်း အင်္ဂလိပ်အရှေ့ အိန္ဒိယ ရွက်သင်္ဘောတစ်စီးကို ထူးထူးဆန်းဆန်းတွေ့ ကြတယ်တဲ့။ သင်္ဘောပေါ်မှာ အလောင်းတွေဟာ ရေခဲရိုက်ထားသလိုဖြစ်ပြီး လတ်လတ်ဆတ်ဆတ်ကြီး ရှိနေတယ်တဲ့။ အဲဒီသင်္ဘော စတိုခန်းထဲကနေ မှာ မဟူရာသလင်းခေါင်းခွံနဲ့ အခြားထူးထူးဆန်းဆန်း ပစ္စည်းတွေကိုတွေ့လို့ လေ့လာ နေကြတုန်းမှာ ရေခဲပြင်ကြီးကွဲပါလေရော”

ပါးလ်မတ္တားသည် ပုံပြောကောင်းလှသူဖြစ်၏။ ဒတ်ပစ်မှာ ငယ်ငယ်ကတည်းက ပါးလ်မတ္တား၏ စွန့်စားခန်းပုံပြင်များကို အသည်းစွဲခဲ့သူဖြစ်သောကြောင့် ယခုကလေးလေး ပြန်ဖြစ်သွား၏။ ပါးလ်မတ္တား၏ ပုံပြင်ထဲချက်ချင်းနစ်မြောသွား၏။ သူခြောက်လျှင်ကြောက်၊ သူချော့လျှင်ပျော့သလို ဖြစ်လာ၏။ သိချင်စိတ်တွေ ဆူဝေလာ၏။

“သူတို့ ခေါင်းခွံကို ရသွားလားဟင်”

ပါးလ်မတ္တားက ပြုံးပြီးခေါင်းညိတ်လိုက်သည်။

“ရသွားတယ်။ အားလုံး ဒရောသောပါး ဆင်းပြေးကြတုန်း ရိုဆန်နာက ဒီခေါင်းခွံကို ယူလာခဲ့တယ်။ အဲဒီအချိန်က စပြီးဒီခေါင်းခွံဟာ သူတို့မိသားစုရဲ့ မျိုးဆက်ပစ္စည်းဖြစ်လာခဲ့တော့တယ်”

ပစ်သည် ကားပြူတင်းပေါက်မှတဆင့် ဗာဂျီးနီးယားတောပိုင်း၏ လယ်ကွင်းစိမ်းစိမ်းများကို မျက်လုံးစိမ်းစိမ်းများဖြင့် အတန်ကြာအောင် ငေးစိုက်ကြည့်နေသည်။

“တကယ်လို့ ဒီခေါင်းခွံ နှစ်လုံးဟာတထပ်တည်း တူဦးတော့၊ ဘယ်သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ် ဆိုတာကို ကျွန်တော်တို့မသိနိုင်သေးဘူး”

“မစ္စမန်ဒါ နဲ့တွေ့ဖို့ချိန်းလိုက်တာ မင်းခေါင်းခွံနဲ့ သူ့ခေါင်းခွံ နှိုင်းယှဉ်ကြည့်ဖို့မဟုတ်ဖူးကွ”

“ဒါဆို ခင်ဗျားအစီအစဉ်က ဘာလဲ”

“မန်ဒါ မိသားစုပိုင်တဲ့ ကပ္ပတိန်မန်ဒါရဲ့ ပင်လယ်ပြင်မှတ်တမ်း မှတ်စုတွေကို ငါဝယ်ဖို့ကြိုးစားနေတာ ဆယ်နှစ်ကျော်ပြီ ကွ၊ သူစုဆောင်းထားတဲ့ သင်္ဘောလော့ခ်ဘွတ် စာအုပ်တွေလည်းပါတာပေါ့။ ငါအလိုချင်ဆုံးက သူတို့ အန္တာတိက ရေခဲ ပြင်မှာတွေ့ခဲ့တဲ့ မဒရပ်သင်္ဘောရဲ့ မှတ်တမ်းပဲ”

“မန်ဒါ မိသားစုမှာ အဲဒါတကယ်ရှိသလား” ဒတ်ပစ်က ခပ်လောလောမေးလိုက်သည်။ သိချင်စိတ်က မိုးလောက်ကြီး မြင့်လာ၏။

“ကပ္ပတိန်မန်ဒါဟာ အဲဒီသင်္ဘောမှတ်တမ်းစာအုပ်ကို ယူလာခဲ့တယ်လို့ ငါသိထားတယ်”

ဒတ်ပစ်သိလိုက်ပြီ။ ပါးလ်မတ္တားဆိုသည့် ကြောင်ဖါးကြီးက ဒီတစ်ကြိမ်လည်းသူ့ကို လှည့်စားပြန်လေပြီ။

“ဒါဖြင့် ခင်ဗျားက အလှူ့ လက်ဖက်နဲ့ မျက်နှာလုပ်ဖို့ ကြံနေတာပေါ့”

ပါးလ်မတ္တားက ဝံပုလွေပြုံးပြုံးလိုက်သည်။ သူ့အကြံကို သည်ကောင်လေးသိသွားပြန်ပြီကော။

“အေးလကွာ။ မစ္စ မန်ဒါဟက်စ်တက် ကမင်းခေါင်းခွံကြီးကိုလည်းမြင်ရော အံ့အားတွေသင့်၊ စိတ်တွေပြောင်းပြီး ငါ့ကို သူတို့မိသားစုပိုင် မှတ်တမ်းတွေရောင်းလိုက်ရော၊ မကောင်းဖူးလား”

ဒတ်ပစ် အတော်တင်းသွားသည်။ ထို့ကြောင့် ပါးလ်မတ္တားကို နစ်နစ်နာနာပြောလိုက်၏။

“ဒီမှာ စိန့်ဂျူလီယန်၊ ခင်ဗျားကို ခင်ဗျားမှန်ထဲ သေချာပြန်ကြည့်စမ်း၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်ဖို့ လုပ်နေတာ မရှက်ဖူး လား”

ပါးလ်မတ္တားက သူ့ကိုယ်ကြီး တသိမ့်သိမ့်တုန်အောင် ခွက်ထိုးခွက်လန်ရယ်လေသည်။

“ရှက်ပါဘူး၊ ဘာလို့ရှက်ရမှာလဲ၊ ကိုယ်လိုချင်လို့ ကိုယ်ကြံတဲ့ ဥစ္စာ၊ တကယ်လို့ ရှက်ခဲ့ရင်တောင် မျက်နှာကပဲ ရှက်တာဆိုတော့ ငါ့မျက်နှာကို သတင်းစာနဲ့အုပ်ထားလိုက်ရင် ကိစ္စပြီးရော”

ဒတ်ပစ်သည် ပါးလ်မတ္တားကို စကားအရာတွင် နိုင်အောင်မပြောနိုင်သည့် အတွက်မျက်နှာကြီးပုပ်နေ၏။ သူတို့နှစ်ဦး တွေ့လိုက်လျှင် အမြဲတမ်းဒီအတိုင်း။ အတန်ကြာတော့မှ-

“ခေါင်းခွံတွေ့တဲ့ မဒရပ်သင်္ဘောမှတ်တမ်းမှာ ဘာတွေရေးထားလဲ”

ပါးလ်မတ္တားက ခေါင်းကြီးခါယမ်းရင်း-

“ငါတစ်ခါမှ မဖတ်ဖူးသေးဘူး။ မန်ဒါဟက်စ်တက်က တစ်ခါမှမပြလို့ ငါဒီမှတ်တမ်းကို မျက်မွှေးထော်လို့တောင် မော်ကြည့်ခွင့် မရသေးဘူးကွ”

ဒတ်ပစ်သည် အတွေးထဲမှာနစ်မြောနေ၏။ ကမ္ဘာပေါ်မှာ အော့ဆီဒီယန် သလင်းခေါင်းခွံတွေဘယ်နှစ်ခုလောက် ရှိသလဲ။ ဘယ်နေရာတွေမှာ ပျောက်ကွယ်နေကြသလဲ။ ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတာလဲ။ စတုတ္ထ နိုင်ငံတော်ဆိုတဲ့ ငနဲတွေက ဘာဖြစ်လို့ ဒါတွေကိုအသည်းအသန်လိုချင်ရတာလဲ။ သူများသိမှာ ဘာလို့ဒီလောက် ကြောက်ကြတာလဲ။ ခေါင်းတွေ အုံခဲလာတာသာအဖတ်တင်သည်။ အဖြေကား နထ္ထိ။

တစ်နာရီ (၈၇) မိုင်နှုန်းဖြင့် ငြင်သာညက်ညောစွာ ခရီးနှင်လာခဲ့သည့် ရိုးရွိုက်ဆေးလ်ဗားသည် တစ်နာရီခွဲခန့်မောင်းနှင် ပြီးနောက် ဖရစ်ဒရစ်ဘက်ခ်သို့ ရောက်ရှိလာခဲ့သည်။ မူလ်ဟော်လန်သည် ထီးသုံးနန်းသုံး စံတော်ဝင်ကားကြီးကို ရက်ပါဟန်းနော့ခ် မြစ်ကမ်းပါး ကုန်းမြင့်ပေါ်ရှိ ကိုလိုနီခေတ်ပုံစံ အိမ်ကလေးရှိရာသို့ကွေ့ပါတ်မောင်းနှင်လာခဲ့သည်။ ထိုနေရာမှ ကြည့်လျှင် ပြည်တွင်းစစ်အတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး မြောက်ပိုင်းစစ်သား ၁၂၅ဝဝ ကျော် တစ်နေ့တည်းကျဆုံးခဲ့ရသည့် သတ်ကွင်းကြီးကို အပေါ်စီးမှ ကောင်းစွာမြင်တွေ့ရ၏။ ခုတော့လည်း ၁၈၄၈ ခုနှစ် တည်ဆောက်ခဲ့သော အိမ်အိုကလေးသည်သာ အတိတ်၏ တစ်ခုတည်းသော အောက်မေ့လွမ်းမောဖွယ် ပုံရိပ်အဖြစ် တည်ရှိနေ၏။

မူလ်ဟော်လန်က ကားရပ်ပြီး ကားနောက်ခန်းတံခါးကို ဖွင့်ပေး၏။

“ရောက်ပဟေ့၊ ဆင်းကြစို့” ပါးလ်မတ္တားက သူ့ခန္ဓာကိုယ် အတ္တဘောကြီးကို ကားတွင်းမှ ထွက်ရန် အပြင်းအထန်လှုပ် ရှားရင်း ပစ်ကို ပြောလိုက်သည်။

ဒတ်ပစ်သည် ပါးလ်မတ္တား ကားထဲမှ မထွက်မှီ သူကအရင်ဦးအောင်ထွက်လိုက်ပြီး သလင်းခေါင်းခွံသေတ္တာကို ကားနောက်ခန်းမှ တယုတယထုတ်ယူလိုက်သည်။

“အလုပ်ဖြစ်မဖြစ် ဒါနဲ့စမ်းကြည့်ရမှာပဲ” ကားပေါ်မှဆင်းလာသော ပါးလ်မတ္တားအား ပြောလိုက်ရင်း အိမ်ရှိရာသို့ နှစ်ဦးသားလျှောက်လှမ်းသွားကြတော့သည်။

Advertisement

One Comment (+add yours?)

  1. သောကြာ
    Apr 15, 2009 @ 06:32:22

    ကောင်းတယ်ဗျို့…….. ဇာတ်လမ်းအဖြတ် အရပ်ကလည်းတော်ပါ့….. ကောင်းခန်းရောက်မှပဲ … ဇွဲရှိရှိစောင့် ဖတ်နေပါတယ်…

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

April 2009
M T W T F S S
« Mar   May »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.