အတ္တလန်တစ် ရှာပုံတော် (၂၁)
25 Apr 2009 1 Comment
in ဘာသာပြန်, အတ္တလန်တစ်ရှာပုံတော်
မစ္စ ခရစ်စတင်း မန်ဒါ ဟက်စ်တက်စ် သည် တစ်ခေါင်းလုံးဖြူဖွေးနေသော၊ နှစ်လို့ဖွယ်အပြုံးပိုင်ရှင် သဘောမနော ကောင်းပုံရသည့် အဖွားကြီးဖြစ်၏။ အသက်အရွယ်ကြီးရင့်ပုံရသော်လည်း လှုပ်ရှားမှုတို့က သွက်လက်ဖျတ်လတ်ဆဲ။ ပါးလ်မတ္တားကို လက်ဆွဲနှုတ်ဆက်ပြီး ဒတ်ပစ်နှင့်မိတ်ဆက်ပေးသောအခါ ရင်းရင်းနှီးနှီး ပြုံးပြနှုတ်ဆက်၏။
“အထဲဝင်ကြပါရှင်၊ ကျွန်မက ရှင်တို့ကို မျှော်နေတာ၊ လဘက်ရည်များ သုံးဆောင်ကြဦးမလား”
မျက်နှာကြက် မြင့်မြင့်နှင့် နွေးထွေး သပ်ရပ်သည့် စာကြည့်ခန်းအတွင်းမှ ဆိုဖာထိုင်ခုံများတွင် အသီးသီးထိုင်လိုက် ကြစဉ် မိန်းကလေးတစ်ဦးက လဘက်ရည်ပွဲများလာရောက်တည်ခင်းသည်။ ခရစ်စတင်းသည် ပါးလ်မတ္တား ဖက်သို့ လှည့်လိုက်ပြီး-
“ကဲ စိန့်ဂျူလီယန်၊ ရှင့်ကို ကျွန်မ ဖုန်းထဲမှာပြောထားတဲ့ အတိုင်းပဲနော်၊ မိသားစုပိုင် ပစ္စည်းတွေကို ဝယ်ဖို့ဆိုရင်တော့ လဘက်ရည်သောက်ပြီးရင် ပြန်တော့ရှင့်” ဟုပြတ်သားစွာ ပြောလိုက်သည်။
ပါးလ်မတ္တား ကခေါင်းညိတ်သည်။
“ခင်ဗျားဘယ်လိုပြောပြော ကျွန်တော့် မျှော်လင့်ချက်ကို မစွန့်နိုင်တာတော့ ဝန်ခံရမှာပဲ ခရစ်စတင်းရဲ့။ ဒါပေမဲ့ ကျွန်တော့် မိတ်ဆွေ မစ္စတာပစ် ကိုခင်ဗျားဆီခေါ်လာရတဲ့ အကြောင်းလေးကို အရင်နားထောင်ပါဦး” ပြောပြောဆိုဆို ပစ်ဖက်သို့လှည့်၍-
“သေတ္တာထဲက ပစ္စည်း မစ္စ မန်ဒါ ဟက်စ်တက်စ်ကို ပြလိုက်ပါဦးကွာ” ဟုစေခိုင်းလိုက်သည်။
“ကျွန်မကို ခရစ်စတင်းလို့ပဲ ခေါ်ပါရှင်၊ မျိုးရိုးနာမည်ကြီးက ခေါ်ရတာထောင့်လွန်းပါတယ်”
ဒတ်ပစ်သည် သေတ္တာတွင် အထပ်ထပ် ချည်နှောင်ထားသော ကြိုးများကို ဖြေရင်း-
“အန်တီက ဗာဂျီးနီးယားမှာပဲ နေတာလား” ဟုအဖွားကြီးနှင့် အလ္လာပ၊ သလ္လာပ ပြောရန် ကြိုးစားနေ၏။
“ကျွန်မက ကယ်လိုဖိုးနီးယားသားတွေရဲ့ ဆဌမမြောက်မျိုးဆက်ရှင့်၊ ဆွေမျိုးအများစုက ဆန်ဖရန် စစ္စကိုမှာနေတယ်။ အိမ်ထောင်ကျတော့မှ ရောင်နောက်ဆံထုံးပါပြီး ဗာဂျီးနီးယားရောက်လာတာ။ အမျိုးသားက သမတသုံးဆက်ကို အကြံပေးလုပ်ခဲ့တာလေ”
ဒတ်ပစ်က ဘာမှပြန်မပြော။ သူ့အာရုံကို မီးလင်းဖိုပေါ်တင်ထားသည့် မဟူရာသလင်းခေါင်းခွံတစ်ခုက အပြင်းအထန် ဖမ်းစားနေ၍ဖြစ်သည်။ သေတ္တာထဲမှ ပစ္စည်းနှင့် တထပ်တည်းတူညီသော အော့ဆီဒီယန် ပန်းပုလက်ရာ။ နောက်ဆုံး ကြိုးစကို ဖြေးညှင်းစွာဖြည်လိုက်ပြီး သစ်သားသေတ္တာကိုဖွင့်လိုက်သည်။ အထဲမှ ခေါင်းခွံကိုထုတ်၍ မီးလင်းဖိုပေါ်တင် လိုက်၏။ အော့ဆီဒီယန် သလင်းပန်းပု ခေါင်းခွံအမြွှာညီအကိုသည် ပြန်ပေါင်းထုပ်ကြလေပြီ။
ခရစ်စတင်း၏ မျက်လုံးများပြူးကျယ်သွား၏။ ပါးစပ်ဟောင်းလောင်း ဟသွား၏။
“အလိုလေးလေး- ဒါမျိုးနောက်ထပ်တစ်ခု ရှိလိမ့်မယ်လို့ ကျွန်မ အိပ်မက်တောင်မမက်ဖူးဘူး”
“ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲခင်ဗျာ” ဒတ်ပစ်က ခေါင်းခွံနှစ်ခုကို စူးစူးစိုက်စိုက်ကြည့်နေရင်း-
“သာမန်မျက်စိနဲ့ ကြည့်လို့မြင်ရတဲ့ အမြင်အရတော့ ဒီလက်ရာနှစ်ခုဟာတကယ့်ကို ခွဲမရအောင်ထပ်တူညီတဲ့ ပစ္စည်း နှစ်ခုပဲ”
ပါးလ်မတ္တားက ခုထိပါးစပ်ဟောင်းလောင်းနှင့် အံ့အားသင့်နေသော အဖွားကြီးကို လဘက်ရည်ခွက်တစ်ဖက်က ကိုင်လျှက် တတွတ်တွတ်ပြောနေ၏။
“ခရစ်စတင်းရေ။ ခင်ဗျားဘွားအေကြီးရဲ့ ဒီခေါင်းခွံနဲ့ပါတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို ကျွန်တော်တို့ကို ခုပြောပြ ပါတော့ဗျာ”
အဖွားကြီးသည် ပါးလ်မတ္တားအား အင်မတန်တုံးသောမေးခွန်းကိုမေးလိုက်သည့် စာသင်ခန်းထဲမှခပ်ချာချာကျောင်း သားကို ဆရာမကကြည့်သည့်အကြည့်မျိုးဖြင့် ကြည့်၍-
“ရှင့်ကို ပြောခဲ့တာလည်းအကြိမ်တရာမကတော့ဘူး၊ စိန့်ဂျူလီယန်ရယ်။ အဖွားတို့ဟာ အန္တာတိကရေခဲပြင်မှာ သောင် တင်နေတဲ့ ဘုံဘေက လီဗာပူးသွား မဒရပ်သင်္ဘောကိုတွေ့ခဲ့ကြတယ်။ ခရီးသည် (၃၇)၊ သင်္ဘောသား (၄၀) ပါပြီး လ္ဘက်ခြောက်၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ ကြွေထည်တွေတင်ဆောင်ထားတယ်။အခြားအမျိုးအမည်မသိရှေးဟောင်း ပစ္စည်းတွေထားတဲ့ အခန်းထဲကဒီခေါင်းခွံကို ရခဲ့တယ်လေ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သိချင်တာက ဒီရှေးဟောင်းပစ္စည်းတွေဟာ မဒရပ်သင်္ဘောပေါ်ကို ဘယ်လိုလုပ် ရောက်လာခဲ့သလဲ ဆိုတဲ့အပိုင်းပဲ”
“ကျွန်မသိသလောက်တော့ ဒီခေါင်းခွံ အပါအဝင် ရှေးဟောင်းပစ္စည်းတွေဟာ ဘုံဘေကနေပါလာတာတော့ မဟုတ်ဘူး။ လူမရှိတဲ့ကျွန်းတစ်ခုပေါ်ကနေ သင်္ဘောသားတွေနဲ့ ခရီးသည်အချို့ တွေ့လို့ တင်ယူလာကြတာလို့ဆို တယ်။ အသေးစိတ်ကိုတော့ မဒရပ်သင်္ဘောမှတ်တမ်းပါ ရေးထားတယ်”
ဒတ်ပစ်သည် အသေအချာနားထောင်နေရင်းက ဝင်ပြောလိုက်၏။
“မဒရပ်သင်္ဘောမှတ်တမ်း အန်တီ့ဆီမှာရှိသလား”
“ကျွန်မ ဘိုးအေကြီး ကပ္ပတိန်မန်ဒါက ဒီမှတ်တမ်းကိုယူလာခဲ့တာမှန်ပေမဲ့ ကွယ်လွန်သူ မဒရပ်သင်္ဘောကပ္ပတိန် လေးဟန့်ရဲ့ ဆန္ဒအရ လီဗာပူးက သင်္ဘောကုမ္ပဏီကို ပြန်ပို့ခဲ့တယ်တဲ့”
ဒတ်ပစ်သည် အုတ်နံရံကြီးနှင့်ဆောင့်မိသလိုခံစားလိုက်ရ၏။ ကွင်းဆက်က ပြတ်ပြန်ပါပြီကော။
“သင်္ဘောကုမ္ပဏီကရော မဒရပ်သင်္ဘောကို ပြန်ရှာတာမျိုးမလုပ်ဖူးလား”
ခရစ်စတင်းခေါင်းခါ၏။
“ကပ္ပတိန်မန်ဒါ သင်္ဘောမှတ်တမ်းကိုမပို့ခင်ကတည်းက မဒရပ်ရဲ့ မူလပိုင်ရှင်တွေက ကုမ္ပဏီကို ရောင်းလိုက်ကြတယ် လို့ဆိုတယ်။ ပိုင်ရှင်သစ်တွေက သင်္ဘောနှစ်စီးလွှတ်ပြီး မဒရပ်ကို ရှာဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့ နောက်ထပ်ဘာသတင်း မှမကြားရတော့ဘူး”
“ဆိုတော့ ဇာတ်လမ်းကဆုံးပြီပေါ့” ဒတ်ပစ် စိတ်ညစ်စွာပြောလိုက်၏။
ခရစ်စတင်းက ပြုံးပြန်သည်။
“ကျွန်မ အဲသလိုမပြောခဲ့ဖူးပါဘူး”
ပစ်သည် အဖွားကြီးကိုလှမ်းကြည့်လိုက်ပြီး သူမမျက်ဝန်းထဲမှ တစုံတရာကို အဓိပ္ပါယ်ဖော်ဆောင်ရန် ကြိုးစားနေ၏။
“ကျွန်မဘွားအေကြီး ရိုဆန်နာက အရမ်းထက်မြက်တဲ့အမျိုးသမီးကြီးရှင့်။ သူ့ယောင်္ကျားက မဒရပ်သင်္ဘောမှတ်တမ်း စာအုပ်ကို အင်္ဂလန်မပို့ခင် စာအုပ်ကို လက်ရေးကော်ပီကူးယူထားလိုက်တယ်လေ”
ခုတော့ ငပုပ်ဖမ်းထားသော လမင်းထွက်လာချေပြီ။ ဒတ်ပစ်အလွန် ဝမ်းသာသွား၏။
“ကျွန်တော်အဲဒီ ကော်ပီကိုဖတ်လို့ရမလား အန်တီ”
အဖွားကြီးက ရုတ်တရက်အဖြေပြန်မပေး။ သူမသည် ရှေးဟောင်းစာရေးစားပွဲကြီးတစ်ခုရှိရာသို့ လျှောက်သွားပြီး ဝက်သစ်ချသားနံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို ငေးကြည့်နေ၏။ မုတ်ဆိတ် ဖါးဖါးနှင့် ခန့်ငြားသော လူတစ်ယောက်ကုလားထိုင်ကြီး တစ်လုံးပေါ်တွင်ခြေချိတ်ထိုင်နေသည့်ပုံ။ သူ့နောက်တွင် မျက်ဝန်းညိုများပိုင်ရှင် သေးသေးသွယ်သွယ်အမျိုးသမီးတစ်ဦးက မတ်တပ်ရပ်လျှက်။
“ဒါ ဘိုးအေကြီးဘရက်ဖို့နဲ့ ဘွားအေကြီး ရိုဆန်နာရဲ့ ပုံတူပေါ့” သူမသည် ပန်းချီကားကိုဆွေးဆွေးမြေ့မြေ့ကြည့်နေရာမှ ပါးလ်မတ္တားဖက်သို့လှည့်ပြီး-
“ကဲ စိန့်ဂျူလီယန်ရေ၊ အချိန်ကျပြီရှင့်၊ မန်ဒါမိသားစုပိုင် သင်္ဘောမှတ်တမ်းအားလုံးကို ရှင်ပြောတဲ့ဈေးနဲ့ပဲ ယူလိုက်ပါ တော့။ ဖတ်မိတဲ့လူတွေက ဒီသမိုင်းမှတ်တမ်းတွေဆီကနေ အကျိုးတစုံတရာရမယ်ဆိုရင် ဒီအတိုင်းထားတာထက် ပိုကောင်းတယ်မဟုတ်လားရှင်”
ပါးလ်မတ္တားသည် ကုလားထိုင်ပေါ်မှ အားကစားသမားတစ်ဦးအလား သွက်လက်စွာခုန်ထလိုက်ပြီး ခရစ်စတင်းကို ပွေ့ဖက်လိုက်သည်။
“ကျေးဇူးအရမ်းတင်ပါတယ် ခရစ်စတင်း၊ နောင်လာနောက်သားတွေအတွက် ကျွန်တော်ဒီရတနာတွေကို အသေအ ချာထိန်းသိမ်းပါ့မယ်လို့ ကတိပေးပါတယ်”
ခရစ်စတင်းသည် ဒတ်ပစ်ရှိရာသို့လျှောက်လာပြီး-
“ပြီးတော့ မစ္စတာပစ်ကိုလည်း လက်ဆောင်ပေးရဦးမယ်” မီးလင်းဖိုပေါ်က ခေါင်းခွံနှစ်ခုကို စောင့်ငဲ့ကြည့်ရင်း-
“ကျွန်မမှာရှိတဲ့ သလင်းခေါင်းခွံကို ရှင်ယူလိုက်တော့။ ဒီခေါင်းခွံနှစ်ခုရဲ့ လျှို့ ဝှက်ချက်ကို ရှင်ရှာတွေ့နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ နှမြောသလိုဖြစ်မိပေမဲ့ ပိုကောင်းတဲ့နေရာမှာထိန်းသိမ်းထားတာက သူ့အတွက်ပိုအကျိုးရှိမှာ မဟုတ်လားရှင်။ ဒီခေါင်းခွံဟာလေ မန်ဒါမိသားစုအတွက်တော့ ကောင်းကျိုးကိုသာဆောင်ကြဉ်းပေးခဲ့ပါတယ်”
****************
ဝါရှင်တန်သို့အပြန်လမ်းတစ်လျှောက်လုံး ပစ်သည်သားရေဖုံးစာအုပ်အကောင်းစားဖြင့် ရိုဆန်နာမှတ်တမ်းတင်ခဲ့သော မဒရပ်သင်္ဘောမှတ်တမ်းကို ကျားကုတ်ကျားခဲ ဖတ်လာခဲ့သည်။ ပိုတိုမက်မြစ်ကိုဖြတ်ကူးသော ဂျော့ခ်ျမေဆန် တံတား ပေါ်အရောက် ပါးလ်မတ္တားက-
“ကောင်လေးဖတ်လှချည်လား၊ ဘာများစိတ်ဝင်စားစရာတွေ့နေလို့လဲ” ဟုမေးတော့သည်။ ပစ်က သူ့မျက်လုံးများကို စာအုပ်မှမခွာပဲ-
“တွေ့တယ်၊ တွေ့တာမှ အများကြီးပဲ၊ အခုကျွန်တော်တို့ မဒရပ်သင်္ဘောဟာ သလင်းခေါင်းခွံနဲ့အခြား ရှေးဟောင်း ပစ္စည်းတွေကို ဘယ်နေရာကတင်လာတာလဲ ဆိုတာနဲ့ အခြားအခြားသော စိတ်ဝင်စားဖွယ်ကိစ္စတွေကို သိရပြီပေါ့ဗျာ”
@@@@@@@@@@@@@@

Apr 25, 2009 @ 19:22:42
လာဖတ်သွားပါတယ်ဗျာ ..