အတ္တလန်တစ် ရှာပုံတော် (၂၂)

ဝါရှင်တန် အပြည်ပြည်ဆိုင်ရာလေဆိပ် အစွန်ရှိ ဒတ်ပစ်က အိမ်ဟုသမုတ်ထားသော လေယာဉ်ဂိုဒေါင်ဟောင်း၏     ရှေ့တွင်ရိုးရွိုက်ကားကြီးရပ်လိုက်၏။ ၁၉၃၆ ခုနှစ်ကတည်းက တည်ဆောက်ထားသော လေယာဉ်ဂိုဒေါင်သည် စုတ်ပြတ်ညစ်ထေးလျှက်ရှိ၏။ နံရံများတွင် ရေညှိအလိမ်းလိမ်းတက်လျှက်။

ကားရပ်လျှင်ရပ်ခြင်း လက်နက်အပြည့်အစုံတပ်ဆင်ထားသော ယူနီဖောင်းဝတ် လူနှစ်ယောက်မိုးပေါ်က ကျလာသလို ဘွားကနဲပေါ် လာ၏။ လက်ထဲတွင် အော်တိုမက်တစ် ရိုင်ဖယ်များကို အသင့် ပစ်ခတ်ရန် အနေအထားဖြင့် ကိုင်ဆောင်ထားသော ထိုလူနှစ်ဦးအနက် ပထမတစ်ယောက်က မူးလ်ဟော်လန် နှင့်မျက်နှာချင်းဆိုင်လိုက်သည်။ နောက်တစ်ယောက်က ကားနောက်ခန်းတွင်းသို့ ကြည့်ရင်း

“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က မစ္စတာဒတ်ပစ် ဖြစ်လိမ့်မယ်ထင်ပါတယ်” ဟုမေးလိုက်သည်။

ဒတ်ပစ်က လက်မြှောက်ပြရင်း-

“ဒတ်ပစ်က ကျုပ်ပဲ” ဟုပြောလိုက်သောအခါ ထိုသူက ပစ်၏မျက်နှာကို စေ့စေ့ကြည့်၍

“အိုင်ဒီကဒ် ပြပါဆရာ” ဟုဆိုသည်။ တောင်းဆိုခြင်းမဟုတ်၊ မပြနိုင်လျှင် တကယ်ပစ်မည့် ပုံမျိုးဖြစ်၏။ ဒတ်ပစ်၏ အမျိုးသား အဏ္ဏဝါဗေဒအေဂျင်စီ ဝန်ထမ်းကဒ်ကို အချိန်အတော်ကြာအောင်စစ်ဆေးပြီးသောအခါ ထိုသူနှစ်ဦးသည် ဒတ်ပစ်အားပြုံးပြပြီး-

“အနှောက်အယှက်ပေးမိတာ ခွင့်လွတ်ပါဆရာ၊ ကျွန်တော်တို့မှာ ဆရာနဲ့ ဆရာ့ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့် ရှောက်ရမယ်ဆိုတဲ့ အထက်အမိန့်ရှိနေလို့ပါ” ဟုတောင်းပန်စကားဆို၏။

ပ၊ဝ၊က၊အ ခေါ်ပြည်ထောင်စု ဝန်ထမ်းများ ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီဟူသော အလွန်လူသိနည်းပြီး      လျှို့ ဝှက်သောအဖွဲ့အစည်းတစ်ခုရှိသည်ဟု ဒတ်ပစ်ကြားဖူး၏။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသော အစိုးရဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အထူးတလည် လေ့ကျင့်ပေးထားသော အဖွဲ့ဟု ဆို၏။ ဒီငနဲတွေဟာ အဲဒီအဖွဲ့ကများလား။

“ကျွန်တော့်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခုလိုကာကွယ်ပေးတဲ့အတွက် ခင်ဗျားတို့ ပ၊ဝ၊က၊အ အဖွဲ့ကိုကျေးဇူးတင်ပါ တယ်ဗျာ” ပစ်ရမ်းတုတ်လိုက်သည်။

“ဟုတ်ကဲ့ပါ။ ဒါနဲ့ ကျန်တဲ့နှစ်ယောက်ကရော”

“ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတွေပါ”

တစ်ယောက်က ဒတ်ပစ်ကို သေးငယ်သော ရီမုဒ်ကွန်ထရိုးလိုလို ပစ္စည်းလေးတစ်ခုလှမ်းပေးရင်း-

“ဒါလေးကို ဆရာအိမ်ထဲနေတဲ့အခါ ကိုယ်နဲ့မကွာဆောင်ထားပါ။ အန္တရာယ်တစုံတရာကြုံတွေ့တာနဲ့ ခလုတ်နှိပ်လိုက် ရင်ကျွန်တော်တို့ စက္ကန့်နှစ်ဆယ်အတွင်း ရောက်လာပါမယ်”

မူးလ်ဟော်လန်က ကားနောက်ဖုံးထဲမှ ဒတ်ပစ်၏ပစ္စည်းများထုတ်ယူနေစဉ် ထိုလူနှစ်ဦးသည် မြေမျိုလိုက်ဘိသကဲ့သို့ လှစ်ကနဲပျောက်သွား၏။ ဒတ်ပစ်သည် တောကြည့်တောင်ကြည့်လျှောက်ကြည့်သေးသည်။ လေယာဉ်ပြေးလမ်းများ သာရှိသောကြောင့် ဘယ်နေရာမှာမှ ပုန်းကွယ်လို့မရ။ အလာတုန်းက မိုးပေါ်မှကျလာသလို ဘွားကနဲပေါ်လာပြီး အပြန်မှာတော့ မြေမျိုသွားသလို သုတ်ကနဲပျောက်သွားသူများ။ ပစ်ပုခုန်းတွန့်လိုက်မိသည်။ ထိုလူနှစ်ယောက်က သူတို့နာမည်ကို မပြောသလို ပစ်ကလည်း နားလည်မှုရှိစွာမမေးခဲ့ပါ။

“မင်းတို့ အသုံးလုံး ဋ္ဌာနချုပ်မှာ မဟူရာသလင်းအရိုးခေါင်းခွံ နှစ်ခုကိုဝင်ပေးခဲ့မယ်” ပါးလ်မတ္တားက ဒတ်ပစ်ကို ပြော လိုက်သည်။

ပစ်က ခေါင်းညိတ်ရင်းမူးလ်ဟော်လန်၏ ပုခုံးကိုလက်ဖြင့်ကိုင်၍-

“ဒီပစ္စည်းတွေကို သေသေချာချာ ဂရုတစိုက်ကိုင်ပါနော်၊ ခြောက်ထပ်မှာ သိပ္ပံဓါတ်ခွဲခန်းရှိတယ်။ တာဝန်ခံက ဟယ်ရီ မက်သရူးတဲ့။ သူ့လက်ထဲရောက်အောင်ပေးပေးပါ”

မူးလ်ဟော်လန်က ပြုံးသည်ဆိုရုံမျှ နှုတ်ခမ်းတွန့်ပြီး-

“ကောင်းပါပြီ၊ လွတ်မကျအောင် ဂရုစိုက်ပါ့မယ်” ဟု အာမဘန္တေခံလိုက်လေ၏။

ဒတ်ပစ်သည် ကားနောက်ခန်းတွင် ဂျယ်လီပူတင်းကြီးသဖွယ် ပုံ့ပုံ့အိုင့်အိုင့်ကြီးထိုင်နေသော ပါးလ်မတ္တားကိုလက်ပြ နှုတ်ဆက်ရင်း-

“ကျေးဇူးတင်ပါတယ် စိန့်ဂျူလီယန်” ဟုလှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။

ပါးလ်မတ္တားက ပါးစုန့်ကြီးများဖောင်းနေအောင် ဒတ်ပစ်ကို ပြုံးပြလိုက်သည်။

“ကိစ္စမရှိပါဘူး ငါ့သားရာ။ ညစာကောင်းကောင်းကျွေးမယ်ဆိုရင်သာ အကြောင်းကြားဖို့မမေ့နဲ့ကွ”

လေဆိပ်လုံခြုံရေးဂိတ်သို့ ဦးတည်၍ ရိုးရွိုက်စ်ကားကြီး တရွေ့ရွေ့မောင်းထွက်သွားပုံကို ဒတ်ပစ်သည် မျက်စိတဆုံး လိုက်ကြည့်နေမိသည်။ ဘာပဲဖြစ်ဖြစ်ခုတော့ အိမ်ရောက်ပြီ။ ဒတ်ပစ်၏ မျက်လုံးများက အဝင် တံခါးပေါက်အပေါ်တွင် တပ်ဆင်ထားသော အလွန်သေးငယ်သည့်လုံခြုံရေးကင်မရာလေးကို မြင်ဖြစ်အောင်မြင်၏။ မြေကြီးလက်ခတ်မလွဲ ပ၊ဝ၊က၊အ မှ ငနဲတွေ၏ လက်ချက်ပင်။

ရီမုဒ်ကွန်ထရိုး မှလုံခြုံရေးအချက်ပေးစနစ်ကို ပိတ်လိုက်ပြီး အဝင်တံခါးကိုဖွင့်လိုက်၏။ တံခါးမှာ ဒုတိယကမ္ဘာ စစ်ပြီး ကတည်းက ပိတ်ထားသကဲ့သို့ ကျပ်၍နေ၏။ ဖွင့်ရခက်ဘိခြင်း။ တံခါးပွင့်သွားတော့ အိတ်ကြီးလွယ်ပြီးမှောင်မဲနေသော အတွင်းဖက်သို့ ဒတ်ပစ်ဝင်သွား၏။ တံခါးကိုပြန်ပိတ်လိုက်ပြီး မီးခလုတ်ကိုဖွင့်လိုက်သည်။ တစ်ခန်းလုံး ဖွေးကနဲလင်း သွားသည်။ အလွန်ကျယ်ပြန့်သော ဂိုဒေါင်အတွင်းပိုင်းတွင် ရှေးခေတ် ဂန္တဝင်မြောက် ရောင်စုံ မော်တော် ကားအစီးငါးဆယ်ရှေ့နောက်အစီအရီ တန်းစီရပ်တန့်ထား၏။  ရှားပါး၍ အလွန်ဈေးကြီးသောဤကားများကို ပစ်ကိုယ် တိုင်တစ်စီးချင်း မရမက ကျားကုတ်ကျားခဲ ရှာဖွေစုဆောင်းထားခြင်းဖြစ်၏။ အခြားတစ်ဖက်တွင်တော့ ဒုတိယ ကမ္ဘာ စစ်သုံး ဂျာမာန် ဂျက်တိုက်လေယာဉ်တစ်စီး၊ ၁၉၃၀ ခုနှစ်ထုတ် အင်ဂျင်သုံးလုံးတပ် ဖို့ဒ်လေယာဉ်တစ်စီး ရပ်ထား၏။ အခြားသော တိုလီမိုလီ ရှေးဟောင်းပစ္စည်းများလည်း သူ့နေရာနှင့်သူ ရှိနေကြရာ ရှေးဟောင်းပစ္စည်းပြတိုက်ကြီးတစ်ခု အသွင်ဆောင်လျှက်ရှိသည်။ ဤကား ဒတ်ပစ်နှစ်သက်မြတ်နိုးလှသော သူ့အိမ်တည်း။

ပစ္စည်းအားလုံး နေသားတကျရှိနေသည်ကို ကျေနပ်နှစ်သက်စွာကြည့်ရင်း ကြောင်လိမ်သံလှေကားမှတဆင့် အပေါ် ထပ်ရှိသူ့ အိပ်ခန်းသို့တက်လာခဲ့သည်။ အပေါ်ထပ်သည် အဏ္ဏဝါပြတိုက်သဖွယ် သင်္ဘောပုံစံများ၊ ရေငုတ်ဝတ်စုံ များထားရှိသည့်အခန်းတစ်ခန်း၊ စာကြည့်ခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်း၊ မီးဖိုခန်းတစ်ခန်း နှင့်မြိုင်မြိုင်ဆိုင်ဆိုင် ထည်ထည်ဝါဝါ ရှိလှသည်။

ဒတ်ပစ်သည် ပင်ပန်းနွမ်းနယ်နေသော်လည်း ခရီးဆောင်အိတ်ကိုဖွင့်၍ အဝတ်ဟောင်းများကို ထုတ်ပြီးအဝတ်လျှော် စက်ဖြင့် လျှော်ဖွတ်၏။ ပြီးတော့ ရေချိုးခန်းထဲဝင်ပြီး တမေ့တမောရေစိမ်ချိုးနေ၏။ ရေချိုးကန်အတွင်းဇိမ်ခံနေစဉ် အခန်းတံခါးမှ အချက်ပေးခေါင်းလောင်းသံထွက်လာ၏။ ဘယ်ကလာသည့် ဧည့်သည်လဲ။ လောလောဆယ်တော့ ဘယ်ဧည့်သည်နှင့်မှ မတွေ့ချင်။

စာကြည့်ခန်းအတွင်းရှိ အခန်းလုံခြုံရေး တီဗွီ မော်နီတာစကရင်ပေါ်မှာတော့ ဂိုဒေါင်အခန်းတံခါးရှေ့မှာ ရပ်နေသော အသုံးလုံးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး ရူဒီဂန်း၏ မျက်နှာကြီးကိုထင်ထင်ရှားရှားတွေ့ရသည်။ ရီမုဒ်ကွန်ထရိုးမှ ခလုတ်တစ်ခုကိုနှိပ်၍ တံခါးဖွင့်ပေးလိုက်သည်။

“တက်လာခဲ့ ရူဒီ၊ ကျွန်တော်အပေါ်ထပ်မှာ”

ပိန်ပိန်သေးသေး၊ ဆံပင်ကျဲကျဲ၊ မျက်မှန်ထူထူ၊ နှာခေါင်းရှည်ကြီးနှင့် ရူဒီဂန်းသည် သံလှေကားအတိုင်းတက်လာနေ၏။ ရေကြောင်းတက္ကသိုလ်တွင် ပထမစွဲခဲ့ပြီး  အလွန်ထက်မြက် သတ္တိကောင်းသည့် ဗိုလ်မှူးအဆင့်တိုက်ရေယာဉ်မှူးတစ် ဦးအဖြစ်ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူဟု သူ့ဥပဓိရုပ်အရမည်သူမျှ ယုံနိုင်မည်မဟုတ်သော်လည်း ရူဒီဂန်းသည် အမှန်တကယ်ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်၏။

“ဟေ့ကောင် ပစ်၊ မင်းဘာတွေလုပ်ထားတာလဲ။ ရိုင်ဖယ်ကိုယ်စီနဲ့ အကောင်နှစ်ကောင် ငါ့ကိုရစ်နေတာမပြီးတော့ဘူး”

“အဲဒါ ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာရဲ့ အကြံဗျ၊ ကျုပ်ရဲ့ သက်တော်စောင့်တွေလေ”

“အေးပါ ငါသိပါတယ်။ ဒီကောင်တွေ ဖျတ်ကနဲ ပေါ်လာပြီး ဖျတ်ကနဲ ပျောက်သွားတာကို အံ့သြလွန်းလို့ပါ”

“ဟုတ်တယ်ဗျ၊ သူတို့သိပ်တော်ကြတယ်”

ရူဒီဂန်းက ဆိုဖာကုလားထိုင်တစ်လုံးပေါ်ထိုင်ချလိုက်သည်။

“မင်းတယ်လူရိုက်ဒ်မှာ ဖြစ်ခဲ့တဲ့အကြောင်းတွေ ငါကြားပြီးပြီ။ ငါ့ကောင်ကြီး အသက်ကိုပဓါနမထားပဲ စွန့်စားခဲ့တာပဲ ကွ”

ဒတ်ပစ်က ဂန်းအတွက် ရေခဲသေတ္တာထဲမှလ္ဘက်ရည်အေးတစ်ဘူးယူပေးလိုက်သည်။ ဂန်းဆိုသည့်လူက တစ်ခါတစ်ရံ မလွှဲသာ မရှောင် သာ ဘီယာတစ်ခွက်နှစ် ခွက်မော့သည်မှလွဲ၍ အယ်လ်ကိုဟောကို ဝေရာမဏိသူဖြစ်၏။ သူနှင့်တော့ ကွာပါ့။

“စတုတ္ထနိုင်ငံတော်ဆိုတဲ့ လူပြက်အုပ်စုကတော့ ကျွန်တော့်ကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပဲ ဂန်းရေ”

ဂန်းက လ္ဘက်ရည်ဘူးကို တစ်ဝက်ခန့်ကျိုက်ချလိုက်ပြီး-

“အဲဒီကိစ္စကြောင့် ငါ စီအိုင်အေက မိတ်ဆွေအချို့ နဲ့တွေ့ခဲ့ရတယ်”

“နေစမ်းပါဦး၊ ဒါက ပြည်တွင်းမှာဖြစ်တဲ့ရာဇဝတ်မှုပဲ၊ စီအိုင်အေနဲ့ ဘာဆိုင်လို့လဲ”

“မင်းတို့ကို နိဗ္ဗာန်ဘုံမိုင်းတွင်းမှာ အသေဆော်တဲ့ အုပ်စုက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ကောင်များဖြစ်မယ်လို့ စီအိုင်အေ ဆရာတွေကသံသယဝင်နေကြတယ်”

“အကြမ်းဖက်သမားတွေလား”

ဂန်းက ခေါင်းခါလိုက်သည်။

“ဘာသာရေးအစွန်းရောက် အုပ်စုမဟုတ်ဘူး၊ လူမျိုးရေးမုန်းတီးသူများလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရည်ရွယ်ချက် ကိုခုထိ ဘယ်သူမှမသိသေးဘူး။ စီအိုင်အေရော အင်တာပိုလ်ရော ဒီအဖွဲ့အစည်းရှိနေမှန်းသာသိတာ ဘယ်သူမှ မည်မည်ရရ မထိုးဖောက်နိုင်သေးဘူးဖြစ်နေတယ်။ အရမ်းလျှို့ ဝှက်တဲ့အဖွဲ့ပေါ့။ ခုတယ်လူရိုဒ်မှာလုပ်ခဲ့သလိုပဲ သူတို့ သားကောင်ကို အစဖျောက်လုပ်ကြံပြီး အငွေ့ပျံသလိုပျောက်သွားတာပဲ။ ဘာခြေရာ လက်ရာမှမကျန်ခဲ့ဘူး”

“လူသတ်တာအပြင် သူတို့ ဘာတွေလုပ်သေးလဲ”

“အေးကွ- အဲဒါလည်းသေချာမသိကြဘူး ဖြစ်နေတယ်။ ဘာဆိုဘာမှ မသိသလောက်ပါပဲကွာ”

ပစ်မျက်လုံးများကျဉ်းမြောင်းသွားသည်။

“ဘာရည်ရွယ်ချက်မှ မရှိပဲ အပျင်းပြေ အားအားယားယား လူလျှောက်သတ်နေတဲ့ ဒုစရိုက်ဂိုဏ်းရယ်လို့ ရှိမလားဗျ”

ဂန်းက တဟက်ဟက်ရယ်ရင်း-

“ပြောလည်းခံရမှာပဲကွ၊ ခုဟာက သဲလွန်စဆိုလို့ ဖိနပ်ရာတစ်ခုတောင် မကျန်ခဲ့တာခက်တယ်”

“သူတို့ လူနှစ်ယောက်ကို တယ်လူရိုက်ဒ် ရဲဋ္ဌာနမှာ ကျွန်တော်ဖမ်းပေးခဲ့တယ်လေ”

ဂန်းမျက်ခုံးများပင့်တက်သွားသည်။ ပစ်ကို မော့ကြည့်ရင်း-

“မင်းမကြားသေးဘူးထင်တယ်။ လွန်ခဲ့တဲ့ တစ်နာရီလောက်က တယ်လူရိုက်ဒ် ကရဲမှူး အီဂန် ဗိုလ်ချုပ်ကြီး ဆန်ဒက် ကာဆီဖုန်းဆက်ပြောတယ်။ အဲဒီလူနှစ်ယောက် သေပြီတဲ့”

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

April 2009
M T W T F S S
« Mar   May »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.