အတ္တလန်တစ် ရှာပုံတော် (၂၃)

ပစ်သည် အိပ်ယာမဝင်ခင် လုံခြုံရေးကင်မရာကတဆင့် သူ၏ သက်တော်စောင့်များအပြင်မှာ အလုပ်ရှုပ်နေပုံကို ကြည့် နေမိသည်။ သူတို့သည် လေဆိပ် မြေအောက် ရေဆိုးမြောင်းစနစ်၏ မြေပုံကြီးကို ရှေ့ ချ၍ တစုံတခုကို ရွေးနေ၏။ မကြာမှီမှာပင် ပစ်၏ ဂိုဒေါင်နှင့် ပေကိုးဆယ်အကွာမှ ဖြတ်သွားသော အချင်း ရှစ်ပေရှိသည့် ရေဆိုးပိုက်ကြီးကို သူတို့ ကင်းစခန်းအဖြစ်ရွေးချယ်လိုက်ကြသည်ကို တွေ့ရသည်။ အိပ်မပျော်ခင် သူတို့ကို ကော်ဖီနှင့် ဆန်းဒဝစ်ခ်ျ သွားပေးရ ရင်ကောင်းမလားဟု စဉ်းစားမိသေးသည်။ သို့သော် ထိုစိတ်ကူးကို ချက်ချင်းမေ့ပစ်လိုက်ပြီး အိပ်ပျော်အောင် အိပ်လိုက် တော့သည်။ မကြာမီ သူအိပ်ပျော်သွား၏။

======================

အပျက်အစီးများ ပြုပြင်မည့် ထရပ်ကားကြီးတစ်စီး သူ့ဂိုဒေါင်ရှေ့ သို့ ထိုးဆိုက်လိုက်သောအခါ ဒတ်ပစ်သည် အဝတ် အစားလဲလှယ်ပြီး၍ မနက်စာစားပြီးကာစ သာရှိသေးသည်။ သူ့ သက်တော်စောင့် နှစ်ဦးသည် လူလုံးထွက်မပြ သော် လည်း ထရပ်ကားထဲမှ လူများကို စေ့စေ့စပ်စပ် လေ့လာအကဲခတ်နေကြမှာ သေချာလှသည်။ အလုပ်သမားဝတ်စုံ နှင့် လူတစ်ဦးက သူ့ထံလျှောက်လှမ်းလာရင်း-

“မစ္စတာ ပစ်လားခင်ဗျာ”

“ဟုတ်ပါတယ်”

“ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ဖို့ အထဲဝင်တော့မယ်။ တတ်နိုင်သမျှ အမြန်ဆုံးလုပ်သွားမှာပါ”

ဒတ်ပစ်သည် သူ့ဂိုဒေါင်နံရံ သံပြားများနှင့် တသဝေမတိမ်းတူညီသော သံချေးတက်နေသည့်သံပြားဟောင်းများကို ကားထဲမှ အလုပ်သမားများ-မ-ယူနေသည်ကို အံ့အားသင့်စွာကြည့်နေမိသည်။

“ခင်ဗျားတို့ ဒီပစ္စည်းဟောင်းတွေ ဘယ်က ရှာလာကြလဲ”

“အစိုးရ ရဲ့ အဆောက်အဦးဟောင်းတွေ ထိန်းသိမ်းတဲ့စနစ်ကို ခင်ဗျားသေချာသိရင်အံ့သြမှာသေချာတယ်။ အစိုးရ ဂိုဒေါင်တစ်ခုက သံပြားဟောင်းတွေလေ”

“ကောင်းပါ့၊ ကောင်းပါ့”

ပစ်သည် အလုပ်သမားများကို စိတ်ချလက်ချ ထားခဲ့ပြီး အပြင်သို့လမ်းလျှောက်လာခဲ့၏။ မှန်ပြူတင်းပေါက် အမည်းများ တပ်ဆင်ထားသော စတင်းရေး ကော့ဗက်ကားလေးတစ်စီးသူ့နားမှာ ညင်သာစွာလာရပ်သည်။ မှန်ပြူတင်းပေါက်ပွင့် သွားပြီးအထဲမှ အယ်လ်ဂျီယိုဒီနို၏ မျက်နှာကြီးပေါ်လာသည်။

“ကားကြုံလိုက်မလား သူငယ်ချင်း”

ပစ်က ကားပေါ်အမြန်တက်လိုက်ပြီး-

“မင်းငါ့ကို လာခေါ်မယ်ဆိုတာလည်း ငါမသိရပါလားကွ၊ ဘာမှလည်းကြိုမပြောဘူး”

“ငါလည်း ဒီမနက် ရှစ်နာရီမှသိတာကွ၊ မင်းနဲ့ တူတူသွားရင်ကောင်းမလားလို့”

“အကောင်းဆုံးပေါ့ ငါ့ကောင်ကြီးရာ”

ဂျီယိုဒီနို သည် သူ့ကော့ဗက်ကားကို ဝင်ကွန်ဆင်ရိပ်သာလမ်းသို့ ဦးတည်မောင်းနှင်လိုက်သည်။ ထိုနေရာမှတဆင့် ဂလိုဗာ ပန်းခြံလမ်းနားမှလမ်းသွယ်လေးထဲသို့ မောင်းဝင်လိုက်သည်။ ရာစုနှစ်နှင့်ချီ၍ သက်တမ်းရှည်ကြာနေပြီဖြစ် သော သစ်ပင်ကြီးများအုပ်ဆိုင်းနေသည့် တစ်ဖက်ပိတ်လမ်းတိုကလေး။ အိမ်ကလေးတစ်လုံးမှလွဲ၍ တစ်လမ်းလုံး ရှင်းလျှက်။ ကားများလူများ။ ဘာဆို ဘာမှမရှိ။

“ဟေ့ကောင် ပစ်၊ ဒီနေရာ ဟုတ်လို့လား။ ငါတို့လမ်းများမှားလာသလား” ဂျီယိုဒီနို က ပစ်အားမေးလိုက်သည်။

ပစ်က ကျီးကန်းတောင်းမှောက်ကြည့်ရင်း-

“မမှားဖူးကွ။ အိမ်က တစ်လုံးတည်းရှိတာ။ ဒီနေရာပဲ”

ဂျီယိုဒီနိုသည် အိမ်အနောက်ဖက်သို့ ကားကို ကွေ့၍မောင်းဝင်လိုက်သည်။ အိမ်နောက်ဖက်ရှိ ဂိုဒေါင်ထဲသို့ ကားကို မောင်းသွင်းနေစဉ် ဒတ်ပစ်က အထပ်သုံးထပ်ရှိသော အိမ်ကို ကားပေါ်မှ မျက်တောင်မခတ်တမ်း ကြည့်နေခဲ့၏။ အိမ်က အမေရိကန် ပြည်တွင်းစစ်အပြီး ရုတ်တရက်ချမ်းသာလာသော ကောဇောအိတ်သမားများ ဆောက်ခဲ့သည့် ဒီဇိုင်းမျိုး။ ဂျီယိုဒီနို၏ ကော့ဗက်ကားသည် ဂိုဒေါင်အတွင်းသို့ ဘီးလိမ့်၍ ဝင်သွား၏။ ဂိုဒေါင်ထဲ၌ ဥယျာဉ်သုံး ကိရိယာ အချို့ မှလွဲ၍ ဘာမှမရှိ။ ဂျီယိုဒီနိုက ကားစက်သတ်လိုက်ပြီး ပစ်ဖက်သို့လှည့်၍-

“ကဲ၊ အခု ဘာဆက်လုပ်မလဲ” ဟုမေးလိုက်သည်။

ပစ်အဖြေ မပေးရသေးမီ ဂိုဒေါင်တံခါးသည် သူ့အလိုအလျှောက်ပိတ်သွား၏။ စက္ကန့်ပိုင်းမျှ အကြာတွင် ကားရပ်ထား သော ဂိုဒေါက်ကြမ်းပြင်သည် သိသိသာသာနိမ့်ဆင်းသွား၏။ ပစ်သည် နိမ့်ဆင်းသွားသော အရှိန်ကိုမှန်းဆရန် ကြိုးစား သော်လည်းမအောင်မြင်။ ဘေးပါတ်ဝန်းကျင်သည် မဲမှောင်လျှက်။

ပေတစ်ရာခန့် နိမ့်ဆင်းသွားပြီးနောက် ရပ်တန့်သွား၏။ အလင်းရောင်များပြန်လည် လင်းလက်လာပြီးနောက် ပစ်နှင့် ဂျီယိုဒီနိုတို့သည် ကားများပြည့်နှက်လျှက်ရှိသော ကွန်ကရစ် ကားပါကင် တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ကြရသည်။ ဂျီယိုဒီနိုသည် သူ့ကော့ဗက်ကားကို အသုံးလုံးတံဆိပ်ရိုက်ထားသော ချာရိုကီး ဂျစ်ကားနှင့် ခရိုင် စလာ ဇိမ်ခံဆလွန်းကားကြားသို့ မောင်းဝင်ရပ်တန့်လိုက်သည်။ ချာရိုကီဂျစ်ကားမှာ ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ၏ လက်စွဲတော်ကားမှန်းသူတို့ နှစ်ဦးလုံးသိကြသည်။ ဆန်ဒက်ကာသည် အသုံးလုံးအဖွဲ့၏ အကြီးအကဲအဖြစ် တာဝန်ယူ ကတည်းက အသုံးလုံးအဖွဲ့၏ စီးတော်ကားမှန်သမျှကို ပုံမလာသော အကြမ်းပတမ်းခံသည့် လေးဘီးယက်ကားများ ကိုသာသုံးစွဲစေခဲ့သည်။

သတ္တုတံခါးတစ်ခု၏ အရှေ့ မှာ မရင်းတပ်သားတစ်ဦးလက်နက်အပြည့်အစုံဖြင့် စောင့်နေ၏။ ဒတ်ပစ်တို့ နှစ်ယောက် ကားပေါ်မှဆင်းပြီးထိုတံခါးသို့ ဦးတည်လျှောက်လာကြသည်။ အနီးသို့ရောက်တော့ ထိုအစောင့်မှာ တပ်သားမဟုတ်ပဲ အရစ် သုံးရစ်နှင့် တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်းတွေ့ရှိကြရသည်။ ထိုတပ်ကြပ်ကြီးက-

“ခင်ဗျားတို့ နှစ်ယောက်က ဒတ်ပစ် နဲ့ အဲလ်ဗတ် ဂျီယိုဒီနို ထင်တယ်။ ခင်ဗျားတို့ နောက်ကျနေပြီ။ မြန်မြန်သွားကြ” ဟု နှုတ်ခွန်းဆက်၏။

“ကျုပ်တို့ရဲ့ သက်သေခံကပ်ဒ်လေးဘာလေး မစစ်တော့ဘူးလား” အယ်လ်၏ အမေးကို တပ်ကြပ်ကြီးက ခပ်ပြုံးပြုံးဖြင့်-

“ကျုပ်ခင်ဗျားတို့ ဓါတ်ပုံတွေကို အကြိမ်ကြိမ်အခါခါလေ့လာပြီးပြီ။ ခင်ဗျားတို့က သိသာပါတယ်။ အယ်လ်ပါစီနိုနဲ့ ကလင့်စ် အိစ်ဝုဒ် ကျနေတာပဲ” ပြောပြောဆိုဆို တံခါးမှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ လျှောကနဲ တံခါးပွင့်သွား၏။ သတ္တုစင်္ကြန်လမ်းအတိုကလေး၏ ဟိုဖက်မှာ နောက်ထပ်သတ္ထုတံခါးတစ်ခုကိုတွေ့ကြရပြန်၏။

“အတွင်းတံခါး ရှေ့ မှာ ခဏရပ်နေကြနော်။ အထဲက လုံခြုံရေးကင်မရာနဲ့ စစ်ဆေးပြီးရင် တံခါးဖွင့်ပေးလိမ့်မယ်”

“ခင်ဗျားစစ်ပြီး ပြီပဲ။ တစ်ခါတည်း ဖွင့်ပေးလိုက်လို့မရဘူးလား”

တပ်ကြပ်ကြီးက ရယ်ပြန်သည်။

“အာမခံအနေနဲ့ လုပ်ရတာပေါ့ဗျာ” ဟုပြန်ပြော၏။

အတွင်းခန်းတံခါးပွင့်သွားသော် မွှေးပွ ကော်ဇောအပြည့်ခင်းထားသောအသံလုံခန်းတစ်ခုထဲသို့ ရောက်သွားကြသည်။ ပေနှစ်ဆယ်မျှ ရှည်သောကျောက်ကပ်ပုံ စားပွဲကြီးက တစ်ခန်းလုံးပြည့်လုနီးပါးနေရာယူထား၏။ နံရံတွင် ပရိုဂျက်တာ ထိုးရန် စကရင်အကြီးစားကြီးတစ်ခုဆင်ထား၏။ စားပွဲ ပါတ်လည်တွင် ထိုင်နေကြသော ယောင်္ကျားများနှင့် မိန်းမ တစ်ယောက်တို့က အခန်းထဲဝင်လာသော ပစ်နှင့်အယ်လ်ကို ဝိုင်းကြည့်နေကြသည်။

“မင်းတို့ နှစ်ယောက်နောက်ကျတယ်”

ထိုအသံက သူတို့ဋ္ဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ဆန်ဒက်ကာ၏ အသံမှန်း ပစ်ရော အယ်လ်ပါ နှစ်ယောက်လုံး သိကြသည်။ လူကသေးသေးသွယ်သွယ်၊ ဆံပင်များက နီနီရဲရဲ၊ တမင်မွေးထားသော မုတ်ဆိတ်နှင့် မိုးပြာရောင် မျက်လုံးများပိုင်ရှင် ဆန်ဒက်ကာသည် သစ်ပင်ပေါ်တွင်အိပ်ချင်ယောင်ဆောင်ပြီး မျက်လုံးတစ်ဖက်ဖွင့်ကာ အမဲချောင်း နေသည့် ကျားသစ်နှင့်တူလှသည်။ ဆန်ဒက်ကာ ကသူ့ဘယ်ဖက်တွင် ထိုင်နေသောသူကို လက်ညှိုးညွှန်၍-

“ဒီပုဂ္ဂိုလ်က အက်ဖ်ဘီအိုင်က စပါယ်ရှယ်အေးဂျင့် ကန်ဟိန်းပါ” ဟု သူတို့ နှစ်ယောက်နှင့် စတင်မိတ်ဆက်ပေးသည်။ ဆံပင်ဖြူဖြူ၊ သားနားသော ဝတ်စုံပြည့်နှင့် လူက စာကြည့်မျက်မှန်သေးသေးလေးပေါ်မှ ကျော်ကြည့်ရင်း ပစ်နှင့် အယ်လ်ကို လက်ဆွဲနှုတ်ဆက်၏။

“မစ္စတာပစ်၊ မစ္စတာ ဂျီယိုဒီနို၊ ကျွန်တော်ခင်ဗျားတို့ နှစ်ယောက်အကြောင်းအများကြီး ကြားဖူးပြီးသားပါ”

ကြားဖူးမှာပေါ့။ ခင်ဗျား ကျုပ်တို့ရဲ့ လျှို့ ဝှက် ကိုယ်ရေးမှတ်တမ်းဖိုင်တွေကို ခိုးဖတ်ထားတာကိုး။ ဒတ်ပစ် စိတ်ထဲက ရေရွတ်လိုက်သည်။

ဆန်ဒက်ကာ ကသူ့ညာဖက်မှ လူနှင့်မိတ်ဆက်ပေးပြန်သည်။

“သူက ရွန်လစ်တဲ၊ စီအိုင်အေက ဒုတိယ ညွှန်ကြားရေးမှူး”

ရွန်လစ်တဲက အရေးအကြောင်းများထင်နေသော မျက်နှာနှင့်၊ အညိုရောင်မျက်ဝန်းများပိုင်ရှင်။ သူက ခေါင်းညိတ်၍ နှုတ်ဆက်သည်။

“ကျန်တဲ့လူတွေကတော့ မင်းတို့သိပြီးသားတွေပါ” ဆန်ဒက်ကာက ကျန်သူများကို မေးငေါ့ပြရင်းပြောလိုက်သည်။

ရူဒီဂန်းသည် စားပွဲတွင်ထိုင်လျှက် မှတ်စုများကို သဲကြီးမည်းကြီးရေးနေ၏။ သူတို့နှစ်ယောက်ကို မော့မကြည့်၊ ကြည့်စ ရာလည်းမလို။

ပစ်က ဤအခန်းထဲရှိ တစ်ဦးတည်းသောမိန်းမ ဖြစ်သည့် ပက်ထရစ်ရှာ အိုကွန်းနယ်လ် ရှိရာသို့လျှောက်သွားပြီး သူမ ပုခုံးပေါ်လက်တင်၍ တိုးတိုးလေးပြောလိုက်သည်။

“ကိုယ်တို့ နှစ်ယောက်စောစောပြန်တွေ့ကြမှာပါ လို့ပြောခဲ့တယ်မဟုတ်လား”

ပက်က သူတို့ကို ဝိုင်းကြည့်နေသူများကို နည်းနည်းမှ ဂရုမစိုက်ပဲ ပစ်၏လက်ကို အသာအယာကိုင်လိုက်ပြီး-

“ကတိတည်တဲ့ ယောင်္ကျားတွေဆို ကျွန်မ သိပ်ချစ်တာပဲ” ဟုညှုလိုက်သည်။ ပြီးမှ အသံတိုးတိုးဖြင့်-

“ကျွန်မ ဘေးမှာထိုင်၊ ဒီလူကြီးတွေနဲ့ ထိုင်ရတာ တမျိုးကြီးပဲ” ဟု ဒတ်ပစ်ကို လှမ်းပြောသည်။

ပစ်က ပက်ထရစ်ရှာနား၊ အယ်လ်က ရူဒီဂန်းနားတွင် အသီးသီးထိုင်လိုက်ကြပြီးနောက်-

“ကျွန်တော်တို့ မသိလိုက်တာ ဘာတွေ ရှိသေးလဲ” ဟု ဒတ်ပစ်ကမေးလိုက်သည်။

“ဒေါက်တာ အိုကွန်းနယ်လ်က မဟူရာသလင်းခေါင်းခွံ နဲ့ မြေအောက်ခန်းအကြောင်းပြောပြီးပြီ။ ကန်ဟိန်းက တယ်လူရိုက် အချုပ်ခန်းမှာ ဗုံးခွဲခံရတဲ့ လူသတ်သမားတွေရဲ့ အလောင်းစစ်ဆေးတွေ့ရှိမှုအခြေအနေအကြောင်း ပြောနေတယ်”

ကန်ဟိန်းက လည်ချောင်းရှင်းလိုက်သည်။

“ဗုံးခွဲခံရလို့ ကျန်တဲ့အစအနလေးတွေကို စစ်ရတာဆိုတော့ သိပ်တော့လည်းပြောစရာမရှိပါဘူး။ တစ်ခုပဲရှိတယ်။ အဲဒါ ကတော့သွားပဲ။ သူတို့ နှစ်ယောက်လုံးရဲ့ သွားတွေမှာ တောင်အမေရိက သွားဆရာဝန်တွေရဲ့ လက်ရာကိုတွေ့ရတယ်”

ပစ် အနည်းငယ်တွန့်သွား၏။ လွန်လွန်လွန်းအားကြီးလှပါလား။

“ခင်ဗျားတို့လူတွေက ဘယ်တိုင်းပြည်မှာ ဘယ်လိုသွားမျိုးစိုက်တယ်ဆိုတာ ခွဲခြားနိုင်လို့လား”

ပစ်ကို ကန်ဟိန်းကစိုက်ကြည့်လိုက်ပြီး-

“သွားကို အထူးပြုလေ့လာတဲ့ ဥပဒေရေးရာ မှုခင်းဆေးပညာရှင်တစ်ယောက်ဟာ စိုက်ထားတဲ့သွားကိုကြည့်ပြီး ဘယ်နိုင်ငံ၊ ဘယ်မြို့ က ဘယ်သွားဆရာဝန်ရဲ့ လက်ရာလဲဆိုတာပြောနိုင်ရုံတင်မက ဘယ်နှစ်ခါချိန်းပြီး ပိုက်ဆံ ဘယ် လောက်တောင်းတယ်ဆိုတာတောင် ပြောနိုင်တယ်”

ပစ် ပါးစပ်ပိတ်သွားသည်။

“ဆိုတော့ ဒီလူတွေဟာ နိုင်ငံခြားသားတွေလို့ ဆိုလိုတာလား” ဂျီယိုဒီနိုက သူ့အမြင်ကို မေးလိုက်သည်။

“သူတို့ ပြောတဲ့ အင်္ဂလိပ်စကားက အရမ်းအောက်တယ်” ပစ်က ပြောလိုက်၏။

ကန်ဟိန်းက ပစ်အား စာကြည့်မျက်မှန်ပေါ်မှ ကျော်ကြည့်ရင်း-

“ဒီလူတွေနဲ့ ခင်ဗျားအနီးကပ်တွေ့ဖူးတာပဲ။ ခင်ဗျားသတိထားမိတာလေးတွေ ပြောပြပါ”

“သူတို့ကိုယ်သူတို့ နယူးအင်္ဂလန်သားဂိုက်ဖမ်းနေပေမဲ့ သူတို့ အင်္ဂလိပ်စကားက အမေရိကန်လေ နည်းနည်းမှမပါဘူး။ သိပ်ကို ပြည့်စုံမှန်ကန်လွန်းအားကြီးတယ်။ သတင်းစာဖတ်နေသလိုပဲ”

ရွန်လစ်တဲလ်က အဝါရောင်မှတ်စုစာအုပ်ကို ဖွင့်ကြည့်၍-

“မစ္စတာပစ်၊ ကွန်မန်ဒါ ရူဒီဂန်းက ခင်ဗျားတယ်လူရိုက်ဒ်မှာတွေ့ခဲ့ရတဲ့ လူသတ်သမားတွေက သူတို့ကိုယ်သူတို့ စတုတ္တအင်ပါယာရဲ့ အဖွဲ့ ဝင်တွေလို့ ပြောခဲ့တယ်လို့ ကျွန်တော်တို့ကိုပြောတယ်။ အဲဒါဟုတ်သလား”

“ဟုတ်ပါတယ်။ အနာဂါတ် ကံကြမ္မာသစ်လို့လည်း ပြောသေးတယ်”

“ခင်ဗျားနဲ့ ရူဒီဂန်းတို့နှစ်ယောက် စတုတ္တအင်ပါယာဟာ နာဇီရဲ့ တတိယ အင်ပါယာနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ ကြသေးတယ်နော်”

“ဒါကတော့ ဖြစ်နိုင်တာကို စဉ်းစားကြည့်ကြတာပါ”

ဂျီယိုဒီနိုသည် အိပ်ထောင်ထဲမှ ဧရာမဆေးပြင်းလိပ်ကြီးတစ်လိပ်ကို ထုတ်လိုက်ပြီး ပါးစပ်မှာကိုက်ထားလိုက်သည်။ ဆေးပြင်းလိပ်ကြီးကို မီးမညှိပဲ စိမ်ပြေနပြေကိုက်ဝါးနေသော ဂျီယိုဒီနိုကို ကြည့်၍ ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ သည် လူ သတ်ချင်စိတ်များတဖွားဖွားပေါ်ပေါက်နေ၏။ သူတယုတယ နှင့် သိမ်းဆည်းထားသော ရှားပါးအဖိုးတန်လှသည့် ဤဆေးပြင်းလိပ်ကြီးကို ခိုးလာသည့် အီတာလျံ လူယုတ်ကို တတ်နိုင်လျှင် အစိမ်းလိုက်ဝါးစားပစ်လိုက်ချင်သည်။ ဆန်ဒက်ကာ ဤသို့ ဖြစ်ပျက်နေသည်ကို ဂျီယိုဒီနိုက နည်းနည်းမှ ဂရုမထားပဲ စကားစတင်ပြောလိုက်သည်။

“ကျွန်တော်က သိပ်တော်တဲ့လူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် တစ်သက် ကမ္ဘာအနှံ့ ငွေကိုရေလိုသုံးပြီး အင်မတိ အင်မတန်တော်တဲ့ ထိပ်တန်းလူသတ်သမားတွေကို မွေးပြီး ဆယ်စုနှစ်နဲ့ချီပြီး လူသတ်ဒုစရိုက်အလုပ်တွေ လုပ်နေတဲ့အဖွဲ့အစည်းကို ကမ္ဘာပေါ်က တော်လှပါတယ်ဆိုတဲ့ ထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့ကမှ သူတို့ဘယ်သူ၊ ဘယ်ဝါ ဆိုတာတောင်မသိလောက်အောင် ဖြစ်နေရတဲ့ ခုလိုအဖြစ်မျိုးမတွေ့ဖူးတာတော့ အမှန်ပဲဗျ”

@@@@@@@@@@@@@

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

April 2009
M T W T F S S
« Mar   May »
 12345
6789101112
13141516171819
20212223242526
27282930  
Follow

Get every new post delivered to your Inbox.