အတ္တလန်တစ် ရှာပုံတော် (၂၄)
မပြော၊ မပြောနှင့် ပြောမဲ့ပြောတော့လည်း အယ်လ်သည် စီအိုင်အေရော၊ အက်ဖ်ဘီအိုင်ရောကို ဆော်ပလော်တီးသည့် စကားမျိုးက စပြော၏။
“ဟုတ်ပါတယ်၊ ဒါကိုတော့ ဝန်ခံရမှာပဲ။ ခင်ဗျားလည်းသိသားပဲ၊ ရည်ရွယ်ချက်မရှိတဲ့ ရာဇဝတ်မှုက ဖြေရှင်းရ အခက်ဆုံးဆိုတာလေ။ ခုကိစ္စက အဲသလို ဖြစ်နေတာဗျ” အက်ဖ်ဘီအိုင်မှ ကန်ဟိန်းက ပွင့်လင်းစွာ ဝန်ခံလိုက်သည်။
စီအိုင်အေ ဒုညွှန်မှူး ရွန်လစ်တဲလ်ကလည်း ကန်ဟိန်း၏စကားကို ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်ပြ၏။
“မစ္စတာပစ် ရဲ့ တယ်လူရိုက်ဒ် အဖြစ်အပျက်ကလွဲလို့ ဒီအဖွဲ့အစည်းနဲ့ ပါတ်သက်မိတဲ့ ကျန်တဲ့လူတွေအကုန် သေတာ ပဲဗျ။ ခုကိစ္စက ကျွန်တော်တို့အတွက် ပထမဆုံးသဲလွန်စပဲ”
ရူဒီဂန်းက ဝင်ပြော၏။
“ဒတ်ပစ်နဲ့ ဒေါက်တာ အိုကွန်းနဲလ်တို့ ကျေးဇူးကြောင့် ကျွန်တော်တို့ လိုက်စရာ လမ်းကြောင်းလေးရှိနေတာ ကျေးဇူးတင်ရမယ်”
“ဟုတ်တယ်ဗျ” ကန်ဟိန်းက အားပါးတရ ထောက်ခံ၏။
“အခုကိစ္စမှာတော့ ရည်ရွယ်ချက်မရှိဘူးလို့ မဆိုနိုင်တော့ဘူး။ နိဗ္ဗာန်ဘုံ မိုင်းတွင်းမှာတွေ့ရတဲ့ အခန်းငယ်လေးထဲက သင်္ကေတတွေ ရှေးဟောင်းပစ္စည်းတွေကို အပြင်လူတွေမတွေ့သွားအောင် ပညာရှင်တွေကို သတ်ဖြတ် သုတ်သင်ဖို့ ကြိုးစားရင်း အခြေမလှတော့ ကိုယ့်လူကိုယ် ပြန်သတ်တဲ့ အထိဖြစ်ခဲ့တာဆိုတော့ ရည်ရွယ်ချက်ကောင်းကောင်း ရှိတယ် ပြောရမယ်”
“ရှေးဟောင်း လက်ရေးသင်္ကေတ တွေကို ဒီလောက်ဖုံးကွယ်ချင်နေတာ ဘာအဓိပ္ပါယ်များရှိလို့လဲ” ဒတ်ပစ်၏ အမေးကို ရူဒီဂန်းက-
“သူတို့အတွက် အင်မတန်အရေးကြီးတဲ့ အဓိပ္ပါယ်ရှိလို့ပေါ့ ပစ်ရဲ့။ အခု သူတို့ရဲ့ ကျွမ်းကျင်လူသတ်သမား ခြောက် ယောက်လည်း ဆုံးရှုံး၊ သင်္ကေတတွေနဲ့ မဟူရာ သလင်းခေါင်းခွံလည်းဆုံးရှုံး ဆိုတော့ မြွေပါလည်းဆုံး။ သားလည်းဆုံး ဖြစ်နေပြီ”
“ဒီလို သာမာန် မနုဿဗေဒ တွေ့ရှိမှုလေးတစ်ခုကြောင့် လူပေါင်းများစွာ အသက်စတေးရတယ်ဆိုတာ နားလည်ရ အတော်ခက်တာပဲ” ဆန်ဒက်ကာ၏ အပြောကြောင့် ပက်ထရစ်ရှာ ဆတ်ကနဲခေါင်းထောင်လာသည်။ ဗိုလ်ချုပ်ကြီးကို မျက်ဝန်းစိမ်းများဖြင့် စူးစိုက်ကြည့်ရင်း-
“သာမာန် မနုဿဗေဒ တွေ့ရှိချက်ဆိုတဲ့ စကားကို ပြင်ပြောပါ ဗိုလ်ချုပ်။ ဒါဟာ ရာစုနှစ်တစ်ခု အတွင်းကမ္ဘာကို သိမ့်သိမ့် တုန်သွားစေမဲ့ တွေ့ရှိချက်ကြီးပါ”
သူ့ဆရာကို ရန်တွေ့နေသော ပက်ကို စကားလမ်းကြောင်းပြောင်းပေးဖို့ ပစ်အကြံထုတ်ရသည်။
“သင်္ကေတတွေကို ဘာသာပြန်ကြည့်ပြီးပြီလား”
“အခုလောလောဆယ်အထိကတော့ ဒီသင်္ကေတ တွေဟာ စကားလုံးတွေဖြစ်တယ်ဆိုတာပဲ ပြောနိုင်သေးတယ်။ စကားလုံးတစ်လုံးစီမှာ ကွဲပြားခြားနားတဲ့ အသံထွက်တွေပါတယ်။ ကျွန်မတို့ရဲ့ အေဘီစီဒီမှာ စကားလုံး နှစ်ဆယ့် ခြောက်လုံးပါသလိုပဲ ဒီသင်္ကေတတွေမှာ စာလုံးရေ သုံးဆယ်ပါတာတွေ့ရတယ်။ အဲဒီထဲက ဆယ့်နှစ်လုံးဟာ ကိန်း ဂဏန်းတွေကို ဖော်ပြတဲ့စာလုံးတွေပဲ။ ဒီစာတွေထွင်းခဲ့တဲ့ လူမျိုးဟာ ဘယ်သူတွေပဲဖြစ်ဖြစ် သူတို့မှာ အင်မတန် အဆင့်မြင့်တဲ့ သင်္ချာစနစ်ရှိနေပြီဆိုတာတွေ့ရတယ်။ ရောမခေတ်တစ်လျှောက်လုံး မသုံးခဲ့တဲ့ သုံည အက္ခရာကို သူတို့ သုံးထားတာတွေ့ရတယ်။ ကွန်ပြူတာ ပရိုဂရမ် နဲ့မလေ့လာရသေးလို့ ခုလောလောဆယ်တော့ ဒီလောက်ပဲပြောနိုင် မယ်”
“ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ဒီလောက်အချိန်လေးအတွင်း ခုလောက်သိရတာကိုက လွန်လှပါပြီ” ကန်ဟိန်းက ပက်ထရစ်ရှာကို ကျေးဇူးတင်စကားဆို၏။
“ကျွန်မ ဒီစာတွေကို အဓိပ္ပါယ်ဖော်နိုင်မယ်လို့ ယုံကြည်ပေမဲ့ ခုထိတော့ သူတို့ဘာစနစ်နဲ့ ရေးထွင်းထားကြသလဲ ဆိုတာ မသိသေးဘူး။ အီဂျစ်၊ တရုတ်၊ မေရန်၊ ခရီတန် ဘယ်လိုစာရေးနည်းစနစ်နဲ့မှ မကိုက်ဘူးရှင့်”
“ဟို ခေါင်းခွံကရော လက်ရေးသင်္ကေတ တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ခင်ဗျားထင်လား” ရူဒီဂန်းက စိတ်ဝင်စားစွာမေး လိုက်သည်။
ပက် ခေါင်းခါပြ၏။
“ဒါကို မှန်းဆချက်သက်သက်နဲ့ မပြောနိုင်ပါဘူး။ မက္ကဆီကိုနဲ့ တိဘက်မှာတွေ့ရတဲ့ သလင်းခေါင်းခွံတွေလိုပဲ ဒီခေါင်းခွံ ဟာလည်း အင်မတန်လျှို့ ဝှက် နက်နဲလွန်းတယ်။ အပျော်တမ်း ရှေးဟောင်းသုတေသန သမားတွေရဲ့ ဆိုရိုးစကား ကတော့ သလင်းခေါင်းခွံအားလုံး ဆယ့်သုံးခု ရှိတယ်တဲ့။ အားလုံးစုံရင် ဂမ္ဘီရ လျှို့ ဝှက်ချက်တွေကို ဖော်ထုတ်နိုင် တယ်ဆိုပဲ”
“ခင်ဗျား အဲဒီစကားကို ယုံသလား” ရွန်လစ်တဲလ်က မေးလိုက်သည်။ သူမေးပုံမှာ တကယ့်ကို လေးလေးနက်နက် မေးခြင်းမျိုးဖြစ်၏။
ပက် ကခပ်မြူးမြူးရယ်လိုက်သည်။
“မယုံဘူး၊ ကျွန်မက လက်တွေ့သမားရှင့်၊ သက်သေပြချက်မရှိတဲ့ သီအိုရီတွေကို ယုံတဲ့လူမျိုးမဟုတ်ဘူး”
လစ်တဲလ်က သူမကိုကြည့်ရင်း တစုံတရာကို စဉ်းစားနေပုံပေါ်သည်။
“အော့ပ်ဆီဒီယန် သလင်းခေါင်းခွံ နဲ့ပါတ်သက်လို့ ခင်ဗျားဘယ်လိုထင်———”
“ခေါင်းခွံတွေ ပါဗျာ” လစ်တဲလ်၏ စကားမဆုံးမီ ဒတ်ပစ်က ဖြတ်ပြောလိုက်သည်။
ပက်က သူ့ကို မျက်လုံးပြူးကြည့်ရင်း-
“ခေါင်းခွံတွေ ဟုတ်လား၊ ဘယ်တုန်းက နောက်တစ်ခုထပ်ရတာလဲ”
“မနေ့ နေ့လည်က၊ ကျွန်တော့် မိတ်ဆွေကြီး စိန့်ဂျူလီယန်း ပါးလ်မတ္တားရဲ့ ကျေးဇူးနဲ့ အော့ပ်ဆီဒီယန် ခေါင်းခွံ နောက်တစ်ခု ထပ်ရခဲ့တယ်”
ဗိုလ်ချုပ်ကြီး ဆန်ဒက်ကာက ပစ်ကို စိုက်ကြည့်ရင်း-
“ခုအဲဒါတွေ ဘယ်မလဲ” ဟုမေးလိုက်သည်။
“ခေါင်းခွံနှစ်ခုလုံး ကျွန်တော်တို့ အသုံးလုံးဋ္ဌာနချုပ်က ဓာတုဗေဒ ဓါတ်ခွဲခန်းကို ပို့လိုက်ပြီ။ ရိုးရိုး ကာဗွန်နည်းပညာနဲ့ တော့အော့ပ်ဆီဒီယန်ကျောက်ရဲ့ သက်တမ်းကိုတွက်လို့မရဘူးဗျ။ ဒါပေမဲ့ တစ်ခုခု အဖြေထွက်လာမယ်လို့တော့ မျှော်လင့်ရတာပဲ”
“နောက် ခေါင်းခွံတစ်ခုက ဘယ်ကတွေ့တာတဲ့လဲ”
ပက် အရမ်းအရမ်းကို သိချင်လာသည်။ အားလုံးလည်း သိချင်နေကြသည်။ သို့နှင့်ပင် ပစ်က အန္တာတိကတိုက်မှ ပေါ်လိုဗာဒီ ငါးဖမ်းသင်္ဘောနှင့် မဒရပ်သင်္ဘောအကြောင်း ဇာတ်စုံခင်းပြရတော့သည်။ အားလုံးက ငြိမ်၍ နားထောင်နေ ကြသည်။ ပစ်ပြောပြီး အတန်ကြာသည်အထိ တိတ်ဆိတ်နေကြသည်။ စတင် စကားပြောသူမှာ ပက်ထရစ်ရှာ ဖြစ်၏။
“မဒရပ် သင်္ဘောသားတွေနဲ့ ခရီးသည်တွေက ခေါင်းခွံကို ဘယ်နေရာက ရှာတွေ့တာတဲ့လဲ”
ပစ်က ရုတ်တရက်အဖြေမပေးသေးပဲ အခန်းထဲမှ လူများကို သိမ်းကျုံး ကြည့်လိုက်သည်။ အားလုံးက သူ၏ အဖြေကို ငံ့လင့်နေကြကြောင်းတွေ့ရတော့မှ-
“သင်္ဘောမှတ်တမ်းစာအုပ်အရ တော့ မဒရပ်သင်္ဘောဟာ ဘုံဘေကနေ လစ်ဗာပူးကို အသွား ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်းဒဏ်– ဒဏ်”
“ဟာရီကိန်း မဟုတ်ဘူး။ ဆိုင်ကလုန်းကွ” ဆန်ဒက်ကာ၏ အသံသြကြီးထွက်ပေါ်လာသည်။ ဒီလူကြီးက ပင်လယ်နှင့်ပါတ်သက်လျှင် သူ့ကိုယ်သူ ပြိုင်ဖက်မရှိဟု သတ်မှတ်ထားသူ တစ်ဦးဖြစ်သည်နှင့်အညီ ပစ်၏ အမှားကို ပယ်ပယ်နယ်နယ် ဝေဖန်ပြီး လက်ချာပေးတော့သည်။
ပစ် သက်ပြင်းချလိုက်သည်။
“ဟုတ်ကဲ့ပါ။ အမှားပြင်လိုက်ပါပြီ။ ဆိုတော့ ခုနက မဒရပ်သင်္ဘောဟာ မုန်တိုင်းမိပြီး ပင်လယ်ပြင်မှာ အထိန်းအကွပ် မရှိနှစ်ပါတ်လောက် မျောနေသတဲ့။ တကယ်သွားရမဲ့ လမ်းကြောင်းရဲ့ တောင်ဖက်ကို အတော်ဝေးဝေးမျောလာတယ်။ လေနဲ့လှိုင်း ငြိမ်သွားတော့ သူတို့မှာ သောက်ရေ မရှိသလောက်ဖြစ်နေပြီ။ ဒါနဲ့ပဲ ကပ္ပတိန် လေးဟန့်က သင်္ဘောသား တွေနဲ့ တိုင်ပင်ပြီး အနီးဆုံးကျွန်းမှာ သင်္ဘောဆိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ ဆိုက်ကပ်တဲ့ ကျွန်းက အိန္ဒိယ သမုဒ္ဒရာ နဲ့ အတ္တလန်တစ် သမုဒ္ဒရာကြားက ပြင်သစ်ပိုင်တဲ့ ခရိုဇက် ဆိုတဲ့ ကျွန်းတန်းရှည်လေးပဲ။ ခရိုဇက် ကျွန်းတန်းရဲ့ စိန့်ပေါလ်လို့ခေါ်တဲ့ အင်မတန်ကြမ်းတမ်းတဲ့ ကျောက်သားနဲ့ မီးတောင်တစ်ခုရှိတဲ့ ကျွန်းကလေးမှာ သင်္ဘောကပ်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြသတဲ့”
အခန်းတွင်းမှ လူအားလုံးသည် ဒတ်ပစ်၏ ပုံပြင်ထဲတွင် နစ်မျောနေကြ၏။
“ခရီးသည်တွေထဲက အိန္ဒိယမှာ ဆယ်နှစ်ဆယ်မိုးတာဝန်ထမ်းပြီး မိသားစုလိုက် အင်္ဂလန် ပြန်လာတဲ့ ဗြိတိသျှ တပ်မတော်က ဗိုလ်မှူးကြီးတစ်ယောက် ပါလာသတဲ့။ အဲဒီဗိုလ်မှူးကြီးက သင်္ဘောကပ်ထားတဲ့ ကျွန်းပေါ်မှာ အမဲလိုက်ချင်လှချည်ရဲ့ ဖြစ်ပါလေရော။ ဒီကျွန်းကလေးမှာ ဘယ်ကလာပြီး တောရိုင်းတိရိစ္ဆာန် များများစားစား ရှိမှာလဲ။ ဒါပေမဲ့ ခေါင်းမာတဲ့ ဗိုလ်မှူးကြီးနဲ့ သူ့အပေါင်းအသင်းတွေဟာ သားကောင်ရလိုရငြား မီးတောင်ပေါ်ကုတ်ကပ်တက် ကြပါလေရော။ ပေတစ်ထောင်လောက်တက်ပြီးသွားတဲ့ အခါမတော့ ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ လူသွားလမ်း လေးတစ်ခုကို တွေ့ကြတယ်။ အဲဒီလမ်းအတိုင်းလိုက်သွားကြတော့ တောင်နံရံမှာ အပေါက်တစ်ပေါက်တွေ့တယ်။ အဲဒီ အပေါက်ကနေ တောင်ရဲ့ အတွင်းဖက်ကို ဝင်သွားလို့ရတဲ့ လမ်းတစ်ခုကို မမျှော်လင့်ပဲ တွေ့လိုက်ကြရတယ်”
“ခဏလေး ပစ်၊ ခုနက မင်းပြောတဲ့ ကျွန်းဟာ ငါသိသလောက်တော့ လူမနေဘူးကွ” ရူဒီဂန်းက ကြားဖြတ်ဝင်ပြော လိုက်သည်။
“ဟုတ်တယ် ဂန်း၊ ကျွန်တော်တို့ ကွန်ပြူတာ စပါယ်ရှယ်လစ် ဟီရမ် ယယ်လဂါ ကစစ်ဆေးကြည့်ပြီးပြီ။ ၁၉၇၈ ကနေ ၁၉၉၇ အထိ သြစတေးလီးယား မီးတောင်သုတေသန အဖွဲ့တစ်ဖွဲ့ ခဏအခြေစိုက်စခန်းလုပ်ဖူးတာကလွဲလို့ ဒီကျွန်း တွေမှာ လုံးဝ လူမနေပါဘူး။ ဒီ သြစီအဖွဲ့ရဲ့ အစီရင်ခံစာတွေမှာလည်း ကျွန်းအကြောင်း ဘာတစ်ခုမှ မပါပဲ ပညာရပ်ဆိုင်ရာသက်သက် သာဖော်ပြထားတယ်”
ရွန်လစ်တဲလ်က စားပွဲပေါ်လက်ထောက်ရင်း-
“ခုနက ခင်ဗျားဇာတ်လမ်းကို ဆက်တော့ဗျာ။ နောက်တော့ ဘာဖြစ်သွားလဲ”
“ဗိုလ်မှူးကြီးဟာ သူ့လူတစ်ယောက်ကို သင်္ဘောဆီပြန်လွှတ်ပြီး မီးအိမ်တွေယူခိုင်းလိုက်တယ်တဲ့။ အတွင်းကို ဝင်ကြည့်တဲ့ အခါ ကျောက်သားကို ထွင်းထုထားတဲ့ အင်မတန်ချောမွေ့ကောင်းမွန်တဲ့ လူသွားလမ်း ကလေးကနေ ပေတစ်ရာလောက် ဆင်းသွားပြီးတဲ့အခါမှာတော့ ကျောက်သားအခန်းလေးတစ်ခုထဲကို ရောက်သွားကြတယ်။ အဲဒီ အခန်းလေးထဲမှာ ထူးဆန်းတဲ့ ရှေးခေတ် အရုပ်မျိုးစုံ ဒါဇင်နဲ့ချီပြီးတွေ့ခဲ့သတဲ့။ နံရံနဲ့ ခေါင်မိုးပေါ်မှာလည်း သူတို့ မဖတ် တတ်တဲ့ သင်္ကေတတွေ ရေးထွင်းထားတယ်တဲ့”
“ခဏလေး၊ သူတို့ အဲဒီ သင်္ကေတ တွေကို ကူးခဲ့ကြသလား” ပက်ထရစ်ရှာက အလောတကြီး ဝင်မေးလိုက်သည်။
“သင်္ဘောမှတ်တမ်း စာအုပ်မှာတော့ ဘာသင်္ကေတမှ ကူးလာခဲ့တယ်လို့ မဖော်ပြထားဘူး။ မီးတောင်ထဲ ဝင်တဲ့ အပေါက်ဝရဲ့ ပုံကြမ်းကိုတော့ ဆွဲထားတယ်”
“အရုပ်တွေကရော ဘယ်လိုဖြစ်သွားသလဲ” ဆန်ဒက်ကာ ကဝင်မေးလိုက်ပြန်သည်။
“မဒရပ်သင်္ဘော ပေါ်မှာပဲ ရှိသေးတယ်။ ရိုဆန်နာမန်ဒါ ကခေါင်းခွံ၊ သူ့ယောင်္ကျား ဗရက်ဖို့ဒ်က သင်္ဘောမှတ်တမ်း ကိုပဲ ယူလာခဲ့နိုင်တာကိုး။ ရိုဆန်နာရဲ့ မှတ်ချက်အရတော့ အရုပ်တွေဟာ အချို့ ကငွေ၊ အချို့ က ကြေးနီနဲ့ လုပ်ထားတယ် တဲ့။ အင်မတန် ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ရုပ်ပုံတွေကို ထွင်းထုထားတာဆိုပဲ”
“ခု ကျွန်မတို့ သိလိုက်ရတဲ့ အချက်အလက်တွေအရ နိဗ္ဗာန်ဘုံမိုင်းတွင်းက အားမီးနီးစ် အခန်းအပြင် နောက်ထပ် အလား သဏ္ဍာန်တူတဲ့အခန်းတစ်ခန်း ရှိသေးတယ်ဆိုတာသိလိုက်ရပြီ။ ကမ္ဘာပေါ်မှာ ဒီလိုအခန်းမျိုး ဘယ်နှစ်ခန်း လောက် ရှိနေမှာပါလိမ့်” ပက်ထရစ်ရှာက အဝေးတစ်နေရာသို့ ငေးကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်၏။
ဆန်ဒက်ကာ သည် ဂျီယိုဒီနိုက ဆေးပြင်းလိပ်ကြီးကို တမြုံ့ မြုံ့ ဝါးနေသည်ကို မချိတင်ကဲ ကြည့်ရင်း-
“အခု အချိန်ကစပြီး ကျုပ်တို့ အလုပ်လုပ်ဖို့ အချိန်ကျပြီ။ ရူဒီ၊ တို့ရဲ့ ပထမ အလုပ်က အန္တာတိက ရေခဲပြင်ပေါ်က မဒရပ် သင်္ဘောကို ရှာဖို့၊ ဒုတိယ အလုပ်က စိန့်ပေါလ်ကျွန်း မီးတောင်ထဲက အခန်းကို ရှာဖို့ ဖြစ်လာပြီ။ အဲဒီနေရာနဲ့ အနီးဆုံး မှာရှိတဲ့ သုတေသန သင်္ဘောတွေကို သုံးကြပါ”
“ပစ်က မဒရပ်သင်္ဘောကို ရှာ၊ အယ်လ်က စိန့်ပေါလ်ကျွန်းကို တာဝန်ယူရမယ်။ မြန်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားကြစေ ချင်တယ်”
ဂျီယိုဒီနိုက ကုလားထိုင်တွင် အညောင်းဆန့်ရင်း-
“ကျွန်တော်တို့ရဲ့ သွေးဆာနေတဲ့ အပေါင်းအသင်း ရောင်းရင်းကြီးတွေ ဒီနေရာတွေကို အရင် ရှာမတွေ့ပါစေနဲ့လို့ မျှော်လင့်ပါတယ်ဗျာ” ဟု ပြောလိုက်သည်။
“မင်း အဲဒီရောက်တော့ သိမှာပေါ့” ရူဒီဂန်းက မပြုံးမရယ်ဝင်ပြော၏။
“ကျွန်တော်ကတော့ အက်ဖ်ဘီအိုင်က အထူးအေးဂျင့် နှစ်ဦးကို ဒီကိစ္စအတွက် အမြဲတာဝန်ချထားပေးပါ့မယ်” ကန်ဟိန်းက သူ့အဖွဲ့အစည်းအတွက် အာမခံလိုက်၏။
ရွန်လစ်တဲလ်က ဆန်ဒက်ကာ ဖက်သို့လှည့်လိုက်ပြီး-
“ကျွန်တော်ပြောချင်တာကတော့ ဒီကိစ္စဟာ ခုချိန်ထိ စီအိုင်အေရဲ့ ဦးစားပေးအစီအစဉ်မှာ မပါခဲ့တာကို ဝန်ခံရမယ်။ ဒါပေမဲ့ ခုလို နာဇီလက်သစ်တွေနဲ့ ပါတ်သက်ဆက်နွယ်တယ်ဆိုတာ သိရပြီးတော့ စီအိုင်အေ ဟာဒီကိစ္စမှာ ထဲထဲဝင် ဝင်ပါရတော့မယ် ဆိုတာပါပဲ”
“ကဲ ကျုပ်တို့ရဲ့ ရွှေမင်းသမီးလေးကရော၊ ဘာအစီအစဉ်တွေရှိသလဲ” ဆန်ဒက်ကာက ပက်ထရစ်ရှာဖက်သို့ လှည့်မေးလိုက်သည်။
ပက်က အားလုံးကို ပြုံးပြလိုက်ပြီး-
“ကျွန်မကတော့ ဒီသင်္ကေတတွေကို ဘာသာပြန်ဖို့ ကြိုးစားရမှာပေါ့ရှင်။ ဒါပေမဲ့ နေရာလိုတယ်။ ပန်ဆယ်လ်ဗေးနီး ယားတက္ကသိုလ် ကျွန်မ ရုံးခန်းနဲ့ ဓါတ်ခွဲခန်းမှာ ရတဲ့ အထောက်အပံ့မျိုးရဖို့လိုတယ်”
ဆန်ဒက်ကာက ပြုံးလိုက်၏။
“ကျုပ်တို့ အသုံးလုံး ဓါတ်ခွဲခန်း၊ ရွန်ရဲ့ စီအိုင်အေ ဓါတ်ခွဲခန်း၊ ကန်ရဲ့ အက်ဖ်ဘီအိုင် ဓါတ်ခွဲခန်းတွေထက်တော့ ခင်ဗျားရဲ့ ပန်ဆယ်လ်ဗေးနီးယား ဓါတ်ခွဲခန်းက ပိုမကောင်းလောက်ပါဘူး၊ ခင်ဗျားကြိုက်တာရွေးလေ”
ဒတ်ပစ်က အလောတကြီးဖြတ်ပြောလိုက်သည်။
“ကျွန်တော် တစ်ခုလောက် အကြံပေးချင်တယ်။ အသုံးလုံး ဓါတ်ခွဲခန်းဟာ ဒီကိစ္စမှာ ထဲထဲဝင်ဝင်ပါနေပြီးသား ဖြစ်နေပြီ။ ဒါကြောင့် ဒေါက်တာ အိုကွန်းနယ်လ်ကို ကျွန်တော်တို့ အသုံးလုံး ဓါတ်ခွဲခန်းမှာပဲ ကွန်ပြူတာ ပညာရှင် ဟီရမ် ယယ်လဂါနဲ့ တူတူအလုပ်လုပ်ဖို့ တိုက်တွန်းချင်တယ်”
ဆန်ဒက်ကာ ကခေါင်းညိတ်လိုက်သည်။ ဒတ်ပစ်၏ စိတ်နှင့် အကြံကို သူသိပြီးသား။
“ကဲ ဒေါက်တာ၊ ဆုံးဖြတ်ပါ”
“ကျွန်မလည်း မစ္စတာပစ်ပြောတာကို သဘောတူပါတယ်ရှင်”
“ဒါဆိုရင် ယယ်လဂါ နဲ့ မက်စ်ကို ခင်ဗျားနဲ့ တူတူအလုပ်လုပ်ဖို့ ပြောထားလိုက်တော့မယ်”
“မက်စ်ဆိုတာ ဘယ်သူပါလိမ့်”
“မက်စ်က လူမဟုတ်ပါဘူး။ ယယ်လဂါ နောက်ဆုံးတီထွင်ထားတဲ့ လူသားအသိဥာဏ်မျိုးရှိတဲ့ ကွန်ပြူတာပါ”
“သြော်- ကောင်းပါတယ်။ ဒီသင်္ကေတ တွေကို အဓိပ္ပါယ်ဖော်ဖို့ ဒီလောက် တက်ကနီကယ် အကူအညီရရင် အလုပ်ဖြစ်လောက်တယ်လို့ ကျွန်မထင်ပါတယ်ရှင်”
“ခင်ဗျား သိပ်စိတ်ပူမနေပါနဲ့ဗျာ” ဂျီယိုဒီနိုက ရုတ်တရက်ဝင်ပြော၏။ သူ့မျက်နှာက ခပ်တည်တည်။
“ခင်ဗျားရဲ့ ရှေးဟောင်းလက်ရေး သင်္ကေတ တွေဟာ ဟိုးရှေးရှေးတုန်းက ဟင်းချက်နည်းတွေအကြောင်းရေးထား တာဖြစ်ချင်ဖြစ်နေမှာပေါ့ဗျ”
အရေးကောင်း ဒိန်းဒေါင်းဖျက်ဆိုသလို သူလုပ်လာပြီ။
“ဘယ်လို၊ ရှေးဟောင်း ဟင်းချက်နည်းတွေ၊ ဟုတ်လား၊ ဘာဟင်းကို ချက်တဲ့နည်းလဲဗျ” ဂျီယို ဒီနို၏ အကြောင်းမသိ သော ကန်ဟိန်းက ဝင်မေး၏။
ဂျီယိုဒီနို ခဏမျှ စဉ်းစားသလိုလုပ်နေ၏။ ပြီးမှ-
“ဆိတ်သားဟင်းဗျ၊ ဆိတ်သားဟင်း ချက်နည်း တစ်ထောင့်နဲ့ တစ်မျိုး ဖြစ်လိမ့်မယ်” ဟုပြောလိုက်လေတော့သည်။
@@@@@@@@@@@@@@@@@@@@@@@@
Advertisement
Leave a Reply
Fill in your details below or click an icon to log in:
Gravatar
WordPress.com Logo
You are commenting using your WordPress.com account. Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
Calender
May 2009
M T W T F S S
« Apr   Jun »
 123
45678910
11121314151617
18192021222324
25262728293031
Follow
Get every new post delivered to your Inbox.