အတ္တလန်တစ် ရှာပုံတော် (၂၅)

အသုံးလုံး အဖွဲ့ပိုင် အဆောက်အဦးကြီး၏ ဒဿမမြောက် အထပ်တစ်ထပ်လုံးအပြည့်နေရာယူထားသည့် ကွန်ပြူတာ ပစ္စည်းများကို ကြည့်ရင်း ပက်ထရစ်ရှာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေသည်။ ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ ကွန်ပြူတာသရဲများပြောသည့် အဏ္ဏဝါဗေဒ ဆိုင်ရာအချက်အလက်ဘဏ်တိုက်ကြီး ဆိုသော အမျိုးသား အဏ္ဏဝါဗေဒ အေဂျင်စီ၏ ကွန်ပြူတာစင်တာကို ဒီလောက်ကြီးကျယ်ခမ်းနားလိမ့်မည်ဟု သူမ မထင်မိရိုးအမှန်ပါ။ မြင်းခွာပုံ ထိုင်ခုံတစ်လုံးတွင် ခွေခေါက်ထိုင်နေသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက သူမကို လှမ်းကြည့်လိုက် သည်။

“ရှင်က ဟီရမ် ယယ်လဂါ လားဟင်”

“ဟုတ်ပါတယ်။ ကျွန်တော် ယယ်လဂါပါ။ ခင်ဗျားက ဒေါက်တာ အိုကွန်းနယ်လ်ထင်တယ်။ ဗိုလ်ချုပ်ကြီး ပြောထားလို့ ကျွန်တော်ခင်ဗျားကို စောင့်နေတာပါ”

ဤမျှ ကြီးကျယ်ခမ်းနားသည့် ဒေတာ ဘဏ်တိုက်ကြီး၏ ပဲ့ကိုင်ရှင်ဖြစ်သော ယယ်လဂါ ကိုသူမစိတ်ကူးထဲတွင် ဘီလ်ဂိတ် နှင့် အဲလဘတ် အိန်းစတိန်းတို့ စပ်ထားသောရုပ်မျိုးပုံဖော်လာခဲ့မိသည်။ ခုတော့ အထင်နှင့် အမြင်တခြားစီ။ ယယ်လဂါသည် အဖြူရောင်တီရှပ် နှင့် လီဗိုင်းဂျင်းကို ဝတ်ထားပြီး သားရေဂျာကင်ထပ်ဝတ်ထား၏။ ခြေထောက်တွင် တော့ ကန်းထရီး လည်ရှည်ဖိနပ်ကြီးနှင့်၊ ရှည်လျှားသော ဆံပင်ဖြူဖြူများကို နောက်တွင်စု၍ ပိုနီတေး စည်းထားရာ ပညာရှင်ပုံစံမပေါက်ပဲ ကောင်းဘွိုင်ပုံပေါက်နေသည်။

သူနှင့်စကားပြောကြည့်တော့ သူ့အကြောင်းတွေထပ်သိလာပြီး ထပ်မံအံ့သြရပြန်သည်။ ပညာရပ်ဆိုင်ရာမှ လွဲ၍ ဘာ ကိုမှ စိတ်မဝင်စားသူဟု သူမထင်ခဲ့မိသော ယယ်လဂါမှာ မေရီလန်းရှိ အကောင်းစားအိမ်ယာတွင် နေထိုင်ပြီး အောင်မြင်သော ပန်းချီဆရာမတစ်ဦး၏ ခင်ပွန်း၊ အလွန်ဈေးကြီးသော ပုဂ္ဂလိကပညာသင်ကျောင်းတက်နေသည့် ဆယ်ကျော်သက် ခလေးမလေးနှစ်ဦး၏ ဖခင်၊ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်တစ်ခု၏ အိမ်ထောင်ဦးစီးဖြစ်နေသည်။ ကွန်ပြူတာနှင့် ပါတ်သက်သည့် သူ၏ တစ်ခုတည်းသော ဝါသနာကား သုံးမရတော့သည့် စွန့်ပစ်ကွန်ပြူတာများကို ပြုပြင်ခြင်း ဟူသည်။

“ဒေါက်တာ၊ ကော်ဖီသောက် ဦးမလား ခင်ဗျာ”

“မသောက်တော့ဘူးရှင့်၊ ကျွန်မတို့ အလုပ်လုပ်ကြစို့လား”

“ဟုတ်ကဲ့ပါ။ ဒေါက်တာ့သဘောပါပဲ ခင်ဗျာ” ယယ်လဂါသည် စကားပြောရာတွင် အလွန်သိမ်မွေ့ယဉ်ကျေးသူ ဖြစ်သည်။

“ရှင့်ဆီမှာ အာမီးနီးစ် အခန်းရဲ့ ဓါတ်ပုံမှတ်တမ်းတွေ ရှိတယ်နော်”

“ဟုတ်ကဲ့၊ မနေ့ညက ဓါတ်ပုံ ဆန်းစစ် ဓါတ်ခွဲခန်းက ပို့လိုက်လို့ရပါတယ်။ ကျွန်တော်မနေ့ည က မက်စ်နဲ့ ဒီဓါတ်ပုံ တွေကို တညလုံး စစ်ဆေးထားပြီးသားပါ”

“ဒတ် ကတော့ကျွန်မကို မက်စ်အကြောင်းပြောပြထားတယ်။ သူအလုပ်လုပ်တာကို တွေ့ချင်လိုက်တာ”

ယယ်လဂါသည် သူ့ဘေးမှ ထိုင်ခုံတစ်ခုကို ဆွဲယူလိုက်သည်။ သို့သော် ပက်ထရစ်ရှာကို ထိုင်ရန် မဖိတ်ခေါ်ပါ။ သူက-

“ဒေါက်တာ ဟိုရှေ့ ကလှမ်းမြင်နေရတဲ့ ပလက်ဖောင်းလေးတွေ့လား၊ အဲဒီမှာ သွားရပ်နေလိုက်၊ မက်စ်ဘာလဲ ဆိုတာ ကျွန်တော်ပြမယ်” ဟုပြောလိုက်၏။

ယယ်လဂါ ၏ညွှန်ကြားချက်အဆိုင်း ပလက်ဖောင်းအလယ်ရှိ အမှတ်အသားပြုလုပ်ထားရာနေရာတွင် ပက်ထရစ်ရှာ ရပ်လိုက်သည် နှင့်တပြိုင်နက် သူမ အမြင်အာရုံတွင် ကွန်ပြူတာ စကရင်များမှ ပုံရိပ်များသည် တဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သွားပြီး အားမီးနီးစ် အခန်း အတွင်းသို့ ပြန် ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ဤအဖြစ်အပျက်မှာ ဖန်တီးထားသော ဟိုလို ဂရပ်ဖစ် ပုံရိပ်ယောင်မှန်းသိသော်လည်း တကယ့်အစစ်အမှန် ကဲ့သို့ပီပြင်လွန်းလှ သဖြင့် ပက်သည် ရေနံ့ နှင့် ဖုန်နံ့များရလာသလို ခံစားရပြီး ကြက်သီးမွှေးညှင်းများပင် တဖျန်းဖျန်းထမိသည်။ နံရံပေါ်မှ သင်္ကေတများနှင့် ခေါင်မိုးပေါ်မှ ကြယ်တာရာသဏ္ဍာန်များကို အတိုင်းသားတွေ့နေရသည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ယခုအခါ ဒေါက်တာအမ်ဗရိုစ်နှင့် လူးဝစ်မာကွီး မပါပဲ အခန်းထဲ၌ သူမတစ်ယောက်ထဲ ဖြစ်နေခြင်းပင်။ 

“အံ့သြ စရာကောင်းလိုက်တာ” ပက်သည် အသံထွက်အောင်ပင် ချီးကြူးလိုက်မိ၏။ ယယ်လဂါ သည် တကယ့် ကွန်ပြူတာ ထိပ်သီး ပဂေး ပညာရှင်ကြီးပါကလား။

ယယ်လဂါ၏ အသံထွက်ပေါ်လာသည်။

“ဓါတ်ပုံထဲက အချက်အလက်တွေအားလုံးကို ကျွန်တော် မက်စ်ကို သရုပ်ခွဲခိုင်းလိုက်တယ်။ ရုပ်ရှင်ပြသလို ပြရင်လွယ် တာပေါ့။ ဒါပေမဲ့ ခုလို လေးဖက်မြင်ပုံရိပ်က ခင်ဗျားအတွက် ပိုအထောက်အကူ ဖြစ်မယ်ထင်တာနဲ့ ကျွန်တော်ဖန်တီး လိုက်တာ”

“ရှင်သိပ်တော်တာပဲ ဟီရမ်ရယ်၊ ဟုတ်တယ်။ ဒီလို အနေအထားမှာ ကျွန်မပို အလုပ်လုပ်နိုင်မယ်”

“ခင်ဗျား အခန်းထဲက ခဏထွက်ပြီး မက်စ်နဲ့ တွေ့လိုက်ပါဦးလား၊ ပြီးတော့ ကျွန်တော်တို့ အလုပ်ဆက်လုပ် ကြတာပေါ့”

ယယ်လဂါ ဖန်တီးထားသော အားမီးနီးစ်အခန်းသည် အစစ်အမှန်နှင့် တူလွန်းသဖြင့် ပက်သည် ဘယ်ကထွက်ရမှန်း မသိဖြစ်နေသည်။ သို့သော် ခြေလှမ်း ငါးလှမ်းလှမ်းလိုက်သည်နှင့် ယယ်လဂါ အနားသို့ မည်သို့မည်ပုံ ရောက်သွားမှန်း မသိ။ သူ့အနားမှာ ရပ်နေပြီးသားဖြစ်နေသည်။ ကွန်ပြူတာအစွမ်းလား၊ မှော်အစွမ်းလား၊ မဝေခွဲတတ်တော့။

“မက်စ် အချစ်လေးရေ၊ ဒေါက်တာ ပက်ထရစ်ရှာ အိုကွန်းနဲလ်ကို နှုတ်ဆက်လိုက်ပါဦးကွယ်” ယယ်လဂါက ခေါ်နေ၏။ မက်စ် အချစ်လေး ဆိုပဲ။

“ဟယ်လို ဒေါက်တာ၊ နေကောင်းရဲ့လားရှင်” ပျော့ပြောင်းသည့် မိန်းမသံ တစ်ခုထွက်ပေါ်လာသည်။

ပက်က ယယ်လဂါကို ကြည့်လိုက်သည်။

“မက်စ်က မိန်းမလားဟင်”

ယယ်လဂါ က ရယ်၏။

“အေးဗျ၊ အစတုန်းကတော့ ကျွန်တော့် အသံကို ဖမ်းထည့်ထားတာပဲ။ နောက်တော့ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ့်အသံ ကြီးကိုယ် အမြဲတမ်းပြန်ကြားနေရရင် အော့နှလုံးနာစရာ ဖြစ်မစိုးလို့ မိန်းမသံ ပြောင်းလိုက်တယ်”

“သူနဲ့ ဘယ်လို စကားပြောရမှာလဲဟင်၊ ကျွန်မပြောပြီးရင် ခလုတ်နှိပ်ရမှာလား”

“မက်စ်ကို အေအိုင် (လူသားအသိဥာဏ်တု) ထည့်ပေးထားတယ်။ အသိမိတ်ဆွေ တစ်ယောက်နဲ့စကားပြော သလို ပြောပါ။ ခင်ဗျားကြိုက်သလိုပြော”

လွန်လွန်းလှချည်လား။ ပက်ထရစ်ရှာ မယုံရဲသေး။ သူမလို ရှေးဟောင်းလက်ရေးပါရဂူ တစ်ယောက်အဖို့ ကွန်ပြူတာ ပညာရပ်သည် ဆန်းသစ်လွန်းအားကြီးနေသည်။ တိုးတိုးလေးခေါ်ကြည့်လိုက်သည်။

“မက်စ် ရေ”

ပက်၏ မျက်နှာချင်ဆိုင်မှ ဧရာမ မော်နီတာ စကရင်ကြီးပေါ်တွင် အမျိုးသမီးတစ်ဦးပုံပေါ်လာသည်။ ဆံပင်ရွှေရောင်၊ မျက်လုံး အညိုရောင်နှင့် ညီညာဖြူဖွေးသော သွားများပေါ်အောင်ပြုံးနေသည် မိန်းမချောတစ်ဦး။

“ဟယ်လို ဒေါက်တာ အိုကွန်းနဲလ်၊ ရှင်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်ရှင်”

“ကျွန်မကို ပက်လို့ပဲ ခေါ်ပါ”

“ဟုတ်ကဲ့ပါ၊ ခုချိန်ကစပြီး ရှင့်သဘောအတိုင်း ပက်လို့ခေါ်မယ်နော်”

မက်စ်နှင့် စကားပြောနေတုန်း ယယ်လဂါဖက်သို့ လှည့်၍-

“မက်စ်က ချစ်စရာလေးနော်” ဟု တိုးတိုးလေးပြောလိုက်သည်။

ယယ်လဂါ ကျေနပ်သွားသည်။ သူက ပြုံးဖြီးဖြီးကြီးလုပ်ရင်း-

“ခုလိုပြောတာ ကျေးဇူးတင်ပါတယ်ဗျ။ အပြင်မှာရှိတဲ့ တကယ့်အမျိုးသမီးနာမည်က အယ်ဆီတဲ့၊ ကျွန်တော့် အမျိုးသမီးလေ၊ သူ့ ပုံကိုယူထားတာ”

“ဒါဆို ရှင်တို့ လင်မယားနှစ်ယောက် တူတူအလုပ်လုပ်နေကြတဲ့ သဘောပေါ့”

“ဟုတ်တယ်ဗျ၊ ခုဆို မက်စ်က အိမ်က မိန်းမအတိုင်းပဲ၊ ကျွန်တော့်ကို ဆူတတ်၊ ငေါက်တတ်လာပြီ”

“ကဲ-ဒါဆို ကျွန်မတို့ အလုပ်စကြစို့” ပက်က မက်စ်ဖက်သို့ လှည့်လိုက်သည်။

“မက်စ်၊ ရှင် အားမီးနီးစ်အခန်းထဲက သင်္ကေတတွေကို စစ်ဆေးပြီးပြီဆို”

“ဟုတ်ကဲ့”

“ဒါဆို ခုအဲဒီ သင်္ကေတတွေကို အင်္ဂလိပ် စာလုံးအဖြစ် ဘာသာပြန် ပေးနိုင်မလား”

“အပေါ်ရံ သဘောလောက်ပဲ ရဦးမယ်။ ဒါပေမဲ့ မကြာခင်ရမယ်လို့ ထင်ပါတယ်။ အမိုးမှာထွင်းထားတဲ့ သင်္ကေတ တွေကတော့ ကြယ်စင် ဇယားနဲ့တူတယ်”

“ကြယ်စင် ဇယားဆိုတာကို ရှင်းပြပါ” ယယ်လဂါက အမိန့်ပေးလိုက်သည်။

“ကျွန်မ တွေ့သလောက်တော့ ဒီသင်္ကေတတွေဟာ နက္ခတ္တ ဗေဒမှာသုံးတဲ့ ကိုသြဒိနိတ် စနစ်ကိုသုံးပြီး ကောင်းကင်က ကြယ်တွေနဲ့ ဥက္ကာပျံတွေရဲ့ တည်နေရာကို ခန့်မှန်းဖို့ လုပ်ထားတာပဲ”

“ဆိုလိုတာက ကမ္ဘာလည်ပါတ်မှုကြောင့် အချိန်နဲ့အမျှ ရွေ့ လျားနေတဲ့ ကြယ်စင်တွေရဲ့ တည်နေရာပေါ့” ပက်ထရစ်ရှာ ကမေးလိုက်သည်။

“ဟုတ်ကဲ့။ သိပ္ပံအခေါ်အဝေါ်အရတော့ ပရီဆက်ရှင်း နဲ့ နျူတေးရှင်းလို့ခေါ်ပါတယ်။ ကမ္ဘာလည်ပါတ်ခြင်းကြောင့် အီကွေတာတစ်ဝိုက်မှာ နေနဲ့လ ရဲ့ဆွဲအားဟာ အပြင်းထန်ဆုံးသက်ရောက်တယ်။ ဒီသက်ရောက်မှုကြောင့် ကမ္ဘာ့ဝင်ရိုး ဟာ အနည်းငယ် ပွထလာလို့ အီကွေတာနားမှာ ကမ္ဘာဟာ ရှိရင်းစွဲထုထည်ထက် ပိုမို ဖောင်းကြွလာပါတယ်။ ဆွဲအား ကြောင့်ဖြစ်တဲ့ ဒီဖြစ်ရပ်ကို ပရီဆက်ရှင်းလို့ ခေါ်တယ်။ ဒီဖြစ်ရပ်ဟာ သူ့ချည်းသာ ပြီးမသွားပဲ နှစ်ပေါင်း ၂၅၈ဝဝ မှာ တကြိမ် စကြာဝဠာအတွင်း ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတယ်။ ဒီထဲကမှ ပရီဆက်ရှင်း တစ်ပါတ်လည်တဲ့ ၁၈.၆ နှစ် တိုင်း ကြယ်တံခွန်တွေဟာ ၁ဝ စက္ကန့်စာလောက် မူလလမ်းကြောင်းကနေ သွေဖီမှုရှိတာကို နျူတေးရှင်း ဖြစ်ရပ်လို့ ခေါ်ပါတယ်” မက်စ်က ရှည်လျှားစွာ လက်ချာပေးနေ၏။

“ဒါဆို အနာဂါတ်မှာ ဓူဝံကြယ်ဟာ မြောက်အရပ်မှာ ရှိချင်မှ ရှိတော့မှာပေါ့”

“အမှန်ပဲရှင့်၊ နောင်နှစ်ပေါင်း ၃၄၅ နှစ်လောက်ဆိုရင် ဓူဝံကြယ်ဟာ ရွေ့ သွားပြီး မြောက်ဝင်ရိုးစွန်းမှာ နောက်ထပ် ကြယ်တစ်လုံးက အစားထိုးဝင်ရောက်လိမ့်မယ်။ ခရစ်တော် မပေါ်မှီ နှစ်တစ်ရာလောက်က ဗာနယ် အီကွီနော့စ် — ဒါနဲ့ ပက် ဒီစကားလုံးကို သိရဲ့လား”

“ကျောင်းတုန်းက သင်ခဲ့ရတဲ့ နက္ခတ္တဗေဒ သင်ရိုးအတိုင်းဆိုရင်တော့ ဗာနယ် အီကွီနော့စ်ဆိုတာ နေက အီကွေတာကို တောင်ကနေ  မြောက်ကို ဖြတ်တဲ့အချိန် အီကွေတာပေါ်ကနေ ဖြတ်တိုင်းတဲ့ ထောင့်ချိုးအကွာအဝေးကို ပြောတာ ထင်တာပဲ”

“တော်လိုက်တာ ပက်ရယ်။ ပရော်ဖက်ဆာ လက်ချာပေးနေသလား အောက်မေ့ရတယ်။ ခုနက စကားပြန်ဆက်ရရင် ခရစ်တော်မပေါ်ခင် နှစ်ပေါင်းတစ်ရာက ဗာနယ်အီကွီနော့စ် စနစ်—————-”

ပက် စိတ်မရှည်ချင်တော့။ မက်စ်သည် စကားများလွန်းသည်။ သူသိတိုင်း၊ တတ်တိုင်း၊ လျှောက်ပြောသမျှ နားထောင် နေရလျှင်ဖြင့် လိုရင်းရောက်ဖို့မလွယ်။ စကား အမြန်ဖြတ်မှ။

“ဆိုတော့ အားမီးနီးစ် အခန်းခေါင်မိုးက သင်္ကေတတွေဟာ အတိတ်ကာလက ကြယ်စု စနစ်တွေကို ပြတာပေါ့”

“ဟုတ်တယ်” သူ့စကား ကိုဖြတ်ပြော၍ ကွန်ပြူတာမ မက်စ်က ရွှေစိတ်တော်ဆိုးလေသည်လားမသိ။ ပက်၏ အမေးကို ခပ်ပြတ်ပြတ်ဖြေ၏။

“ရှေးခေတ်က လူတွေမှာ ဒီလောက်သိပ္ပံနည်းကျ တိုင်းတာတွက်ချက်မှုတွေ ရှိခဲ့လို့လား”

“ကျွန်မ ဘာတွေ့ရသလဲ ဆိုတော့ ဒီကြယ်စင် ဇယားကိုထွင်းထုခဲ့သူတွေရဲ့ အသိဥာဏ်ဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်က ထိပ်ထိပ်ကြဲ နက္ခတ္တဗေဒ ပညာရှင်ဆိုတဲ့လူတွေထက် အဆပေါင်းများစွာသာတယ်။ ဂြိုလ်တွေရဲ့ တည် နေရာ၊ နေ၊လ အကွာအဝေး၊ ဂယ်လက်စီ ကြယ်စုတွေရဲ့ အနေအထား အားလုံး ခုခေတ် သိပ္ပံနည်းကျ အတိုင်းအထွာ တွေနဲ့ ဘာမှ မကွာဘူး။ အံ့သြစရာကောင်းတာက လွန်ခဲ့တဲ့ ရာစုနှစ်ကမှ တွေ့ရှိတယ်လို့ကြွေးကြော်ထားတဲ့ ပလူတို ဂြိုလ်ဟာ ဒီမြေပုံထဲပါနေတာပဲ”

ပက်သည် ယယ်လဂါကို လှည့်ကြည့်လိုက်သည်။

“မက်စ်အနေနဲ့ အခန်းခေါင်မိုးက နက္ခတ္တ မြေပုံကို ဖော်ထုတ်နိုင်ပြီ ဆိုတော့ နံရံပေါ်က စာတွေကို ဘာသာပြန်ပေး နိုင်မလား၊ ကျွန်မ ဂဏန်းရေးနည်း စနစ်တစ်ခုကိုတော့ ဖော်ထုတ်နိုင်ပြီ”

“ကျွန်မကို ညနေ ငါးနာရီ အထိ အချိန်ပေးပါ။ ရှင်တို့ လိုချင်တာ ရစေ့မယ်”

“အိုကေ” ယယ်လဂါ ကမက်စ် ကိုပြန်ပြောလိုက်သည်။

“မက်စ်က ကျွန်မတို့လူတွေအနေနဲ့ လနဲ့ နှစ်နဲ့ချီကြာအောင်လုပ်ရမဲ့ ပရောဂျက်မျိုးကို နာရီပိုင်းနဲ့ ပြီးအောင်လုပ် မတဲ့လား” ပက်ထရစ်ရှာ ကမယုံတဝက်၊ ယုံတဝက်ဖြင့် ယယ်လဂါကို မေးလိုက်သည်။

ယယ်လဂါ ကကော်ဖီအေးကို အရသာခံသောက်ရင်း-

“မက်စ် ကိုအထင်မသေးနဲ့ ခင်ဗျ။ ကျွန်တော်သူ့ကို တီထွင်ဖို့ အချိန်အများကြီးပေးခဲ့ရတယ်။ အခုတော့ ကျွန်တော့် အတွက်ရော၊ အဖွဲ့အစည်းအတွက်ပါ မက်စ်က အသက်ပဲဗျ”

“ရှင်အဲဒီအတွက် မူပိုင်ခွင့်မရဘူးလား”

“ကျွန်တော်တို့ အကြီးအကဲ ဗိုလ်ချုပ်ကြီးဆန်ဒက်ကာ ဟာ သာမာန် ဗျူရိုကရက် အရာရှိကြီးတစ်ဦး မဟုတ်ဖူးဗျ။ သူနဲ့ ကျွန်တော့်ကြားမှာ နှုတ်ကတိရှိတယ်။ အစိုးရဋ္ဌာန အသီးသီးက အဏ္ဏဝါ ဗေဒနဲ့ ပါတ်သက်ပြီး ရှာခိုင်းတဲ့ သတင်း အချက်အလက် တန်ဖိုးရဲ့ တစ်ဝက်ကို အသုံးလုံးက ရပြီး တစ်ဝက်ကို ကျွန်တော်ရတယ်လေ။ ဒါကြောင့် ကျွန်တော် မိသားစုနဲ့ ကောင်းကောင်းမွန်မွန် နေနိုင်တာပေါ့”

“ရှင်တို့ အဖွဲ့အစည်းက လူတွေက တစ်ခြား အစိုးရဋ္ဌာနတွေနဲ့ မတူဘူးနော်”

“ဒီဋ္ဌာနမှာ အလုပ်လုပ်ရတာ ကျွန်တော် အင်မတန်စိတ်ချမ်းသာတယ်ဗျ။ ဆန်ဒက်ကာ၊ ရူဒီဂန်၊ ပစ်၊ အယ်လ် အားလုံး ကလည်း လူကောင်း တွေချည်းပဲလေ”

“ရှင်သူတို့နဲ့ အလုပ်လုပ်တာ ကြာလှရောပေါ့”

“ခုဆို ဆယ့်ငါးနှစ်နီးပါးတော့ ရှိပြီဗျ။ အင်မတန်ခက်ခဲ၊ အရမ်း အန္တရာယ်များခဲ့တဲ့ ကာလတွေလည်း အများကြီးပေါ့။ ဒီလိုပဲ လက်တွဲကျော်ဖြတ်ခဲ့ကြတာပဲ”

“ကျွန်မတို့ မက်စ်ကို စောင့်နေတုန်း နံရံပေါ်က သင်္ကေတတွေကို တစ်ခေါက်လောက်ထပ်ကြည့်ကြရအောင်၊ သဲလွန်စ လေးများ ရလိုရငြားပေါ့”

ယယ်လဂါက ခေါင်းညိတ်လိုက်ပြီး ကွန်ပြူတာကီးဘုတ်တွင် စာလုံးအနည်းငယ် ရိုက်ထည့်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း အားမီးနီးစ်အခန်း၏ ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်သည် သူတို့ကို လွှမ်းခြုံအုပ်မိုးလျှက်ရှိသည်။

“ဘာမှန်းမသိတဲ့ လက်ရေးမူတစ်ခုကို အဓိပ္ပါယ်ဖော်တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမဲ့ အလုပ်က ဗျည်းနဲ့ သရ ခွဲဖို့ပဲ။ ကျွန်မကတော့ ဒီသင်္ကေတတွေကို အက္ခရာစာလုံးတွေလို့ပဲ လောလောဆယ် ကောက်ချက်ချထားတယ်”

“ဒါဆို ပထမဆုံး စာလုံးက ဘယ်ဟာလဲဗျ”

“အဲဒါ ခက်နေတာပေါ့။ ကျွန်မသိသမျှ ရှေးဟောင်းအက္ခရာတွေထဲမှာ ဒီလိုသင်္ကေတမျိုး တစ်လုံးမှ မပါဘူး။ ဆဲလ်တစ် အော့ခ်ဟမ် စာလုံးနဲ့တော့ အဆုံးသတ်ပိုင်းတွေမှာ ရေးရေးလေး တူသလိုပဲ”

“မက်စ် ထဲမှာတော့ ဒီသင်္ကေတတွေ ကိုကုဒ်လုပ်ပြီးသွားပြီဗျ။ မက်စ်ရဲ့ အကူအညီကိုယူပြီး အဓိပ္ပါယ်ဖော်မယ်ဆိုရင် တော့ ကျွန်တော် ပရိုဂရမ်တစ်ခု ထပ်ထည့်ပေးလိုက်မယ်”

“ကောင်းတယ်။ နည်းမျိုးစုံ သုံးကြည့်ရမှာပဲ”

သူတို့ နှစ်ဦးသည် တစ်နေ့လုံး အက္ခရာ၊ သင်္ကေတများနှင့် နပန်းလုံးနေကြသည်။ နေ့လည်စာစားချိန်တွင်လည်း မနား၊ အောက်ထပ် စားသောက်ဆိုင်မှ ဆန်းဒဝစ်ခ်ျများနှင့် အချိုရည်များ မှာ၍ သဲကြီးမဲကြီး အလုပ်ဆက်လုပ်ကြသည်။ ညနေ ငါးနာရီထိုးခါနီးအထိ အရူးမီးဝိုင်းသကဲ့သို့ အပြင်းအထန်လုပ်ကြသော်လည်း အဖြေကား နထ္ထိ၊ ပက်ထရစ်ရှာ တစ်ယောက် သေချင်စော်နံလောက်အောင် စိတ်ပျက်နေပြီ။

“ဂဏန်းတွေက အသိရလွယ်သလောက် ဒီအက္ခရာတွေက ဘာကြောင့်ဒီလောက်ခက်နေရတာလဲ”

“စိတ်မပျက်ပါနဲ့ဗျ၊ မနက်ဖြန်ဆက်လုပ်ကြတာပေါ့” ယယ်လဂါက ပက်ကို နှစ်သိမ့်ပေးနေ၏။

“ကျွန်မ မပင်ပန်းပါဘူး”

“ကျွန်တော်လည်း မပင်ပန်းပါဘူး။ ဒါပေမဲ့ နားဖို့တော့လိုတယ်ဗျ။ ခဏလေးနားလိုက်မှ ဥာဏ်ကထွက်လာတတ်တာ။ ညကျရင် မက်စ်ကို ပရိုဂရမ်ထည့်ထားလိုက်မယ်။ မနက်ဖြန် သူ့ဆီက အဖြေတစ်ခုခုတော့ ရမှာပေါ့”

“ရှင်ကောင်းသလိုသာလုပ်ပါတော့”

“ခု ကျွန်တော်တို့ မက်စ်ကို ခေါ်ပြီး သူဘာတွေ သိရပြီလဲ မေးကြည့်ကြစို့”

ယယ်လဂါသည် မည်သည့်ကွန်ပြူတာ ကီးဘုတ်ခလုတ်ကိုမှ မနှိပ်ပဲ မက်စ်ကို ပါးစပ်ဖြင့်ပင်ခေါ်လိုက်၏။

“မက်စ် အချစ်လေးရေ၊ မင်းဘယ်မှာလဲ”

စကရင်ပေါ်တွင် မက်စ်မျက်နှာပေါ်လာသည်။ မရွှေချောက စူပုပ်နေ၏။

“ကျွန်မ ရှင်တို့ကို နှစ်နာရီ နီးပါးစောင့်နေရတယ်ရှင့်၊ သိရဲ့လား”

“ဆောရီးပါ အချစ်ရယ်၊ ကိုယ်တို့ အရမ်းအလုပ်ရှုပ်နေလို့ပါ” ယယ်လဂါသည် မက်စ်အား တကယ့်ကို အလေး အနက် ပြာပြာသလဲ တောင်းပန်နေ၏။ မရွှေမက်စ်ကလည်း ယောင်္ကျားကို စိတ်ကောက်သော မိန်းမသဖွယ် နှုတ်ခမ်းကြီး စူထား၏။ လိုက်လည်းလိုက်သည့်စုံတွဲ။ တကယ့်ကို ဘုန်းကြီးရူးနှင့်လှေလူး။

“မက်စ်ရေ၊ ရှင်ဘာတွေသိရပြီလဲ” ပက်ထရစ်ရှာက စိတ်ပြေလိုပြေငြား မက်စ်ကို ချော့ပြောလေးပြောလိုက်သည်။

“ရှင်တို့ သိချင်တာမှန်သမျှ အကုန်ပြောပြမယ်။ ကျွန်မက ရှင်တို့လို အလုပ်ကိုဇိမ်ဆွဲပြီး လုပ်တတ်တဲ့လူမျိုးမဟုတ်ဖူး” ကွန်ပြူတာမက ဒီလိုပြောတော့ သေဟဲ့ နန္ဒိယ။

“အသေးစိတ်မပြောနဲ့တော့ မက်စ်ရေ။ လိုရင်းပဲပြောကွာ” သူ့ကွန်ပြူတာ၏ အကြောကိုသိသော ယယ်လဂါက မက်စ်ကို တိုက်တွန်းလိုက်သည်။

“ဟုတ်ပြီလေ။ ပထမဆုံးအနေနဲ့ ကောင်းကင်မှာရှိတဲ့ ကြယ်တွေနဲ့ ဥက္ကာပျံတွေရဲ့ ကိုသြဒိနိတ်ကို ရှာရာမှာ ကျွန်မအနေ နဲ့ ခက်ခဲရှုပ်ထွေးတဲ့ ဂျီယိုမက်ထရစ်နည်းပညာအကူအညီကို ရယူခဲ့ရတယ်။ အသေးစိတ်တော့ မပြောတော့ပါဘူး။ အဲဒီမှာ ပြဿနာက အမှန်တကယ် ကောင်းကင်ရဲ့ အတိုင်းအတာနဲ့ အားမီးနီးစ် အခန်းခေါင်မိုးရဲ့ အတိုင်းအတာ ဒိုင်မင်းရှင်းကို တိုင်းတာတွက်ချက်ရတာပဲ။ ကြယ်တွေရဲ့တည်နေရာ ဟာဘယ်လောက်ပဲ ရွှေ့ လျား ရွေ့ လျား၊ အိုရီယွန် ကြယ်စုခါးပါတ်ထဲက ဆီးရီးယပ်စ်ဆိုတဲ့ ခွေးကြယ်ကတော့ နေရာအပြောင်းအလဲမရှိဘူး။ ဒါကြောင့် ဆီးရီးယပ်စ်ကို ပင်တိုင်ထားပြီး တွက်ရတယ်။ အသေးစိတ်အတွက်အချက်အတွက်ကိုတော့ အမျိုးသား သိပ္ပံ စင်တာက နက္ခတ္တ ကွန်ပြူတာကို လှမ်းချိတ်ပြီး တွက်ခိုင်းလိုက်တယ်”

“ဘယ်လို၊ ဘယ်လို၊ မက်စ်ရေ၊ မင်းလုပ်တာနဲ့ ငါတော့ ပြဿနာတက်တော့မှာပဲကွာ” ယယ်လဂါက ငြီးတွားလိုက် သည်။ မက်စ်ဆိုသော ကွန်ပြူတာသည် သူ့ဖာသာ ဆုံးဖြတ်ချက်ချနိုင်ကြောင်း တွေ့ရ၍ ပက်ထရစ်ရှာ ထပ်မံ အံ့သြရ ပြန်သည်။

“အို ကိစ္စမရှိပါဘူး၊ ကျွန်မတို့ချင်း ပြေလည်ပါတယ်” မက်စ်က ပြန်ပြောလိုက်သည်။

“ကဲ ထားပါတော့လေ။ ဆက်ပါဦး”

“နက္ခတ္တကွန်ပြူတာရဲ့ အကူအညီနဲ့ ဆီးရီးယပ်စ်ကြယ်နဲ့ အိုရီယွန်ကြယ်ကြား လက်ရှိ အကွာအဝေးခြားနားချက်ကို ရှာ တယ်။  ပြီးတော့ အားမီးနီးစ်အခန်းခေါင်မိုးက ဆီးရီးယပ်စ်နဲ့ အိုရီယွန် အကွာအဝေးခြားနားချက်ကို ရှာတယ်။ အကွာအဝေးခြားနားချက်ကို ကိုသြ ဒိနတ် တွက်လိုက်တော့ သူတို့စတင် ထွင်းထုခဲ့တဲ့ အချိန်ကို ပြန်ရှာလို့ရတာပေါ့။ အဲဒါ အားမီးနီးစ်အခန်းရဲ့ သက်တမ်းပဲ”

ပက် အသက်ရှုရပ်သွားသည်။

“ဒါဆို– ဒါဆို။ ဒီအခန်း သက်တမ်းဘယ်လောက်ရှိတယ်ဆိုတာ ရှင်သိပြီပေါ့”

“ဟုတ်တယ်။ သိပြီ”

“ဒီအခန်းက နှောင်းခေတ်လူတွေ လုပ်ခဲ့တဲ့ အတုကြီးလား” ယယ်လဂါက စိတ်စောစွာ မေးလိုက်၏။ ဟုတ်တယ်ဟု ပြန်ဖြေမှာကို သူရော ပက်ပါ ကြောက်နေမိသည်။

“မဟုတ်ဖူးရှင့်၊ ဒီအခန်းကို ထွင်းခဲ့တဲ့ လူတွေဟာ ပထမတန်းစား နက္ခတ္တပညာရှင်တွေပဲ။ နက္ခတ် ပညာကို ဋ္ဌာန်ကုန် အောင်တတ်တဲ့လူတွေ။ ကိုလိုရာဒိုက မိုင်းတွင်းတူးသမားတွေ ဘယ်ဟုတ်လိမ့်မလဲ”

“မက်စ်ရေ။ ပြောမှာသာ ပြောစမ်းပါရှင်။ ဒီအခန်းကို ဘယ်အချိန်လောက်က တည်ဆောက်ခဲ့တာလဲ” ပက်က မက်စ်ကို တောင်းတောင်းပန်ပန် ဖြင့် လိုရင်းရောက်အောင်မနည်းဆွဲမေးနေရသည်။ အဖြေကို သိချင်လှပြီကိုး။

“ကျွန်မ ပြောမဲ့ အချိန်မှာ အပိုအလို နှစ်တစ်ရာလောက်တော့ ရှိနိုင်တယ်နော်”

“ဒါဆို ဒီအခန်းသက်တမ်းဟာ နှစ်တစ်ရာမက ဘူးပေါ့”

“ရှင်တို့ ယုံနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်။ ရှင်တို့ရဲ့ ကိုလိုရာဒို ကျောက်တောင်ထဲက အားမီးနီးစ်ဆိုတဲ့ အခန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးထောင်၊ အတိအကျပြောရင် ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ခုနှစ်ထောင့် တစ်ရာက တည်ဆောက်ခဲ့တဲ့ အခန်းပဲ”

Advertisement

6 Comments (+add yours?)

  1. သောကြာ
    May 06, 2009 @ 23:15:17

    အရမ်း.. အရမ်းကို ကောင်းတာပါပဲခင်ဗျာ.. ဇာတ်ရှိန်မြင့်လာပြီ

    Reply

  2. မင်းဒင်
    May 07, 2009 @ 01:37:55

    အခန်းဆက် ငွေရတုတောင် တိုင်ခဲ့ပြီကော ။ မရောက်တာ ကို နားလည်ခွင့်လွတ်ပေးပါဗျာ ။

    ခင်မင်သော ၊

    မင်းဒင်

    Reply

  3. မင်းဒင်
    May 09, 2009 @ 00:38:41

    ကွန်ပြူတာမက ဒီလိုပြောတော့ သေဟဲ့ နန္ဒိယ။ .. အစား ကွန်ပြူတာမက ဒီလိုအပြောခံရတာ သေဟဲ့နန္ဒိယ။ ဆိုတာ ပိုကောင်းမယ် ထင်တယ် ။
    (မှတ်ချက် ။ ။ သေချာဖတ်ပြီး အမှားမတွေ့တွေ့အောင် ရှာပြီး လက်စားချေလိုက်ပြီ ။ကျေပြီ)။

    (ထပ်ဆင့်မှတ်ချက်။ ။ စာအခန့်ကြီးတွေ ဘယ်လို ရေးတယ်ဆိုတာ လာပြီး အတုခိုးသွားတယ် ဗျို့ )

    လေးစားလျက် ..

    မင်းဒင်

    Reply

  4. phoethutaw
    Mar 03, 2010 @ 22:53:02

    ဖတ်လို့ကောင်းလွန်းလို့ ကျတော်မှာ ပြီးမှာကိုတောင် စိုးရိမ်နေပါတယ်ဗျာ.. ကျတော် အရင်တုန်းက ဆရာသက်လုံ ဘာသာပြန်ခဲ့တဲ့ နတ်ဘုရားတို့၏ပန်းရထားများလောထက်တောင် ပိုကောင်းလွန်း အဆက်မပြတ်ကို ဖတ်နေမိပါတယ်. ဘာသာပြန်ပေးတဲ့ ဆရာကို ကျေးဇူးတင်လွန်းပါတယ်.. ဒီလိုမျိုးလက်ရာ စာပေမျိုးဟာ ကျတော် အလွန်နှစ်သက်သော ဟာမျိုးဖြစ်ပါတယ်။..။

    ဖိုးသူတော်
    ၃.၃.၂၀၁၀

    Reply

  5. NNZ
    Mar 04, 2010 @ 12:58:44

    အရမ်းကို တော်ပါတယ်ဗျာ

    Reply

  6. Kopoehut
    May 10, 2009 @ 11:36:10

    ဟုတ်ပါတယ် ဦးမင်းဒင်၊ ပြောမယ်ဆိုရင် အသုံးအနှုံး လွဲနေတာတွေ တပုံကြီးဘဲ၊ အခုလို လက်စားချေ.. အဲ အမှားကို ထောက်ပြတာ ကျေးဇူးပါ။ ပြန်ပြင်ပါ့မယ်။ အချောသတ် ကျရင်ပေါ့။ အခုတော့ unrated version လို့ဘဲ ဆိုမလား၊ လက်တန်းရေးတာကို မတည်းမဖြတ် တင်နေတဲ့ အတွက်ကြောင့် မူရင်းလေး အမှတ်တရ ရှိချင်တဲ့ အတွက် ဒါကိုတော့ မပြင် ပါရစေနဲ့။
    ပြန်လည် လေးစားလျက်..
    (သင့်လူ ကိုယ်စား)
    (အော်.. မေ့လို့။ စာအခန့်ကြီးတွေ ကိုတော့ မျက်မှန်တပ်ပြီးရေးတယ် ထင်တာဘဲ၊ ဟီး)

    Reply

Leave a Reply

Fill in your details below or click an icon to log in:

Gravatar
WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Calender

May 2009
M T W T F S S
« Apr   Jun »
 123
45678910
11121314151617
18192021222324
25262728293031
Follow

Get every new post delivered to your Inbox.